ဒဏ်ခတ်ပိတ်ဆို့မှုတွေအောက်က မြန်မာနဲ့ ဆက်လုပ်ဖို့ပြင်တဲ့ ထိုင်းစွမ်းအင် PTTEP

ဓာတ်ပုံ ရင်းမြစ်, Anti-Junta Alliance Yangon - AJAY
အမေရိကန်က စစ်ကောင်စီရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ဘဏ္ဍာရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်လိုက်ပေမဲ့ ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ (PTTEP)ကတော့ မြန်မာမှာရှိတဲ့သူ့လုပ်ငန်းတွေကို ဆက်လုပ်ကိုင်ဖို့ စိုင်းပြင်းနေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ဘီဘီစီသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
စစ်ကောင်စီလက်အောက်က မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်တာ သီတင်းတစ်ပတ်ရှိလာပြီဖြစ်ပါတယ်။
ဒီဒဏ်ခတ်ပိတ်ဆို့မှုဟာ လာမယ့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှာ စတင်အသက်ဝင်မှာပါ။
ဒီကြေညာချက်တွေနောက်မှာပဲ မြန်မာမှာ စွမ်းအင်လုပ်ငန်းကို အဓိကရင်းနှီးမြုပ်နှံနေတဲ့ထိုင်းအစိုးရပိုင် PTTEP ကတော့ မြန်မာနိုင်ငံကနေရရှိနေတဲ့ သဘာဝဓာတ်ငွေ့ ပြတ်တောက်မှုမရှိစေရေး သေချာအောင် စီစဉ်ဆောင်ရွက်နေတယ်လို့ ကုမ္ပဏီဘက်ကလည်း ထုတ်ပြောလာပါတယ်။
ကမ္ဘာ့လုံးဆိုင်ရာ စွမ်းအင်ကဏ္ဍ အကြောင်းအရာတွေကိုဖော်ပြတဲ့ Upstram.com ကတော့ PTTEP အနေနဲ့ မြန်မာထဲကသူ့ရဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုနဲ့ သူ့နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် ဆက်လက်ထိန်းသိမ်းထားဖို့ 'သတိကြီးစွာ' လှုပ်ရှားနေတယ်လို့ သုံးသပ်ပါတယ်။
“ကုမ္ပဏီအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ဆက်နွှယ်နေတဲ့ဖြစ်လာနိုင်တဲ့အန္တရာယ်တွေလျော့ပါးစေရေးကို အကဲဖြတ်ပြီး နိုင်ငံတွင်းမှာ သဘာဝဓာတ်ငွေ့ ပြတ်တောက်မှုမရှိစေရေးအတွက် သတိကြီးကြီးထား လုပ်ကိုင်နေပါတယ်” လို့ PTTEP ဘက် က Upstream ကိုဖြေကြားပါတယ်။
နိုဝင်ဘာလ ပထမပတ်တုန်းက ယူအေအီးနိုင်ငံ၊ အဘူဒါဘီမှာပြုလုပ်ခဲ့တဲ့ စွမ်းအင်လုပ်ငန်းညီလာခံ ADIPEC မှာဆိုရင် PTTEP ရဲ့ အမှုဆောင်အရာရှိချုပ်က မြန်မာမှာရှိတဲ့ သူ့ရဲ့ သဘာဝဓာတ်ငွေ့တွင်း နှစ်ခုအတွက် စာချုပ်တွေကိုသက်တမ်းတိုးဖို့ရှိနေတယ်လို့ ပြောခဲ့တာပါ။
အဲဒီထဲက တစ်ခုက ၂၀၂၈ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နောက်တစ်ခုကတော့ နောက် နှစ် ၂၀ အတွင်းသက်တမ်းကုန်ဖို့ရှိတာကြောင့် အဲဒီစာချုပ်နှစ်ခုကို သက်တမ်းတိုးဖို့ကြိုးစားနေတာပါ။
