ဖေဖော်ဝါရီ ၂၈ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ဘိုလီဗီးယားမှာ ငွေစက္ကူတွေ တင်လာတဲ့ စစ်တပ်လေယာဉ်ပျက်ကျ

လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့
ဖတ်ရန်အချိန်: မိနစ် ၆

ဘိုလီဗီးယားနိုင်ငံအနောက်ပိုင်း အယ် အာတိုမြို့မှာ ဘိုလီဗီးယားလေတပ်ကုန်တင်လေယာဉ်တစ်စင်း ပျက်ကျတာကြောင့် လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။

ဆန်တာ ခရုဇ်မြို့ကနေ ထွက်ခွာလာတဲ့ လေယာဉ်ဟာ အယ် အာတို အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်ချိန် ဒေသဆိုင်ရာစံတော်ချိန် ၁၈ နာရီ ၂၀ မိနစ်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ လေကြောင်းထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။

လေယာဉ်ဟာ ပြေးလမ်းချော်ပြီး အနီးအနားက ယာဉ်သွားလမ်းပေါ်က မော်တော်ကားတွေကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။

သေဆုံးသူစာရင်းကိုဝန်ကြီးဌာနက မထုတ်ပြန်သေးဘဲ လေဆိပ်ကို ယာယီပိတ်ထားပါတယ်။

လေတပ်ပိုင် စီ-၁၃၀ ဟာကျူလီလေယာဉ်ဟာ ဘိုလီဗီးယားဗဟိုဘဏ်ကိုပို့ဖို့ ငွေစက္ကူတွေတင်လာတာလို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဒီငွေစက္ကူတွေကိုသုံးရင် ရာဇဝတ်မှုမြောက်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

အများပြည်သူအနေနဲ့ အခင်းဖြစ်ပွားရာနေရာကို လာရောက်ခွင့်မပြုထားပါဘူး။

လေယာဉ်ပျက်ကျရာနေရာကို လူတွေရောက်လာပြီး ငွေစက္ကူတွေယူဖို့ကြိုးပမ်းခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားရာကို ရိုက်ကူးထားတဲ့ မှတ်တမ်းတွေအရ ပျက်ကျလေယာဉ်နဲ့ ထိခိုက်ပျက်စီးတဲ့ မော်တော်ယာဉ်တွေကို တွေ့ရပါတယ်။

SRA တပ်ပေါင်းစု နဲ့ NUG တွေ့

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် နဲ့ BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခတို့ကို အတူတွေ့မြင်ရစဉ် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Maung Saung Kha

ဓာတ်ပုံ ပုံစာ, NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် နဲ့ BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခတို့ကို အတူတွေ့မြင်ရစဉ် (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)ရဲ့ ဝန်ကြီးတွေနဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance)တို့ ပထမဆုံးတွေ့ဆုံပြီး ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

SRA တပ်ပေါင်းစုဟာ နယ်မြေဒေသအစုံက တော်လှန်ရေးတပ်တွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ စုဖွဲ့လိုက်တဲ့တပ်ပေါင်းစုဖြစ်ပြီး အဖွဲ့ဝင်တပ် ၁၉ ဖွဲ့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒီတပ်ပေါင်းစုမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကွပ်ကဲမှုအောက်က တပ်ရင်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေတော့ မပါဝင်ပါဘူး။

NUG ကတော့ ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်တဲ့ SRA နဲ့ ဆွေးနွေးပွဲမှာ ကာကွယ်ရေးမူဝါဒတွေအပြင် စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ SRA တပ်ပေါင်းစုတို့ကြား ရှေ့ဆက်ဆွေးနွေးမယ့် လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ခဲ့တယ်လို့ NUG က အသိပေးထားပါတယ်။

SRA အဖွဲ့ဝင်ဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်‌ရေးတပ်တော် (BPLA) ရဲ့ တာဝန်ခံ မောင်ဆောင်းခကလည်း သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ NUG နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အတည်ပြုထားပါတယ်။

NUG နဲ့တွေ့ဆုံမှုမှာ "SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့တပ်ဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုပါ သေချာဆွေးနွေးဖြစ်ခဲ့ပါတယ်" လို့ မောင်ဆောင်းခက ရေးသားထားပါတယ်။ NUG လက်အောက်ခံမဟုတ်တဲ့တပ်တွေအပေါ် NUG ရဲ့သဘောထားကိုလည်း မေးမြန်းအတည်ပြုနိုင်ခဲ့တယ်လို့ သူကဖော်ပြပါတယ်။

