လူထုထဲက မောင်သစ်လွင်နဲ့ သိမ်မွေ့ခိုင်မာတဲ့ သတင်းစာပညာ

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မောင်သစ်လွင် (လူထု)ဟာ ၁၉၆၂ မတိုင်ခင် မြန်မာသတင်းလောကရဲ့ နောက်ဆုံးကျန်ရစ်ခဲ့တဲ့ သတင်းသမားတယောက် ဖြစ်ပြီး အမရပူရမြို့မှာ အသက် ၉ဝ နားနီးတဲ့အထိ နေထိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးခေတ်က သြဇာညောင်းခဲ့တဲ့ လက်ဝဲသတင်းစာကြီးတစောင်ရဲ့ အယ်ဒီတာအဖြစ် ၁ဝ နှစ်တာဝန်ယူခဲ့တဲ့ မောင်သစ်လွင်ဟာ မြန်မာသတင်းစာသမိုင်းမှာ အားပြုရတဲ့ စာအုပ်တအုပ်ကို ပြုစုခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Smith Collection/Gado

ဓာတ်ပုံ ပုံစာ, ဗြိတိသျှခေတ် ရေနံမြေလုပ်သားများ

ချွေးမြို့တော်က အယ်ဒီတာ

မောင်သစ်လွင်ဟာ ရေနံမြေအလုပ်သမားမိသားစုမှာ ကြီးပြင်းခဲ့ပြီး အစ်ကိုဖြစ်သူက တော်လှန်ရေးသမား၊ တောခို လက်ဝဲသမား ဖြစ်ပါတယ်။ ကလေး ဘဝကတည်းက ကမ္ဘာစစ်၊ ပြည်တွင်းစစ်တွေကို ကြုံခဲ့ပြီး ဗြိတိသျှ၊ ဂျပန်နဲ့ ဖဆပလအုပ်စိုးသူတွေရဲ့ ဖိနှိပ်မှု၊ ဗြိတိသျှ ဘီအိုစီကုမ္ပဏီရဲ့ အမြတ်ထုတ်မှု တွေကို ဘဝနဲ့ရင်းသိခဲ့ပါတယ်။

သူငယ်စဉ် မောင်သန်းငွေဘဝကတည်းက စာရေးစာဖတ် ဝါသနာပါပြီး သွေးသောက်မှာ ကလောင်သွေးခဲ့ပါတယ်။ ဂျပန်ခေတ် တော်လှန်ရေးစာစောင် တခုနာမည်ကို သဘောကျပြီး သစ်လွင်လို့လည်း ပြောင်းခဲ့ပါတယ်။ နောက် တောထဲက အစ်ကိုရဲ့ အကြံပေးမှုနဲ့ မန္တလေး လူထုသတင်းစာမှာ အလုပ် လျှောက်ခဲ့ပါတယ်။ အလုပ်အတွက် တိုက်ရှင် ဒေါ်အမာနဲ့ တွေ့ရာမှာ နိုင်ငံရေးအဖွဲ့တွေနဲ့ အဆက်ရှိရင် မခန့်ဝံ့ဘူး ဆိုပါတယ်။ ဒါကို လူထုမှာ လုပ်ချင်တဲ့ အတွက် မရှိပါဘူးလို့ မောင်သစ်လွင်က ဆိုခဲ့ပါတယ်။

နောက်ပိုင်းအယ်ဒီတာဖြစ်မှ ဒီအကြောင်းကို ပြောတဲ့အခါ မောင်သစ်လွင်၊ မင်းက သိပ်လူလည်လုပ်တာပဲ ဆိုပြီး ဒေါ်အမာက ရယ်ပါတယ်။ ၁၉၆၃ မှာ သူ့အစ်ကို တောထဲမှာကျသွားတဲ့သတင်း ရေဒီယိုက ကြားလိုက်တဲ့အခါ ဒေါ်အမာနဲ့ သူ မျက်လုံးချင်းဆုံပြီး ငိုင်သွားမိကြတယ်လို့ ၂ဝ၁၅ က ဧရာဝတီနဲ့ တွေ့ဆုံခန်းမှာ မောင်သစ်လွင် ပြန်ပြောင်း ပြောခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, အလုပ်ခွင်ထဲက လူထုဦးလှနဲ့ မောင်သစ်လွင်(လူထု)

