ဂျပန်စစ်ကို ခုခံဖို့ စခဲ့တဲ့ ရန်ကုန်၊ ဘီဘီစီမြန်မာပိုင်းနဲ့ အေအိုင်အာ၊ ဗီအိုအေ

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီ မြန်မာပိုင်း
ဘီဘီစီမြန်မာပိုင်းအစီအစဉ်ကို ၁၉၄ဝ ပြည့်နှစ် စက်တင်ဘာလ ၂ ရက်က လန်ဒန်မြို့မှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်က ဥရောပမှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တာ တနှစ်နီးပါး ရှိနေပေမယ့် မြန်မာပြည် အပါအဝင် အာရှတိုက်ကို ကူးစက်မှု မရှိသေးပါဘူး။ ဒါပေမဲ့ နာဇီဂျာမနီနဲ့ ဖက်ဆစ်အီတလီရဲ့ မဟာမိတ် ဝင်ရိုးတန်းအဖွဲ့ဝင် ဂျပန်ရဲ့ စစ်ရေးပြင်ဆင်မှုနဲ့ တရုတ်ပြည် ကျူးကျော်စစ်တွေကြောင့် အရှေ့ဖျားကို စစ်မီးကူးစက်မယ့် အန္တရာယ်ကို တွေ့နေရပြီ ဖြစ်ပါတယ်။
ဂျပန်ဘက်ယိမ်းတဲ့ နိုင်ငံရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းနိုင်ငံရေးကို ကြည့်ရင်လည်း ဘီဘီစီမြန်မာပိုင်း အစီအစဉ် စတဲ့လ ၁၉၄ဝ စက်တင်ဘာလ ၉ ရက်မှာပဲ ဂဠုန်ဦးစောရဲ့ ညွန့်ပေါင်းအစိုးရ ရန်ကုန်မှာ တက်လာပါတယ်။ ဦးစောဟာ ဂျပန်ကို ၁၉၃၅ က သွားဖူး တဲ့အပြင် ဂျပန် ကောင်စစ်ဝန်ရဲ့ ငွေကြေးထောက်ပံ့မှုကို ယူတယ် ဆိုတဲ့ အနောက်တိုင်းပညာရှင်တွေရဲ့ ရေးသားမှုတွေ ရှိခဲ့ပါတယ်။ နောက် ဦးစောရဲ့ မျိုးချစ်ပါတီလှုပ်ရှားမှုနဲ့ အပြိုင် ကိုယ်တော်မှိုင်း တို့ဗမာ အစည်းအရုံးနဲ့ ဒေါက်တာဘမော် တို့ကလည်း ဗမာ့ထွက်ရပ်ဂိုဏ်းဖွဲ့ပြီး ကြိုးပမ်း နေတာတွေ ရှိပါတယ်။ ထွက်ရပ်ဂိုဏ်းနဲ့ ဂျပန် ပူးပေါင်းမှုရပြီး ရဲဘော်သုံးကျိပ် စေလွှတ်တာတွေလည်း ဒီနောက်ပိုင်းမှာ ဖြစ်လာပါတယ်။ နောက် ဂျပန် လူမျိုးတွေရဲ့ ယဉ်ကျေးသိမ်မွေ့ပုံ၊ ကြီးပွား တိုးတက်ပုံ တွေကို ဖော်ပြတဲ့ ဂျပန်လမ်းညွှန်၊ မြန်မာဂျပန်ကြီးပွားရေးမှတ်တမ်း စတဲ့ ခရီးသွား စာအုပ်တွေလည်း ဗြိတိသျှလက်အောက် ရောက်နေတဲ့ မြန်မာပြည် မှာ လူကြိုက်များ ခဲ့ပါတယ်။
ဒီအခြေအနေတွေအောက်မှာ ဗြိတိသျှဘက်က ဝါဒဖြန့်ချိရေးအတွက် ပိုပြီး လုံ့လစိုက်ဖို့ လိုလာပါတယ်။ အဲဒီခေတ်က ပေါ်ခါစ လူစိတ်ဝင်စားတဲ့ အသံလွှင့်လုပ်ငန်းကို ၁၉၃၇ က စပြီး ရန်ကုန်မှာ လုပ်နေသလို မြန်မာနိုင်ငံတော်အစိုးရ အသံလွှင့်ဌာနအဖြစ် ပန်းဆိုးတန်းက ကြေးနန်းရုံးကြီးမှာ ၁၉၃၉ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပြီး တလအကြာမှာပဲ တရားဝင် ဖွင့်လှစ်ထားပြီးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်စစ်ခြေလှမ်းက ကာကွယ်ရေးနဲ့ အကူဝါဒဖြန့်ချိရေး အတွက် လန်ဒန် ဘီဘီစီမှာလည်း မြန်မာပိုင်း အစီအစဉ်တရပ် ထားရှိဖို့ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်မရှေးမနှောင်းမှာပဲ ဂျပန်နိုင်ငံ တိုကျိုမြို့တော်က ဒေါ်သီရဲ့ ဗြိတိသျှအစိုးရကို ဆန့်ကျင်တဲ့ အသံလွှင့် အစီအစဉ်တွေ ပေါ်လာပါတယ်။ "ချယ်ရီပန်းကလေးများပွင့်ရာ ဂျပန်ပြည်မှနေ၍ မြန်မာပြည်သူ ပြည်သားများထံသို့ အသံလွှင့်နေပါသည်" ဆိုတဲ့ ဒေါ်သီရဲ့ စကားတွေကို မြန်မာလူထုက အထူးစွဲလမ်းခဲ့ကြတာပါ။ ဒေါ်သီကို မြန်မာစကားမပီဘူး၊ ဟထိုးသံမပါဘူး၊ မြန်မာမှ ဟုတ်ရဲ့လား၊ အမျိုးသမီးသံဆိုပြီး ကျွန်တော် ကျွန်တော်နဲ့ ပြောတယ်ဆိုပြီး ဝေဖန်သံတွေ ရှိခဲ့ပေမယ့် ဗြိတိသျှအောက်မှာ မနေလိုတဲ့ မြန်မာတွေအဖို့ ဂျပန်ကို အားကိုးကြတဲ့ သဘောနဲ့ နားထောင်ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
ဒီလို တိုကျိုနဲ့ လန်ဒန်၊ ရန်ကုန်ကနေ လွှင့်တဲ့ မြန်မာဘာသာအစီအစဉ်တွေ ပေါ်လာတဲ့အတွက် အရင်လို သတင်းစာ ရောက်အောင် စောင့်ဖတ်ဖို့ မလိုတော့ဘဲ ဘက်ပေါင်းစုံက သတင်းတွေ နေ့ချင်း နာရီပိုင်းအတွင်း မြန်မာပြည် တောကြို အုံကြားထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဥရောပစစ်မီးနဲ့ ဘီဘီစီ
အဲဒီအချိန်က ဥရောပမှာ ကမ္ဘာစစ်မီး တောက်လောင်နေပြီဖြစ်လို့ နာဇီလက်အောက် ရောက်ကုန်တဲ့ နိုင်ငံတွေက ပြည်သူတွေအတွက် သတင်းပေးစရာ ဘာသာစကား အစီအစဉ်တွေ ဘီဘီစီက တဟုန်ထိုး တိုးချဲ့နေရပြီ ဖြစ်ပါတယ်။ နယ်သာလန်ကို သိမ်းပြီး တလအတွင်းမှာ ဒတ်ချ်ဘာသာစကားဌာနကို တည်ထောင်ရသလို ဒိန်းမတ်နဲ့ နော်ဝေးကို သိမ်းတဲ့နေ့တွေမှာပဲ အဲဒီဘာသာတွေနဲ့ အသံလွှင့်တဲ့အစီအစဉ်တွေကို ဘီဘီစီက စတင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၄ဝ နှစ်ကုန်ပိုင်းရောက်ချိန် ဘီဘီစီမှာ ဘာသာစကား ၃၄ မျိုးနဲ့ အသံလွှင့်နေပြီဖြစ်ပြီး အိုက်စလန်၊ အယ်လ်ဘေးနီးယား၊ ဟင်ဒီ၊ မြန်မာနဲ့ လပ်ဇင်ဘတ်ပိုင်း အစီအစဉ်သစ် တွေကို စနေပြီလို့လည်း သိရပါတယ်။
LSE က ဦးမြတ်ထွန်းနဲ့စ

ဒီအချိန်မှာ မြန်မာဘာသာ အစီအစဉ်ကို နှစ်ပတ်တကြိမ် ထုတ်လွှင့်ဖို့ စီစဉ်ခဲ့ပြီး ပထမဆုံး သတင်းတင်ဆက်သူတဦးကတော့ လန်ဒန်တက္ကသိုလ် ဘောဂဗေဒနဲ့ နိုင်ငံရေးသိပ္ပံ ကျောင်းက ဦးမြတ်ထွန်း ဖြစ်ပါတယ်။ စစ်ပြီးနောက် မြန်မာပြည် မှာ စီးပွားရေးပညာရှင် တယောက်အဖြစ် အမှုထမ်းခဲ့တဲ့ ဦးမြတ်ထွန်းဟာ နောက်ပိုင်းမှာ အနောက်ဂျာမနီဆိုင်ရာ မြန်မာသံအမတ်အဖြစ် ၁၉၆၆ ထိ ထမ်းဆောင်ခဲ့ပါတယ်။
၁၉၄ဝ က ဗြိတိသျှတော်ဝင် လေတပ်မှာ မြန်မာပြည်အတွက် လေတပ်ဖွဲ့ပေးဖို့ မြန်မာပြည် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က လှူတဲ့ ဒေါ်လာတသိန်းကို သူနဲ့တကွ မြန်မာပြည်ဆိုင်ရာ ဗြိတိသျှ အရာရှိကြီးတွေက လန်ဒန်မှာ လွှဲအပ်ခဲ့ ကြကြောင်း ဗြိတိသျှ ပါသီရုပ်ရှင်ဝက်ဆိုက်မှာ တွေ့ရပါတယ်။ ဒီအခမ်းအနားမှာ မြန်မာလို ဝတ်ထားတဲ့ ဦးမြတ်ထွန်းက တိုက်တဲ့ စစ်တိုင်းနိုင်ပါစေ၊ စစ်ပွဲတိုင်းနိုင်ပါစေ ဆိုပြီး မြန်မာပြည်ကိုယ်စား ဗြိတိသျှ လေတပ်မတော် အတွက် မြန်မာလို ဆုတောင်း ပေးရင်း ငွေဖလားစုံကိုပါ အမှတ်တရ လက်ဆောင် ပေးခဲ့ပါတယ်။
