တိုက်ရိုက်ထုတ်လွှင့်မှု, အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လွှတ်တော်မှာ နိုင်ငံအခြေပြမိန့်ခွန်းပြော

စီးပွားရေးကောင်းလာအောင်နဲ့ ငွေကြေးဖောင်းပွနှုန်းကျအောင် လုပ်ထားနိုင်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွှတ်တော်မှာ ပြောတဲ့ သူ့ရဲ့နိုင်ငံတော်အခြေပြမိန့်ခွန်းထဲ ထည့်ပြောတဲ့ သတင်းအပါအဝင် ဖေဖော်ဝါရီ ၂၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အာဏာသိမ်းစအချိန်မှာဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြမှုတွေကို စစ်တပ်က ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းနိုင်ခဲ့တယ်လို့ ဆို
  • လာမယ့် ဧပြီလဆန်းမှာ သမ္မတ ရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်
  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့အစိုးရတာဝန်ယူတဲ့ ၁ နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို အမေရိကန်ကွန်ကရက်မှာ ပြောနေပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပုဏ္ဏားကျွန်းက ယိုးငူရွာစျေးတန်း ဗုံးကြဲခံရမှု သေဆုံးသူ တိုးလာ

    ပုဏ္ဏားကျွန်း၊ ယိုးငူရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက် နာရေးမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး

    ဓာတ်ပုံ ပုံစာ, ပုဏ္ဏားကျွန်း၊ ယိုးငူရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက် နာရေးမြင်ကွင်း

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အပိုင် ကုလားတန်မြစ်ဘေးမှာတည်ရှိတဲ့ ယိုးငူရွာ ဈေးတန်းကို မနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့လယ်ခင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှုမှာ သေဆုံးသူ ၁၈ ဦးအထိ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးက ပြောပါတယ်။

    လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် လူ ၂၀ နီးပါးသေဆုံးခဲ့ရတဲ့ ဒီလုပ်ရပ်ကိုရှုတ်ချတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးက ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။

    အဖွဲ့ရဲ့ ဒီနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သေဆုံးသူ ၁၈ ဦးအထိ ရှိလာပြီး အဲဒီထဲ ကလေးငယ် ၄ ဦးပါဝင်ပါတယ်။ နေရာမှာတင်သေဆုံးခဲ့ကြသလို ဆေးရုံကို ပို့ဆောင်ရင်း သေဆုံးသူတွေလည်းရှိတယ်လို့ သိရပါတယ်။

    အာရက္ခတပ်တော်(အေအေ)ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူ ၁၇ ဦးရှိတယ်လို့ မနေ့ညနေပိုင်းက သတင်းထုတ်ပြန်ထားတာကြောင့် သေဆုံးသူ ၁ ဦး ထပ်တိုးလာတာလို့ နားလည်ရပါတယ်။

    ထိခိုက်ဒဏ်ရာသူတွေထဲမှာလည်း ကလေးငယ်နဲ့ အမျိုးသမီးတွေ အများဆုံးပါဝင်နေပါတယ်။

    အသက် ၄ နှစ်၊ ၆ နှစ်နဲ့ ၇ နှစ်အရွယ် မိန်းကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (အေအေ) ကလည်း ထုတ်ပြန်ထားပါတယ်။

    ဒါဟာ ပုဏ္ဏားကျွန်းမြို့နယ်ထဲကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေထဲ ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးဖြစ်စဉ်လို့လည်း ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးရဲ့ ဒီမနက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံးမီးလောင်ခဲ့သလို ၁၀ အိမ်ကျော် ထိခိုက်ပျက်စီးတယ်လို့ သိရပါတယ်။

    အခုနှစ်စ နှစ်လတာအတွင်း ရခိုင်ပြည်နယ်ထဲက အေအေ ထိန်းချုပ်ထားတဲ့ဒေသတွေကို စစ်တပ်က ဆက်တိုက်လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကျောက်ဖြူ၊ ကျောက်တော်နဲ့ မြောက်ဦးဖြစ်စဉ်တွေမှာ လူအစုလိုက်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။

  2. သမ္မတထရမ့်ရဲ့ နိုင်ငံအခြေပြမိန့်ခွန်း - ''ငွေကြေးဖောင်းပွနှုန်းကျသွားပြီ''

    ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ညမှာ အမေရိကန်လွှတ်တော်မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောနေတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို လက်ခုပ်တီးနေတဲ့ပုံစံနဲ့မြင်တွေ့ရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စတော့စျေးကွက် ကောင်းပြီး ငွေကြေးဖောင်းပွမှု ကျသွားတယ်လို့ ထရမ့်က သူ့ရဲ့ နိုင်ငံတော်အခြေပြ ပိန့်ခွန်းထဲမှာ ပြောပါတယ်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ သမ္မတ သက်တမ်း ပထမ တစ်နှစ်မှာတင် ၅ နှစ်အတွင်း ပထမဆုံးအကြိမ် ငွေကြေးဖောင်းပွမှုကို အနိမ့်ဆုံးအဆင့်ရောက်အောင် လုပ်ထားနိုင်ပြီလို့ပြောပါတယ်။

    သမ္မတ ထရမ့်ဟာ သူ ဒုတိယအကြိမ် သမ္မတ တာဝန်ယူတဲ့ တစ်နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို လွှတ်တော်မှာ ပြောချိန်အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

    စီးပွားရေးအရ အောင်မြင်မှုတွေကို သူ့ မိန့်ခွန်းထဲ ထည့်ပြောသလို သူ့အရှေ့က သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ ငွေကြေးဖောင်းပွနှုန်းဟာ အဆိုးဆုံးကို ရောက်ခဲ့တာကို မြင်ခဲ့တယ်လို့လည်း သူက ထပ်ပြောပါတယ်။

    ''ဒါပေမဲ့ ကျွန်တော့်အစိုးရ ၁၂ လတာ ကာလအတွင်း ငွေကြေးဖောင်းပွနှုန်းဟာ ၅ နှစ်ကျော်အတွင်းမှာ အနိမ့်ဆုံးကို ရောက်အောင်လုပ်နိုင်ခဲ့တယ်'' လို့ သူက ကွန်ကရက်လွှတ်တော်ကို ပြောပါတယ်။

    ''ရွေးကောက်ပွဲပြီးကတည်းက စတော့စျေးကွက်ဟာ စံချိန်တင်မြင့်တက်ခဲ့တာ ၅၃ ကြိမ်အထိရှိပါပြီ'' လို့လည်း သူက ဆက်ပြောပါတယ်။

    သူ့အစိုးရဟာ တာဝန်ယူတဲ့ပထမနှစ်မှာတင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၈ ထရီလီယံကျော်အထိ ဖော်ဆောင်ထားနိုင်တယ်လို့လည်း သူက ပြောပါတယ်။

    ထရမ့်ရဲ့အခုပြောဆိုချက်နဲ့ပတ်သက်တဲ့ ဆန်းစစ်ချက်ကို BBC Berify က အချက်အလက်နဲ့တကွ ပြန်လည် သုံးသပ်ချက်ကို ဆက်လက်ဖော်ပြဖို့ရှိပါတယ်။

  3. သတင်းထူး, အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လွှတ်တော်မှာ နိုင်ငံအခြေပြ မိန့်ခွန်းပြော

    လွှတ်တော်မှာ မိန့်ခွန်းပြောနေတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty

    ဓာတ်ပုံ ပုံစာ, လွှတ်တော်မှာ မိန့်ခွန်းပြောနေတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ ဒုတိယအကြိမ်သမ္မတ သက်တမ်း တစ်နှစ်ပြည့်အဖြစ် အမေရိကန်လွှတ်တော်မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောနေပါတယ်။

    သမ္မတ အိမ်တော် အိမ်ဖြူတော်ကို သူပြန်ရောက်တဲ့ ပထမနှစ်မှာတင် စီးပွားရေး အကျဘက်ကနေ ပြန်လှည့်လာအောင် လုပ်နိုင်ပြီး ငွေကြေးဖောင်းပွမှုလည်း ကျဆင်းအောင်လုပ်ထားနိုင်ပြီလို့ သမ္မတက မိန့်ခွန်းထဲ ထည့်ပြောပါတယ်။

    အမြင်သဘောထားစစ်တမ်းတွေမှာတော့ အမေရိကန်လူထုဟာ ထရမ့်လုပ်မယ့်လုပ်ငန်းစဉ်တွေဘက်ကို စောင်းငဲ့ကြည့်နေကြတယ်လို့ ပြသနေတာကြောင့် ထရမ့်ဟာ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း မဲဆန္ဒရှင်တွေ သူ့ဘက်ပါနိုင်မယ့် မူဝါဒတွေကို ဖော်ဆောင်နိုင်ခြေရှိတယ်လို့ ဘီဘီစီရဲ့ မြောက်အမေရိကဆိုင်ရာသတင်းထောက် အန်သနီ ဇာချာက ပြောပါတယ်။

