မြေးတွေပြောတဲ့ ဦးခင်ဇော်နဲ့ ဂါးထရုခင်ဇော်

Book

ဓာတ်ပုံ ရင်းမြစ်, Ma Khin Cafe

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

၂ဝ၂ဝ အတွက် ဗြိတိန်က အစားအသောက်စာရေးဆရာများအသင်း (GFW) က ပေးတဲ့ဆု ဆန်ခါတင် စာရင်းမှာ မြန်မာဟင်းချက်နည်းစာအုပ်နှစ်အုပ် ပါဝင်ခဲ့ပါတယ်။

နဂါးဒေါ်ဦး၊ လူထုဒေါ်အမာ တို့ရဲ့ မြေးဝမ်းကွဲ မီမီအေးရေးတဲ့ မန္တလေး၊ မြန်မာမီးဖိုဆောင်က ဟင်းချက်နည်းနဲ့ ဇာတ်လမ်းများ စာအုပ်က နိုင်ငံတကာအစားအသောက်စာပေဆု စာရင်းဝင်ခဲ့ပြီး မြန်မာ့ဂီတပညာရှင် ကေခေါ် ဦးခင်ဇော်ရဲ့မြေး ဘရစ်ဂျစ်နဲ့ စတီဖန် အန်ဒါဆင်တို့ရေးတဲ့ မြန်မာပြည်၊ မိသားစု၊ အစားအသောက်နဲ့ ပဋိပက္ခ စာအုပ်က အဓိကဆုကြီးစာရင်းဝင်ခဲ့ပါတယ်။ ဒီနှစ်အုပ်လုံးမှာ တွေ့ရတာက အစားအသောက်ကြောင်း သက်သက်ထက် မိသားစုနောက်ခံတွေကို ရောယှက်သီဖွဲ့ထားတာ ဖြစ်ပါတယ်။

မြန်မာမှုတွေအကြောင်း နိုင်ငံတကာကို မိတ်ဆက်ပေးခဲ့တဲ့ ကေရဲ့ ခြေရာကိုနင်းပြီး အန်ဒါဆင်တို့ မောင်နှမရေးတဲ့ အချက်အပြုတ်စာအုပ်က ဂိုးမန်း ကမ္ဘာ့အစားအသောက် စာပေဆုအတွက် အာရှတိုက်အပြင်ဘက်မှာ ထုတ်တဲ့ အာရှအစားအစာအကြောင်း စာအုပ်တွေထဲမှာ အကောင်းဆုံးဆုကိုလည်း ဒီနှစ် ဆွတ်ခူးခဲ့ပါတယ်။ သူနဲ့အတူ မြန်မာပြည်က နာမည်ကြီး စားဖိုမှူး စည်လွင်ရဲ့ မြန်မာမုန့်နဲ့ဧည့်ခံမယ် စာအုပ်ကလည်း ဂိုးမန်းရဲ့ ကမ္ဘာ့ နာမည်ကျော် စားတော်ကဲဆုတဆု ရရှိခဲ့ပါတယ်။

ဆေးပေါ့လိပ် လေဒီ

မော်လမြိုင်သူ လေဒီမခင်ကား

ဓာတ်ပုံ ရင်းမြစ်, Ma Khin Cafe

ဓာတ်ပုံ ပုံစာ, မော်လမြိုင်သူ လေဒီမခင်ကား

စတီဖန် အန်ဒါဆင်ဟာ စပိန်နိုင်ငံ ဗလန်စီယာမြို့က မခင်ကဖေးပိုင်ရှင်ပါ။ သူ့အဘေးတော်တဲ့ လေဒီမခင်ကားကို အစွဲပြုပြီး စားသောက်ဆိုင် ဖွင့်ထားသူလည်း ဖြစ်ပါတယ်။ မွန်တရုတ်ကပြား မခင်ညှော်ဟာ မော်လမြိုင်မြို့သူ ဖြစ်ပြီး ဒိုင်းဝန်ကွင်းဈေးထဲမှာ ဆေးပေါ့လိပ် ရောင်းပါတယ်။ အဲဒီမှာ ဆေးလိပ်အဝယ်လာတဲ့ ဗြိတိသျှ အိုင်စီအက်အရာရှိ ဝီလျံကားနဲ့ ဖူးစာဆုံခဲ့တာပါ။ ဝီလျံကားက မြန်မာပြည် ဟိုက်ကုတ်တရားလွှတ်တော်ရဲ့ တရားဝန်ကြီးချုပ် ဖြစ်ခဲ့သလို ဆာဘွဲ့ရခဲ့လို့ မခင်ညှော်လည်း လေဒီဘွဲ့ခံ ဖြစ်ခဲ့ပါတယ်။

မခင်ညှော်ရဲ့မြစ် မောင်နှမနှစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, Ma Khin Cafe

ဓာတ်ပုံ ပုံစာ, မခင်ညှော်ရဲ့မြစ် မောင်နှမနှစ်ယောက်

မခင်ညှော်နဲ့ ဆာဝီလျံကားတို့ဟာ အငြိမ်းစားဘဝနဲ့ ကလောမြို့မှာ နေထိုင်ခဲ့ကြပါတယ်။ သူတို့သမီး ဂါးထရုခင်ဇော်ခေါ် ဒေါ်စောရင်ကတော့ ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာ ကထိက အဖြစ် အမှုထမ်းခဲ့သလို မြန်မာထဲက စာကြည့်တိုက်ပညာကို ဗြိတိန်မှာ ပထမဆုံးသင်ယူခဲ့တဲ့ ဦးခင်ဇော်ခေါ် ကေနဲ့ လက်ထပ်ခဲ့ပါတယ်။ ဒါကြောင့် မခင်ကဖေးက ထုတ်တဲ့ စာအုပ်ဟာ အင်္ဂလိပ်-မြန်မာကပြား မျိုးဆက်လေးဆက်ရဲ့ ဘဝတွေကို အနှစ်တရာကျော်ထိ ပြန်ပြောင်းဖော်ထုတ်ထားတာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Burma food family and conflict

ဓာတ်ပုံ ပုံစာ, လော့မောင့်ဘက်တန်၊ ဇော်ဂျီ၊ ဒေါက်တာထင်အောင်နဲ့ ဒေါ်စောရင်

မဟာတံတိုင်းကို ကျော်ဖြတ်ရ

မခင်ညှော်နဲ့ ဆာဝီလျံကားတို့ အိမ်ထောင်ရေးဟာ ပုံစံမတူ လူမျိုးမတူ လူ့အလွှာမတူသူ နှစ်ယောက်ရဲ့ အချစ်ဖြစ်ပါတယ်။ မခင်ညှော်က စီးပွားရေးကျွမ်းကျင်တဲ့ လူမှုဆက်ဆံရေး ကောင်းသူ ဖြစ်ပြီး ဝီလျံကားကတော့ စာပေလိုက်စားတဲ့ အရာရှိတယောက် ဖြစ်ပါတယ်။ မခင်ညှော်ဟာ မိခင်မုဆိုးမကို ကူညီဈေးရောင်းရင်းက အင်္ဂလိပ်အရာရှိနဲ့ ဖူးစာဆုံခဲ့တာပါ။ အင်္ဂလိပ်နဲ့ယူလို့ သူ့အမေက သဘောမတူတဲ့အတွက် သူ့အိပ်ရာလိပ်ကို အိမ်ပေါ်က လွှင့်ပစ်တယ် ဆိုပါတယ်။

မခင်ညှော်နဲ့ ဝီလျံကား

ဓာတ်ပုံ ရင်းမြစ်, Ma Khin Cafe

ဓာတ်ပုံ ပုံစာ, မခင်ညှော်နဲ့ ဝီလျံကား

အတူနေလို့ ဆယ်နှစ်ရှိမှ၊ တတိယကလေး ဂါးထရုရတဲ့ ၁၉ဝ၆ ကျမှ မခင်ညှော်တို့ လင်မယားလက်ထပ်ကြတာ ဖြစ်ပြီး ဒီလိုလက်ထပ်တဲ့အတွက် နှစ်ဘက် လူ့အသိုင်းအဝိုင်းကြားမှာ သူတို့ မဝင်ဆန့် ဖြစ်ခဲ့သလို ဗြိတိသျှအစိုးရကလည်း ဝီလျံကားကို သတိပေးခဲ့ပါတယ်။ ဒီအတွက် ရာထူးတက်ရေး နှောင့်နှေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆာကားဟာ တရားဝန်ကြီးချုပ်အဖြစ် ၁၉၃၂ အထိ အမှုထမ်း ခဲ့ပါတယ်။

