ညီပုလေး၊ မုန်တိုင်းကြားက ငြိမ်းချမ်းရေးတေးသံ

ဓာတ်ပုံ ရင်းမြစ်, Ludu
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
လူထုဦးလှ ဒေါ်အမာတို့ရဲ့ သားအဖြစ်သာမက သူ့ပင်ကိုအရည်အချင်းနဲ့ ညီပုလေးဆိုတဲ့ ကလောင်ကို ပိုင်ခဲ့တဲ့ ဦးငြိမ်းချမ်းကို ရင်းနှီးသူများက ကိုညိုဆိုတဲ့ အိမ်နာမည်နဲ့ သိကြပါတယ်။ ဆရာ၀န် နာဂသိန်းလှိုင်အကြောင်း အတ္ထုပ္ပတ္တိ ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်ကို သူ့ရဲ့ အကောင်းဆုံးနဲ့ အကျော်ကြားဆုံး လက်ရာလို့ သိထားကြပေမယ့် ညီပုလေးရဲ့ အစောပိုင်း လက်ရာ၀တ္ထုတိုတွေဖြစ်တဲ့ လျက်ဆားတတို့၊ မီးသွေးခဲမို့မည်းသကို၊ စပါးကြီးမြွေတို့ကစပြီး ဟစ်ဖြစ်ခဲ့ပါတယ်။
စစ်၊ အချစ်နဲ့ထောင်

ဓာတ်ပုံ ရင်းမြစ်, Ludu
ညီပုလေးဟာ လူဖြစ်စကတည်းက နိုင်ငံရေးလောကဓံကို ကြုံခဲ့ရပြီး သူ နှစ်နှစ်သားကနေ ငါးနှစ်သားထိ ဖခင် လူထုဦးလှ ထိန်းသိမ်းခံခဲ့ရပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ သူ့အစ်ကိုရင်းတွေ တောခိုထောင်ကျ တကျွန်းအပို့ခံရတာတွေအပြင် အစ်ကိုအကြီးဆုံးက တောထဲက ကွန်မြူနစ်အာဏာလုပွဲမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ ၁၅ နှစ်သားမှာ သူ့မိဘတွေထုတ်တဲ့ လူထုသတင်းစာ အရပ်ဆိုင်းခံရပြီး ၂၄ နှစ်မှာတော့ သူ့အစ်ကိုလတ် ဖိုးသံချောင်းခေါ် ကိုချစ်ခင် တောခိုသွားခဲ့ပြန်ပါတယ်။ နောက် ဖိုးသံချောင်းနဲ့ ဆက်သွယ်လို့ ဆိုပြီး သူ ၂၆ နှစ်သားမှာ မိဘနှစ်ပါးနဲ့အတူ အထိန်းသိမ်းခံရပြီး ထောင်ထဲမှာ သူ ခုနစ်လ နေခဲ့ရပါတယ်။
၁၉၈၁ မှာ သူအိမ်ထောင်ကျခဲ့ပြီးနောက် ၁၉၈၂ မှာ ဖခင်ကွယ်လွန်တာ၊ ၁၉၈၄ မှာ မန္တလေးမီးကြီးလောင်တာတွေကို သူကြုံခဲ့ရပါတယ်။ မိဘလက်ငုတ် စာအုပ်နဲ့ ပုံနှိပ်လုပ်ငန်းကို ပြာပုံကြားကနေ အစ်မဖြစ်သူနဲ့ ပြန်လည်ထူထောင်ခဲ့တဲ့ ကိုငြိမ်းချမ်းဟာ ၁၉၈၅ မှာ ၀တ္ထုတိုဆရာတယောက်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၈ ကာလမှာ ရှစ်လေးလုံးသတင်းစာနဲ့ မန္တလေးစာပေအုပ်စုလှုပ်ရှားမှုတွေ ပါ၀င်ခဲ့ပြီး ၁၉၉၀ မှာတော့ ကွန်မြူနစ် ယူဂျီလှုပ်ရှားမှုနဲ့ ဆက်စပ်လို့ဆိုပြီး ၁၉၉၉ ထိ အင်းစိန်နဲ့ သရက်ထောင်တွေမှာ အကျဥ်းချခံခဲ့ရပါတယ်။
ကလေးလူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး

ဓာတ်ပုံ ရင်းမြစ်, Ludu
ညီပုလေးဟာ ဆေးလိပ်သူဌေး နဂါးဒေါ်ဦးရဲ့ တူအရင်းဖြစ်ပြီး သူကိုယ်တိုင်လည်း မြို့မျက်နှာဖုံးမိသားစု၀င် ဖြစ်ပေမယ့် သူ့စာလက်ရာတွေဟာ သူ့မိဘတွေရဲ့ စာပေတွေလိုပဲ မြို့ပြကျေးလက်က လူဆင်းရဲတွေအကြောင်း၊ အနုပညာနဲ့ စာပေနိုင်ငံရေး ပညာရပ်ဆိုင်ရာတွေကို မြတ်နိုးသူတွေအကြောင်းကို ပြောင်မြောက်အောင် ရေးဖွဲ့နိုင်တာကို တွေ့ရပါတယ်။ မိဘတွေနဲ့မတူဘဲ သုတထက် ရသကဲတဲ့ ညီပုလေးရဲ့ ၀တ္ထုတိုရှည်တွေက ခြယ်မှုန်းပြခဲ့တဲ့ မြန်မာပြည်ရဲ့ လူများစု လူဆင်းရဲဘ၀တွေကတော့ အနှစ် ၃၀ ကျော်အတွင်း ထူးထူးခြားခြား ပြောင်းလဲတိုးတက်မလာဘဲ မတည်ငြိမ်နွမ်းပါးမှုနွံထဲမှာ ဆက်နစ်နေတာကို တွေ့ရပါတယ်။
သူ့မိသားစုရဲ့ နောက်ဆုံးသားလက်ကျန်လေးဖြစ်လို့ နိုင်ငံရေးထက် ပန်းချီ၊ အားကစား၊ စာပေနဲ့ ဓာတ်ပုံစတဲ့ အနုပညာနယ်တွေဘက်ကို သူဦးလှည့်ခဲ့ပါတယ်။ သူအအောင်မြင်ဆုံးဖြစ်တဲ့ စာပေမှာတော့ မြန်မာပြည်ရဲ့ လှောင်ပိတ်နေတဲ့ ခေတ်စနစ်တွေကြားက လူမှုဘ၀စုံကို မန္တလေးလေမှာ နိုင်ငံရေးအငွေ့နဲ့ဟပ်ပြီး လက်စွမ်းပြခဲ့ပါတယ်။ ညီပုလေးဟာ သူနဲ့ ခေတ်ပြိုင် အညာ၀တ္ထုတိုဆရာတွေထဲက ၀င်းဖေနဲ့ နုနုရည် (အင်း၀) တို့လိုပဲ သာမန်ရပ်ကွက်ထဲကလူတွေအကြောင်းကို နှုတ်ပြောစကားပြေကောင်းကောင်းနဲ့ အဖွဲ့ကောင်းသူ ဖြစ်ပေမယ့် သူတို့သုံးယောက်ရဲ့ လက်ရာဟာ တဘာသာစီ ကွဲထွက်ခဲ့ပါတယ်။ ညီပုလေးဟာ သူ့မိခင်လိုပဲ ရှေးစကားလုံးတွေ သုံးတတ်ပေမယ့် မော်ဒန်လွန် စာရေးဆရာဖြစ်တယ်လို့ ၀ေဖန်ရေးဆရာ ကြည်လင်အေးက သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ညီပုလေးဟာ နိုင်ငံရေးသြဇာကြီးတဲ့ စာပေမိသားစုကလာပေမယ့် သူ့စာမှာ နိုင်ငံရေးစကားလုံးကြီးတွေ တွေ့ရခဲပါတယ်။ သာမန်လူတွေ ကြုံနေရတဲ့ ဘ၀အခက်အခဲ၊ မသိနားမလည်မှု၊ ရိုးစင်းမှု စတဲ့ အကောင်းအဆိုးအထွေထွေကို နိုင်ငံရေးတရားမဟောဘဲ နိုင်ငံရေးအမြင်ပါးပါးလေးနဲ့ ပြောပြတတ်ပါတယ်။ သူနဲ့ ခေတ်ပြိုင် မန္တလေးစာရေးဆရာတချို့လည်း နိုင်ငံရေးသန်တဲ့ ၀တ္ထုတွေ ရေးခဲ့ကြပေမယ့် ညီပုလေးရဲ့ စာမှာတော့ ရေးသူရဲ့ အာ၀ဇ္ဇန်းကြောင့် ဇာတ်ကွက်ကပေးတဲ့ ရသနဲ့ လောကအမြင်က စာရေးသူရဲ့ စိတ်ဘ၀င်မှာ နင့်နင့်နဲနဲဖြစ်ပြီး ကျန်ရစ်ခဲ့ပါတယ်။
ထောင်တွင်းက ရေးစာများ

ဓာတ်ပုံ ရင်းမြစ်, Ludu
ညီပုလေးဘ၀မှာ အကျဥ်းစံနှစ်တွေအကြောင်းကလည်း အရေးကြီးပါတယ်။ ဒီနှစ်တွေကြောင့်ပဲ သူဟာ စာပေနဲ့ လူမှုနိုင်ငံရေးနယ်ပယ်နှစ်ရပ်လုံးမှာ ထင်ရှားသူတယောက် ဖြစ်လာခဲ့ပါတယ်။ အကျဥ်းကျကာလတွေအကြောင်း စာတအုပ် သီးခြား ရေးမသွားနိုင်ခဲ့ပေမယ့် ၀တ္ထုတိုတွေကတဆင့် သူ့ရဲ့ ထောင်ဘ၀မြင်ကွင်းတွေကို စာပေမြောက်အောင် ဖွဲ့ဆိုပြခဲ့ပါတယ်။ သူ့မိခင်တုန်းက တနှစ်၊ ဖခင်က သုံးနှစ်၊ အစ်ကိုက ခြောက်နှစ် ထောင်ထဲ နေခဲ့ကြရပေမယ့် သူ့လက်ထက်မှာတော့ နှစ်ခါပေါင်း ကိုးနှစ်နီးပါး အကျဥ်းစံခဲ့ရပြီး မိသားစုထောင်သက် နှစ် ၂၀ နီးပါးရှိခဲ့ပါတယ်။
သူ့ဖခင် ရဲ့ ဇနီးနှင့်သားသမီးများသို့ ထောင်တွင်းမှပေးစာများထဲမှာ သားအငယ်ဆုံး သူ့ကို လိမ္မာရေးခြားရှိအောင် အကြီးတွေက ဆုံးမကြဖို့နဲ့ ‘ဘိုညိုလေး ‘အတွက် ပုံပြင်နဲ့ သားချော့သီချင်းတွေ ပါတတ်ပါတယ်။ သူ့လက်ထက်မှာတော့ မိသားစုဆီ စာရေးခွင့်မရဘဲ ထောင်ထဲမှာ ရေးတဲ့ ၀မ်းတွင်းသက်တန့်နဲ့ အေးစက်နေတဲ့ အက်ဆေး ၀တ္ထုတိုသုံးပုဒ်ကို လက်ရေးသေးသေးလေးတွေနဲ့ ရေးပြီး ထောင်ထဲက ခိုးထုတ်ခဲ့ရပါတယ်။ ဒီစာတွေကို ပုံနှိပ်ဖော်ပြရာမှာ အောင်ဘာလေ ဆိုတဲ့ သူ့သားနာမည်ကို လျှို့၀ှက်ကလောင်အဖြစ် သုံးပြီး ဖော်ပြခဲ့ပါတယ်။ သူရှိတဲ့ သရက်ထောင်ကို ထောင်၀င်စာတွေ့ဖို့ မိုင်သုံးရာကျော် သွားရပြီးမှ မှတ်ပုံတင်မပါလို့ဆိုပြီး မတွေ့ခဲ့ရတဲ့အကြောင်း သူ့မိခင် လူထုဒေါ်အမာရေးတဲ့ ဒါကလေးတော့ခွင့်ပြုပါ ဆောင်းပါးကိုတော့ ၁၉၉၈ က စာပေစိစစ်ရေးက ပိတ်ပင်ခဲ့ပါတယ်။
