အမေရိကန်က ပိတ်ဆို့လိုက်တဲ့ ဘဏ်နှစ်ခု ဘယ်လို ဆက်လည်ပတ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, MFTB
စစ်ကောင်စီရဲ့ နိုင်ငံခြားငွေအဓိက စီးဆင်းလည်ပတ်နေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က အရေးယူပိတ်ဆို့တာ ရက်သတ္တပတ် ၂ ပတ် ကျော်ရှိလာပါပြီ။
အမေရိကန်ရဲ့ ပိတ်ဆို့ကန့်သတ်မှုကြောင့် ဒီဘဏ်နှစ်ခုရဲ့ ဒေါ်လာ အဝင်အထွက်ဟာ လုံးဝ ရပ်တန့်သွားပြီလို့ ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းအရင်းအမြစ်တစ်ဦးက ဘီဘီစီ ကို အတည်ပြုပါတယ်။
‘’အမေရိကန်ဒေါ်လာကတော့ လုံးဝ အဝင်အထွက်မရှိတော့ဘူး။ ဒါပေမဲ့ တခြားနိုင်ငံခြားငွေအလွှဲအပြောင်းတွေတော့ ဆက်လုပ်နေတယ်’’ လို့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်က အရာထမ်းတစ်ဦးက ပြောပါတယ်။
ဒီဘဏ်နှစ်ခု နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ ပြည်ပဘဏ်တွေအနေနဲ့ အမေရိကန်နဲ့ မျက်နှာအပျက်ခံပြီး မြန်မာဘဏ်နှစ်ခု နဲ့ ဆက်အလုပ်လုပ်ဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဗဟိုဘဏ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။
ဒါ့အပြင် ဘီဘီစီရဲ့ စုံစမ်းမှုအရ ဒီဘဏ် ၂ ခု နဲ့ အလုပ်လုပ်နေတဲ့ စင်ကာပူက ဘဏ် ၂ ခုမှာ စစ်ကောင်စီရဲ့ ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်းကျင် ပိတ်မိနေတယ်လို့ လည်းသိရှိထားရပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနက ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က စင်ကာပူက ဘဏ်နှစ်ခုရဲ့ အမည်ကိုတော့ ထုတ်မပြောပါဘူး။
‘’ဒီငွေတွေကို ဘယ်လိုပြန်ထုတ်မလဲဆိုတာနဲ့ ပတ်သက်ပြီး သူတို့(စစ်ကောင်စီ) ခေါင်းခဲနေရတယ်’’ လို့ သူက ပြောပါတယ်။
အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ငွေအဝင်အထွက်ရှိတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေစာရင်းတွေကို အဲဒီဘဏ် နှစ်ခုကနေ အသုံးပြုနေတာပါ။
အဲဒီထဲမှာမှ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ ဝင်ငွေက အများဆုံးဖြစ်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, AJAY 6
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီ ကိုဆန့်ကျင်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု အဖွဲ့ ရဲ့ စာရင်းအရဆိုရင် အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍကနေ အမေရိကန် ဒေါ်လာ ၂ ဘီလျံ ကျော် ဝင်ငွေ ရထားတာပါ။
အမေရိကန်ရဲ့ အရေးယူပိတ်ဆို့ရတဲ့ အကြောင်းပြချက်ထဲမှာ စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူတဲ့နေရာမှာ ဒီ MFTB နဲ့ MICB က အခရာကျတဲ့ အဖွဲ့အစည်းတွေလို့ အမေရိကန်က ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးထုတ်ပြန်ခဲ့တဲ့ ‘သေမင်းတမန် ကုန်သွယ်မှု’ လို့ အမည်ရတဲ့ အစီရင်ခံစာမှာ လည်း ပြည်ပကနေ လက်နက်ဝယ်ယူတင်သွင်းမှုတွေကို အဲဒီဘဏ်နှစ်ခုပဲ အဓိက ငွေချေနေတဲ့အကြောင်းဖော်ပြထားပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူမှုကို ဒီဘဏ် ၂ ခု ကနေ ငွေပေးချေနေတာ မဟုတ်ဘူး လို့ ဘီဘီစီကို ပြောပါတယ်။
‘’စစ်လက်နက်ဝယ်ယူမှုနဲ့ ပတ်သက်ပြီး အဲဒီဘဏ်တွေကနေငွေပေးချေစရာအကြောင်းမရှိဘူး။ တခြားခိုင်မာတဲ့ ဆက်ဆံရေး နည်းလမ်းတွေနဲ့ ပေးချေနေတယ်’’ လို့ သူက ပြောပါတယ်။
MFTB နဲ့ MICB က ဝန်ထမ်းတချို့ကတော့ အခုလို ပိတ်ဆို့မှုလုပ်လာနိုင်တာကို မျှော်လင့်ထားလို့ ဌာနတွင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့တယ်လို့ ပြောပါတယ်။
‘’အမေရိကန်ဒေါ်လာတစ်ခုထဲ အားပြုနေရတဲ့ အခြေအနေကို လျှော့ချခိုင်းထားတာပါ’’ လို့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်က အရာထမ်း က ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ တရုတ်ငွေကြေး ယွမ်၊ ထိုင်းငွေကြေး ဘတ်၊ အိန္ဒိယ ငွေကြေး ရူပီး၊ ရုရှားငွေကြေး ရူဘယ် တို့နဲ့ တိုက်ရိုက်ပေးချေဖို့ နည်းလမ်းတွေရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အမေရိကန်ဒေါ်လာလို ကမ္ဘာသုံးငွေကြေး ပိတ်ဆို့ခံရတာဖြစ်လို့ စစ်ကောင်စီတွေးထားသလောက်လွယ်မနေဘူး လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။
ပြည်တွင်းမှာ နိုင်ငံခြားငွေလည်ပတ်ဖို့ရှားပါးတာ နဲ့ ကုန်စျေးနှုန်းတက်တာတွေအထိ အောက်ခြေလူထုကိုလည်း သက်ရောက်မယ်လို့ ဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MICB
စစ်ကောင်စီအနေနဲ့ သူယုံကြည်တဲ့ ပုဂ္ဂလိကဘဏ်တွေမှာ အမည်ဝှက်တွေနဲ့ နိုင်ငံခြားငွေစာရင်း ပြောင်းဖွင့်တာမျိုးအပြင် နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ လည်း ငွေစာရင်းတွေ ဖွင့်လှစ်နိုင်တယ်လို့ သုံးသပ်ချက်တွေရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရတုန်းကလည်း အမေရိကန်ရဲ့ပိတ်ဆို့မှုကို ခံခဲ့ရဖူးပြီး တရုတ်ရဲ့အကူအညီနဲ့ ကျော်ဖြတ်ခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာလည်း အမေရိကန်ရဲ့ပိတ်ဆို့မှုဟာ စစ်ကောင်စီကို တရုတ်၊ရုရှားတို့နဲ့ နီးသထက် နီးကပ်သွားစေလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြတာပါ။