မခင်ညှော်တို့မိသားစု

ဓာတ်ပုံ ရင်းမြစ်, Ma Khin Cafe

ဓာတ်ပုံ ပုံစာ, မခင်ညှော်တို့မိသားစု
ဂါးထရုတို့ မောင်နှမတစ်သိုက်

ဓာတ်ပုံ ရင်းမြစ်, Ma Khin Cafe

ဓာတ်ပုံ ပုံစာ, ဂါးထရုတို့ မောင်နှမတစ်သိုက်

ပင်စင်ယူပြီးနောက် သူတို့မိသားစု ကလောမှာ အခြေချခဲ့ကြပါတယ်။ ၁၉၂၈ က ဆောက်ခဲ့တဲ့ သူတို့အိမ်ကလည်း ခုထိ ကလောမှာ ရှိပါသေးတယ်။ ဒေါ်ခင်ညှော်ရှိစဉ်က ခြံထဲမှာ စားပင်သီးပင်နဲ့ ပန်းမန်တွေ စုံနေအောင် စိုက်ထားပြီး သားသမီးတွေ ရန်ကုန်ပြန်ရင် အသီးအရွက် ခြင်းနှစ်ခြင်းနဲ့ ပြန်ကြတာပါ။

ကလောအိမ်နဲ့ ဆာဝီလျံကား

ဓာတ်ပုံ ရင်းမြစ်, Ma Khin Cafe

ဓာတ်ပုံ ပုံစာ, ကလောအိမ်နဲ့ ဆာဝီလျံကား

ဒုတိယ ကမ္ဘာ စစ်အတွင်း သူတို့ မိသားစု မြန်မာပြည်က ထွက်ပြေးကြရာမှာတော့ အိမ်ကို ထားခဲ့ရပါတယ်။ ပြန်လာတော့ အိမ်က ပျက်စီးနေပြီး ဒေါ်ခင်ညှော်မြှုပ်ထားတဲ့ ငွေထည်နဲ့ အဖိုးတန် ပစ္စည်းတွေလည်း ပျောက်ဆုံး ခဲ့ပါတယ်။ အိမ်ပြန်ပြင်နေဖို့ စဉ်းစားကြပေမယ့် ခင်ပွန်းသည် လေဖြတ်ပြီး ပြည်တွင်းစစ် ဖြစ်လာတဲ့အတွက် ဒေါ်ခင်ညှော်တို့ ဗြိတိန်ပြန်ခဲ့ရပါတယ်။ အိမ်ကတော့ ဝယ်ယူသူ သိန္နီ စော်ဘွားလက်ကနေ အဆင့်ဆင့်ပြောင်းပြီး ဟိုတယ် ဖြစ်နေပါတယ်။

ကလောက ဟိုတယ်ဖြစ်သွားတဲ့အိမ်

ဓာတ်ပုံ ရင်းမြစ်, Royal Kalaw Hills Resort

ဓာတ်ပုံ ပုံစာ, ကလောက ဟိုတယ်ဖြစ်သွားတဲ့အိမ်

ကေနဲ့ဂျီ

ဦးခင်ဇော်နဲ့ ဂါးထရုတို့က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းနေဘက်တွေ ဖြစ်ကြပြီး နောက်ဆုံးနှစ်မှာ အင်္ဂလိပ်စာ ပထမဆုကို နှစ်ယောက်အတူတူ ရခဲ့ကြပါတယ်။ သူတို့ရဲ့ ကျောင်းနေဘက်ကတော့ ဝန်ကြီးချုပ်ဟောင်း ဦးနုဖြစ်ပြီး ကျောင်းပြဇာတ်တွေမှာ အတူသရုပ်ဆောင်ခဲ့ကြပါတယ်။

