မြန်မာမှာတွေ့တဲ့ သဘာဝဓာတ်ငွေ့ သိုက်ကြီးနဲ့ စစ်ကော်မရှင် အကျိုးအမြတ်

ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း သရုပ်ဖော်ပုံ
ဓာတ်ပုံ ပုံစာ, ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း သရုပ်ဖော်ပုံ

မြန်မာ၊ တနင်္သာရီကမ်းလွန်မှာ ကမ္ဘာ့အကြီးဆုံးဓာတ်ငွေ့သိုက်တွေထဲမှာ တခုအပါအဝင်ဖြစ်လာနိုင်တဲ့သဘာဝဓာတ်ငွေ့သိုက်ကြီးတစ်ခု တွေ့ ထားတယ်ဆိုတဲ့ သတင်းတွေပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီလုပ်ကွက်ဟာ တနင်္သာရီတောင်ပိုင်း၊ မြိတ်ခရိုင်ထဲက အကြီးဆုံးကျွန်း ကတန်ကျွန်းကြီးရဲ့ အနောက်ဘက်မှာ တည်ရှိပြီး စတုရန်းကီလိုမီတာ ၁၃,၀၀၀ ကျော်ရှိတဲ့ M-15 လုပ်ကွက်ဖြစ်ပါတယ်။

ဒီလုပ်ကွက်ကို စင်ကာပူအခြေစိုက် Canadian Foresight Group (CFG) နဲ့ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ အကြား ထုတ်လုပ်မှုခွဲဝေခံစားရေးစာချုပ် (PSC) ရေးထိုး ထားပါတယ်။

အဲဒီလုပ်ကွက်ကို တနင်္သာရီကမ်းလွန်မှာ လုပ်ပိုင်ခွင့်ရထားတဲ့ Canadian Foresight Group ကုမ္ပဏီကလည်း ဒီလုပ်ကွက်ကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပမာဏ အမြောက်အများတွေ့ရှိခဲ့တာကြောင့် တောင်အမေရိကတိုက်က ကမ္ဘာကျော် ကမ်းလွန်လုပ်ကွက် ဂိုင်ယားနား- Guyana လိုမျိုး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း စွမ်းအင်ကဏ္ဍအထူးပြုရေးသားတဲ့ Upstream သတင်းဌာနက ရေးပါတယ်။

တောင်အမေရိကတိုက်က ကမ္ဘာကျော် ကမ်းလွန်လုပ်ကွက် Guyana လုပ်ကွက်ကြောင့် အဲဒီနိုင်ငံရဲ့ စီးပွားရေးကို အချိန်တိုအတွင်း ပြောင်းလဲစေခဲ့တဲ့ သာဓကက စွမ်းအင်ကဏ္ဍမှာထင်ရှားပါတယ်။

စစ်ကော်မရှင်က ဒီလုပ်ကွက်ကနေ အကျိုးအမြတ်ခွဲဝေမှု ဘယ်လောက် ရရှိနိုင်ပါသလဲ။

M-15 လုပ်ကွက် အကျိုးအမြတ် ခွဲဝေမှု

အောက်တိုဘာ ၂၂ ရက်က တရုတ်နိုင်ငံ၊ ဘေကျင်းမှာ စစ်ကော်မရှင် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် နဲ့ တရုတ်နိုင်ငံပိုင် China National Oil & Gas Exploration and Development Corporation (CNODC) အဖွဲ့ နဲ့ တွေ့ဆုံ စဉ်တွေ့ရတဲ့ CFG ဥက္ကဋ္ဌ Songing Chen (ယာဘက်စွန်း)

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၂၂ ရက်က တရုတ်နိုင်ငံ၊ ဘေကျင်းမှာ စစ်ကော်မရှင် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင် နဲ့ တရုတ်နိုင်ငံပိုင် China National Oil & Gas Exploration and Development Corporation (CNODC) အဖွဲ့ နဲ့ တွေ့ဆုံ စဉ်တွေ့ရတဲ့ CFG ဥက္ကဋ္ဌ Songing Chen (ယာဘက်စွန်း)

ဒီလုပ်ကွက်ကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ CFG ကုမ္ပဏီက လေလံဆွဲခဲ့ပြီး အနိုင်ရခဲ့တာပါ။ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက် မှာတော့ MOGE နဲ့ ထုတ်လုပ်မှုခွဲဝေခံစားရေးစာချုပ် (PSC) ရေးထိုးခဲ့ပါတယ်။

