ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ အပေါင်းအပါသတင်းစာဆရာများ

burma

ဓာတ်ပုံ ရင်းမြစ်, SOPA Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းစ သတင်းစာမြင်ကွင်း
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာလွတ်လပ်ခွင့် ဆယ်နှစ် နောက်ပြန်ဆုတ်သွားစေတယ်ဆိုပြီး နယ်စည်းမခြား သတင်းထောက် များ အဖွဲ့က သတိပေးထားပါတယ်။ သတင်းထောက်တွေ ဖမ်းဆီးပစ်ခတ်ခံရတာတွေ ရှိလာနေပြီး ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းတမ်းမှာလည်း အဆင့် ၁၄ဝ ရောက်နေတဲ့အတွက် ဆက်ကျဆင်းဖို့သာ များနေပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် နိုင်ငံရေးပြုပြင်မှုတွေ လုပ်လာပြီးနောက်ပိုင်း မီဒီယာ လွတ်လပ်ခွင့် တွေ ပိုရှိလာတဲ့အတွက် ပုဂ္ဂလိက သတင်းစာနဲ့ ရုပ်သံတွေ ပေါ်ထွက်လာပေမယ့် ခုတော့ တဖြည်းဖြည်း ရပ်တန့် ပျောက်ကွယ် ကုန်ပါတယ်။

ဒီလို မီဒီယာလွတ်လပ်ခွင့် ဆိတ်သုဉ်းလာတာဟာ အရင် ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိကသတင်းစာတွေ ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်နဲ့ ဆင်တူနေပြီလို့လည်း မီဒီယာလောကသားတွေကြားမှာ စိုးရိမ်နေကြ ပါတယ်။ ၁၉၆၂ နောက်ပိုင်း ဒါဇင်နဲ့ချီတဲ့ မြန်မာသတင်းစာတွေ ရပ်နားကုန်ပြီး အစိုးရထိန်းချုပ်တဲ့ သတင်းစာတွေပဲ ကျန်တော့တဲ့ တခေတ် ဖြစ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီခေတ် အဲဒီအချိုးမျိုး ပြန်ရောက်နိုင်တယ်လို့ မြန်မာမီဒီယာနဲ့ နိုင်ငံရေးလောကမှာ ပူပန်နေကြတာပါ။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, မင်းတုန်းမင်းရဲ့ သတင်းစာလွတ်လပ်ခွင့်

အနှစ် နှစ်ရာရှည်တဲ့ သတင်းစာသမိုင်း

မြန်မာနိုင်ငံဟာ ဗြိတိသျှလက်အောက်ကျရောက်စ လွန်ခဲ့တဲ့ အနှစ် နှစ်ရာနီးပါးလောက်ကတည်းက မော်လမြိုင်နဲ့ စစ်တွေ မြို့တွေကနေ သတင်းစာတွေ စတင်ထုတ်ဝေခဲ့တဲ့ နိုင်ငံဖြစ်သလို နိုင်ငံအလယ်ပိုင်းက ဘုရင်ပိုင် သတင်းစာတောင် ရှိခဲ့ဖူးတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုအဆင့်ဆင့်မှာလည်း သတင်းစာတွေရဲ့ ခေါင်းဆောင်မှုက ထိပ်ဆုံးက ပါခဲ့ပြီး သူရိယ၊ မြန်မာ့အလင်း၊ ဒီးဒုတ်နဲ့ ဂျာနယ်ကျော် စတဲ့ စာနယ်ဇင်းကြီးတွေရဲ့ သြဇာဟာ နိုင်ငံရေး လောကအပေါ် စူးရှသလို ပြည်သူတွေကြားမှာလည်း ကြီးမားပါတယ်။ ဒါကြောင့် သခင်ကိုယ်တော်မှိုင်း၊ ဦးဘဘေ၊ ဦးဘချို၊ ဦးချစ်မောင်၊ ဦးထွန်းဖေ စတဲ့ သတင်းစာဆရာကြီး တွေဟာ နိုင်ငံရေး သမားတွေအဖြစ်လည်း နိုင်ငံ့တာဝန်ကို ထမ်းခဲ့ကြတာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, University of Southern California

ဓာတ်ပုံ ပုံစာ, စာရေးဆရာ ဝန်ကြီးချုပ်ဦးနု

လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်ကြောင့် သတင်းစာလောကကို ခြိမ်းခြောက်တာတွေ ရှိလာပေမယ့်လည်း လွတ်လပ်မှုအပိုင်းမှာကတော့ စစ်တပ် ခေတ်တွေလို မဆိုးရွားသေးပါဘူး။ နိုင်ငံရေး ရှုပ်ထွေး ပြင်းထန် လာတာနဲ့အမျှ သတင်းစာတိုက်တွေ ဖျက်ဆီးခံရတာနဲ့ သတင်းသမားတွေ ဖမ်းဆီး သတ်ဖြတ်ခံရတာတွေလည်း ရှိလာပါတယ်။ ၁၉၅၈ ပထမအကြိမ် တပ်က အာဏာယူပြီးနောက်မှာတော့ သတင်းစာဆရာ၊ စာရေးဆရာ တွေကို နိုင်ငံရေး သမားတွေနဲ့ အတူ ကိုကိုးကျွန်းပို့ ထိန်းသိမ်းတာတွေ ဖြစ်ခဲ့သလို လူထုနဲ့ ကြေးမုံ စတဲ့ စစ်အစိုးရကို ဝေဖန်တဲ့ သတင်းစာတိုက်တွေ ချိတ်ပိတ်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ, သတင်းစာတွေ ထိန်းချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း