လန်ဒန်ရောက် ဒေါ်မြစိန်နဲ့ဂျီ

ဓာတ်ပုံ ရင်းမြစ်, Ma Khin Cafe

ဓာတ်ပုံ ပုံစာ, လန်ဒန်ရောက် ဒေါ်မြစိန်နဲ့ဂျီ

ကေအမည်နဲ့ စာတွေရေးသွားတဲ့ ဦးခင်ဇော်က သူ့ဘဝကို ကျွန်တော်တို့ခေတ်က မြန်မာပြည် အမည်နဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပြီး မယ်ရင်ဆိုတဲ့ မြန်မာအမျိုးသမီး တယောက်နဲ့ ကျောင်းနေရင်း အိမ်ထောင်ကျခဲ့ဖူးတယ်လို့ ပါရှိပါတယ်။ ဖူးစာကံ၏ပဉ္စမံတပ်များ နှောင့်ယှက်မှုကြောင့် သူပညာရေးတွေ လစ်ဟင်းခဲ့တယ်လို့လည်း မြဝတီ မဂ္ဂဇင်းမှာ ပါရှိပါတယ်။ အဲဒီဇနီးနဲ့ သားတယောက်ရပြီးမှ အကြောင်းကြောင်းကြောင့် အိမ်ထောင်ရေး ပြိုကွဲခဲ့ရတာပါ။

ကေဟာ ဂျီလို့ အတိုကောက် သိကြတဲ့ ဂါးထရုနဲ့ ၁၉၃၄ မှာလက်ထပ်ပြီး ရူး၊ ဂျိန်းနဲ့ စူဇန်ဆိုတဲ့ သမီးသုံးယောက် ထွန်းကားခဲ့ပါတယ်။

ကေနဲ့ဂျီတို့သမီးငယ်

ဓာတ်ပုံ ရင်းမြစ်, Ma Khin Cafe

ဓာတ်ပုံ ပုံစာ, ကေနဲ့ဂျီတို့သမီးငယ်

မောင်ခွေးဘို့ ဓာတ်ပြား

ကျောင်းမှာ စာတော်တဲ့ ကေဟာ ဗြိတိန်မှာ စာကြည့်တိုက်ပညာကို မြန်မာပြည်က ပထမဆုံး စေလွှတ်သင်ကြားခံရသူ ဖြစ်လာပြီး ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး ဖြစ်လာပါတယ်။ သူ့လက်ထက်မှာ စာကြည့်တိုက်ကို မြန်မာမှုလေ့လာရေးအတွက် အဆင့်မြင့်စာကြည့်တိုက်ကြီး ဖြစ်လာအောင် ပျိုးထောင်ခဲ့ပါတယ်။

ဒါ့အပြင် သူလိုက်စားတဲ့ ဂီတပညာရပ်အတွက်လည်း အားထုတ်ခဲ့ပါတယ်။ ဒီအားထုတ်ချက်တွေဟာ စစ်ပြီးခေတ်မှာ သူဆက်မယ့် လုပ်ငန်းတွေရဲ့အစလည်း ဖြစ်ပါတယ်။

အဲဒီအချိန်က မင်းသုဝဏ်ရဲ့ ခေတ်သစ်ကလေးကဗျာတွေကို အားပေးပြီး စာအုပ်ထုတ်ဖို့၊ နောက် ဓာတ်ပြားသွင်းဖို့ စီစဉ်ခဲ့သူက ကေ ဖြစ်ပါတယ်။ ဒါကြောင့် ပုဂံလမ်းက ကေတို့အိမ်ဟာ ကလေးကဗျာတွေ အသံသွင်းဖို့ စတင်ခဲ့တဲ့ ဘူမိနက်သန် ဖြစ်ခဲ့ပါတယ်။

မောင်ခွေးဘို့ကို ကေက အသံသွင်း

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, မောင်ခွေးဘို့ကို ကေက အသံသွင်း