ကြိုးစား၍အောင်နိုင်သူ

မောင်သစ်လွင်ဟာ တက္ကသိုလ်ကျောင်းမတက်ခဲ့ရပေမယ့် ပြည်ပရေဒီယိုက အင်္ဂလိပ်လိုဖတ်တဲ့သတင်းကို မှတ်စုထုတ် ဘာသာပြန်နိုင်တဲ့အထိ လေ့ကျင့် နိုင်ခဲ့ပါတယ်။ တိုက်ရှင် လူထုဦးလှ မအားတဲ့အခါ သူရေးလက်စ ခေါင်းကြီးပိုင်းကို ပြီးအောင် ဝင်ရေးနိုင်တဲ့အထိလည်း လက်တက်လာခဲ့ပါတယ်။ ဒီအချိန်က အသက် ၃ဝ မပြည့်သေးတဲ့ မောင်သစ်လွင်ကို တခြားတိုက်သားတွေလိုပဲ ငြိမ်းချမ်းရေး၊ လူမျိုးစုံချစ်ကြည်ရေး၊ နယ်ချဲ့ ဆန့်ကျင်ရေး စတဲ့ တိုက်မူတွေနဲ့ မဆန့်ကျင်ရင် လွတ်လွတ်လပ်လပ်ရေးခွင့်ပေးခဲ့ပါတယ်။

သူအယ်ဒီတာ ဖြစ်ချိန်မှာ ရွှေဥဒေါင်းနဲ့ ဦးထွန်းဖေခေါ် သူရ (ရှမ်းပြည်)တို့ တိုက်ကထွက်သွားချိန်ဖြစ်လို့ ဦးလှ၊ ဒေါ်အမာပြီးရင် မောင်သစ်လွင်နဲ့ တက္ကသိုလ်မောင်စောလွင်၊ နတ်မောက်ထွန်းရှိန်၊ လူထုစိန်ဝင်းတို့ အယ်ဒီတာအဖြစ် ကြီးမှူးခဲ့ရတဲ့အချိန် ဖြစ်ပါတယ်။ ဒီထဲမှာ မောင်သစ်လွင်က သတင်း တည်းဖြတ်တဲ့အဆင့်အပြင် ခေါင်းကြီးနဲ့ နိုင်ငံတကာသုံးသပ်ချက် ဆောင်းပါး ရေးနိုင်တဲ့အထိ ရောက်ခဲ့သလို ရေနံမြေ လှုပ်ရှားမှုသမိုင်းအကြောင်း အခန်းဆက် ဆောင်းပါးတွေ ရေးလာတဲ့အခါမှာလည်း ၁၃ဝဝ ပြည့် ရေနံမြေအရေးတော်ပုံအမည်နဲ့ လူထုက စုစည်းထုတ်ဝေပေးခဲ့ပါတယ်။

လူထုမှာ ၁ဝ နှစ် လုပ်ကိုင်ခဲ့တဲ့အတွင်း ဗီယက်နမ်စစ်နဲ့ နိုင်ငံတကာ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို မျက်နှာဖုံးတင် ဖော်ပြခဲ့တဲ့ သတင်းစာဖြစ်လို့ နိုင်ငံတကာရေးမှာ သူ ကျေညက်သလို ဦးနု တရုတ်ပြည်ပြန်လာချိန် လေဆိပ်မှာ သတင်းလိုက်တာမျိုး၊ ဗိုလ်ချုပ်ကြီးခေတ် အလုပ်သမားနေ့ အခမ်းအနားကို ချောက်မှာ သတင်းလိုက်ယူတာမျိုးတွေလည်း သူလုပ်ပါတယ်။ မိုးခေါင်လို့ တပေါင်းလကျမှ လှည်းတွေနဲ့ ရွှေ့ပြောင်း ဝမ်းစာရှာကြရတဲ့ တောင်သူတွေအကြောင်း အညွန့်ပဲသတ်ပါရစေလို သတင်း ဆောင်းပါးတွေလည်း သူရေးခဲ့ပါတယ်။

ludu

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, သတင်းစာက တက္ကသိုလ်ဝင် အောင်စာရင်း ကြေညာပေး

သံကွန်ချာအောက်က သတင်းစာ

ဒီလိုရေးခွင့်ပေးပေမယ့်လည်း စစ်အစိုးရခေတ် ရောက်နေတဲ့အတွက် အင်မတန် သတိကြီးကြီးထားရေးကြတယ်လို့ မောင်သစ်လွင်က ၂ဝ၁၇ မှာ ပြောပြ ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို တင်းတင်းမာမာဆုပ်ကိုင်ရပ်တည်တဲ့ လူထုမူကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက မျက်မုန်းကျိုးပြီး တိုက်ပိုင်ရှင်နဲ့ သတင်း သမားတွေကို တိုက်ခိုက်ဖိနှိပ်တာတွေ လုပ်ပါတယ်။ စာရေးဆရာ မောင်နေဝင်းဆိုရင် အလုပ်တိုက်ရောက်ပြီး တပတ်မကြာခင်မှာ ဖမ်းတာမျိုးထိ ဖိနှိပ် တာတွေ ဖြစ်ခဲ့တာပါ။

သခင်ကိုယ်တော်မှိုင်းဆုံးချိန်က မောင်သစ်လွင်ရေးတဲ့ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးကို ပြန်ကြားရေး အတွင်းဝန် ဒုဗိုလ်မှူးကြီး တင်ထွန်း( လေ) က မကျေနပ်လို့ စာရေး သတိပေးခဲ့ပါတယ်။ အစိုးရရပ်တည်ချက်နဲ့ ဆန့်ကျင်တယ်လို့လည်း ပါပါတယ်။ ဒီလို သတိပေးခံရတဲ့ အခါတိုင်း ဦးလှက မရေးနဲ့လို့ ဘယ်တော့မှ မပြောခဲ့ဘူး လို့လည်း ဆိုပါတယ်။ ရတဲ့ သတင်းထူး သတင်းဦးတွေကို မှန်ပေမယ့် လူထုတတိုက်တည်း မထည့်ရဲလို့ ရင်းနှီးတဲ့ တတိုက်လောက်နဲ့ ဖုန်းဆက်ဖလှယ်ပြီးမှ ထည့်ရဲတဲ့ခေတ်ဖြစ်ပါတယ်။

နောက်ဆုံး ၁၉၆၇ တရုတ် ဗမာ အရေးအခင်းအတွင်းမှာ တရုတ်နီထောက်ခံတဲ့ လူထုတိုက်ကို တရုတ်ဆန့်ကျင်ရေး လူအုပ်က ဖျက်ဆီးမယ်လုပ်လို့ ရဲ၊ စစ်တပ်တွေနဲ့ တားဆီးခဲ့ရပါတယ်။ အဲဒီနောက် သတင်းစာ ရပ်စဲခံရပြီး မောင်သစ်လွင်ရဲ့ သတင်း အယ်ဒီတာဘဝ အဆုံးသတ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, မောင်သစ်လွင်ရဲ့ ပွဲဦးထွက်စာအုပ်