မြန်မာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတွင်းက စွမ်းအင်ဆိုင်ရာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကြီးတွေဟာ စစ်တပ်ရဲ့ ဝင်ငွေရလမ်းကိုထောက်ပံ့နေတယ်ဆိုတဲ့ လှုံ့ဆော်မှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအများစုက ထွက်ခွာသွားပေမဲ့ PTTEP ဆက်ရှိနေတာကြောင့်လည်း ဝေဖန်ခံရမှုတွေရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, State Media
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာနိုင်ငံကနေ စွမ်းအင်လုပ်ငန်းတွေထွက်ခွာဖို့ လှုံ့ဆော်တဲ့သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ - Blood Money ရဲ့စာရင်းတွေအရ MOGE ဟာ အရပ်သားအစိုးရလက်ထက်က နိုင်ငံခြားငွေရရှိမှုရဲ့ ၆၀ ရာခိုင်နှုန်းကို ရှာဖွေပေးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် ခန့်မှန်းခြေ ဝင်ငွေအမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရှိခဲ့ပြီး အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အနည်းဆုံး ၂ ဘီလီယံရှိမယ်လို့ ခန့်မှန်းထားပါတယ်။
‘’ ၂ ဘီလီယံဆိုတာ စစ်တပ်ရဲ့ တစ်နှစ်စာ စစ်အသုံးစရိတ်အတွက်လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ အဲဒါကြောင့် စစ်တပ်အတွက် တစ်လုံးတစ်ခဲတည်းရတဲ့ နိုင်ငံခြားဝင်ငွေလမ်းကြောင်းဖြစ်တဲ့အတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုက စစ်အုပ်စုအတွက် အကြီးအကျယ်ထိခိုက်သွားနိုင်ပါတယ် ’’ လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ က ကိုမိုက်က ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့ အမေရိကန်ရဲ့ အခုတစ်ခေါက်အရေးယူပိတ်ဆို့မှုဟာ ဘဏ္ဍာရေးဝန်ဆောင်မှုနဲ့အခြားဝန်ဆောင်မှုအားလုံးလို့ပြောထားပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ ကတော့ ဒါဟာ အမေရိကန်ဒေါ်လာနဲ့ စာချုပ်ချုပ်ဆိုတဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ အကျုံးဝင်တယ်လို့ သုံးသပ်ပါတယ်။
‘‘PTT လိုမျိုးပေါ့။ ထိုင်းအစိုးရပိုင် စွမ်းအင်လုပ်ငန်းတွေကနေ MOGE ကိုပေးနေတဲ့ကိစ္စတွေ အားလုံးခက်ပြီ။ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေက အမေရိကန်ဒေါ်လာနဲ့စာချုပ်ချုပ်ထားတာဆိုတော့ ငွေကြေးလွှဲပြောင်းမှုတွေလုပ်လို့မရတော့ဘူး’’ လို့ ကိုမိုက်က သုံးသပ်ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း အခြားစီးပွားရေးလုပ်ငန်းစုတစ်ခုကိုကြားခံပြီး မြန်မာစစ်တပ်ဆီကို တိုက်ရိုက်ပေးချေတာမျိုး လုပ်နိုင်တယ်ဆိုတာမျိုး ပြည်တွင်းကရေနံလုပ်ငန်းလုပ်ကိုင်တဲ့စီးပွားရေးလုပ်ငန်းရှင်အချို့က ထောက်ပြပါတယ်။
