မြန်မာစစ်တပ်ကို ဘယ်သူတွေ လက်နက်ရောင်းနေလဲ

မြန်မာစစ်တပ်ကပိုင်ဆိုင်တဲ့ တိုက်လေယာဉ် နှစ်စင်း

ဓာတ်ပုံ ရင်းမြစ်, CINCDS

နှစ်နှစ်ကျော်အတွင်း မြန်မာစစ်တပ်ဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံထက်မနည်း စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူခဲ့ရာမှာ ရုရှား၊တရုတ် နဲ့ စင်္ကာပူ တို့ဆီက အများဆုံးဖြစ်ပြီး အဲဒီနိုင်ငံတွေနောက်မှာ အိန္ဒိယ နဲ့ ထိုင်း က အစဉ်လိုက် ရပ်တည်နေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ပြည်ပကနေ လက်နက်ဝယ်ယူတင်သွင်းမှုတွေကို ‘သေမင်းတမန် ကုန်သွယ်မှု’ လို့ အမည်ရတဲ့ အစီရင်ခံစာမှာဖော်ပြထားတာဖြစ်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူး က မေလလယ်မှာ ထုတ်ပြန်ခဲ့တာပါ။

ဝယ်ယူထားတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ တိုက်လေယာဉ်တွေအများဆုံးပါဝင်ပြီး လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ သုံးခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ကို လက်နက်တွေစီးဆင်းနေတာ ရပ်တန့်ဖို့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ဖို့ မစ္စတာ အင်ဒရူး က တိုက်တွန်းထားပါတယ်။

တိုက်လေယာဉ်တွေအများဆုံးဝယ်ယူ

ပြီးခဲ့တဲ့ဒီဇင်ဘာလမှာပြသခဲ့တဲ့ တိုက်လေယာဉ်အသစ်တွေ

ဓာတ်ပုံ ရင်းမြစ်, MWD

‌အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးအထူးကောင်းမွန်နေတဲ့ ရုရှားက လက်နက်အများဆုံးရောင်းချထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၀၆ သန်းဖိုးအထိ ရောင်းချထားတာပါ။

နှစ်နှစ်ကျော်အတွင်း လက်နက်ကုန်သွယ်မှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းအထိ ကို ရုရှားတစ်နိုင်ငံတည်းနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး တိုက်လေယာဉ်တွေ အများဆုံးဝယ်ယူထားတာတွေ့ရပါတယ်။

ရုရှားရဲ့ နောက်ဆုံးမျိုးဆက် SU-30 တိုက်လေယာဉ်တွေအပါအဝင် Yak-130 တိုက်လေယာဉ်၊ MiG-29 တိုက်လေယာဉ် နဲ့ Mi-2 ရဟတ်ယာဉ် ကိုဝယ်ယူခဲ့ပါတယ်။

ဘီဘီစီ ရဲ့ သီးခြားစုံစမ်းမှုအရ မြန်မာစစ်တပ်ဟာ SU-30 တိုက်လေယာဉ်ကို ၁၂ စင်းအထိ မှာယူထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရုရှားဆီကနေ စစ်တပ်သုံးလေယာဉ်အပိုပစ္စည်းတွေ၊ ထောက်လှမ်းရေးဒရုန်းတွေ၊ဝေဟင်မှမြေပြင်ပစ် ဒုံးတွေနဲ့ စစ်သုံးထရပ်ကားတွေ ဝယ်ယူခဲ့ပါတယ်။

တိုက်လေယာဉ်တွေ နဲ့ ဖော်ပြပါစစ်သုံးလက်နက်တွေကို ရုရှားဆီကနေ ၃၇၃ သန်းအထိ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့ ၃၃ သန်းဖိုးကိုပဲ အရပ်ဘက်ရောစစ်ဘက်ပါအသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ကို ရုရှားနိုင်ငံက အဖွဲ့အစည်း ၂၈ ခု က တင်သွင်းခဲ့တာဖြစ်ပြီး Rosoboronexport ကုမ္ပဏီတစ်ခုထဲက ဒေါ်လာသန်း နှစ်ရာ ကျော်ဖိုးအထိ အများဆုံးတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