သတင်းစာသမိုင်းဆရာနဲ့ ဆောင်းပါးရှင်

အသက် ၃ဝ ကျော်သာ ရှိသေးတဲ့ မောင်သစ်လွင်ဟာ အစိုးရ သတင်းစာနဲ့ တခြား ပုဂ္ဂလိဂျာနယ်တွေမှာ ပြောင်းမလုပ်ဘဲ လူထုမှာပဲ ဆက်ပြီး စာတည်း အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ လူထုဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များနဲ့ အငြိမ့်လို စာအုပ်တွေအတွက် သဘင်အနုပညာသည်တွေနဲ့ မေးမြန်းတာတွေမှာ မောင်သစ်လွင် ကူညီခဲ့ပါတယ်။ ဒါကြောင့် ဒေါ်အမာက သူ့စာအုပ်ဟာ မြင်းဝန်မင်းဘုရား မြင်းသားများကောင်းမှု ဖြစ်ပါတယ် ဆိုပြီး ပြည်သူချစ်သော စာအုပ်အမှာပါ ရေးခဲ့ပါတယ်။ လူထုဦးလှရဲ့ သတင်းစာများ ပြောပြတဲ့ စစ်အတွင်းဗမာပြည် စာအုပ်အတွက်လည်း ဒုတိယ ကမ္ဘာစစ် အတွင်းက ဂရိတ်တားအေးရှား သတင်းစာပါ သတင်းတွေကို မြန်မာလို ဘာသာပြန်ပေးခဲ့ပါတယ်။ ရှေးဦးမြန်မာသတင်းစာများ စာအုပ်ကိုလည်း ၁၉၆၉ မှာ ထုတ်ပါတယ်။ ဒီစာအုပ်ဟာ မြန်မာသတင်းစာ အစောပိုင်းကာလအကြောင်းကို ဦးလှရဲ့ သတင်းစာများသည် သမိုင်းကို ပြောနေကြသည် နောက်မှာ ဒုတိယထွက်ပေါ်လာတဲ့ စာအုပ်ဖြစ်ပြီး ခုထိ ရည်ညွှန်းထား ဖတ်ရှုရတဲ့ စာအုပ် ဖြစ်ပါတယ်။

ဟံသာဝတီဦး၀င်းတင်နဲ့ ခင်မင်တဲ့ မောင်သစ်လွင်ဟာ ပြည်သူပိုင်ခေါ် စစ်အစိုးရထုတ် ဟံသာဝတီမှာ ဂျာနယ်သမိုင်းနိဒါန်း ဆောင်းပါးတွေနဲ့ အရောင်းအဝယ်ဆန်တဲ့ပညာရေး မဖြစ်သင့်၊ အလှီးအဖြတ် အလိမ်အကောက်၊ ပုဂ္ဂလိက လစာနည်းဝန်ထမ်းကိစ္စ စတဲ့ မျက်မှောက်ရေးရာတွေ ရေးခဲ့ပါတယ်။ သူနဲ့ ဦးဝင်းတင်ဟာ ရှေးဟောင်းသတင်းစာ ဝါသနာပါသူတွေ ပီပီ ဘုရင်ခေတ်က သတင်းစာတွေ ရရင် ဦးဝင်းတင်က သူ့ကို ခေါ်ပြ တတ်သလို သတင်းစာ ဖတ်မကောင်းကြောင်း မောင်သစ်လွင်ရဲ့ သုံးသပ်ချက်ကို ဟံသာဝတီနှစ်ပတ်လည်မှာ ထည့်တဲ့အထိ ဦးဝင်းတင်က သူ့ကို အလေးပေးပါတယ်။

ဦးဝင်းတင် သူ့ဆီရေးတဲ့စာတွေကိုလည်း ဟံသာဝတီမျက်နှာပေါ်က အသံထွက် အက္ခရာများ စာအုပ်မှာ မောင်သစ်လွင်က ထည့်သွင်း ခဲ့ပါတယ်။ သူ ဟံသာဝတီမှာ ရေးလာခဲ့တာ၊ ဘာ နိုင်ငံရေးသဘောတရား၊ ဘယ်နိုင်ငံရေးအဖွဲ့အစည်းအကြောင်းမှ မပါဘူး။ ပြည်သူလူထု ခံစားနေရတာ၊ နစ်နာဆုံးရှုံးတာတွေကို ရေးခဲ့တာ၊ ဒါလည်း နိုင်ငံရေးပဲလို့ စာရေးဆရာ သိုက်ထွန်းသက်ကို ပြောခဲ့ပါတယ်။