CFG ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကနဦး ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး အလားအလာကောင်းတွေ ရှိလာရင် အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီ ရင်းနှီးမြှုပ်နှံမယ်လို့ CFG ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာဆောင်းနင်းချန်က ၂၀၁၇ ခုနှစ် တုန်းက ပြောခဲ့ဖူးပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

M-15 လုပ်ကွက်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝတဲ့နေရာမှာ တည်ရှိနေပြီး ဒီလုပ်ကွက်ကနေ ထုတ်လုပ်မှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေစုစုပေါင်း ရဲ့ ၄၀ ရာခိုင်နှုန်း နဲ့ ညီမျှနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ၂၀၁၇ ခုနှစ်က CFG ကုမ္ပဏီ ရဲ့ ရုံးတွင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒီလုပ်ကွက်ကနေ ရရှိလာနိုင်တဲ့ သဘာဝဓာတ်ငွေ့ပမာဏ ဟာ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း ကို နှစ် ၅၀ လောက်အထိ ‌ထောက်ပံ့ပေးနိုင်သလို၊ ဂျပန်နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ သုံးစွဲမှု ပမာဏ နဲ့ ညီမျှတဲ့ ပမာဏ ကို ၅ နှစ်နီးပါးထောက်ပံ့နိုင်မှာဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Canadian Foresight Group (CFG) ကုမ္ပဏီရဲ့ နောက်ဆုံးတိုင်းတာချက်တွေအရ သဘာဝဓာတ်ငွေ့ ပမာဏ ၉၄.၆ ထရီလီယံကုဗပေ (TCF) ထုတ်ယူနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ဓာတ်ငွေ့ ကုဗပေ ၁ ထရီလီယံ တွေ့ရှိရင်တောင် ဒေါ်လာ ၂ ဒဿမ ၉၄ ဘီလျံ အကျိုးအမြတ်ရနိုင်မယ်လို့ ၂၀၁၇ ခုနှစ် အစီရင်ခံစာမှာ ကုမ္ပဏီဘက်က တွက်ပြထားပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ ဓာတ်‌‌ငွေ့စျေးနဲ့ တွက်ရင် အမေရိကန် ဒေါ်လာ ဘီလီယံ ၂၈၀ နီးပါးရှိနိုင်တယ်လို့ နားလည်ရပါတယ်။

၁၀ စုနှစ်တစ်ခုနီးပါးအကြာ ၂၀၂၅ ခုနှစ်မှာတော့ Canadian Foresight Group ကုမ္ပဏီ ရဲ့ M-15 လုပ်ကွက် ကနေ ကမ္ဘာ့ဒုတိယအကြီးဆုံး ဓာတ်ငွေ့ သိုက်ကို ရှာဖွေတွေ့ရှိ သွားတာ ဖြစ်ပါတယ်။

Canadian Foresight Group ကုမ္ပဏီဟာ ကနေဒါမှာ စတင်ခဲ့ပေမယ့် စင်ကာပူမှာ ပြောင်းလဲ ရုံး စိုက်ခဲ့တာပါ။ ကုမ္ပဏီဥက္ကဋ္ဌ Songning Shen ဟာ တရုတ်နွယ်ဖွား ကနေဒါနိုင်ငံသား ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်က ဝန်ကြီးဟောင်းတစ်ဦးကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေကနေ ၄၀ ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်း အထိ MOGE (မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း) က အကျိုးအမြတ်ရနိုင်တယ်လို့ သူ့အတွေ့အကြုံအရ အခြေခံပြီးတွက်ချက်ပြပါတယ်။

"PSC စာချုပ်အရ သဘာဝဓာတ်ငွေ့ဆိုရင် ထုတ်လုပ်မှုကရတဲ့ available national gas ရဲ့ ၄၀ ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်းအထိ MOGE က ရနိုင်ပါတယ်။ ရေနံစိမ်းဆိုရင် ထုတ်လုပ်တဲ့ available crude oil ကနေ ၆၀ ရာခိုင်နှုန်း ကနေ ၈၅ ရာခိုင်နှုန်းအထိ ရနိုင်ပါတယ်။ အဲ့ဒီရာခိုင်နှုန်းအလိုက်ရတဲ့ သဘာဝဓာတ်ငွေ့ ဒါမှမဟုတ် ရေနံစိမ်း ရောင်းရငွေကို MOGE ကရပါတယ်။"