‘‘ MOGE မဟုတ်တဲ့ Enterprise တစ်ခုခုနဲ့ပြောင်းပြီး စာချုပ်ချုပ်နိုင်တာလုပ်မလားပဲ။ သူတို့ကတော့ Third Party တတိယ ကြားခံအဖွဲ့အစည်းတစ်ခုခု လူပုဂ္ဂိုလ်တစ်ဦးနဲ့ဆက်လုပ်တဲ့နည်းလမ်းကိုရှာမှာပဲ။ တကယ်တမ်းတွက်ကြည့်ရင် နိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်တဲ့ MFTB နဲ့ MICB တို့ကိုဒဏ်ခတ်ပိတ်ဆို့လိုက်ကတည်းက MOGE က သေသွားပြီတောင်ပြောလို့ရတာပဲ’’ လို့ ပြည်တွင်းကရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေနဲ့ ပတ်သက်ရင် အကြံပေးလုပ်ကိုင်ခဲ့ဖူးသူ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
ထိုင်းအစိုးရပိုင် PTTEP အနေနဲ့ မြန်မာမှာရှိတဲ့သူ့ရဲ့လုပ်ကွက်တွေနဲ့ ထွက်ခွာသွားသူတွေရဲ့လုပ်ကွက်တွေကို ဆက်လက်ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ကြိုးစားနေတဲ့အကြောင်းအချက်ထဲမှာ သူ့ရဲ့ နိုင်ငံပိုင် ဧရာဝဏ် သဘာဝဓာတ်ငွေ့တွင်း တူးဖော်မှုကနေ သဘာဝဓာတ်ငွေ့ထွက်ရှိမှု လျော့ကျလာတာကို ရင်ဆိုင်နေရတာကြောင့် လည်းပါပါတယ်။
ဧရာဝဏ် သဘာဝဓာတ်ငွေ့တွင်း တူးဖော်မှုကို အမေရိကန်ရေနံကုမ္ပဏီ ချက်ဗရွန်ကနေ လက်လွှဲယူခဲ့တဲ့နောက် ဒီဓာတ်ငွေ့တွင်းက စွမ်းအင်မရတော့ သလောက်ဖြစ်နေတာလို့ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူ အကဲခတ်တွေက ထောက်ပြထားတာပါ။
PTTEP ရဲ့ အမှုဆောင်အရာရှိချုပ်ကတော့ “ကျွန်တော်တို့ မြန်မာမှာ လုပ်ငန်းထပ်တိုးချဲ့ နေတာ မဟုတ်ပါဘူး။ ထိုင်းနဲ့မြန်မာမှာ စွမ်းအင်လုံလောက်မှုရှိစေဖို့လုပ်နေတာဖြစ်ပါတယ်”လို့ ရိုက်တာသတင်းကို တုံ့ပြန်ထားဖူးပါတယ်။
PTTEP သက်တမ်းတိုးဖို့ရှိနေတဲ့ မြန်မာကစီမံကိန်း ၂ ခုရဲ့ ထုတ်လုပ်နိုင်စွမ်းက မြန်မာ့လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ ထိုင်းလျှပ်စစ် လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းနိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
PTTEP ဟာ မုတ္တမကမ်းလွန်လုပ်ကွက် M-3 နဲ့ M-9 လုပ်ပိုင်ခွင့်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာက ရရှိခဲ့ပြီး ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့လို့ အဲဒီအချိန်က အရပ်သားအစိုးရ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ကမ်းလွန်လုပ်ကွက် M3 နဲ့ M9 က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ကိုအသုံးပြုပြီး ကျိုက်လတ်ဒေသမှာ မဂ္ဂါဝပ် ၆၀၀ ဓာတ်အားပေးစက်ရုံစီမံကိန်းကို PTTEP က ဒေါ်လာနှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပါတယ်။