ကေက ဥရောပပုလွေကို မှုတ်ပြီး ဂျီက စန္ဒရားတီး အသံရှာကြပါတယ်။ မင်းသုဝဏ် ကဗျာတွေနဲ့ ရင်းနှီးနေကြတဲ့ သူတို့သမီးတွေက မောင်လေးရေ ထပါတော့ အန်ကယ်လို့ မင်းသုဝဏ်ကို တရင်းတနှီးခေါ်ကြပါတယ်။ မောင်ခွေးဘို့ ကဗျာစာအုပ်ကို ဘိလပ်ပြန် ပန်းချီဦးဘဉာဏ်က ပုံဆွဲသရုပ်ဖော်ပြီး ကေက ဂီတသံ သွင်းပါတယ်။ သမိုင်းပါမောက္ခလုစ်နဲ့ ကေက အင်္ဂလိပ်လိုပြန်ဆိုပြီး ဒုတိယကမ္ဘာ စစ်မဖြစ်ခင်ကပဲ အဆင့်အတန်းမြင့်မြင့်နဲ့ ထုတ်ဝေခဲ့ပါတယ်။

နောက် ဓာတ်ပြားကိုလည်း ဆရာအတတ်သင်ကျောင်းသူ မခင်သိန်း၊ ဆရာမ ဒိုရာ ဒေါ်သန်းဧတို့နဲ့ အသံသွင်း ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပြားအတီးအမှုတ်ပိုင်းမှာ အသုံးတော်ခံကြတာက ကေနဲ့ဂျီ ဖြစ်ပါတယ်။

ခေတ်သစ်ကလေးကဗျာ မောင်ခွေးဘို့

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ခေတ်သစ်ကလေးကဗျာ မောင်ခွေးဘို့

ဒါတင်မက မြန်မာနိုင်ငံသုတေသနအသင်းအတွက် သီချင်းကြီးမူမှန်တွေရဖို့ ဓာတ်ပြား သွင်းတဲ့ အလုပ်ကိုလည်း ကေ ကြီးကြပ်ခဲ့ပါတယ်။ ရွှေဘိုမြို့က အဝေးရောက်မင်း ဦးအောင်ကြီးလို အသက် ၉ဝ နားနီးနေတဲ့ ပုဂ္ဂိုလ်ကြီးကို ရန်ကုန်ထိ ပင့်ဖိတ်ပြီး ဓာတ်ပြားသွင်းခဲ့တာ ဖြစ်ပြီး လေ့လာချက်စာတမ်းကိုလည်း လန်ဒန်တက္ကသိုလ် အရှေ့တိုင်း နဲ့ အာဖရိကကျောင်းစာစောင်မှာ ဖော်ပြခဲ့ပါတယ်။

အေအိုင်အာ၊ ဘီဘီစီနဲ့ ဘီဘီအက်စ်

စစ်ကြီးအတွင်းမှာတော့ ကေတို့မိသားစု အိန္ဒိယကို ပြေးရပါတယ်။ မပြေးခင်မှာပဲ ရွှေတောင်ကြားက တရားဝန်ကြီးတဦးအိမ်မှာ ဒေါက်တာဒေါ်အေးသန့် ဖြစ်လာမယ့် အမ်မာဘရုပ်ညွန့်ဟန် အတွက် မဟာဝိဇ္ဇာစာမေးပွဲကို ဂျီ စစ်ပေးခဲ့ရပါတယ်။

စစ်ပြေးဘဝမှာတော့ ဗြိတိသျှတပ်က စစ်ဗိုလ်အဖြစ်နဲ့ ဒေလီမှာရှိတဲ့ အေအိုင်အာ အသံလွှင့်ဌာနနဲ့ လန်ဒန်က ဘီဘီစီအသံလွှင့်ဌာနတွေမှာ ကေ ထမ်းဆောင်ခဲ့ပါတယ်။ ဂျီကတော့ အေအိုင်အာမှာ အင်္ဂလိပ်ဘာသာ အယ်ဒီတာ ဖြစ်ခဲ့ပါတယ်။