Su 30၊ KA 28 နဲ့ FTC 2000 G လေယာဥ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ မြန်မာလေတပ်က ပထမဆုံးပိုင်ဆိုင်ခဲ့တဲ့ အမျိုးအစားတွေဖြစ်ပြီး ၇၅ နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ ထုတ်ပြခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်နိုင်ငံက မြန်မာစစ်တပ်ကို အမေရိကန်ဒေါ်လာ ၂၆၇ သန်းဖိုး တင်သွင်းခဲ့ပြီး FTC-2000G တိုက်လေယာဥ်တွေအပါအဝင် လက်နက်ခဲယမ်းကုန်ကြမ်းနဲ့ အပိုပစ္စည်းတွေ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကြည်းတပ်အတွက် တင့်ကားတွေအဆင့်မြှင့်တင်ခဲ့ပြီး ရေတပ်အတွက်လည်း စစ်သုံးပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။

တရုတ်ဆီက စစ်လက်နက်တွေကို ဒေါ်လာ ၁၃၅ သန်းဖိုး ဝယ်ခဲ့တာဖြစ်ပြီး ကျန်တဲ့သန်းတစ်ရာကျော်ဖိုးကို စစ်ဘက်အခြေခံအဆောက်အအုံတွေ၊ အရပ်ဘက်ရောစစ်ဘက်ပါအသုံးပြုနိုင်တဲ့ ပစ္စည်းတွေ နဲ့ ကုန်ကြမ်းတွေအတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ကုမ္ပဏီ၊အဖွဲ့အစည်း ၄၁ ခုက မြန်မာစစ်တပ်ကိုတင်သွင်းခဲ့တာဖြစ်ပြီး ဟောင်ကောင်က ကုမ္ပဏီတွေပါ ပါဝင်နေတာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံကတော့ မြန်မာစစ်တပ်ကို ဒေါ်လာသန်း နှစ်ရာကျော်ဖိုး လက်နက်တင်သွင်းခဲ့ပေမယ့် တင်သွင်းတဲ့ ကုမ္ပဏီ၊အဖွဲ့အစည်းက ၁၃၈ ခုအထိ ဖြစ်နေတာပါ။

စင်္ကာပူဟာ မြန်မာနိုင်ငံထဲကို ဝင်ရောက်မယ့် စစ်လက်နက်ဆိုင်ရာ အပိုပစ္စည်းတွေ၊ကုန်ကြမ်းတွေ နဲ့ ထုတ်လုပ်ရေးဆိုင်ရာပစ္စည်းတွေ ရဲ့ တစ်ထောက်နားရာနေရာဖြစ်ပြီး ဒီပစ္စည်းတွေဟာ ကပစ လို့ လူသိများတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ တွေ ဆက်လက်လည်ပတ်ရေးအတွက် အရေးကြီးပါတယ်။

ဒီလက်နက်တွေတင်ပို့မှုတွေအတွက် ဒေါ်လာသန်းနဲ့ချီတဲ့ပေးချေမှုတွေကို စင်္ကာပူဘဏ်တွေကနေ ဖြတ်ခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စင်္ကာပူက ကုမ္ပဏီတွေကနေ မြန်မာစစ်တပ်ကို စစ်သုံးလေယာဉ်အပိုပစ္စည်းတွေအပါအဝင် စစ်လက်နက်အပိုပစ္စည်းတွေ၊ အရပ်ဘက်ရောစစ်ဘက်ပါအသုံးပြုနိုင်တဲ့ ပစ္စည်းတွေ နဲ့ ထုတ်လုပ်ရေးဆိုင်ရာ ကုန်ကြမ်းတွေကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ နဲ့ လက်နက်ကုန်သွယ်မှုက ဒေါ်လာ ၅၁ သန်းပဲ ရှိပြီး ထိုင်း နိုင်ငံကတော့ ဒေါ်လာ ၂၈ သန်းပဲရှိလို့ ရုရှား၊တရုတ်နဲ့ စင်္ကာပူတို့ထက်စာရင် များစွာလျော့နည်းနေသေးတာ ဖြစ်ပါတယ်။