၁၉၆၂ အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲတွေက သတင်းလောကကို ရိုက်ခတ်ပြီး မကြုံဖူးတဲ့ အပြောင်းအလဲ ကြီးတွေ ကြုံခဲ့ရပါတယ်။ ဒီထဲမှာ သတင်းသမားတွေ ဖမ်းဆီး ခံရတာနဲ့ သတင်းလွတ်လပ်ခွင့် ကန့်သတ်ခံရတာအပြင် ပုဂ္ဂလိက သတင်းစာတွေ ချုပ်ငြိမ်း သွားတာ၊ စစ်အစိုးရကို ထောက်ခံတဲ့ သတင်းစာအုပ်စု ပေါ်ထွန်းလာတာနဲ့ သတင်းစာဆရာတွေ တောခိုတာနဲ့ ပြည်ပထွက်ပြေး တာတွေ ပါဝင်ပါတယ်။ အဆိုးဆုံးကတော့ သတင်းလောကကို စစ်ဗိုလ်တွေ ဝင်ရောက် ကြီးစိုးခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးကောင်စီရဲ့ ဧည့်သည်တော်များ

၁၉၆၂ အာဏာသိမ်းပြီးနောက် သတင်းစာဆရာနဲ့ စာရေးဆရာ အများအပြား နိုင်ငံရေးသမားတွေနဲ့အတူ နှစ်ရှည် ထိန်းသိမ်းခံခဲ့ရပါတယ်။ အထိန်းသိမ်းခံတွေထဲ လက်ဝဲ၊ လက်ယာ နိုင်ငံရေးအုပ်စုတွေပါသလို လူကြီး၊ လူငယ်စုံပါတယ်။ ဒီထဲမှာ စိန်ခင်မောင်ရီ၊ ဗန်းမော်တင်အောင်၊ အထောက်တော်လှအောင်၊ မြသန်းတင့်နဲ့ အိုးဝေဦးညိုမြ၊ အောင်ဗလ စတဲ့ နာမည်ကြီး စာရေးဆရာ အယ်ဒီတာနဲ့ သတင်းစာဆရာတွေ ပါလာပြီး တချို့က ၁၉၆၃ မှာ တောထဲက လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီးနောက် အဖမ်းခံကြရတာ ဖြစ်ပါတယ်။ အစပိုင်းမှာ ထောင်ထဲထည့်ထားပေမယ့် နောက်ပိုင်းမှာ ဒီထဲကတချို့ကို ကိုကိုးကျွန်း ပို့ပါတယ်။အာဏာ သိမ်းခါစမှာ သတင်းထောက်တွေ ပုဒ်မငါးနဲ့ အဖမ်းခံရတာများတဲ့အတွက် သတင်းလောကသားတွေ အလုပ်ရှုပ်ကြတယ်လို့လည်း ကြေးမုံ အယ်ဒီတာချုပ်ဟောင်း ဇဝနက ဇဝနရဲ့ ဇဝန စာအုပ်မှာ ရေးသားခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bo Bo BBC Burmese

ဓာတ်ပုံ ပုံစာ, တပ်နဲ့ နီးစပ်တဲ့ ဂါးဒီးယန်းမဂ္ဂဇင်း

နောက် အဖမ်းခံရသူတွေထဲမှာ လက်ဝဲလက်ယာနိုင်ငံရေးနဲ့ ပတ်သက်သူတွေသာမက ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကလေးတွေနဲ့ ရင်းနှီးတဲ့ အင်္ဂလိပ်လိုရေးတဲ့ သတင်းစာဆရာ တွေလည်း ပါပါတယ်။ ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေနဲ့ ရင်းနှီးပြီး အမေရိကန်သူလျှိုလို့ စွပ်စွဲခံရတဲ့ နေးရှင်းသတင်းစာပိုင်ရှင် ဦးလောရုံကို ၁၉၆၃ မှာ တော်လှန်ရေးအစိုးရက ဖမ်းဆီးပြီး နောက်နှစ်မှာ သတင်းစာကို ရပ်စဲ ပါ တယ်။ တခါ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ခင်မင်ပြီး တပ်မှူးတွေရဲ့ ရှယ်ယာတွေနဲ့ ထုတ်ခဲ့တဲ့ ဂါးဒီးယန်းအင်္ဂလိပ်သတင်းစာပိုင်ရှင် ဦးစိန်ဝင်းဆိုရင်လည်း စာနယ်ဇင်းကောင်စီတည်ထောင်ပြီး သတင်းစာတွေရဲ့ ကဏ္ဍကို ထိန်းထားဖို့ ကြိုးစားပေမယ့် သူ့သတင်းစာ ပြည်သူပိုင်သိမ်းခံရကာ သူလည်း ထိန်းသိမ်းခံရပါတယ်။ သူ့ကို ပြင်သစ် ကမ္ဘာ့သတင်းစာအသင်းကနေပြီး ၁၉၆၃ မှာ သတင်းလွတ်လပ်ခွင့် ရွှေကလောင်ဆု ချီးမြှင့်ခဲ့ပေမယ့် နောက် အနှစ် အစိတ် ကြာမှ သွားယူ နိုင်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Ludu

ဓာတ်ပုံ ပုံစာ, ထောင်ကျ ကျွန်းရောက်တဲ့ လူထုစိန်ဝင်းနဲ့ ဖိုးသံချောင်း

၁၉၆၇ မှာ ဖြစ်တဲ့ တရုတ်-ဗမာအရေးအခင်းမှာတော့ မန္တလေးက လူထုသတင်းစာကို တရုတ်ဘက်သားဆိုပြီး ဖျက်ဖို့ ကျောင်းသားနဲ့ အရပ်သားတချို့ ကြိုးစားပေမယ့် စစ်တပ်က ဟန့်တားပါတယ်။ မကြာခင်ပဲ လူထု သတင်းစာကို ရပ်စဲပါတယ်။ ရန်ကုန်လူထုတိုက်ခွဲက လူထုစိန်ဝင်းနဲ့ တခြားအယ်ဒီတာတွေကို ဖမ်းဆီးပြီး တချို့ကို ကိုကိုးကျွန်း ပို့ပါတယ်။ လူထုစိန်ဝင်းကို ၁၉၇၃ မှ ပြန်လွှတ်ပြီး ၁၉၇၈ မှာ ဒုတိယအကြိမ် ထိန်းသိမ်း ပါတယ်။