ဦးမြတ်ထွန်းရဲ့ အသံလွှင့်ချက်တွေကို အဲဒီခေတ်က မြန်မာသတင်းစာတွေမှာ ဖော်ပြပေးကြပြီး စစ်အတွင်း လန်ဒန်အခြေအနေနဲ့ စစ်ရေးသတင်းတွေကို သုံးသပ် ဖော်ပြထားတာကို တွေ့ရပါတယ်။ နောက် လန်ဒန်ရောက် မြန်မာကျောင်းသား တွေကလည်း သူတို့ရဲ့ ပညာသင်ကြားမှုအကြောင်းတွေကို အသံလွှင့်ပြောကြားဖို့ စီစဉ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
ဦးမြတ်ထွန်းရဲ့ ၁၉၄ဝ ဒီဇင်ဘာလ ပြောကြားချက်တခုကို ဈေးနှုန်းသတင်းစာက ဖော်ပြရာမှာ ဗြိတိန်ရဲ့ စားနပ်ရိက္ခာလက်ကျန်အခြေအနေနဲ့ ပတ်သက်ပြီး မစိုးရိမ်ကြဖို့ ပါရှိပါတယ်။ ဗြိတိန်ကျွန်းကို လာတဲ့ ရိက္ခာတင် သင်္ဘောတွေကို ဂျာမန်ရေတပ်က ဖျက်ဆီးပစ်နေတဲ့အတွက် ကြက်သွန်ရှားပေမယ့် အသားကိုတော့ ကောင်းကောင်း ဝယ်လို့ရသေးတယ်လို့လည်း ဆိုပါတယ်။ နောက် အင်္ဂလိပ်မြို့တွေ ဗုံးချခံရတဲ့အတွက် အပျက်အစီး ကြီးပေမယ့် လူတွေ စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခံကြတယ်လို့လည်း ဦးမြတ်ထွန်းက ဆိုပါတယ်။
ဦးမြတ်ထွန်းပြောကြားချက်တခုကို ကောက်နုတ်ပြရရင်တော့
" အာဏာရှင်အုပ်ချုပ်တဲ့ တိုင်းပြည်ထဲ ဘာဖြစ်နေတယ်ဆိုတာ သိဖို့ခဲယဉ်းတယ်။ (ဖက်စစ်) ခေါင်းဆောင်များနှင့် စစ်ဗိုလ်များဟာ သူတို့အချင်းချင်းဘဲ သဘောကွဲလွဲ နေတယ်ဆိုတဲ့ သတင်းကို ကြားရတယ်။ မစ္စတာချာချီဟာ နန်းရင်းဝန်လည်းဖြစ်ပြန်၊ တိုင်းပြည် ကာကွယ်တဲ့ အမတ်ကြီးလည်းဖြစ်ပြန်တော့ အီတလီပြည်တွင်းမှာ ဘယ်လို ဖြစ်ပွားနေတယ်ဆိုတာ သိနိုင်မဲ့ ပုဂ္ဂိုလ်ဘဲ။ သို့သော် သူဟာ စကားကုန်ပြောမယ့်လူ မဟုတ်ဘူး။ … ''
(ဘိလပ်မှမြန်မာ့အသံ၊ ဈေးနှုန်းသတင်းစာ၊ ၁၉၄၁ ဇန်နဝါရီ ၅)
ဥရောပမှာ စစ်သက်တမ်း ကြာရှည်ပြင်းထန်လာပြီးနောက် တနေ့မှာ ဘီဘီစီအသံလွှင့်ရုံကို ဗုံးမှန်ပါတယ်။ ဒီအကြောင်း သတင်းကိုလည်း ၁၉၄၁ ဇန်နဝါရီလ ၉ ရက်ထုတ် ဈေးနှုန်း သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဒီလို အခက်အခဲတွေ ရှိပေမယ့် ဘီဘီစီမြန်မာပိုင်းဟာ နှစ်ပတ်တကြိမ် အသံလွှင့်တာကနေ တနှစ်အတွင်း တပတ်တကြိမ် ထုတ်လွှင့်လာတဲ့အထိ တိုးချဲ့ လာပါတယ်။
ကောလာဟလစစ်ဆင်ရေး

ဓာတ်ပုံ ရင်းမြစ်, U Tint Swe (1906-1953)
၁၉၄၁ အကုန် မြန်မာပြည်ကို ကမ္ဘာစစ်မီး ကူးစက်ချိန်မှာတော့ ရန်ကုန်အစိုးရ အသံလွှင့်ရုံကနေပြီး မကြောက်ကြဖို့ အသံလွှင့်အားပေးခဲ့ပါတယ်။ စစ်ပြီးခေတ် စာရေးဆရာအသင်းဥက္ကဋ္ဌနဲ့ သီဟိုဠ်သံအမတ်ဖြစ်ခဲ့တဲ့ ဦးတင့်ဆွေက ရန်ကုန်ကို ဂျပန်ဗုံးကြဲလို့ ကြောက်စရာမလိုကြောင်း၊ လူနည်းနည်းပဲ သေကြောင်း အားပေးခဲ့ပေမယ့် မြို့သူမြို့သားအများအပြား စစ်ဘေးဗုံးဘေးကနေ ထွက်ပြေး ကုန်ကြ ပါတယ်။ ဗုံးမကျခင်ကလည်း ဥရောပမှာ မဟာမိတ်တပ်တွေက ဝင်ရိုးတန်းတပ် တွေကို အောင်နိုင်တဲ့ စစ်သတင်းတွေပဲ အဓိက ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်ရေဒီယိုက အသံမလွှင့်ခင်မှာ ကောလာဟလသတင်းများကို မယုံကြပါနှင့်၊ ယခုအချိန်မှစပြီး သတင်းများကို ကြေညာပါတော့မည် ဆိုပြီး ပထမဆုံး စပြောရတယ်လို့ သိရပါတယ်။ တခါ ရန်ကုန်ကနေပဲ မောင်မင်း ငဗဆွေ၊ ငလှဖေ နာခံရမည်၊ မောင်မင်းအား ကာကွယ်ရေးဥပဒေအရ နိုင်ငံတော်ပုန်ကန်မှုဖြင့် စစ်ခုံရုံးက တွေ့ရာတွင် ပစ်သတ်ရန် အမိန့်ချလိုက်သည် ဆိုပြီး သခင်အောင်ဆန်းနဲ့တကွ သူပုန် ခေါင်းဆောင် တွေကို သေဒဏ်ပေးတဲ့ အမိန့်တွေ ဖတ်ကြား ခဲ့ပါတယ်။
ဒီလို ဗြိတိသျှဘက်က ခြိမ်းခြောက်ပေမယ့် စစ်ချီလာတဲ့ ဂျပန်ရဲ့ တိုကျိုရေဒီယိုကနေ သခင်ထွန်းအုပ်က လွတ်လပ်ရေးအတွက် အင်္ဂလိပ်တွေကို မောင်းထုတ်ကြ၊ အင်္ဂလိပ်ရန်သူတွေကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သတ်ဖြတ် သုတ်သင်ကြဆိုပြီး ရဲရဲတောက် သွေးထိုးပေးတာတွေကို မြန်မာပြည်သူတွေက ခိုးကြောင်ခိုးဝှက် နားဆင်ကြတာက များတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Sport
ဘန်ကောက်မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မိုး၊ ဗိုလ်စကြာနဲ့ သခင်ထွန်းအုပ်တို့ အသံလွှင့်ချက်တွေကို ဖမ်းယူပြီး တိုကျိုက ထုတ်လွှင့်တာလို့ သခင်ထွန်းအုပ်ရဲ့ ကျွန်ုပ်စွန့်စားခန်း စာအုပ်မှာ ပါရှိပါတယ်။ သူ့အသံလွှင့်ချက် တွေကို ဂျပန်စစ်ဘက် က ဓာတ်ပြား (၂၁) ချပ်သွင်းပြီး လွှင့်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ လယ်သမား၊ အလုပ်သမားနဲ့ ရှမ်း၊ ကရင်၊ ကချင်၊ ချင်းစတဲ့ တိုင်းရင်းသားတွေကို ဦးတည်ပြီး သခင်ထွန်းအုပ်က ဗြိတိသျှ တိုက်ထုတ်ရေး ဟောပြောခဲ့ပါတယ်။ မြန်မာကျောင်းကန် ဘုရားတွေကို ဂျပန်လေကြောင်းတိုက်ခိုက်မှုနဲ့ ကြုံရင်လည်း မတော်တဆအဖြစ် သဘောထားဖို့နဲ့ ဂျပန်လေတပ်တော်သားတွေဟာ တို့ဗမာ ဗုဒ္ဓဘာသာတွေရဲ့ အဆောက်အဦ တွေကို အထူးရိုသေကြောင်း သခင်ထွန်းအုပ် က ဟောပြောခဲ့ပါတယ်။
ဒီထုတ်လွှင့်ချက် တွေနဲ့ ပတ်သက်ပြီး မယုံကြဖို့ ဗြိတိသျှဘက်သားတွေက ရန်ကုန် ရေဒီယိုကနေ အသံလွှင့် ဟောပြောကြတာတွေလည်း ရှိခဲ့ပါတယ်။ ဂျပန်ဟာ တရုတ်စတဲ့ သူများနိုင်ငံတွေကို တိုက်ခိုက်သိမ်းပိုက် သတ်ဖြတ်တာတွေ လုပ်နေ သလို သူ့ပြည်တွင်း မှာတောင် လွတ်လပ်မှု မရှိတဲ့ ဖက်ဆစ်နိုင်ငံက သူများကို လွတ်လပ်ရေးပေးနိုင်မှာလားလို့ ပြောဆိုဆွေးနွေး တာတွေ ရှိပေမယ့် ဗြိတိသျှမုန်းတီးတဲ့ စိတ်အခံများတဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Dr Padetha Tin
ရေဒီယို ခိုးနားထောင်ရတဲ့ခေတ်