PTTEP ရဲ့ ရည်ရွယ်ချက်က သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်းကို အကောင်အထည် ဖော်ဖို့ဖြစ်ပြီး စျေးနှုန်းသက်သာတဲ့လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ဖို့ရည်ရွယ်ခဲ့တာကို အဲဒီအချိန်က အရပ်သားအစိုးရနဲ့ ကုမ္ပဏီဘက်ကပြောခဲ့ပါတယ်။
PTTEP ရဲ့ မုတ္တမကမ်းလွန်က အဲဒီလုပ်ကွက် နှစ်ခုဟာ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းစဉ်ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေအထိ ပါဝင်တဲ့ပေါင်းစပ်စီမံကိန်း အနေနဲ့ရှိခဲ့ပါတယ်။
PTTEP ကအဲဒီစီမံကိန်းကို ၂၀၂၂ ခုနှစ်မှာ အပြီးသတ်ရင်းနှီးမြှုပ်နှံမှုအထိ ရောက်ဖို့ဆုံးဖြတ်ခဲ့တာကြောင့်လည်း ၂၀၂၂ ခုနှစ် မြန်မာမှာ စစ်အာဏာသိမ်းထားချိန်မှာပဲ M-3 လုပ်ကွက်မှာ အောင်သင်္ခဖွံဖြိုး တိုးတက်ရေးစီမံကိန်းနဲ့ အကဲဖြတ်ရှာဖွေ တူးဖော်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာပါ။
M-3 ကမ်းလွန်လုပ်ကွက်မှာ PTTEP က အော်ပရေတာအဖြစ် ရှယ်ယာ ၈၀ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်နေပြီး ကျန်ရှိတဲ့ ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ မစ်ဆုအိ (MOECO) နုတ်ထွက်သွားခဲ့ပြီးနောက်ပိုင်းမှာ PTTEP က ရာနှုန်းပြည့်ပိုင်ဆိုင်သူအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းအစိုးရကျောထောက်နောက်ခံပြု စွမ်းအင်ကုမ္ပဏီ PTT ရဲ့ လက်အောက်ခံ မြန်မာပြည်လုပ်ငန်းခွဲ PTTEP International (PTTEPI) က မုတ္တမကမ်းလွန်မှာ တည်ရှိတဲ့ ‘ဇောတိက’သဘာဝဓာတ်ငွေ့တွင်း စီမံကိန်းအသစ်ကို ၂၀၂၃ခုနှစ်၊ ဧပြီမှာ ပြန်လည်စတင်ဖို့ စီစဉ်ခဲ့ပါတယ်။
ဇောတိက စီမံကိန်းဟာ ရန်ကုန်မြို့တောင်ဘက် ကီလိုမီတာ ၃၀ဝ ခန့်နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အနောက်ဘက် ကီလိုမီတာ ၃၀ဝ ခန့်အကွာမှာရှိပါတယ်။
ဒါပေမဲ့လက်ရှိ နိုင်ငံပိုင် ဘဏ် ၂ ခုနဲ့ ဝင်ငွေရနေတဲ့ MOGE တို့ဒဏ်ခတ်ပိတ်ဆို့ခံရမှုကြောင့် စစ်တပ်ရဲ့ ဝင်ငွေရလမ်းနဲ့ ငွေကြေးလွှဲပြောင်းမှုတွေအတွက် အကြီးမားဆုံးအကျပ်ရိုက်မှုတွေဖြစ်တယ်လို့ ပြည်တွင်းက စီးပွားရေးအကဲခတ်တစ်ဦးက ထောက်ပြပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ကိုမိုက်ကတော့ ‘‘MOGEနဲ့ပတ်သက်ရင် ပြည်သူကထိစရာမရှိဘူး။ အရင်ကတည်းက အဲဒီပိုက်ဆံတွေက မြန်မာပြည်ထဲရောက်တာမဟုတ်ဘူး။ နိုင်ငံခြားဘဏ်မှာဖွင့်ထားတဲ့ မြန်မာရဲ့နိုင်ငံပိုင်ဘဏ်ရဲ့ အကောင့်ထဲရောက်သွားတာ။ နိုင်ငံတကာနဲ့ ပေးရမယ့်ငွေကြေးတွေကို အဲဒီဘဏ်အကောင့်တွေကနေ ပေးချေတာပါ’’ လို့ ပြောပါတယ်။