ဗြိတိသျှခေတ်မှာ တကြိမ်၊ ဦးနုခေတ်မှာ သုံးကြိမ် ထောင်ကျခဲ့တဲ့ လူထုဦးလှကိုတော့ ဗိုလ်ချုပ်ကြီး အစိုးရက နေရာပေး ဆက်ဆံခဲ့ပြီး မန္တလေးလာရင် ဇနီးနဲ့အတူ ခေါ်တွေ့တာတွေ လုပ်ပါတယ်။ ၁၉၇၈ ကျမှ တောထဲက သားလတ်နဲ့ ဆက်လို့ဆိုပြီး ဇနီး၊ သားငယ်နဲ့အတူ ဖမ်းဆီး ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, AFP Contributor

ဓာတ်ပုံ ပုံစာ, ၁၉၆၂ အာဏာသိမ်းပြီးစ ရန်ကုန်

သတင်းကန္တာရခေတ်များ

၁၉၆၂ နောက်ပိုင်း နိုင်ငံရေးပါတီတွေ၊ အသင်းအဖွဲ့တွေ ဖျက်ခံရသလို စီးပွားရေးလုပ်ငန်းကြီးငယ်တွေလည်း ပြည်သူပိုင်သိမ်းခံရပါတယ်။ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘဏ်တိုက်တွေလည်း ဒီပြည်သူပိုင်လှိုင်းနဲ့ မလွတ်ခဲ့ ပါဘူး။ သတင်းစာတိုက်တချို့ ပြည်သူပိုင်စာမိသလို တချို့လည်း အခွန်နှိပ်စက်လို့ ရပ်စဲ ကုန်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပျက်ပြားပြီး ကြော်ငြာခမရတာနဲ့ သတင်းရေးကွက်မသာလို့ ပရိသတ်က သတင်းစာတွေကို မဖတ်တော့တာဟာ သတင်းစာတွေ သေဆုံးမှုရဲ့ အကြောင်းရင်းဖြစ်တယ်လို့ ဟံသာဝတီ ဦးဝင်းတင်က သုံးသပ်ပါတယ်။

ဟံသာဝတီ၊ မြန်မာ့အလင်း၊ မန်းခေတ်၊ ယုဝတီ စတဲ့ သတင်းစာတချို့ကတော့ အလုပ်သမားပိုင် အဖြစ် ပြောင်းထုတ်ပြီး နောက်ဆုံး မရပ်တည်နိုင်တဲ့အခါမှ ရပ်စဲကုန်တာ ရှိသလို ဟံသာဝတီနဲ့ မြန်မာ့အလင်းလို အစိုးရ လက် ထိုးအပ်ရတာလည်း ရှိပါတယ်။ တချို့ သတင်းစာတွေကတော့ ပြည်သူပိုင်သိမ်းရင် နေတဲ့ အဆောက်အအုံပါ သိမ်းမှာစိုးလို့ သတင်းစာကို နေရာပြောင်း ရိုက်ရတာတွေ ဖြစ်လာပါတယ်။ အစိုးရကို ကျပ်တသိန်းခွဲနဲ့ ပေါင်ထားတာ ပြန်မရွေးနိုင်လို့ဆိုပြီး နေးရှင်းသတင်းစာတိုက်ကို ချိတ်ပိတ်သိမ်းတာလည်း ၁၉၆၄ မှာ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်သတင်းစာပိုင်ရှင် မြို့မမောင်ဟာ ဝါဏိဇ္ဇပဋိပက္ခနဲ့ ဆယ်နှစ်ကျော် ရင်ဆိုင်ရပြီး ၁၉၈၃ မှာ ကွယ်လွန်ပြီးမှ အခွန်လက်ကျန် ကျပ်တသိန်းကို မိသားစုက ဆပ်နိုင်ပါတယ်။

နောက်မြန်မာပြည်မှာ အစဉ်အဆက် ထုတ်လာကြတဲ့ အိန္ဒိယနဲ့ တရုတ်သတင်းစာတွေလည်း ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာ ချုပ်ငြိမ်းကုန်ပါတယ်။ အိန္ဒိယနဲ့ တရုတ်လူမျိုးတွေကို မြန်မာပြည်က နှင်ထုတ်တာတွေ ဖြစ်လာချိန် မှာ ဒီသတင်းစာတွေ ရပ်တည်ဖို့ ခက်လာပြီး ပျောက်ကွယ်သွားကြတာ ဖြစ်ပါတယ်။ နောက် ကချင်၊ ကရင်၊ ချင်း စတဲ့ လူမျိုးစု ဘာသာတွေနဲ့ ထုတ်တဲ့ သတင်းစာတွေလည်း ရပ်စဲကုန်ပြီး မြန်မာနဲ့ အင်္ဂလိပ်သတင်းစာ နည်းနည်းပဲ ကျန်ခဲ့ ပါတယ်။ ၁၉၆၂ က မြန်မာပြည်မှာ ထုတ်တဲ့ ပုဂ္ဂလိက သတင်းစာ အစောင် ၄ဝ ရှိပြီး ၁၉၇၂ မှာ အစိုးရသတင်းစာ ခုနစ်စောင်ပဲ ကျန်ခဲ့တယ်လို့ ယူပီအိုင် ဦးဘသန်းက မြန်မာနိုင်ငံသတင်းစာသမိုင်းမှာ ဖော်ပြပါတယ်။ လုပ်သားပြည်သူတို့အတွက် သတင်းစာလွတ်လပ်ခွင့် အာမခံနိုင်ဖို့ သတင်းစာတွေကို ပြည်သူပိုင် လုပ်ရမယ် ဆိုပြီး တော်လှန်ရေး အစိုးရက ဆိုရှယ်လစ် သတင်းစာတွေ ထုတ်ဖို့ ရည်ရွယ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ သတင်းစာတိုက်တွေက အလုပ်သမားအခွင့်အရေး မပေးချင်လို့ အကြောင်းပြပြီး ပိတ်ပစ်တယ်လို့လည်း ဦးဘသန်းက စွပ်စွဲပါတယ်။ သတင်းစာတွေဟာ စီးပွားရေးသမားနဲ့ ပါတီ တွေအကြိုက် လိုက်ရေးရလို့ မလွတ်လပ်ဘူး၊ လုပ်သားပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်ပေးမယ့် သတင်းစာတွေ လိုတယ် ဆိုပြီး အစိုးရ သတင်းစာတွေ ထူထောင်တာကနေ သတင်းစာလွတ်လပ်ခွင့် ချုပ်ငြိမ်းခဲ့တာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bee Ban