မြန်မာပြည်ကို ဂျပန်သိမ်းပြီးချိန်မှာတော့ ဗြိတိသျှအစိုးရရဲ့ အသံလွှင့်ရုံနေရာမှာ ဂျပန်စစ်ဘက်က အုပ်ချုပ်တဲ့ ချင်းချောင်းနန်းတော်အသံလွှင့်ရုံ ဖြစ်လာပါတယ်။ အင်္ဂလိပ်အောက်မှာ လုပ်ခဲ့တဲ့ အသံလွှင့်ဝန်ထမ်းတွေကို တိုကျိုက ဒေါ်သီရဲ့ သား ကိုသန်းအောင်ခေါ် မစ္စတာအိုတာဆန်က လိုက်ခေါ်ပြီး ရန်ကုန်မှာ အသံလွှင့်ရုံ ပြန်ဖွင့်ဖို့ ပြင်ပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ထိန်ဝင်းကလည်း ဂျပန်မှာ အသံလွှင့်ခဲ့တဲ့ အတွေ့အကြုံရှိလို့ ဂျပန်စစ်ဘက်ဝါဒဖြန့်ချိရေးရုံးမှာ ဝင်လုပ်ပြီး ကြီးကြပ်ပါတယ်။
ဂျပန်ခေတ်မှာတော့ ဘီဘီစီသတင်းတွေကို မြန်မာသတင်းစာတွေက ထပ်ဆင့် ပုံနှိပ်တာတွေ မရှိတော့ပါဘူး။ နောက် မြန်မာပြည်မှာ ရေဒီယိုဝါယာလက်ခေါ် အသံဖမ်းစက်ရှိသူတိုင်း ဂျပန် စစ်ဘက်ဆီမှာ မှတ်ပုံတင်ရပြီး လှိုင်းတိုနဲ့ လွှင့်တဲ့ ပြည်ပအသံလွှင့်ချက်တွေ ဖမ်းလို့မရအောင် ဖြတ်တောက်ခံရပါတယ်။ ရန်ကုန် ဟယ်လပင် (ပြည်ထောင်စုရိပ်သာ) လမ်းက ဂျပန်စစ်တပ်ဝါဒဖြန့်ချိရေးဌာနကို ရေဒီယိုတွေ ယူလာဖို့ အမိန့်ထုတ်ပြီး လှိုင်းလတ် ၂၆၃ မီတာနဲ့ လွှင့်တဲ့ ရန်ကုန်အသံကိုသာ နားထောင်လို့ရအောင် လုပ်ခဲ့ကြောင်း ဦးကျော်ညိန်း(မာတလိ)ရဲ့ နှစ် ၃ဝ မြန်မာ့အသံ စာအုပ်မှာ ပါပါတယ်။

ဒီကြားထဲက ခိုးဖမ်းပြီး မြန်မာအစိုးရနဲ့ စစ်ဘက်အတွက် စစ်သတင်းယူသူ ခင်မျိုးချစ်နဲ့ ဂျာနယ်ကျော် ဦးချစ်မောင်လို လူတွေလည်း ရှိပါတယ်။ ခိုးဖမ်းတာ သိသွားလို့ အတိုင်ခံရတဲ့အတွက် ကင်ပေတိုင် ဖမ်းခံရသူ တွေလည်း ရှိခဲ့ပါတယ်။ စစ်ပြီးခေတ် ဗမာ့ခေတ် သတင်းစာကို ထုတ်ခဲ့တဲ့ ဦးအုန်းခင်ကို ရေဒီယို ခိုးနားထောင်မှုနဲ့ ကင်ပေတိုင်က ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သူ့ဇနီးဟောင်း ဒဂုန်ခင်ခင်လေးက နှစ်ပေါင်းခြောက်ဆယ် စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။
ဂျပန်ခေတ် အသံလွှင့်ရုံရဲ့ ထူးခြားချက်က အမျိုးသမီးအသံလွှင့်သူအဖြစ် ဒေါ်မေမေသန်းကို ပထမဆုံး ခန့်ထားခဲ့တာ ဖြစ်ပြီး ဒေါက်တာဘမော်နဲ့ ဂျပန်ဝါဒဖြန့်ချိရေးအတွက် သီချင်းတွေ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ အာဏာရှင်သီချင်း၊ နိပွန်သွား ခေါင်းဆောင်များ မေတ္တာပို့သီချင်း၊ နိပွန်ဗမာချစ်ကြည်ရေးသီချင်း၊ တိုင်ဝမ်မှာ အူအတက်ပေါက်ပြီး ကွယ်လွန်တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်သန်းတင် အတွက် သခင်သန်းတင်ချီးကျူးပွဲ အာဇာနည်သီချင်း စတာတွေအပြင် မြစ်ဝကျွန်းပေါ်က ကရင်ဗမာ အဓိကရုဏ်းကြီး ပြေငြိမ်းဖို့အတွက် ကရင် ဗမာ ချစ်ကြည်ရေးသီချင်းတွေ ထုတ်လွှင့်ခဲ့ကြောင်း ဦးအောင်မြင့်ဦး (လူထု စာကြည့်တိုက်)ရဲ့ ဂျပန်ခေတ်က ထူးဆန်းတဲ့ သီချင်းများ စာတမ်းမှာ ပါရှိပါတယ်။ ခုခေတ်ထိ တပ်မတော်စစ်ချီတေးအဖြစ် သုံးစွဲနေတဲ့ ဖလ်နေဝန်းသို့အညီ အလင်းဆောင်နေပြီ အစချီတဲ့ တေးကို အမျိုးသားစစ်ချီသီချင်းအမှတ် (၁) အဖြစ် ဂျပန်ခေတ်က ထုတ်လွှင့်ခဲ့ပါတယ်။