    အမေရိကန်လွှတ်တော်မှာ ပြောတဲ့ ထရမ့်ရဲ့နိုင်ငံတော်အခြေပြမိန့်ခွန်းကို သူ့ရဲ့သားသမီးတွေလည်း တက်နားထောင်ပြီး သမ္မတကတော် မယ်လာနီယာနဲ့ တရားရုံးချုပ်တရားသူကြီး ၄ ဦးလည်း တက်ရောက် နားထောင်တာတွေ့ရပါတယ်။

    ထရမ့်ကတော့ အိုလံပစ်ပြိုင်ပွဲမှာ ရွှေဆုရခဲ့တဲ့ အမေရိကန် အမျိုးသား ဟော်ကီအသင်းကို သမ္မတရဲ့လွတ်လပ်မှုဆိုင်ရာဂုဏ်ပြုဆု (Presidential Medal of Freedom) ချီးမြှင့်ဖို့ ပြင်နေတယ်လို့ ပြောပါတယ်။

    သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ဆန္ဒပြတဲ့ တက္ကဆက်ပြည်နယ် ဒီမိုကရက် လွှတ်တော်အမတ် အေအိုင် ဂရင်းကိုတော့ လုံခြုံရေးအဖွဲ့တွေက ထရမ့်စကားမပြောခင်လေးမှာပဲ လွှတ်တော်ခန်းမထဲကနေ ခေါ်ထုတ်သွားတာတွေ့ရပါတယ်။

    သမ္မတထရမ့်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း ထူးခြားချက်တွေကို ဒီစာမျက်နှာမှာပဲ ဆက်လက်ဖော်ပြသွားပါမယ်။

  4. မြန်မာလူငယ်တွေရဲ့ ရင်မောစရာ ငါးနှစ်တာ

    စစ်အာဏာသိမ်းမှုကို လက်သုံးချောင်းထောင် ဆန့်ကျင်ဆန္ဒပြတဲ့လူငယ်တွေနဲ့ ကျည်ထိပ်ဖူးပြင်ဆင်နေတဲ့ စစ်သားပုံ၊ တော်လှန်ရေးလက်နက်ကိုင် အမျိုးသားနဲ့ အမျိုးသမီးတစ်ဦးပုံတို့ကို ပေါင်းစပ်ထားတဲ့အဖြူနဲ့အနက် ဓာတ်ပုံ ဖြစ်ပါတယ်

    စစ်အာဏာသိမ်းတာ ၅ နှစ်ရှိလာချိန်မှာ မြန်မာ့လူငယ်တွေဟာ “အနာဂတ်ရပ်တန့်ခံမျိုးဆက်” ဖြစ်နေပြီလို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေက ညွှန်းဆိုပါတယ်။

    လူငယ်တွေကိုပစ်မှတ်ထားစုဆောင်းလာတဲ့ စစ်မှုထမ်း၊ အခွင့်အလမ်းနည်းပါးလာတဲ့အလုပ်အကိုင်တွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေဟာ စိတ်ပိုင်းဆိုင်ရာအပေါ်ပါ ဖိနှိပ်မှုတွေဖြစ်လာပြီလို့ ဆိုကြပါတယ်။

    အာဏာသိမ်း ၅ နှစ်မှာ လူငယ်တွေလုပ်နိုင်ခဲ့တာ ဘာတွေလဲ၊ လူငယ်တွေ ဘာတွေကြုံခဲ့ရလဲဆိုတာ ပြန်ပြောင်းကြည့်ထားတဲ့ ရုပ်မြင် အထူးဆောင်းပါးကို ဘီဘီစီမြန်မာပိုင်းအင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  5. EAOs တချို့ ပြည်ပထောက်ပံ့ငွေယူပြီး လူငယ်တွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

    မိုင်းပျဉ်းမှာတွေ့ဆုံပွဲလုပ်ခဲ့တဲ့ ဒုစစ်ခေါင်းဆောင်

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, မိုင်းပျဉ်းမှာတွေ့ဆုံပွဲလုပ်ခဲ့တဲ့ ဒုစစ်ခေါင်းဆောင်