ကုမ္ပဏီအတွင်း အစီရင်ခံစာထဲမှာ တော့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုရဲ့ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကို မူလပိုင်ရှင် အစိုးရကို ပေးရပြီး ကျန်ရှိတဲ့ ရာခိုင်နှုန်းကိုတော့ ကုမ္ပဏီက ရရှိတယ်လို့ ဆိုပါတယ်။

နောက်ပြီး ဒီလုပ်ကွက်က ထုတ်လုပ်တဲ့ ရေနံစိမ်း ၆၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်း ကို MOGE ကရရှိမှာဖြစ်ပြီး၊ သဘာဝဓာတ်ငွေ့ဆိုရင် ၆၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ရရှိမှာ ဖြစ်တယ်လို့ ကုမ္ပဏီ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ကုမ္ပဏီ ရဲ့ အစီရင်ခံစာပါ အချက်တွေနဲ့ ဝန်ကြီးဟောင်းရဲ့တွက်ချက်ပြမှုနဲ့ နီးစပ်ကိုက်ညီနေပါတယ်။

ဒုတိယ Guyana ဖြစ်လာမလား

PTTEP ရဲ့ ကမ်းလွန်လုပ်ကွက်

ဓာတ်ပုံ ရင်းမြစ်, PTTEP

ဓာတ်ပုံ ပုံစာ, PTTEP ရဲ့ ကမ်းလွန်လုပ်ကွက်

တောင်အမေရိကတိုက်က ဂိုင်ယားနားနိုင်ငံ (Guyana) မှာ ၂၀၁၅ ခုနှစ်က ကမ္ဘာ့စံချိန်တင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ သိုက်ကြီး တွေ့ ရှိခဲ့ပြီး ဂိုင်ယားနားနိုင်ငံဟာ စွမ်းအင်အရင်းအမြစ်ပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်လာခဲ့တာပါ။

CFG ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်သူကလည်း တနင်္သာရီ ကမ်းလွန်က M-15 လုပ်ကွက်ကို ဒုတိယ ဂိုင်ယားနား အဖြစ် ရည်ညွန်းပြောဆိုထားပါတယ်။

M-15 လုပ်ကွက်မှာ တွင်းအသစ် ၃ ခု တူးဖော်မှုတွေကို ၂၀၂၆ စက်တင်ဘာမှာ စတင်မှာဖြစ်ပြီး ၂၀၂၇ နှစ်ကုန်ပိုင်းမှာ သဘာဝဓာတ်ငွေ့တူးဖော်ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြောင်း သူက Upstream သတင်းဌာန ကို ပြောထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သဘာဝဓာတ်ငွေ့သိုက်ကြီး တစ်ခု တွေ့ထားတဲ့အကြောင်း ဒီဇင်ဘာ ၂ ရက်က ကျင်းပတဲ့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၃၄) ကြိမ်မြောက်နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးမှာ ထည့်သွင်း ပြောသွားခဲ့ပါသေးတယ်။

ရှာတွေ့ထားတဲ့ သဘာဝဓာတ်‌‌ငွေ့သိုက်ကနေ ၂၀၂၇၊ ၂၀၂၈ မှာ သဘာဝဓာတ်‌‌ငွေ့ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီလုပ်ကွက်တွေ့ရှိကြောင်း အတည်ပြုပေမယ့် အကျိုးအမြတ်တွေ နဲ့ ပတ်သက်ပြီးတော့ စစ်ကော်မရှင်ဘက်က တိတိကျကျ ထုတ်ပြောတာ မရှိသေးပါဘူး။

Canadian Foresight Group ရဲ့ ဒီလုပ်ကွက်အပေါ် အကျိုးအမြတ် ခွဲဝေမှုနဲ့ ပတ်သက်လို့ တိတိကျကျ သိရဖို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။