ဓာတ်ပုံ ပုံစာ, ဝင်းဖေရဲ့ ဟာသ

ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးခေတ်က လူထုသတင်းစာမှာ စစ်ဗိုလ်တွေ တံတားဖွင့်၊ အစည်းအဝေးတက်တဲ့ သတင်းကလွဲပြီး ဘာမှ ထူးထူးခြားခြား ဖော်ပြလို့ မရတဲ့အတွက် သတင်းစာကို ရပ်ပစ်လိုက် ချင်ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် ရပ်လို့မရကြောင်း၊ ညမိုးချုပ်မှ အစိုးရအစည်းအဝေးမှတ်တမ်းတွေကို လာပို့ခိုင်းတာမျိုးတွေ ကြုံရပြီး ဖြတ်တောက် ထည့်ရင်လည်း မကြိုက်ဘူးလို့ ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်လူထုဦးလှ မှာ လူထုဒေါ်အမာက ရေးခဲ့ပါတယ်။ နောက် လူထု သတင်းစာပါ ကာတွန်း ဝင်းဖေရဲ့ ရေသူမ ကာတွန်း တွေဟာ စစ်တပ်က လုပ်နေတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို လှောင်ပြောင်တယ်ဆိုပြီး မန္တလေး နန်းတွင်းထဲက စစ်ဗိုလ်တွေက သတင်းစာကို သတိပေး တဲ့အတွက် ကာတွန်း ဆွဲတာ ရပ်ခဲ့ရတယ်လို့ ဝင်းဖေလွယ်အိတ် အစီအစဉ်မှာ ဦးဝင်းဖေက ရေးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, တက်ဘုန်းကြီးသိန်းဖေလို့ ကျော်ကြားခဲ့တဲ့ သိန်းဖေမြင့်

နိုင်ငံရေးဝါဒ အပြိုင်အဆိုင်ဖြစ်တဲ့ စစ်အေးခေတ်က မြန်မာသတင်းစာလောကမှာလည်း ရိုက်ခတ်ပါတယ်။ လက်ဝဲလက်ယာ နိုင်ငံတွေရဲ့ သြဇာခံ သတင်းစာတွေ ပေါ်လာပြီး အပြိုင်အဆိုင်စည်းရုံးသလို တရုတ်ဖြူနဲ့ တရုတ်နီ၊ အိန္ဒိယနဲ့ ပါကစ္စတန်၊ ဟိန္ဒူနဲ့ မွတ်ဆလင် စတဲ့ နိုင်ငံရေး ဘာသာရေးပေါ် အခြေခံ စည်းရုံးတဲ့ သတင်းစာတွေလည်း ရှိတယ်လို့ ဇဝနက စာနယ်ဇင်းနှင့်နိုင်ငံရေး စာတမ်းမှာ ရေးပါတယ်။ ဗိုလ်တထောင် သတင်းစာက ဆိုဗီယက် ဘက်သား ဦးသိန်းဖေမြင့်နဲ့ လူထုသတင်းစာက တရုတ်နီဂိုဏ်းသူ လူထုဒေါ်အမာတို့ရဲ့ ကလောင်စစ်ပွဲကိုတော့ မန္တလေးက နဂါးကြီးကလည်း တဘက်သတ်၊ ရန်ကုန်က ဝက်ဝံကြီးကလည်း တဘက်သတ်ပါပဲကလား ဆိုပြီး ဗိုလ်ချုပ်ကြီးနေဝင်းက ညည်းဖူးတယ်လို့ တက္ကသိုလ်မြတ်သူက စာပေ စာနယ်ဇင်းဘဝ ကြုံရသမျှ မှာ ရေးသားပါတယ်။

တောပြန်နဲ့ သတင်းစာ ဗျူရိုကရက်များ

၁၉၇၂ မှာ မြို့မမောင်ရဲ့ ရန်ကုန်သတင်းစာ ရပ်စဲပြီးနောက် ၁၉၈၈ မိုးတွင်း လပိုင်းကလွဲပြီး အနှစ် ၄ဝ ကျော် မြန်မာနိုင်ငံမှာ အစိုးရ သတင်းစာပဲ ရှိခဲ့ပါတယ်။ ကြေးမုံ၊ လုပ်သား၊ ဗိုလ်တထောင်၊ မြန်မာ့အလင်း၊ ဂါးဒီးယန်း၊ ဝေါ့ကင်းပီးပဲဒေလီ နဲ့ မန္တလေးက ဟံသာဝတီ ဆိုပြီး အစိုးရအာဘော် သတင်းစာ ခုနစ်စောင်နဲ့ နိုင်ငံကို အုပ်ချုပ် ခဲ့တာပါ။ ဒီထဲက ဦးဝင်းတင်ရဲ့ ဟံသာဝတီသတင်းစာကိုတော့ ပြည်သူ့ဘက်က သတင်းစာ ဆိုပြီး ပရိသတ်က ချစ်ကြတယ်၊ သတင်းစာလုပ်သားတွေကို မန္တလေးလူထုက စောင့်ရှောက်ကြတယ် ဆိုပြီး အဲဒီမှာ လုပ်ခဲ့တဲ့ သတင်းစာဆရာ မောင်ဝံသက ရေးခဲ့ပါတယ်။