မြန်မာပြည်ကို ခြေကုပ်ယူပြီး ဂျပန်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယကိုရည်ရွယ်တဲ့ ဟင်ဒီ၊ ဘင်္ဂါလီ၊ တမီလ်၊ တရုတ်နဲ့ တခြားဘာသာစကား ထုတ်လွှင့်ချက်တွေကိုလည်း ရန်ကုန် ကနေ လွှင့်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Family Archive
အေအိုင်အာနဲ့ ဗီအိုအေ
စစ်ပြေးဗြိတိသျှအစိုးရရဲ့ ဒေလီက အောအင်းဒီးယား အသံလွှင့်ရုံကနေ မြန်မာ၊ရှမ်း၊ ထိုင်းစတဲ့ ဖက်ဆစ်အောက် ရောက်နေတဲ့ နိုင်ငံတွေက ပြည်သူတွေအတွက် အစီအစဉ်တွေ လွှင့်ထုတ်ခဲ့ရာမှာတော့ မြန်မာပြည်က ထွက်ပြေးလာတဲ့ အင်္ဂလန်ပြန် ပညာတတ် တွေဖြစ်တဲ့ ဘိလပ်ပြန်သန်း၊ ဦးခင်ဇော်၊ စောဆိုင်မွန် စသူတွေ ဝင်အမှုထမ်းခဲ့ကြပါတယ်။ မြန်မာပြည်ကနေ တော်လှန်ရေးအတွက် ပို့လိုက်တဲ့ ဆက်သားတွေ ရောက်တဲ့ အကြောင်းကိုလည်း အေအိုင်အာကပဲ စကားဝှက်နဲ့ ဘိုးရုံတို့ မိဒဂါဝုန်ရောက်ပြီ ဆိုပြီး ထုတ်လွှင့်ပေးခဲ့ပါတယ်။
အမေရိကန်မှာလည်း ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ဆန်ဖရန်စစ္စကိုကနေ ဗီအိုအေ မြန်မာပိုင်းဌာနကို မြန်မာစကားသိပ်မတတ်သူ အနောက်တိုင်းသားတွေနဲ့ ၁၉၄၃ မှာ တည်ထောင်ခဲ့တယ်လို့ တက္ကသိုလ်စိန်တင်ရေးတဲ့ အိုးဝေဦးညိုမြ ဘဝနှင့်စာပေစာအုပ်မှာ ဖော်ပြ ပါတယ်။ ချီကာဂိုက အနောက်မြောက်တက္ကသိုလ်မှာ သတင်းစာပညာကို မြန်မာထဲက ပထမဆုံး မဟာဘွဲ့ယူခဲ့တဲ့ ဦးညိုမြကို ဗီအိုအေမှာ လုပ်ဖို့ ခေါ်ပြီး နောက်ပိုင်းမှာတော့ ဂျပန်နဲ့ ပူးပေါင်းနေတဲ့ ဒေါက်တာဘမော်နဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ကို ဗီအိုအေက ဝေဖန်တိုက်ခိုက်တာတွေ ရပ်သွားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း အိန္ဒိယကနေ မြန်မာပြည်ထဲ လေယာဉ်နဲ့ ကြဲတဲ့ လေနတ်သား၊ လင်းယုန်စတဲ့ သတင်းလွှာ တွေမှာလည်း ဦးညိုမြနဲ့ တခြား စစ်ပြေးမြန်မာတွေရဲ့ လက်ရာတွေ ပါဝင်ခဲ့ပါတယ်။
ဗုံးသံကြားက ဘီဘီစီ

ဓာတ်ပုံ ရင်းမြစ်, Archive
စစ်အတွင်း အဝေးရောက် မြန်မာအသံလွှင့်ရုံတွေထဲမှာ စစ်ဒဏ်အခံရဆုံးက ဘီဘီစီ ဖြစ်ပါတယ်။ လန်ဒန်ဘီဘီစီမှာ ဦးမြတ်ထွန်းနဲ့အတူ စစ်အတွင်း အသံလွှင့်ခဲ့သူ တွေထဲမှာ လန်ဒန် တက္ကသိုလ် မြန်မာစာ ပါမောက္ခ ဖြစ်ခဲ့တဲ့ ဒေါက်တာ လှဘေနဲ့ အနောက်တိုင်းမှာ အစောဆုံး သာသနာပြုခဲ့တဲ့ မြန်မာရဟန်းတော်တပါး ဖြစ်တဲ့ ဆရာတော် ဦးသေဋ္ဌိလ တို့လည်း ပါဝင်ပါတယ်။ နောက် စစ်ပြီးခေတ် ဗမာ့အသံကို တည်ထောင်တဲ့ အေအိုင်အာက ဦးခင်ဇော်လည်း ဘီဘီစီမှာ လာအမှုထမ်းခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ဘီဘီစီမှာ မဟာမိတ်တပ်တွေအတွက် စိတ်ဓာတ်စစ်ဆင်ရေးပါတယ်ဆိုပေမယ့် ဘီဘီစီရဲ့မူအရ သတင်းမှာ ဘက်မပါအောင် သတိထားရကြောင်း အသံလွှင့်ခဲ့သူ ဒေါက်တာလှဘေက နှစ် ၄ဝ ပြည့်မှာ ပြန်ပြောင်း ပြောခဲ့ ပါတယ်။ ဂျပန် ဝန်ကြီးချုပ်တိုဂျိုကို