ဒါပေမဲ့ သဘာဝဓာတ်ငွေ့တွင်းတစ်ခုကနေ စတင်ထုတ်လုပ်နိုင်ဖို့ဆိုတာ ဆယ်စုနှစ်နဲ့ချီ ကြာတတ်တာကြောင့် အခုလို လာမယ့် ၂ နှစ် အတွင်းမှာ စတင်ထုတ်လုပ်နိုင်မယ်ဆိုတာဟာ ဖြစ်တန်ခြေ နည်းတယ်လို့ စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ ပညာရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သူက လုံခြုံရေးအရ အမည်မဖော်လိုပါဘူး။ ဒါပေမဲ့ မြန်မာက "မင်းရဲသူစီမံကိန်း" နဲ့ ဥပမာပြပြီး သုံးသပ်ပြပါတယ်။

ဒီနှစ် မေလ မှာ MOGE နဲ့ မြန်မာအခြေစိုက် ထိုင်းနိုင်ငံသားပိုင် Gulf Petroleum Myanmar ကုမ္ပဏီတို့ PSC လက်မှတ်ရေးထိုးခဲ့တဲ့ မုတ္တမကမ်းလွန်က M-10 လုပ်ကွက် "မင်းရဲသူစီမံကိန်း" ဆိုရင် ၂၀၂၈ ခုနှစ်မှာ စတင်ထုတ်ယူနိုင်မယ်လို့ ပြောထားပေမယ့် အခုချိန်အထိ တူးဖော်မှုတွေ မလုပ်နိုင်သေးတဲ့အကြောင်း သူကထောက်ပြပါတယ်။

နောက်ပြီး အခုလို ကမ္ဘာ့ဒုတိယအကြီးဆုံး ဓာတ်ငွေ့သိုက်ကြီးဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့ CFG ရဲ့ ပြောဆိုချက်ဟာ M-15 လုပ်ကွက်က သူ့ရဲ့ လုပ်ပိုင်ခွင့်တချို့ကို တခြားကုမ္ပဏီတစ်ခုခုကို ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းလိုတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ ပညာရှင်က သုံးသပ်ပါတယ်။

NUG - အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကတော့ အခု M-15 လုပ်ကွက်ဟာ အရင်က မလေးရှားကုမ္ပဏီ Petronas က ၂၀၀၂ ခုနှစ်တုန်းက လုပ်ကိုင်ခဲ့ဖူးပေမယ့် အဲဒီနောက်ပိုင်းမှာ ရပ်တန့်ခဲ့တယ်လို့ သူသိရှိခဲ့တဲ့ အချက်အလက်ကို ဘီဘီစီကို ပြောပါတယ်။

"M-15 မှာ Petronas က တစ်တွင်း တူးခဲ့တယ်။ ဆက်မလုပ်ဖြစ်ခဲ့ဘူး။ စီးပွားဖြစ်မလုပ်သင့်လို့ သို့မဟုတ် တခြားအကြောင်းကြောင့် ဖြစ်နိုင်တယ်" လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။

ဒေါ်လာဘီလျံချီဝင်ငွေရနိုင်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်း

PTTEP လုပ်ကွက်

ဓာတ်ပုံ ရင်းမြစ်, PTTEP

ဓာတ်ပုံ ပုံစာ, PTTEP လုပ်ကွက်

နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုခံနေရတဲ့ စစ်ကော်မရှင်ဟာ နိုင်ငံခြား‌‌ငွေ‌ရလမ်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ကမ်းလွန်ရော၊ ကုန်းတွင်းလုပ်ကွက်တွေ မှာပါ စာချုပ်အသစ်တွေ လက်မှတ်ရေးထိုးနေပါတယ်။

စစ်ကော်မရှင်ဟာ မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နှစ်စဉ် ဒေါ်လာ ၁ ဘီလျံကျော် ရရှိနေပြီး၊ ၂၀၂၃ ခုနှစ် ပထမလတွေကနေ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၈၄၁.၇ သန်းရရှိခဲ့တယ်လို့ Justice For Myanmar က သူတို့နောက်ဆုံးသိထားရတဲ့အချက်အလက်တွေကို ကိုးကား ဖော်ပြပါတယ်။

Justice For Myanmar အဖွဲ့ဟာ စစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေနဲ့ စစ်အသုံးစရိတ်တွေကို စုံစမ်းထောက်လှမ်းနေတဲ့ နိုင်ငံတကာအရပ်ဘက် အဖွဲ့အစည်းဖြစ်ပါတယ်။

မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတကာကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားပြီးတဲ့နောက်မှာ မုတ္တမကမ်းလွန်က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်အများစုကို ထိုင်းအစိုးရပိုင် PTTEP အပါအဝင် ထိုင်းကုမ္ပဏီတွေက လက်ဝါးကြီးအုပ်ထားတယ်လို့ စွမ်းအင်လုပ်ငန်းအသိုင်းအဝိုင်းက ပြောကြပါတယ်။

PTTEP က သူလုပ်ပိုင်ခွင့်ရထားတဲ့ ရတနာ နဲ့ ဇောတိက စီမံကိန်းကြီးတွေမှာ ဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းလာတာကြောင့် တွင်းအသစ် ၁၇ ခု တူးဖော်မှုတွေကိုလည်း ဒီနှစ် စက်တင်ဘာလမှာ ပြုလုပ်ခဲ့ပါတယ်။

နောက်ပြီး စစ်ကော်မရှင်က PTTEP နဲ့ ကမ်းလွန်စီမံကိန်းအသစ်တွေအတွက် လည်း မကြာခင်လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်မရှင်ရဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE က ကမ်းလွန်လုပ်ကွက်တွေသာမက ကုန်းတွင်းလုပ်ကွက်တွေမှာပါ ပြည်တွင်းနိုင်ငံသားပိုင်ကုမ္ပဏီတွေနဲ့ ပါ PSC စာချုပ်‌ရေးထိုးမှုတွေကို ပြုလုပ်နေတာပါ။

တစ်ဖက်မှာလည်း အခုလို စစ်ကော်မရှင်အတွက် ဝင်‌ငွေ ရှာဖွေပေးနေတဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်၊ ယူကေ အပါအဝင် ဥရောပနိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

အခုလို ရင်းနှီးမြှုပ်နှံမှုတွေဟာ စစ်ကော်မရှင်ရဲ့ စစ်ရေးဖိနှိပ်မှုတွေကိုပဲ ပိုပြီး ဦးတည်သွားလိမ့်မယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

"သူ့မှာ ဘဏ္ဍာငွေရတယ်ဆိုရင် သူတို့လုပ်တာက စစ်ရေးအင်အားကို တိုးချဲ့မယ်၊ လူတွေကို ပိုပြီး စစ်မှုပြုမယ်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ ကို ပိုပြီးဖိနှိပ်ဖို့ ရည်ရွယ်ရင်း ဖြစ်လာမယ်။ စစ်အုပ်စုက လုပ်သမျှသည် ပြည်သူအတွက် ဆိုတာထက် စစ်ရေးဖိနှိပ်မှု၊ စစ်ရေးအောင်မြင်ဖို့ ဒီကိစ္စတွေအတွက်ပဲ ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိမယ်။"

CFG အနေနဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေ လည်ပတ်နေမှုကို ရပ်တန့်ဖို့လိုတယ်လို့ Justice For Myanmar ရဲ့ ပြောရေး ဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။

"CFG ကုမ္ပဏီက M-15 လုပ်ကွက် တူးဖော်ရေးလုပ်ငန်း စတင်လုပ်ဆောင်နေတာကို ကျွန်မတို့ သတိထား စိုးရိမ်မိပါတယ်။ ဒါက တရားမဝင်မြန်မာစစ်အုပ်စုအတွက် အရေးပါတဲ့အခွန်ဝင်ငွေလမ်းကြောင်း ဖောက်ပေးလိုက်သလို ဖြစ်နိုင်ပါတယ်'' လို့ မရတနာမောင်က ပြောပါတယ်။

"CFG အနေနဲ့ သူတို့လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ပါက အရေးယူဆောင်ရွက်နိုင်မယ့် ဖြစ်နိုင်ဖွယ်တွေကို ကျွန်မတို့ ရှာဖွေ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။"

စစ်ကော်မရှင် အနေနဲ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကနေ ရတဲ့ ဝင်ငွေတွေကို ဘယ်လို အသုံးချတယ်ဆိုတာ အတိအလင်းပြောထားတာမရှိပါဘူး။

ဒါကြောင့်ပဲ လူ့အခွင့်အရေးအဖွဲ့တွေက ဒီလုပ်ငန်းဟာ စစ်ကော်မရှင်ရဲ့ စစ်တပ်အတွက် အဓိကဝင်ငွေရလမ်းဖြစ်တာကြောင့်ဆိုပြီး ဝင်ငွေဖြတ်တောက်ရေး ဆော်သြနေကြပါတယ်။