NUG နဲ့ SRA အကြား အပြန်အလှန်အသိအမှတ်ပြုနိုင်ကြဖို့နဲ့ ကျေလည်တဲ့ ညီညွတ်ရေးကို အတူတကွတည်ဆောက်နိုင်ကြဖို့၊ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ မောင်ဆောင်းခက ပြောထားပါတယ်။

နှစ်ဖက်တွေ့ဆုံပွဲမှာ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့ကြပြီး SRA ဘက်က ခေါင်းဆောင်တွေလည်း စုံစုံလင်လင်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

စက်မှုဇုန်တွေကို မီတာခ တစ်ယူနစ် ကျပ် ၉၀၀ အထိ တိုးကောက်မယ်

သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော (ပုံဟောင်း)

ပြည်တွင်းထဲက စက်မှုဇုန်တွေကို သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားတိုက်ရိုက်ပေးနေတဲ့ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေကို ၂၄ နာရီမီးပေးပြီး မီတာခ တစ်ယူနစ်ကို ကျပ် ၉၀၀ ကောက်သွားမယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။

သီလဝါစီးပွားရေးဇုန်ထဲက လုပ်ငန်းရှင်တချို့နဲ့ နီးစပ်သူတစ်ဦးကတော့ စစ်ကော်မရှင်ဘက်က လုပ်ငန်းရှင်တွေကို ဖေဖော်ဝါရီလအစပိုင်းကတည်းက အခုလို မီတာခ တိုးကောက်မယ့်အကြောင်း ကြိုတင်အသိပေးခဲ့တယ်လို့ ပြောပါတယ်။

"မီးများများသုံးလေ မီတာခနဲ့ မကိုက်လေဆိုတော့ ဆိုလာစနစ်ပဲ တွန်းလုပ်နေတယ်။ ဆိုလာကလည်း စက်ရုံတစ်ခုလုံးစာအတွက်ဆိုရင် အရင်းအနှီးက ကြီးလွန်းတော့ စက်ရုံတိုင်းမလုပ်နိုင်ဘူး"လို့ လုပ်ငန်းရှင်တစ်ဦးက ဆက်ရှင်းပြပါတယ်။

မီတာခ တိုးမကောက်ခင် အရင်ကတော့ သီလဝါစက်မှုဇုန်ထဲမှာ မီတာခက တစ်ယူနစ်ကို ကျပ် ၄၉၀ ဝန်းကျင်လောက်ပဲ ပေးရတယ်လို့ သီလဝါဇုန်ထဲက မြန်မာနဲ့ ဂျပန်ဖက်စပ်ကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

LNG မဟုတ်ဘဲ လက်ရှိဓာတ်အားပေးစက်ရုံတွေကနေ အများပြည်သူအပါအဝင် စက်မှုနဲ့စီးပွားရေးလုပ်ငန်းတွေကို ဖြန့်ဖြူးနေတဲ့ လျှပ်စစ်ဓာတ်အားအတွက် မီတာခတွေ (အိမ်သုံးအမျိုးအစားနဲ့ အိမ်သုံးမဟုတ်တဲ့ အမျိုးအစား) ကိုတော့ မူလအတိုင်း ဆက်ပြီးကောက်ခံမယ်လို့ စစ်ကော်မရှင်က အသိပေးပါတယ်။

အိမ်သုံးအမျိုးအစားအတွက်

  • ၁ ကနေ ၅၀ ယူနစ်အထိ ၅၀ ကျပ်
  • ၅၁ ကနေ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်
  • ၁၀၁ ကနေ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်
  • ၂၀၁ ယူနစ်နဲ့အထက် ၃၀၀ ကျပ်

အိမ်သုံးမဟုတ်တဲ့အမျိုးအစားအတွက်

  • ၁ ကနေ ၅,၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်
  • ၅,၀၀၁ ကနေ ၂၀,၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်
  • ၂၀,၀၀၁ ယူနစ်နဲ့အထက် ၅၀၀ ကျပ် စတဲ့ နှုန်းထားတွေအတိုင်း မီတာခကောက်ခံသွားမယ်လို့ သိရပါတယ်။