တိုဂျိုတော့ တိုးလျှိုးရတော့မယ် ဆိုပြီး ထုတ်လွှင့်ခဲ့တဲ့အတွက် ရန်သူဖြစ်စေကာမူ ဒီလိုအသုံးအနှုန်းမသုံးသင့်ကြောင်း ဘီဘီစီက သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်း အချက်ပေးသံကြားတိုင်း အသံလွှင့်ခန်း ကနေ ဗုံးကျင်းပြေးဆင်းရတဲ့အတွက် ဖြစ်ချင်တာဖြစ်ဆိုပြီး အသံဆက်လွှင့်ခဲ့တဲ့အချိန်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဦးပုတ်နီရဲ့ ကုမာရပြဇာတ်အကြောင်း မြန်မာစာပါရဂူဘွဲ့ယူကျမ်းပြုနေတဲ့ ကိုလှဘေကို မြန်မာပြည်ကို အသံလွှင့်ပေးဖို့ ဘီဘီစီက စစ်ကြီးဖြစ်စကတည်းက ခေါ်နေပေမယ့် မြန်မာပြည် ဂျပန်ဝင်ပြီးနောက်ပိုင်းမှ လာလုပ်တာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ ဂျပန်ရဲ့ လူမဆန်တဲ့ရက်စက်မှုတွေကို မကြိုက်လို့ ဝင်လုပ်တာလို့လည်း သူ့ရဲ့ ဝီရိယကိုထူ ဉာဏ်နှင့်ချူ ကံကဖေးမသူ စာအုပ်မှာ ရေးပါတယ်။ ဒီလို ဘီဘီစီမှာ ဝင်လုပ်တဲ့အတွက် နောင်မှာ ဝန်ကြီး၊ သံအမတ်နဲ့ ဦးနုအကြံပေး ဖြစ်လာတဲ့ ပညာတော်သင်ကိုအုန်းက ကိုလှဘေကို သစ္စာဖောက်လို့ ခေါ်တယ်လို့လည်း သိရပါတယ်။ မသိတဲ့သရဲထက် သိတဲ့သရဲကို ယုံတယ်ဆိုပြီး ကိုလှဘေ က ပြန်ပြောလိုက် ပါတယ်။
ဆရာတော် ဦးသေဋ္ဌိလကတော့ သူ့ကို မြန်မာပြည်ပြန်ပို့ပေးဖို့ စစ်စဖြစ်ကတည်းက ဗြိတိသျှအစိုးရက စီစဉ်ပေးခဲ့ပေမယ့် မပြန်ဘဲ ဖြစ်သလို သီတင်းသုံးနေခဲ့ပါတယ်။ သူ့မှာ ဆွမ်းတနပ်စာစရိတ်သာကျန်တော့ပေမယ့် သာသနာပြုချင်တဲ့စိတ်နဲ့ ဆက်နေခဲ့တာပါ။ သူ့အခြေအနေကိုသိတဲ့ အင်္ဂလိပ်ခရစ်ယာန်ဘုန်းကြီးတပါးက နေရေးစားရေး တာဝန်ယူ ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
နောက် လန်ဒန်မှာ ရှေးဦးသူနာပြုနဲ့ လေကြောင်းရန်ကာကွယ်ရေးသူနာပြု သင်တန်း၊ ဗုံးဒဏ် ဓာတ်ငွေ့ဒဏ် ကာကွယ်ရေးသင်တန်းတွေ တက်ပြီး ဒဏ်ရာရသူတွေကို ကူညီခဲ့သလို ဘီဘီစီ မှာလည်း မြန်မာပြည်အတွက် အသံလွှင့်ပေးခဲ့ ပါတယ်။ သာသနာပြုအလုပ်မဟုတ်ပေမယ့် စစ်အတွင်းမှာ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ဖြစ်တယ်ဆိုပြီး ဆရာတော် ကူညီခဲ့တာ ဖြစ်ပါတယ်။ စစ်အတွင်းမှာ မြန်မာပြည်မပြန်နိုင်ဘဲ ဒုက္ခ ရောက်နေသူတွေကို ကူညီဖို့ မြန်မာအသင်း ကိုလည်း သူတည်ထောင်ခဲ့ပါတယ်။
ကမ္ဘာသိအောင် လွှင့်ဖို့လို
၁၉၄၅ မေလမှာ ရန်ကုန်ကို ဗြိတိသျှသိမ်းပြီးနောက် ဗမာ့တပ်မတော်ရဲ့ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဖုံးကွယ်မှာ စိုးလို့ဆိုပြီး ဗိုလ်မှူးကြီးနေဝင်းက စစ်ဦးစီးချုပ်အဖြစ် ရန်ကုန်သိမ်းမိကြောင်း ကြေညာချက်တစောင် ရန်ကုန်ရေဒီယို ကနေ အသံလွှင့်ခဲ့ပါတယ်။ ဒီမိန့်ခွန်းမှာ တပ်မတော်ဟာ နိုင်ငံရဲ့ မျှော်လင့်ချက်သာမကဘဲ အသက်ဝိညာဉ်ဖြစ်တယ်လို့လည်း ပါရှိပါတယ်။ ဒီကြေညာချက်ကို အေအိုင်အာကရပြီး အဲဒီကတဆင့် ဘီဘီစီက