    အပစ်ရပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တချို့နဲ့ လက်မှတ်မထိုးထားတဲ့ EAOs တွေဟာ နယ်စပ်ကိုထွက်ပြေးတိမ်းရှောင်တဲ့ လူငယ်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတချို့ကိုလက်ခံပြီး ပြည်ပနိုင်ငံကြီးတချို့ရဲ့ ငွေကြေးကို ယူကာ သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

    အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အောက်မှာရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ရပ်စောက်မြို့နယ်ထဲက တပ်နယ်သုံးခုထက်မနည်းကို မနေ့ ဖေ‌ဖော်ဝါရီ ၂၄ ရက်ကသွားရောက်ချိန်မှာ EAOs တွေနဲ့ပတ်သက်ပြီး အဲဒီလို ထည့်ပြောခဲ့တာပါ။

    အာဏာသိမ်းစအချိန်မှာဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြမှုတွေကို စစ်တပ်က ထိန်းထိန်းသိမ်းသိမ်းဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုပြီး နိုင်ငံရေးဖြစ်စဉ်ကြောင့် ထွက်ပြေးသူတွေကို EAOs တွေက လက်နက်တပ်ဆင်မြှောက်ပင့်ပေးလို့ CRPH၊ NUG နဲ့ PDF အပါအဝင် အဖွဲ့အမျိုးမျိုးပေါ်လာတာလို့ ဒု-စစ်ခေါင်းဆောင် က ဆိုပါတယ်။

    တဖက်မှာလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကိုလက်မခံကြောင်း နိုင်ငံတဝန်း ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို စစ်တပ်က ကျည်အစစ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့ရာကနေ လူရာနဲ့ချီသေဆုံးခဲ့ကြရတဲ့နောက် အာဏာရှင်စနစ်ကို ခုခံတော်လှန်ဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြောထားကြပါတယ်။

    ဒုစစ်ခေါင်းဆောင်ကတော့ အကြမ်းဖက်လုပ်ရပ်လို့ သုံးနှုန်းပြီး စစ်တပ်ဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တည်ငြိမ်မှုလိုလားတယ်ဆိုတဲ့ပြည်သူတွေနဲ့ပူးပေါင်းကာ နှိမ်နင်းနေတယ်လို့ နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ်တို့ကတွေ့ဆုံပွဲတွေမှာ ဆက်တိုက်ပြောခဲ့ပါတယ်။

    အဲဒီခရီးစဥ်အတွင်းမှာပဲ လာမယ့် ဧပြီလဆန်းမှာ သမ္မတ ရွေးချယ်ပြီး အစိုးရသစ်ဖွဲ့ကာ နိုင်ငံ့တာဝန်ကို ပြန်ပေးအပ်မယ်လို့ ဒုစစ်ခေါင်းဆောင်က ထည့်ပြောခဲ့ပါတယ်။

    အာဏာသိမ်း ၅ နှစ်အကြာမှာ စစ်တပ်ဦးဆောင်မှုနဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး လာမယ့် မတ်လ ၁၆ ရက်မှာ ပြည်သူ့လွှတ်တော်၊ မတ် ၁၈ ရက်မှာ အမျိုးသားလွှတ်တော်ကို ခေါ်ယူမယ်လို့ ပြီးခဲ့တဲ့ရက်က စစ်ကော်မရှင်က ကြေညာထားပါတယ်။

    အစိုးရတွေပြောင်းသွားလည်း နိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်တွေကို စစ်တပ်ကပဲ ထမ်းဆောင်ရမယ်လို့ပြောပြီး သူတွေ့ဆုံခဲ့တဲ့တပ်နယ်တွေမှာ တပ်စွမ်းရည်နဲ့ စွမ်းအားတိုးတက်ဖို့ကို ထည့်ပြောသွားတာတွေ့ရပါတယ်။

    မြန်မာစစ်တပ်ဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ခဲ့ရတဲ့အခြေအနေအထိပါ ရင်ဆိုင်ခဲ့ရပါတယ်။

    အဲဒီနောက် ၂၀၂၅ ခုနှစ်မှာ တရုတ်အကူအညီနဲ့ ကိုးကန့်တပ် (MNDAA)တအာင်းတပ် (TNLA) တို့နဲ့ အပစ်ရပ်ကာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတချို့ကို ပြန်လည်စိုးမိုးနိုင်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (အေအေ)၊ ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) တို့နဲ့ တိုက်ပွဲတွေဆက်ရှိနေပြီး စစ်တပ်က နေ့စဉ်လိုလို နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။

  6. မင်္ဂလာပါ။ ဖေဖော်ဝါရီ ၂၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။