သြစတြေးလျ၊ ကာတင်းတက္ကသိုလ် (Curtin University) စီးပွားရေးနှင့် ဥပဒေဌာနက တွဲဖက်ပါမောက္ခ ဒေါက်တာ ထွေးထွေးသိန်းကတော့ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုတွေဟာ ထိရောက်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပါဝင်မှုမရှိရင်တော့ လိုအပ်သလောက် ထိရောက်မှုမရှိနိုင်ဘူးလို့ ပြောပါတယ်။
‘‘မြန်မာပြည်မှာက တရားမဝင်လမ်းကြောင်းတွေကလည်းရှိတယ်။ နောက်ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေကလည်း အလုပ်လုပ်နေတုန်းပဲဆိုတော့ စစ်တပ်အတွက် အများကြီးပြတ်သွားလောက်အောင် တော့မရှိဘူး။ အနောက်နိုင်ငံတွေက ဒီလိုစီးပွားရေးပိတ်ဆို့ထားတယ်ဆိုတော့ အကျိုးအမြတ်က ရှိပါတယ်။ ဒါပေမဲ့အိမ်နီးချင်းနိုင်ငံတွေဝင်လာရင်ပိုရှိနိုင်ပါတယ်’’ လို့ ဒေါက်တာထွေးထွေးသိန်းက ပြောပါတယ်။
PTTEP အနေနဲ့ ဇောတိကဓာတ်ငွေ့တွင်း စီမံကိန်းကနေ ၂၀၁၉ ကနေ ၂၀၂၃ ခုနှစ်အထိ တစ်ရက်ကို ပျမ်းမျှဓာတ်ငွေ့ကုဗပေ ၃၂၄ သန်းထုတ်လုပ်မယ်လို့ အရင်ကပြောကြားထားပြီး ၂၀၂၄ ခုနှစ်မှာ တစ်ရက်ကို ကုဗပေသန်း ၄၀၀ အထိ တိုးမြှင့်ထုတ်လုပ်ဖို့ မျှော်မှန်းထားကြောင်း အစောပိုင်းသတင်းတွေအရသိရပါတယ်။
လက်ရှိမြန်မာမှာ အာဏာသိမ်းပြီးတဲ့နောက် မြန်မာရဲ့ကမ်းလွန်စွမ်းအင်ထုတ်လုပ်ငန်းတွေမှာ ထိုင်းအစိုးရပိုင် PTT နဲ့ တောင်ကိုရီးယားအခြေစိုက် POSCO တို့က ဆက်လက်လုပ်ကိုင်ဆဲဖြစ်ပါတယ်။
PTTEP က ရတနာနဲ့ဇောတိက စီမံကိန်း၊ ကိုရီးယား POSCO က ရခိုင်ကမ်းလွန်က ရွှေဓာတ်ငွေ့တွင်း စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရေနံလုပ်ငန်းစုကြီးတွေဖြစ်တဲ့ တိုတယ်နဲ့ ချက်ဗရွန်အပါအဝင် ဂျပန် Eneos Holding နဲ့ မလေးရှားက Petronas တို့ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်က သူ့တို့ရဲ့ လုပ်ငန်းတွေကနေ ထွက်ခွာပြီလို့ ကြေညာထားတာကြတာ တစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။
အဲဒီနေရာတွေမှာ PTTEP က ရဲတံခွန်ဓာတ်ငွေ့တွင်းစီမံကိန်းမှာ လုပ်ပိုင်ခွင့်တွေရရှိခဲ့သလို မြန်မာနိုင်ငံရဲ့ အကြီးဆုံးရတနာစီမံကိန်းကနေ ထွက်ခွာသွားတဲ့တိုတယ်စွမ်းအင်ရဲ့နေရာမှာ အော်ပရေတာအဖြစ် တာဝန်ယူထားပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း အမေရိကန်စွမ်းအင်ကုမ္ပဏီ ချက်ဗရွန်(Chevron)က မြန်မာနိုင်ငံထဲက သူ့ရဲ့လုပ်ငန်းတွေကို ချုပ်ကိုင်ထားဆဲရှိနေတယ်လို့ ပြီးခဲ့တဲ့ရက်ကပဲ သတင်းတွေထွက်ပေါ်ခဲ့တာပါ။