ညီပုလေးရဲ့ ထောင်စာပေတွေထဲမှာ ကျေးလက်က ရာဇ၀တ်မှုနဲ့ ကျလာတဲ့ လူငယ်အကျဥ်းသားတွေ၊ ကျောင်းသားနဲ့ နိုင်ငံရေးအကျဥ်းသားပေါင်းစုံကြား ၀တ္ထုဇာတ်လမ်းပြောပြရတဲ့ သူ့ဘ၀ကို တွေ့ရပါတယ်။ ထောင်ထဲမှာ အကျဥ်းသားတွေရဲ့ အဖော်အဖြစ် မွေးထားကြတဲ့ ငှက်ကလေးတွေအကြောင်း သူရေးတတ်သလို သံတိုင်ပြတင်းက မြင်ရတဲ့ တိမ်တွေကိုလည်း သူစာဖွဲ့တတ်ပါတယ်။ ညီပုလေး ပထမအကြိမ် ထောင်ကျစဥ်က သူ့ဖခင်နဲ့ အခန်းချင်းကပ်နေခဲ့ရတာကို မသိဘဲ တဘက်ခန်းကလူကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တဲ့အကြောင်းကိုတော့ ဟေ့လူဆိုတဲ့ ၀တ္ထုလေးနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ညီပုလေး စာဖွဲ့မသွားခဲ့တဲ့ ထောင်ဘ၀တွေထဲမှာတော့ နိုင်ငံရေးအကျဥ်းသားချင်း အုပ်စုဖွဲ့ ရိုက်နှက်ကြလို့ တိုက်ပိတ်ခံရတာနဲ့ ပထမအကြိမ် ထောင်ကျစဥ်က နာမည်ကျော် ကွန်မြူနစ်အကျဥ်းသားတယောက်က သူ့ကို ထောင်ဖောက်ပြေးဖို့ မြှောက်ပင့်ပေးခဲ့တဲ့အကြောင်းတွေ ဖြစ်ပါတယ်။
ငြိမ်းချမ်းစိမ်းလန်းရဲ့ ရွက်လွှင့်နိုင်ငံရေး

ဓာတ်ပုံ ရင်းမြစ်, Nyeinchan Seinelann
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထောင်ကလွတ်ပြီးနောက် မီးပုံထဲက မသေဘဲထလာတဲ့ အမတေငှက်လို ညီပုလေး စာပေအနုပညာနဲ့ လူမှုရေးတွေ အရင်ကထက်တိုးလို့ ဆောင်ရွက်လာပါတယ်။ ဒီထဲမှာ စာရေး၊ ပန်းချီဆွဲ၊ ဓာတ်ပုံရိုက်၊ ပြိုင်ဘီးစီး စတဲ့ သူလုပ်နေကျအလုပ်တွေအပြင် ပါဖောင်းမန့်စ်အနုပညာလှုပ်ရှားမှုနဲ့ ပတ်၀န်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေမှာလည်း သူပါ၀င်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် မန္တလေး စျေးချိုဟိုတယ်မှာ ညီပုလေးနဲ့ မိတ်ဆွေတွေ ကျင်းပတဲ့ ဧရာ၀တီ အဆန် ကဗျာရွတ်ပွဲနဲ့ ပါဖောင်းမန့်စ် ပွဲဟာ ဧရာ၀တီမြစ်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေထဲမှာ အတော်စောတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။