ဒီလို ပြည်သူပိုင်သိမ်းရာမှာ သွက်လက်တဲ့ ကြေးမုံ၊ တည်ငြိမ်တဲ့ မြန်မာ့အလင်းနဲ့ ဟံသာဝတီ၊ နိုင်ငံရေးကဲတဲ့ ဗိုလ်တထောင်နဲ့ အစိုးရရဲ့ ဗန်းပြသတင်းစာ လုပ်သားဆိုပြီး ခွဲခြားထုတ်ခဲ့ပေမယ့် ရင်းမြစ်တခုတည်းက လာတဲ့ သတင်းတွေကို ထည့်သွင်းနေရတဲ့အတွက် ကွန်မြူနစ်နိုင်ငံက သတင်းစာတွေလိုပဲ သတင်းစာ အားလုံး တလေတည်း ထွက်ခဲ့တဲ့ ခေတ် ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, လုပ်သားပြည်သူ့နေ့စဉ် အယ်ဒီတာချုပ် ရွှေဥဒေါင်း

ဒီလို အစိုးရ သတင်းစာတွေထုတ်စမှာ နာမည်ကြီး အရပ်သား သတင်းစာဆရာတွေကို စည်းရုံးပြီး အုပ်ချုပ်စေပါတယ်။ ၁၉၆၃ မှာ တည်ထောင်တဲ့ စစ်တပ်ခေတ် ပထမဆုံး နိုင်ငံပိုင် သတင်းစာ လုပ်သားပြည်သူ့နေ့စဉ်ရဲ့ အယ်ဒီတာချုပ်အဖြစ် လူထုသတင်းစာ အယ်ဒီတာချုပ်ဟောင်း ရွှေဥဒေါင်းကို မန္တလေးက ပင့်စေပါတယ်။ လူထုဒေါ်အမာနဲ့ ဦးဝင်းတင်စတဲ့ သတင်းလောကသားတွေ ကန့်ကွက်တဲ့ကြားက ရွှေဥဒေါင်းက လက်ခံ လုပ်ခဲ့ ပေမယ့် နောက်ပိုင်း အဆင်မပြေတာတွေ ဖြစ်လာပါတယ်။ အလားတူပဲ လုပ်သား အင်္ဂလိပ်ပိုင်းအတွက် ဦးခင်မောင်လတ်နဲ့ ခင်မျိုးချစ်ကို အယ်ဒီတာခန့်ခဲ့ပေမယ့် သတင်းစိစစ်ဖြတ်တောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးနဲ့ အဆင်မပြေဖြစ်တာကနေ နုတ်ထွက်ကြပါတယ်။ ဗိုလ်တထောင် အယ်ဒီတာချုပ် ဦးသိန်းဖေမြင့်ကိုတော့ အာဏာသိမ်းစကတည်းက တော်လှန်ရေး ကောင်စီဘက်က လက်တွဲလုပ်ဖို့ ကမ်းလှမ်းပါတယ်။ အရှုံးပေါ်နေတဲ့ သူ့သတင်းစာကိုပါ စစ်တပ်က ပြည်သူပိုင်သိမ်းပြီး ကယ်တင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သမ္မတ ပုဆိုးဖိုးလို ဆောင်းပါးတွေကြောင့် ဦးနေဝင်းနဲ့ သူ အစေးမကပ် ဖြစ်ပြီး သတင်းစာမှာ ရေးတဲ့ သူ့ဆောင်းပါးတွေ ပယ်ချခံရပါတယ်။ မြန်မာပြည်မှာ စောင်ရေအများဆုံးဖြစ်တဲ့ ကြေးမုံကို သိမ်းပြီးနောက် အောင်ဗလ၊ ဇဝနနဲ့ ဦးဝင်းတင် စတဲ့ လူဟောင်းတွေကို ဆက်စီမံ အုပ်ချုပ်စေပေမယ့် စစ်ဗိုလ်တွေ ဝင်စွက်ဖက် တဲ့အတွက် လုပ်ချင်တဲ့စိတ် ပျောက်ရတယ်လို့ ဦးဝင်းတင်က ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်မှာ ရေးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Gerhard Joren