အဲဒီအချိန်က ဗီယက်နမ် သူရဲကောင်း ငုယင်ဗန်ထရွိုင်းအကြောင်း မောင်သစ်လွင် ပြန်ဆိုပြီး လူထုဒေါ်အမာ တည်းဖြတ်ခဲ့ပေမယ့် စာအုပ် မထွက် ခဲ့ပါဘူး။

burma

ဓာတ်ပုံ ရင်းမြစ်, မောင်သစ်လွင် လူထု

ဓာတ်ပုံ ပုံစာ, ပေါ်ဦးသက်ကို မေးနေတဲ့ မောင်သစ်လွင်

ဂီတ၊ စာပေနဲ့ သတင်းကျင့်ဝတ်

သတင်းစာ အယ်ဒီတာ ဘဝကတည်းက တိုက်ရှင်ခွင့်ပြုချက်နဲ့ အလုပ်ထဲမှာ ပတ္တလားတီးသင်ခဲ့တဲ့ မောင်သစ်လွင်ဟာ ဂီတနဲ့ အနုပညာဆောင်းပါးတွေကို ရေးရုံသာမက ကိုယ်တိုင်လည်း စန္ဒရားသင်၊ သီချင်းစပ်တဲ့ထိ ဝါသနာထုံပါတယ်။ ဦးသိမ်းမောင်ဆီမှာ သူနဲ့အတူ စန္ဒရားသင်ဘက်က အဥ္စလီ မောင်မောင်ဖြစ်ပြီး လူထုစက်ခန်းမှာ သူနေခဲ့စဉ်က အိမ်နီးချင်း ၊ ဂုန္တန် ဆေးရိုးဝင်းမှာ တဝင်းထဲ နေကြသူတွေ ဖြစ်ပါတယ်။ မောင်သစ်လွင်ဟာ သူစပ်တဲ့ ရော့ခ်သီချင်းကို ဂစ်တာတီး ဧည့်ခံတတ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦး (မန္တလေး) က ရေးပါတယ်။

၁၉၉ဝ မှာ ရွှေဝတ်ရည် မဂ္ဂဇင်း မန္တလေးက ထုတ်တော့လည်း သူ တာဝန်ခံ အယ်ဒီတာ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရှစ်လေးလုံးအပြီး နိုင်ငံရေး ဂယက်နဲ့ သူ့ရဲ့ နိုင်ငံရေးအမြင်ကြောင့် ရွှေဝတ်ရည် ကြာကြာမခံဘဲ လပိုင်းနဲ့ ရပ်ခဲ့ရပါတယ်။ အချိန်တိုပေမယ့် သူ့မိတ်ဆွေ ပေါ်ဦးသက်ရဲ့ နာမည်ကျော် ရွှေစာရံပွဲ မျက်နှာဖုံးအပြင် ခင်ဆွေဦး၊ စိုင်းခမ်းလိတ်၊ အဉ္စလီမောင်မောင် စတဲ့ စာပေ ဂီတအကျော်တွေနဲ့ တွေ့ဆုံခန်းတွေကို သပ်သပ်ရပ်ရပ် စာပေတန်းဝင်အောင် တင်ဆက်နိုင်ခဲ့တဲ့ ရွှေဝတ်ရည်ဟာ စာပေနယ်မှာ နာမည်ကျန်ရစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ရွှေဝတ်ရည်ထဲက မောင်သစ်လွင်အမှာနဲ့ တင်မိုးကဗျာ

၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ အသက်ရလာပြီ ဖြစ်တဲ့ မောင်သစ်လွင်ဟာ သတင်းကျင့်ဝတ်ဆိုင်ရာ ဆောင်းပါးတွေကို ဂျာနယ်တွေမှာ ရေးခဲ့ပါတယ်။ အဲဒီအချိန်က ပုဂ္ဂလိက သတင်းစာတွေ ပြန်မထွက်သေးပေမယ့် သတင်းဂျာနယ်တွေ ခေတ်စားအားကောင်းတဲ့အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး မလွတ်လပ်မှုကြောင့် ဆူလွယ်နပ်လွယ် သတင်းတွေနဲ့ အဝါရောင်သမ်းတဲ့ စာမျက်နှာတွေ ဖြစ်ကုန်တဲ့အတွက် သတင်းစာခေတ်ဟောင်းကို မီလိုက်တဲ့ မောင်သစ်လွင်က သတင်းကျင့်ဝတ်ပိုင်းကို အလေးပေး ရေးသားခဲ့ပါတယ်။

ဒီလိုရေးရာမှာ ရန်ကုန်အခြေစိုက် လူထုစိန်ဝင်း၊ မောင်ဝံသတို့လို လက်ရာမများပေမယ့် မောင်သစ်လွင်ဟာ သူကြုံခဲ့တဲ့ခေတ်အခြေနဲ့ သင်ယူဖတ်ရှုခဲ့တဲ့ သတင်းသီလတွေကို လူငယ်တွေအတွက် စေတနာနဲ့ ဖြန့်ဖြူးခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် အတင်းလား၊ အဖျင်းလား၊ သတင်းစကားလား၊ မယိုင်ဘူး ခိုင်လိုက်တာမှ လွန်သာသွားရော စတဲ့ စာအုပ်တွေ ထွက်ခဲ့ပါတယ်။ သတင်းသမားဟာ အနေအထိုင်၊ အပြောအဆို သိမ်မွေ့ဖို့လိုပြီး ဆူလွယ် နပ်လွယ် လုပ်စားတာမျိုး မဖြစ်သင့်ဘူးလို့ မောင်သစ်လွင်က အင်တာဗျူးတခုမှာ သတိပေးပါတယ်။ အကျိုးစီးပွားအတွက် ကိုယ်ကျင့်တရား ပျက်ရ တာမျိုး၊ ပုဂ္ဂိုလ်ရေးထိပါးတာမျိုးတွေဟာ မသန့်ရှင်းတာတွေလို့လည်းဆိုပါတယ်။ သတင်းကို အချိန်လုရေးရပေမယ့် ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေ၊ ဘယ်လိုသွားမှ၊ ဘယ်လိုအားထုတ်မှ ပန်းတိုင်ကို ရောက်နိုင်မယ်ဆိုတာ လမ်းညွှန်ရေးရတယ်လို့လည်း မောင်သစ်လွင်က နောက်မျိုးဆက် တွေကို ညွှန်ပြခဲ့ပါတယ်။ သူ့စိတ်ထဲက ကမ္ဘာနဲ့ မြန်မာ သတင်းသုံးသပ်ချက်တွေကိုလည်း ဆောင်းပါးပုံစံ အရေးသွက်သွက်နဲ့ တင်ပြခဲ့ပါတယ်။ ဒါကြောင့် ကိုသစ်လွင် (လူထု)သည် ရသဟန်နဲ့ တိုက်ရိုက်အဖွဲ့အနွဲ့တွေကို သုံးပြီး လူ့အဖွဲ့အစည်းပတ်ဝန်းကျင် အဖြစ်အပျက်တွေကို ဖော်ပြသူ ဖြစ်သည်ဆိုပြီး ဒဂုန်တာရာက ရေးခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် နှစ် ၅ဝ လောက် တစိုက်မတ်မတ် ရေးခဲ့တဲ့ မောင်သစ်လွင်ဟာ စစ်မီးရှိန် ပြန်တက်လာတဲ့ သမိုင်းတကွေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့လို ငြိမ်းချမ်းရေးကို လှုံ့ဆော်တဲ့ စာပေ စာနယ်ဇင်းမျိုးဆက်တွေကတော့ ဆက်ပြီး ပေါ်ထွန်းနေမှာ ဖြစ်ပါတယ်။