သူ့မိဘနှစ်ပါးလိုပဲ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုကူညီရေးလုပ်ငန်းတွေမှာ ပါ၀င်လှုပ်ရှားရင်း လူငယ်တွေနဲ့ ညီပုလေး ပိုမိုချိတ်ဆက်မိခဲ့ပါတယ်။ မိဘတွေနဲ့မတူတာက ဆံပင်ရှည်ရှည် ဂျင်းဘောင်းဘီ၀တ်ပြီး သွက်လက်တက်ကြွနေတဲ့ ညီပုလေးကို လူငယ်တွေက လူကြီးတယောက်လို့မမြင်ဘဲ အစ်ကိုကြီး ဦးလေးတယောက်လို ရင်းနှီးခင်မင်စွာ ပေါင်းသင်းကြတာဖြစ်ပါတယ်။ သူနဲ့ တန်းတူ စာရေးဆရာ နိုင်ငံရေးသမားတွေက ကာရန်မဲ့ကဗျာနဲ့ ခေတ်ပေါ်သီချင်းအကတွေကို အလှမ်း၀ေးနေချိန်မှာ ညီပုလေးက လူငယ်ကဗျာဆရာ မောင်မြတ်သူရဲ့ စစ်ပွဲတွေမရှိတော့တာကြာပြီ ကဗျာကို လူပရိသတ်အလယ်မှာ ရွတ်ဆိုပြခဲ့ပါတယ်။
ဒီလို အနုနိုင်ငံရေးဘက်မှာ ခြေဆန့်ခဲ့ပေမယ့် သူ့အစ်ကိုတွေလို နိုင်ငံရေးဘက်ကို ခြေစုံပစ်မ၀င်ခဲ့ဘဲ ကွယ်လွန်ချိန်ထိ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ လူအများကောင်းစားရေးကို အားပေးထောက်ခံတဲ့ဘက်က ညီပုလေး မားမားရပ်တည်ခဲ့ပါတယ်။ ဒီလိုရပ်တည်ခဲ့တဲ့အတွက်လည်း အသက် ၇၀ နားနီးမှ စစ်အာဏာသိမ်းပြီး ရှောင်တိမ်းရ၊ အမှုဖွင့်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။ NLD ခေတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို သူ ခင်မင်လေးစားပြီး ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာရဲလွင်တို့နဲ့ ငယ်သူငယ်ချင်းဖြစ်ပေမယ့် အရပ်ဘက်လူ့အဖွဲ့အစည်းကိစ္စတွေမှာ NLD အစိုးရဘက်က လွှမ်းမိုးစွက်ဖက်ဖို့ ကြိုးစားရာမှာ သဘောမတူဘဲ အရပ်ဘက်အဖွဲ့တွေဘက်က ရပ်တည်ခဲ့ကြောင်း သူနဲ့အတူ လှုပ်ရှားဆောင်ရွက်ခဲ့သူတွေက ပြန်ပြောင်းပြောကြပါတယ်။
ထက်မြက်တဲ့ ကလောင်သွားရဲ့ အမှတ်တရနိုင်ငံရေး

ဓာတ်ပုံ ရင်းမြစ်, Dr Naga Thein Hlaing