ထပ်လွှင့်ခဲ့ပါတယ်။ ဒီလို ဦးစီးချုပ် နာမည်သုံးပြီး အသံလွှင့်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေဝင်းကို စိတ်ဆိုးခဲ့ပါတယ်။ ကြေညာချက်မှာ လေးနက်အောင် ဦးစီးချုပ်လို့ တမင်ထည့်တာ ဖြစ်ကြောင်း ဗိုလ်အောင်ကြီး ပြန်ရှင်းပြမှ ဗိုလ်ချုပ်အောင်ဆန်း လက်ခံတယ် ဆိုပြီး သခင်အောင်ကြီး (ပေါင်းတည်)က သမုဒ္ဒရာထက် ခဏတက်သည့်ရေပွက်ပမာ ဆောင်းပါးမှာ ရေးသား ခဲ့ပါတယ်။
တိုကျိုနှင်းဆီ ဆိုပြီး စစ်အတွင်းက မဟာမိတ်တပ်တွေကို တိုက်ခိုက်အသံလွှင့်ခဲ့တဲ့ အမျိုးသမီး စစ်အပြီး ဂျပန် စစ်ရှုံးချိန်မှာ အဖမ်းခံရပေမယ့် ဂျပန်က အသံလွှင့်ခဲ့တဲ့ ဒေါ်သီကတော့ မြန်မာပြည်ကို ပြန်လာတယ်လို့ မိသားစုမိတ်ဆွေ ဒေါက်တာပဒေသာတင်က ပြောပါတယ်။
အရာအရောက်ဆုံး လက်နက်
စစ်ပြီးခေတ် ရန်ကုန်ရေဒီယိုဘဝကနေ ၁၉၄၆ မှာ ဗမာ့အသံပေါ်ထွန်းလာပြီး ပင်လုံညီလာခံနဲ့တကွ လွတ်လပ်ရေး တိုက်ပွဲတွေမှာ ဖဆပလရဲ့အသံဖြစ်လာခဲ့တယ်လို့ ပြည်ထောင်စုနှင့် မြန်မာ့အသံ အမည်နဲ့ သောတရှင် မဂ္ဂဇင်း သဝဏ်လွှာမှာ ဦးခင်ဇော်က ရေးခဲ့ပါတယ်။ မြန်မာပြည်လွတ်လပ်ရေး မရခင်ကတည်းက ဗမာ့အသံက ဗြိတိသျှထိန်းချုပ်မှုအောက်က လွတ်လာခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ma Khine Cafe
ဘီဘီစီအပါအဝင် ပြည်ပအသံလွှင့်ရုံတွေလည်း ဆက်ရှိပြီး ပီကင်း၊ မော်စကို စတဲ့ နေရာသစ်တွေမှာလည်း မြန်မာပိုင်းအစီအစဉ်သစ်တွေ ပေါ်လာခဲ့ပါတယ်။ ပီကင်းရေဒီယိုရဲ့ ၁၉၆၇ က ရန်စတိုက်ခိုက်မှုတွေကြောင့် တရုတ် ဗမာ အရေးအခင်း ဖြစ်ရတယ် ဆိုပြီး ပြောစမှတ် ရှိခဲ့ပါတယ်။ ၁၉၈၈ မတိုင်ခင်က ဗကပခေါ် ကွန်မြူနစ်ပါတီရဲ့ တောတွင်း အသံလွှင့်ချက်တွေကို ခိုးယူနားထောင်သူတွေလည်း ရှိခဲ့သလို ၁၉၇ဝ ကျော်က ဦးနုရဲ့ ပီဒီပီ တော်လှန်ရေးကလည်း ထိုင်းနယ်စပ်ကနေ အသံလွှင့်ခဲ့ပါတယ်။
၁၉၈၈ နဲ့ နောက်ပိုင်းမှာတော့ ဘီဘီစီ၊ ဗီအိုအေနဲ့ အေအိုင်အာက ထုတ်လွှင့်တဲ့ သတင်းတွေကို မြန်မာ့အသံက သတင်းတွေထက် ပိုနားထောင်ခဲ့တဲ့ တခေတ် ဖြစ်ခဲ့ပါတယ်။ စစ်အတွင်းမှာ ပြည်ပရေဒီယိုနားထောင်မိရင် အဖမ်းခံရ၊ ဗြိတိသျှ သူလျှိုဆိုပြီး စွပ်စွဲခံရပေမယ့် ၁၉၈၈ နောက်ပိုင်းမှာတော့ အဲဒီလောက် တင်းကျပ်တာ မရှိတော့ပါဘူး။ ၂ဝဝ၇ ခုနှစ်မှာတော့ ဘီဘီစီ၊ ဗီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗီဘီ အသံလွှင့်ဌာနတွေကို စစ်အစိုးရ မီဒီယာတွေကနေ ဦးတည်တိုက်ခိုက် တာတွေ လုပ်ခဲ့ပါတယ်။
ခုခေတ် စစ်ပွဲတွေမှာ ရေဒီယိုခေါ် အသံလွှင့်စက် အသံဖမ်းစက်တွေဟာ အရေးအကြီးဆုံး အရာအရောက်ဆုံး လက်နက်တွေ ဖြစ်လာမယ် ဆိုပြီး ဒုတိယ ကမ္ဘာစစ်အစ ၁၉၄ဝ မှာ သိပ္ပံမောင်ဝ ရေးခဲ့သလိုပဲ ရေဒီယို တီဗီနဲ့ ဒစ်ဂျစ်တယ်သတင်း စာမျက်နှာတွေအထိ သတင်းလက်နက်ရဲ့ ထက်မြက်ပုံက ပိုထင်ရှားလာတာကို တွေ့ရပါတယ်။