အေအိုင်အာက ဦးခင်ဇော်

ဓာတ်ပုံ ရင်းမြစ်, Ma Khine Cafe

ဓာတ်ပုံ ပုံစာ, အေအိုင်အာက ဦးခင်ဇော်

စစ်ကြီးအတွင်းမှာပဲ ကေတို့ အိမ်ထောင်ရေးအဆင်မပြေတာတွေ စတင်ခဲ့သလို ဘဝ အချိုးအကွေ့တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတယုတယထူထောင်ခဲ့တဲ့ စာကြည့်တိုက်ကြီး လည်း စစ်ဘေးကြောင့် ပျက်စီးခဲ့သလို သူမသယ်နိုင်လို့ ထားခဲ့ရတဲ့ သုတေသန လုပ်ငန်းတွေ လည်း အစပျောက်ခဲ့ရပါတယ်။

တချိန်က ရေဒီယိုကို အပေါစားဆန်တယ်လို့ ယူဆခဲ့တဲ့ ကေဟာလည်း စစ်ပြီးခေတ် မြန်မာပြည် အသံလွှင့်ဌာနကို ပြန်ပြီးထူထောင်သူ ဖြစ်လာပြီး ဗမာ့အသံရဲ့ ဖခင်ဖြစ်ခဲ့ပါတယ်။

ဂီတဗိမာန် အမျိုးသားအသံ

အိမ်မှာ ဆိုင်းဝိုင်းထားပြီး တီးမှုတ်နေတဲ့ ကေလိုလူမျိုးက ဗမာ့အသံကို ထူထောင်ခဲ့လို့ ဗမာ့အသံဟာ သူများအသံမဖြစ်ခဲ့တာလို့ စန္ဒရားလှထွတ်က မြန်မာ့ဂီတရေစီးကြောင်း စာအုပ်မှာ ရေးသားခဲ့ပါတယ်။ ကေဟာ ဗမာ့အသံကို လွတ်လပ်ရေးရပြီးခေတ်မှာ အမျိုးသားပြန်လည်ထူထောင်ရေးဌာနကြီးတခုဖြစ်လာအောင် ဒီးဒုတ်ဦးဘချိုလို ပညာရှင် တွေနဲ့ ညှိနှိုင်း ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရတဲ့နေ့မှာ နိုင်ငံတော်သီချင်းကို စစ်တီးဝိုင်းနဲ့ အကျအနတီးနိုင်အောင်လည်း ကေကိုယ်တိုင် ဂီတသင်္ကေတ ထုတ်ပေးခဲ့ပါတယ်။

ဦးခင်ဇော်

ဓာတ်ပုံ ရင်းမြစ်, Archive

၁၉၆၂ အထိ အသံလွှင့်ရုံကို တာဝန်ယူခဲ့တဲ့ ကေဟာ မြန်မာသံတီးဝိုင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဗမာ့အသံမှာ ဖျော်ဖြေနိုင်အောင် ကြိုးစားခဲ့သလို ပညာပေး အစီအစဉ်တွေကိုလည်း တီထွင်ခဲ့ပါတယ်။ ၁၉၄၇၊ ၁၉၄၈-၄၉ နဲ့ ၁၉၅၈ လို မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းတွေမှာလည်း ဗမာ့အသံကနေ သတင်းဦး သတင်းဖျားတွေ ပေးနိုင်အောင် သူကြိုးစားခဲ့ပါတယ်။

ဗမာ့အသံမှာ သူ့ညီဝမ်းကွဲ ဦးဖေသော်နဲ့အတူ ဇနီးဒေါ်လှထယ် (ပထမဆုံး ရှမ်းအသံလွှင့် တင်ဆက်သူ) တို့ အမှုထမ်းခဲ့သလို အသံလွှင့်ဝန်ထမ်း ဒေါ်သန်းနှစ်နဲ့ ကေတို့ လက်ထပ်ပြီး ဝင့်ခင်ဇော်၊ ပြုံးခင်ဇော် ဆိုတဲ့ သားသမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။