ချက်ဗရွန်က သူ့ရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ မြန်မာ့ကမ်းလွန်ဓာတ်ငွေ့တွင်း ရတနာစီမံကိန်းရဲ့ အစုရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းကို ကနေဒါနိုင်ငံအခြေစိုက် MTI Energy ကို ရောင်းချဖို့ သဘောတူခဲ့ပါတယ်။
ချက်ဗရွန်ရဲ့ပြောခွင့်ရသူကတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတစ်ချို့ကို ဆက်ထိန်းထားပြီး မြန်မာနိုင်ငံကနေထွက်ခွာဖို့ စနစ်တကျပြင်ဆင်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်အရဆိုရင် အမေရိကန်နိုင်ငံသားတွေအနေနဲ့ MOGE နဲ့ဆက်စပ်ပြီး တိုက်ရိုက်နည်းနဲ့ဖြစ်စေ၊ သွယ်ဝိုက်နည်းနဲ့ဖြစ်စေ ငွေကြေးနဲ့လုပ်ငန်း ချိတ်ဆက် ဆောင်ရွက်တာတွေကို ဟန့်တားလိုက်တာပါ။
နိုင်ငံပိုင်လုပ်ငန်း MOGE ဟာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း တူးဖော် ထုတ်လုပ် ဖြန့်ချိမှုမှာ ပါဝင်နေပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းရာချီနဲ့ မြန်မာစစ်တပ်အတွက် နိုင်ငံခြားဝင်ငွေရလမ်းအများဆုံးလုပ်ငန်းအဖြစ် ဆက်ရှိနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ပြောထားပါတယ်။
လက်ရှိမှာ အမေရိကန်နဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုပုံစံက လူထုတွေအပါအဝင်အားလုံးကို သက်ရောက်တဲ့ အလုံးစုံပိတ်ဆို့မှု(Comprehensive)မဟုတ်ဘဲ လူပုဂ္ဂိုလ်နဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပိတ်ဆို့မှု(Targeted )ကိုလုပ်နေတာဖြစ်ပါတယ်။
''စစ်တပ်ရဲ့ အကျိုးစီးပွားကိုပဲထိခိုက်စေဖို့အတွက် ပစ်မှတ်ထားပြီးပိတ်ဆို့တာဖြစ်ပါတယ်။ စစ်တပ်ကိုများများထိခိုက်စေဖို့သူ့အကျိုးအမြတ်ရှိမယ့်နေရာတွေကိုပစ်မှတ်ထားပိတ်ဆို့တာပါ'' လို့ ဒေါက်တာထွေးထွေးသိန်းကဖြည့်ပြောပါတယ်။
အခုပိတ်ဆို့မှုဟာ MOGE မှာ ဦးဆောင်နေတဲ့သူတွေအတွက် အရင်ကပိတ်ဆို့မှုအပေါ် ပိုပြီး သက်ရောက်မှုရှိစေမှာဖြစ်သလို ပြည်ပကနေ လက်နက်နဲ့ အခြားပစ္စည်းတွေ ဝယ်ယူရာနေတဲ့ မြန်မာစစ်တပ်အတွက် ဒေါ်လာငွေရလမ်းကို ပိုအကန့်အသတ်ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
‘‘ကျွန်တော်မြင်တာကတော့ အရင်ကတည်းကလည်းစစ်အစိုးရတွေလုပ်ခဲ့တာပဲ။ ဒီလမ်းတစ်လမ်းကို ပိတ်လိုက်ရင် နောက်လမ်းတစ်လမ်းကိုသူတို့ရှာမှာပဲ။ တစ်ဖက်ကလည်း ဓာတ်ငွေ့လိုတယ်။ တစ်ဖက်ကလည်း ငွေလိုတယ်။သူတို့နှစ်ဖက်ကလည်းသူတို့ထွက်ပေါက်အတွက် လမ်းတစ်လမ်းကို ရှာနေပါပြီ’’ လို့ နိုင်ငံခြားရေနံလုပ်ငန်းတွေကိုအကြံပေးနေတဲ့ ပြည်တွင်းကစီးပွားရေး အကြံပေးတစ်ဦးကပြောပါတယ်။