ညီပုလေးကို အစောပိုင်း သရုပ်မှန် ၀တ္ထုတိုတွေထက် မြေးသူကြီးနဲ့ ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်လို ၀တ္ထုပ္ပတ္တိတွေနဲ့ လူပိုသိကြပါတယ်။ ဒီ၀တ္ထုပုံစံ ရုပ်ပုံလွှာအရေးအဖွဲ့တွေဟာ သူ့ဖခင်ရေးတဲ့ ကျွန်တော်လှေသူကြီး၊ ကျွန်တော်မြင်းသမားစတဲ့ လူထုကြားက ရုပ်ပုံလွှာပုံစံ အရေးအဖွဲ့မျိုးဖြစ်ပေမယ့် ညီပုလေးကတော့ ရသဘက်ကို အလေးပေးပြီး စာပန်းချီခြယ်ပါတယ်။ ညီပုလေးဟာ ပျောက်ဆုံးခါနီး ပျက်သုဥ်းခါနီး ဘ၀ဓလေ့တွေ၊ ရိုးရာလုပ်ငန်းတွေ၊ လူ့ဘ၀နေဟန်တွေကို စွဲစွဲလမ်းလမ်း မြတ်မြတ်နိုးနိုး ရိုရိုသေသေဖွဲ့တတ်တယ်လို့ အက်ဆေးဆရာ ဒေါက်တာအောင်ကြီး ရေးခဲ့သလိုပဲ နာမည်ကျော် ခေတ်ပေါ် လူကောင်းနဲ့ လူဆိုး ဒီနှစ်မျိုးကိုပဲ စိတ်၀င်စားတတ်တဲ့ လူ့သဘာ၀ကို ဖီလာပြုပြီး အမေ့လျော့ခံနေရတဲ့ လူဟောင်းတွေအကြောင်း ညီပုလေး စေတနာစိတ်နဲ့ စာဖွဲ့ခဲ့ပါတယ်။ ဒီလိုရေးဖွဲ့ရာမှာ သူ့မိဘတွေနဲ့ ခင်မင်တဲ့ ကျန်းမာရေးဌာန ညွှန်ကြားရေး၀န် ဒေါက်တာဦးဖေကြင်အကြောင်း ထက်မြက်တဲ့ဓားသွား စာအုပ်မှာ ဒေါက်တာသိန်းလှိုင်ပြောတဲ့အတိုင်း ပုံဖော်ရေးခဲ့ပါတယ်။ မြေးသူကြီးမှာတော့ လက်နက်ချ ဘက်ပြောင်းသူလို့ သတ်မှတ်ထားတဲ့ နိုင်ငံရေးသမား စီးပွားရေးသမားတယောက်ရဲ့ဘ၀ကို အရှိအတိုင်း စာဖွဲ့ခဲ့ပါတယ်။
ညီပုလေးဟာ စာပေပုံစံကို လွတ်လွတ်လပ်လပ် စမ်းသပ်တီထွင်တတ်သူဖြစ်လို့ သူ့ရဲ့ စာအရေးအသားဟာလည်း အနှစ် ၃၀ ကျော်အတွင်းမှာ ပြောင်းလဲဆန်းသစ်ခဲ့ပါတယ်။ ခေတ်နဲ့ စရိုက်ကို ထင်ဟပ်ဖို့ ကြိုးစားရင်း ရသမြောက်အောင် ဖွဲ့ဖို့ကြိုးစားတာကလည်း သူ့ရဲ့ ဘုရားပေးတဲ့ ကလောင်လက်ဖြစ်ပါတယ်။ ပရိသတ်အကြိုက်နောက်ကို လိုက်မရေးဘဲ သူစိတ်သန်ရာကို စာဖွဲ့ခဲ့လို့ သူရေးစမှာ သူ့စာကို နားမလည်သူများပြီး ညီပုလေး စကားထာမ၀ှက်ပါနဲ့တော့လို့ ရေးခံရတာတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထက်မြက်တဲ့ဓားသွားမှာ သူ့ကိုခိုက်သွားကြတဲ့ လူငယ်စာဖတ်သမားတွေ အများကြီး ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ညီပုလေးဟာ မျိုးဆက်လေးဆက်ရှိတဲ့ စာနယ်ဇင်းမိသားစုကလာပြီး နိုင်ငံရေးလောကနဲ့ ရင်းနှီးသူဖြစ်လို့ ဒီသံယောဇဥ်ကို သူ့စာတွေထဲမှာ လှစ်ဟပြတတ်ပါတယ်။ ထောင်ထဲမှာ သူနဲ့အတူ နေခဲ့ရတဲ့ ဆင်မလိုက်၊ ထွန်းမြင့်အောင် စတဲ့ နိုင်ငံရေးအကျဥ်းသား ကျောင်းသားလှုပ်ရှားသူတွေရဲ့ နာမည်ကို စာထဲထည့်ရေးတတ်သလို သူ့ရဲ့ ထောင်မိတ်ဆွေ နိုင်ငံရေးအကျဥ်းသမား လူငယ်ဂီတသမား ကွယ်လွန်သူ ကိုမိုးမြင့်အကြောင်း လမင်းရဲ့ ချိုသာတဲ့လက်ခုပ်သံ ၀တ္ထုနဲ့ အောက်မေ့ဖွယ် ဖော်ကျူးခဲ့ပါတယ်။ သူ့ရဲ့ ခရီးသွားမှတ်တမ်းတွေမှာလည်း ရောက်ရာဒေသက မိတ်ဟောင်းမိတ်သစ်တွေအကြောင်း ကျကျနန ရေးဖွဲ့ပြတတ်သလို သူ့မိဘတွေလက်ထက်ကတည်းက ခင်မင်ခဲ့တဲ့ လူမျိုးစုနိုင်ငံရေးခေါင်းဆောင်တွေရဲ့ မိသားစုတွေဆီ ရောက်အောင် ၀င်တွေ့တဲ့အကြောင်းကိုပါ ထည့်ရေးတတ်ပါတယ်။ ဒီလို နိုင်ငံရေးနဲ့ ဆက်စပ်သူတွေကို ထည့်သွင်းဖော်ပြတာဟာ အာဏာရှင်ခေတ်အဆက်ဆက် စာရေးဆရာတက်ကြွသူတွေ လုပ်တတ်တဲ့ အမှတ်တရ နိုင်ငံရေးစာပေအမျိုးအစားမှာ ပါ၀င်သလို ဒီလိုရေးဖွဲ့ခြင်းအားဖြင့် နိုင်ငံရေးလှုပ်ရှားမှုကို မသေအောင် စာပေနဲ့ ထိန်းသိမ်းအားပေးတဲ့သဘောလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဗန်းမော်တင်အောင်၊ မြသန်းတင့် စတဲ့ သူ့ရဲ့ ရှေ့မျိုးဆက် လက်၀ဲစာဆိုတွေလို နိုင်ငံရေးအဘိဓမ္မာတွေနဲ့ မလွှမ်းခြုံပေမယ့် ညီပုလေးရဲ့ သွက်လက်ချိုသာတဲ့ စကားပြေအရေးအဖွဲ့နဲ့ လူ့ဘ၀ပုံရိပ်တွေဟာ နောင်လာမယ့်မျိုးဆက်တွေထိ ဆက်ပြီး နွေးထွေးမှုကို ပေးနေမှာ ဖြစ်ပြီး ဒီကနေ နိုင်ငံရေး၊ လူမှုရေးနဲ့ ပတ်သက်တဲ့ အမြင်တခုခုကို ရနေမှာဖြစ်ပါတယ်။ သူ့ရဲ့ ဇာတ်လိုက် ဆံပင်ညှပ်ဆရာ ယုထင် (မန္တလေး) ရေးသလိုပဲ ဆာဟာရသမုဒ္ဒရာကြောမှာ မျောနေကြရသူတွေအတွက် ညီပုလေးစာတွေဟာ အသက်ကယ်လှေတစင်း ဖြစ်လာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