ပညာခေတ်က ချစ်သူများ

လွန်ခဲ့တဲ့အနှစ် ၇ဝ က ချစ်လျက်နဲ့ ကွဲကွာသွားကြတဲ့ ကေနဲ့ဂျီတို့ဟာ အသက် ၈ဝ ကျော် ၉ဝ အရွယ်တွေရောက်မှ တနိုင်ငံစီခြားပြီး ကွယ်လွန်သွားခဲ့ကြပါတယ်။ ကေက ၁၉၈၉ ၊ ဂျီက ၁၉၉၆ မှာ ဆုံးတာပါ။ ဂျီဟာ ကေနဲ့ ပြတ်စဲပြီးနောက် ချားလ်စ်ဂျိမ်းစ်ဘန်းစ်ဆိုတဲ့ အင်္ဂလိပ်အမျိုးသားတယောက်နဲ့ အိမ်ထောင်ပြုပြီး ဂါးထရုစောရင်ဘန်းစ် ဖြစ်လာပါတယ်။

အငြိမ်းစားဘဝက ဦးခင်ဇော်

ဓာတ်ပုံ ရင်းမြစ်, Junior Win Blog

ဓာတ်ပုံ ပုံစာ, အငြိမ်းစားဘဝက ဦးခင်ဇော်

ကေနဲ့ဂျီတို့မရှိတော့ပေမယ့် သူတို့လက်ရာ စာပေဂီတပုံရိပ်တွေက မြန်မာပြည်နဲ့ ပတ်သက်တဲ့နေရာတွေမှာ ကျန်နေဆဲ ဖြစ်ပါတယ်။ ကေရဲ့ မြန်မာ့ယဉ်ကျေးမှုအကြောင်း ရေးတဲ့စာစုတွေကိုလည်း သုတေသီတွေ လက်စွဲထား လေ့လာနေရဆဲ ဖြစ်သလို သူပြန်ဆိုတဲ့ ဦးနုရဲ့ လူထုအောင်သံပြဇာတ်ကိုလည်း အမေရိကန်က ရုပ်ရှင်ရိုက်ခဲ့ပါတယ်။

ခုလည်း ဂျီရဲ့ အချက်အပြုတ်လက်ရာတွေကို မှတ်မိနေတဲ့ မြေးတွေက ဂျီနဲ့ကေ၊ မခင်ညှော်နဲ့ ဝီလျံတို့အကြောင်း စာအုပ်ထုတ်သလို စားသောက်ဆိုင် ဖွင့်ခဲ့ကြပါတယ်။ လူမျိုးဘာသာ အတားအဆီးတွေကို ကျော်ဖြတ်ခဲ့တဲ့ သူတို့ရဲ့ အချစ်ဇာတ်ကြောင်းတွေဟာ အဲဒီခေတ်က ကိုလိုနီနိုင်ငံတွေမှာ ကြုံခဲ့ရတဲ့ အသားအရောင်နဲ့ လူမျိုးခွဲတဲ့စနစ်ကို ပြန်လှစ်ပြသလို ဒီလိုခွဲခြားမှုကို ဆန့်ကျင်ခဲ့သူတွေအဖြစ် သူတို့ကို ဂုဏ်တင်ပေးခဲ့ပါတယ်။

ဂျီတို့မြေးအဘွား

ဓာတ်ပုံ ရင်းမြစ်, Ma Khin Cafe

ဓာတ်ပုံ ပုံစာ, ဂျီတို့မြေးအဘွား

တကယ်တော့ ကေဟာ အမျိုးသားပြန်လည်ဆန်းသစ်ရေး၊ နိုင်ငံတကာထိ ထိုးဖောက်ရေး အတွက် လွတ်လပ်ရေးမရခင်ကတည်းက ယဉ်ကျေးမှုနယ်ဘက်က ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံတကာအနုပညာမျက်နှာစာမှာ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်စတဲ့ အာရှ နွယ်ဖွားတွေ ထွန်းကားပေါက်ရောက်နေသလိုမျိုး မြန်မာပြည်က ထွန်းပေါက်ဖို့ ဆိုတာကလည်း ကေတို့ လွန်ခဲ့တဲ့ နှစ် ၈ဝ ကျော်က မက်ခဲ့တဲ့ စိတ်ကူးအိပ်မက်ကို ဆက်မက်ရမှာ ဖြစ်ပါတယ်။