ဘယ်လိုသက်ရောက်ခဲ့လဲ

စစ်ဘက်သုံးရဟတ်ယာဉ်တစ်စီး

ဓာတ်ပုံ ရင်းမြစ်, CINCDS

လူပေါင်း ရာဂဏန်းသေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ ရုရှားထုတ် Yak-130 တိုက်လေယာဥ်ကို အသုံးပြုသွားတဲ့အကြောင်း အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ သူတို့အဓိက အားထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ရုရှားထုတ်လေယာဉ်တွေကိုပဲအသုံးပြုနေတာတွေ့ရတယ်လို့ အစီရင်ခံစာကဆိုပါတယ်။

Mi-35၊ Mi-17၊ MiG-29 နဲ့ Yak-130 တိုက်လေယာဉ်တွေ အသုံးပြုခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကိုင်း၊ကချင်၊ကရင်၊ချင်း၊မွန် နဲ့ ရှမ်းပြည်နယ် တို့မှာ ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကို ရိုက်ကူးထားတဲ့ ရုပ်သံတွေမှာ တရုတ်ထုတ် တိုက်လေယာဉ်တွေကို အသုံးပြုတာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာက တရုတ်ထုတ် FTC-2000G တွေကို မြန်မာစစ်တပ်ဆီ ထပ်လွှဲပေးလိုက်လို့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုမိုအသုံးပြုလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၁၄၂၀ ကျော် အထိ ပြုလုပ်ထားပြီး သေဆုံးသူ ၆၃၀ ကျော်ရှိခဲ့တယ် လို့ အရပ်ဘက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် က မေလ နောက်ဆုံးအပတ်မှာ ထုတ်ပြန်ထားပါတယ်။

လေကြောင်းနဲ့ အများဆုံးတိုက်ခိုက်ခံရတဲ့ မြို့နယ်ကတော့ ကရင်ပြည်နယ်ထဲက မြဝတီမြို့နယ်ဖြစ်ပြီး ၁၆၄ ကြိမ် အထိ ရှိခဲ့ပါတယ်။

ဒုတိယအများဆုံးက ကယားပြည်နယ်၊ ဒီးမော့ဆိုဖြစ်ပြီး ၁၀၉ ကြိမ် အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီနောက်မှာ ဖာပွန်မှာ ၆၁ ကြိမ် နဲ့ ဖားကန့် မှာ ၅၇ ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့ လူအသေအပျောက်အများဆုံး ရှိခဲ့တဲ့ နေရာကတော့ စစ်ကိုင်းတိုင်း ကန့်ဘလူက လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပြီး လူပေါင်း ၁၈၈ ဦးသေဆုံးခဲ့တယ်လို့ စာရင်းပြုစုဖော်ပြပါတယ်။

၂၀၂၃ ခုနှစ် ပထမ ၄ လပတ် အတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူအရေအတွက်ဟာ ၂၉၂ ဦးအထိရှိခဲ့ပါတယ်။

ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူစုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးဟာ ပြီးခဲ့တဲ့ ၄ လအတွင်း က တိုက်ခိုက်မှု တွေကြောင့် သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်

စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခု

ဓာတ်ပုံ ရင်းမြစ်, CINCDS

မြန်မာစစ်တပ်ကို လက်နက်တွေဆက်လက်မစီးဆင်းစေဖို့ အစီရင်ခံစာတင်သွင်းသူ မစ္စတာတွမ်အင်ဒရူးက နိုင်ငံတစ်ခုချင်းစီ အလိုက် အကြံပြုချက်တွေ ပေးသွားခဲ့ပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့နေတာတွေကို ရပ်ဆိုင်းလိုက်ဖို့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကို မစ္စတာအင်ဒရူးက တိုက်တွန်းထားပါတယ်။

အာဆီယံနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူနဲ့ ထိုင်း ကို သူတို့ကို အသုံးချနေတဲ့ လက်နက်ကုန်သွယ်မှုကွန်ရက်တွေကို ပိတ်ဖို့ ပြောပါတယ်။