ဓာတ်ပုံ ပုံစာ, ထောင်နှစ်ရှည်ကျခဲ့သူ ဟံသာဝတီ ဦးဝင်းတင်

တခြားဘက်မှာတော့ ရာထူးအဆင့်ဆင့်က စစ်အရာရှိတွေ သတင်းစာတိုက်တွေကို ဝင်စွက်ဖက်လာသလို တန်ပြော တောပြန်လို့ ခေါ်တဲ့ လက်နက်ချ ကွန်မြူနစ်နဲ့ ပြည်သူ့ရဲဘော်ဟောင်းတွေ သတင်းစာတိုက်တွေမှာ မိုးပေါ်ကျ အယ်ဒီတာတွေ ဖြစ်လာကြပါတယ်။ အာဏာသိမ်းပြီးမှ တောထဲက ပြန်လာတဲ့ ဗကပ အောက်ဗမာပြည် တိုင်းမှူး ဗိုလ်လှမြိုင်ကို လုပ်သား အယ်ဒီတာ ခန့်ကာ အလံနီ ဗိုလ်ထိန်လင်းနဲ့ ပြည်သူ့ရဲဘော် ဗိုလ်ထိန်လင်းတို့လည်း ဗိုလ်တထောင် အယ်ဒီတာချုပ်တွေ ဖြစ်လာပါတယ်။ သခင်လှကွန်း၊ ဦးသန်းစောစတဲ့ ကွန်မြူနစ်လူထွက်တွေကို တိုက်ခန်းနဲ့ ကားတွေပေး၊ သတင်းစာအယ်ဒီတာတွေ ခန့်ပြီး စစ်အစိုးရက သူကောင်းပြုခဲ့တာ ဖြစ်ပါတယ်။ ကေအန်ယူက လက်နက်ချလာတဲ့ ဖဒိုဝီရိကျော်လည်း လုပ်သားအင်္ဂလိပ်ပိုင်းမှာ အယ်ဒီတာ ဖြစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Ludu

ဓာတ်ပုံ ပုံစာ, ကြေးမုံအယ်ဒီတာချုပ် ဇဝန

နောက် ဝန်ထမ်းဖြစ်လာတဲ့ သတင်းစာသမားတွေ အချင်းချင်း ကား၊ အိမ် စတဲ့ ခံစားခွင့် ကိစ္စတွေ ပြိုင်ဆိုင်တာတွေ ရှိလာပါတယ်။ ဇဝနက မာဇဒါကား တံခါးလေးပေါက်ပါတာ ရတဲ့အခါ တံခါးနှစ်ပေါက်ပါတာပဲ ရတဲ့ ရွှေဥဒေါင်းက သတင်းစာဆောင်းပါးရေးပြီး မကျေနပ်တာ ဖွင့်အံသလို ဇဝန ကားနှစ်စီး ရတဲ့အခါမှာလည်း လူမုန်းပိုများလာတယ်လို့ သိရပါတယ်။ အစိုးရသတင်းစာလောကမှာ ကျောင်းဟောင်းလို့ ခေါ်တဲ့ ပုဂ္ဂလိက သတင်းစာဘက်ကလာသူတွေ၊ တောပြန်တွေနဲ့ စစ်ဗိုလ်တွေ ဆိုပြီး ဂိုဏ်းဖွဲ့လာရာမှာ ကျောင်းဟောင်းတွေကို တောပြန်တွေဘက်က တိုင်စာပို့တာတွေ ဖြစ်လာသလို ကျောင်းဟောင်း အချင်ချင်း တိုင်တာလည်း ကြုံရတယ် ဆိုပြီး အောင်ဗလခေါ် ဦးသောင်းက ဘီလူးတို့ရွာ စာအုပ်မှာ ရေးပါတယ်။

အစိုးရအလိုကျ ရေးကြရတဲ့ သတင်းသမားတွေကို ပရိသတ်က မုန်းတီးရှုတ်ချတာတွေလည်း ရှိလာပြီး ဗိုလ်တထောင်တိုက်ရှေ့မှာ ဗကပဘက်သား ကျောင်းသားတွေ ဆန္ဒပြမီးရှို့တာ၊ ဇဝန တိုက်ခန်းရှေ့မှာ အခေါင်းလာပို့ တာတွေ ဖြစ်ခဲ့တယ် လို့ တက္ကသိုလ်မြတ်သူက ရေးပါတယ်။

ပုဂ္ဂလိက သတင်းစာ အများအပြား ရပ်စဲကုန်တဲ့အတွက် ကလောင်သွေးလိုတဲ့ သတင်းလောကထဲ ဝင်လိုသူတွေဟာ အစိုးရ သတင်းစာတွေထဲပဲ ဝင်ရတာတွေလည်း ဖြစ်လာပါတယ်။ ဒါကြောင့် နိုင်ငံရေးလှုပ်ရှားမှု ရှိခဲ့တဲ့ မောင်ဝံသ၊ ဦးစိန်လှဦး စသူတွေ အစိုးရအလုပ်ထဲ ရောက်လာပါတယ်။ ၁၉၈၈ နောက်ပိုင်း မှာတော့ သူတို့ထဲက တချို့ နိုင်ငံရေးလောကကို ပြန်ရောက်သွားကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဦးလောရုံတို့ကို တိုက်ခိုက်တဲ့ စာအုပ်

နိုင်ငံတော်ပုန်ကန်တဲ့ စာနယ်ဇင်းဆရာများ

နောက် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ဦးလောရုံ၊ ရန်ကုန်ဘဆွေ၊ အောင်ဗလ၊ နိုင်ဝင်းဆွေစတဲ့ သတင်းသမားနဲ့ စာရေးဆရာတွေ ပြည်ပကို ထွက်ပြီး အစိုးရကို ဆန့်ကျင်တိုက်ခိုက်တာ၊ ရေးသားတာတွေလည်း ရှိခဲ့ပါတယ်။ ဦးလောရုံဟာ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဇနီးဒေါ်ခင်မေသန်းတို့နဲ့ လူချင်း ရင်းနှီး ပေမယ့် ဦးနုနဲ့ ပေါင်းပြီး သူပုန်ထတဲ့ စီမံကိန်းမှာ ပါခဲ့တယ်လို့ သမီး ဝင်ဒီလောရုံက သေမြေကြီး ရှင်ရွှေထီး စာအုပ်မှာ ရေးပါတယ်။ အမေရိကန်ကို ဦးနုနဲ့သွားပြီး သူဌေးတွေဆီက အလှူခံသလို စီအိုင်အေ ထောက်လှမ်းရေး ဟောင်းတွေနဲ့ ချိတ်ဆက်ပြီး ဦးလောရုံ အကူအညီတောင်းပါတယ်။ တကယ်တမ်း တောထဲရောက် တော်လှန်ရေး စချိန်မှာတော့ ဦးလောရုံ ထင်သလောက် မပေါက်ဘဲ အမေရိကန် ထွက်သွားပြီး ပြည်ပြေးဘဝနဲ့ နိဂုံးချုပ်ခဲ့ရပါတယ်။

ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်မောင်မောင် စတဲ့ ဆိုရှယ်လစ် ဗိုလ်ချုပ်များနဲ့ ရင်းနှီးတဲ့ စာရေးဆရာ ရန်ကုန်ဘဆွေကတော့ အိမ်စောင့်အစိုးရခေတ်မှာ မင်းသားကိုကြီးကောင်း ပြဇာတ်နဲ့ ဦးနုကို တိုက်ခိုက်ခဲ့ပေမယ့် ၁၉၆၂ နောက်ပိုင်းမှာတော့ ရွှေဝါပြည် ဝတ္ထုမှာ ဗိုလ်ချုပ်ကြီးနေဝင်းကို သွယ်ဝိုက်ရေးလို့ ဆိုပြီး စာအုပ်အသိမ်းခံရပါတယ်။ နောက်ပိုင်းမှာတော့ သူကိုယ်တိုင် ဦးနုနောက် လိုက်တောခိုပြီး လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ ပြီးမှ ပြန်လာခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Ludu

ဓာတ်ပုံ ပုံစာ, ယူပီအိုင်ဦးဘသန်း၊ လူထုဦးလှ၊ အောင်ဗလ၊ သော်တာဆွေ၊ မြမျိုးလွင်၊ ဇဝန၊ ဦးဝင်းတင်နဲ့ သတင်းထောက်များ

အလံနီသခင်စိုးနဲ့ ရင်းနှီးတဲ့ အောင်ဗလခေါ် ဦးသောင်းကတော့ အာဏာမသိမ်းခင်မှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ကြေးမုံသတင်းစာကို ထူထောင်သူ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် သူလည်း အဖမ်ခံရသလို သတင်းစာ လည်း ပြည်သူပိုင်သိမ်းခံရပါတယ်။ ထောင်က ပြန်လွတ်ပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းက သူ့ကို သတင်းစာဘက်မှာ ပြန်နေရာပေးပေမယ့် နောက်ပိုင်း အဆင်မပြေဘဲ အမေရိကန်ကို ထွက်သွားခဲ့ပါတယ်။ အမေရိကန်မှာ ဦးနေဝင်း အစိုးရကို ဝေဖန်ရေးသားလို့ အမျက်တော်ရှခံရတဲ့အတွက် ပြန်မလာနိုင်တော့ဘဲ ပြည်ပနိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။

သတင်းထောက် စျာန်ရ ခေါ် ပီဂျီစိုးမင်းကတော့ ၁၉၇၆ မှာ ဂျာမနီကို ထွက်ပြေးပြီး အဲဒီမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

သတင်းသမားနဲ့ လူ့ငရဲ

၁၉၈၈ မှာ တပ်က တတိယအကျော့ အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ စာရေးဆရာ သတင်း သမားတွေ အများအပြား ဖမ်းဆီး ခံရ ပြန်ပါတယ်။ ဒီထဲက ဟံသာဝတီသတင်းစာတိုက်ပိတ်ပြီး အလုပ်နား ခံခဲ့ရတဲ့ ဦးဝင်းတင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တတ်သိပညာရှင်အစုက ပါဝင်လာခဲ့ပါတယ်။ သူနဲ့ တခြား စာရေးဆရာ၊ ရှေ့နေနဲ့ အနုပညာရှင်တွေကို ကွန်မြူနစ်တွေဆိုပြီး ဦးအောင်ကြီးနဲ့ နဝတစစ်အစိုးရ ဘက်က စွပ်စွဲလာသလို ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

ဒီလို ထောင်ချခံရတဲ့သူနဲ့ စန်းစန်းနွဲ့ (သာယာဝတီ)ကို ၁၉၉၁ မှာ ပြင်သစ်က ရွှေကလောင်ဆု ချီးမြှင့်ခဲ့ပါတယ်။ ဦးဝင်းတင်ရဲ့ ထောင်သက်တမ်း ၁၉ နှစ် အတွေ့အကြုံကိုတော့ ဘာလဲဟဲ့လူ့ငရဲ စာအုပ်မှာ သူကိုယ်တိုင် မှတ်တမ်းတင်ခဲ့ပါတယ်။ နိုင်ငံတော်ကို အန္တရာယ် ဖြစ်စေတဲ့ သတင်းအချက်အလက် ဖြန့်ချိမှုနဲ့ အဖမ်းခံရတဲ့ စန်းစန်းနွဲ့ (သာယာဝတီ) ကတော့ ထောင်ထဲမှာ ခုနစ်နှစ် နေခဲ့ရပါတယ်။ တကယ်က စာရေးဆရာမ စန်းစန်းနွဲ့ဟာ ပြည်သူပိုင် သတင်းစာ ခေတ်က သတင်းထောက်ဟောင်း ဖြစ်ပါတယ်။ သူ့လိုပဲ မြန်မာ့အလင်းအယ်ဒီတာဟောင်း ဦးတင်ထွန်းအောင်နဲ့ မောင်ဝံသ၊ ဟံသာဝတီ ဦးအုန်းကြိုင်လေး၊ ဗိုလ်တထောင် အယ်ဒီတာဟောင်း ဦးစိန်လှဦး တို့ဟာလည်း NLD က အရွေးခံပြီး အမတ်ဖြစ်ခဲ့ကြကာ ထောင်နဲ့ အိမ်ဦးကြမ်းပြင် ဖြစ်ခဲ့ကြပါတယ်။ ဒီလို ဖမ်းဆီးထိန်းသိမ်းမှု တွေနဲအတူ စာရေး ဆရာ မောင်သော်ကနဲ့ တခြား သတင်းသမားတွေ ထောင်ထဲမှာ သေဆုံးတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဝါရင့်သတင်းသမားတွေအပြင် အပျော်တမ်း သတင်းထောက်တွေထဲက ဘီဘီစီကို သတင်းပို့တဲ့ ရှေ့နေ ဦးနေမင်း ကိုလည်း ဖမ်းဆီးပြီး ထောင်နှစ်ရှည်ချ ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN

ဓာတ်ပုံ ပုံစာ, ၂ဝ၁ဝ နောက်ပိုင်း မီဒီယာ လွတ်လပ်ခွင့် ပြန်ရခဲ့

ဒီလို သတင်းထောက်တွေကို ရန်သူသဖွယ် ထိန်းချုပ်ဖိနှိပ်မှုတွေ အနှစ် ၅ဝ လောက် လုပ်ခဲ့ပေမယ့် သတင်းမျိုးဆက်က ပြတ်မသွားဘဲ စစ်အစိုးရ ထိန်းချုပ်မှု နည်းနည်းလျှော့ရင် လျှော့သလို မီဒီယာတွေဘက်က သွေးတိုးစမ်းပြီး ချဲ့ထွင်ခဲ့ကြပါတယ်။ ၁၉၇ဝ ပတ်ဝန်းကျင်ကလည်း ဂျာနယ်တွေ ထုတ်ခွင့်ပြုလို့ အိုးဝေ၊ ရွှေတူ၊ ရှုဒေါင့်နဲ့ သတင်းဂျာနယ်တွေ လူကြိုက်များခဲ့ပြီး ပြန်ရုပ်သိမ်းခံခဲ့ရပါတယ်။ ၁၉၉ဝ ကျော်မှာတော့ ဓန၊ မြန်မာ့ဓန စတဲ့ စီးပွားရေး မဂ္ဂဇင်း တွေနဲ့ သတင်းဂျာနယ်တွေ ပေါ်ထွက်လာပါတယ်။ ပုဂ္ဂလိက စာစောင်ဆိုလို့ ဝတ္ထုနဲ့ ဘာသာရေးမဂ္ဂဇင်းတွေသာ ကျန်ခဲ့တဲ့ ဦးနေဝင်းခေတ်နဲ့ မတူဘဲ စျေးကွက် စီးပွားရေးခေတ်ရဲ့ ပြရုပ် အဖြစ် စာနယ်ဇင်း တချို့ကို ခွင့်ပြုပေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ငွေမင်သုတ်တယ်၊ ဆုတ်ဖြဲတယ်ဆိုတဲ့ စာချိုးနဲ့ အညီ စာပေစိစစ်ဖြတ်တောက်မှုတွေကတော့ အရင်အတိုင်း တင်းတင်းကျပ်ကျပ် ကျန်ရစ်ပါ တယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေနဲ့ အစွယ်အပွားတွေ ချုပ်ကိုင်တဲ့ စာစောင်တွေလည်း ရှိလာပါတယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာ ပုဂ္ဂလိက သတင်းစာတချို့ ပေါ်ထွက်လာခဲ့ပြီး အခက်အခဲကြားက တိုးထွက်ခဲ့ရပေမယ့် ကြံ့ခိုင်ရေးနဲ့ NLD အစိုးရ နှစ်ဆက်ဘက်က စက္ကူနဲ့ တခြားထိရောက်တဲ့ အကူအညီတွေ မပေးသလို အစိုးရသတင်းစာတွေ မရပ်ဘဲ ဆက်ထုတ်နေခဲ့ပါတယ်။ ဒါကြောင့် ၂ဝ၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရသတင်းစာတွေ နဂိုအတိုင်း တပ်က ပြန်ထုတ်သုံးလာတာဟာ ဗိုလ်ချုပ်ကြီးနေဝင်းခေတ် တကျော့ပြန်လာတာဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့် ပြန်ဆုတ်သွားတာသာ ဖြစ်တယ်လို့ ဝေဖန်ကြတာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီး သတင်းယူရင်း ဖမ်းဆီးခံရတဲ့ သတင်းထောက် ကေဇွန်နွေး

စစ်ကောင်စီဘက်က အင်တာနက်မီဒီယာကို ကြိုးစားပိတ်ဆို့နေပေမယ့် တရုတ်ပြည်လို ထင်တိုင်းမပေါက်သေးတဲ့အတွက် ကျန်နေသေးတဲ့ အွန်လိုင်းစာစောင်တွေ၊ သတင်းဌာနတွေက စစ်ကောင်စီကို ဝေဖန်တာတွေ ဆက်လုပ်နေနိုင်ပါသေးတယ်။ ဒီတချက်ကတော့ ၁၉၆၂၊ ၁၉၈၈ စစ်တပ်ခေတ်တွေနဲ့ မတူဘဲ သတင်းစီးဆင်းမှုကို တပ်က ထင်သလို ထိန်းလို့မရတာကို ပြနေပါတယ်။ ပြည်တွင်းမငြိမ်မသက်တာတွေကို တပ်က ထိန်းသွားနိုင်ရင်တော့ အရင်လို စစ်တပ်လိုလားတဲ့ သတင်းသမားတွေ ပေါ်လာမလား၊ တပ်က လုံးဝထိန်းထားနိုင်တဲ့ အင်တာနက်ခေတ်ရောက်ပြီး ဒီမိုကရေစီကျရှုံးလေမလား ပူပန်စရာတွေလည်း ရှိနေ ပါတယ်။