စင်္ကာပူ၊ဂျပန်၊တောင်ကိုရီးယား နဲ့ နယူဇီလန် တို့ဟာ ရုရှား-ယူကရိန်းအရေးမှာ ပိတ်ဆို့မှုတွေ လုပ်ခဲ့ကြပေမယ့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး မလုပ်ဆောင်ခဲ့ဘူး လို့ တွမ်အင်ဒရူးက ထောက်ပြပါတယ်။

ဒါကြောင့် အဲဒီနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ကုန်သွယ်မှုကို ချက်ချင်းပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို လက်နက်မရောင်းဖို့၊ ပိတ်ဆိုအရေးယူမှုတွေလုပ်ဖို့ နဲ့ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကိုပါ ပစ်မှတ်ထားဖို့ ကို ဗျူဟာမြောက် ချဉ်းကပ်ကြဖို့ အကြံပြုထားပါတယ်။

စစ်ကောင်စီရဲ့ အဓိက နိုင်ငံခြားဝင်ငွေရလမ်းဖြစ်တဲ့ မြန်မာ့ရေနံ နဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ကို အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းပါတယ်။

အလားတူ စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူရေးမှာ နိုင်ငံခြားငွေအဓိကပေးချေတဲ့နေရာဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကိုပါ ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ သူ့ရဲ့ တာဝန် နဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးဖို့ မစ္စတာ တွမ်အင်ဒရူးကပြောပါတယ်။

မြန်မာစစ်တပ်ကို လေယာဉ်ဆီအပါအဝင် လက်နက်ခဲယမ်း နဲ့ စစ်ဘက်သုံးပစ္စည်းတွေ ထောက်ပံ့ရောင်းချပေးနေတာကို တားမြစ်ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

မကြာသေးမီက ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ ကျင်းပခဲ့တဲ့ G7 စက်မှုထိပ်သီးညီလာခံမှာ အပြီးထုတ်ပြန်ကြေညာချက်မှာလည်း မြန်မာနိုင်ငံကို လက်နက်စီးဆင်းနေတာကိုတားဆီးဖို့ နိုင်ငံအားလုံးကို တောင်းဆိုထားတာကို ထပ်လောင်းထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့လုံခြုံရေးဆိုင်ရာလေ့လာစောင့်ကြည့်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ကတော့ ဒီတောင်းဆိုချက်တွေအပေါ် စစ်တပ်ကိုလက်နက်အဓိကတင်ပို့နေတဲ့ နိုင်ငံတွေအနေနဲ့ လိုက်နာပါ့မလားဆိုတဲ့အပေါ် သံသယ ရှိနေကြပါတယ်။

ကာကွယ်ရေးအသုံးစရိတ် အမြင့်ဆုံးသုံးနေဆဲ

တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, Getty Images

စစ်တပ်က အာဏာမသိမ်းခင်ကတည်းက မြန်မာနိုင်ငံမှာ ကာကွယ်ရေးဘတ်ဂျတ်ကို နှစ်စဉ်လိုလိုအများဆုံး သုံးခဲ့တာဖြစ်ပါတယ်။

လက်ရှိဘတ်ဂျတ်နှစ်မှာလည်း ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ သုံးစွဲဖို့ စစ်ကောင်စီက ခွင့်ပြုပေးထားပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း စံချိန်တင် ကာကွယ်ရေးအသုံးစရိတ်လည်း ဖြစ်ပါတယ်။

ဗဟိုဘဏ်စျေး အမေရိကန် တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ တွက်ရင် လက်ရှိဘတ်ဂျတ်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲကျော် သုံးစွဲမှာ ဖြစ်ပါတယ်။

ကာကွယ်ရေးအသုံးစရိတ်မှာ လစာငွေ နဲ့ တည်ဆောက်ရေးလုပ်ငန်းတွေအပါအဝင် အခြား အထွေထွေအသုံးစရိတ်တွေပါဝင်လို့ စစ်လက်နက်ဝယ်ယူရေး တစ်ခုထဲအတွက် သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ မစ္စတာအင်ဒရူးတင်ပြတဲ့ အာဏာသိမ်းပြီးနောက် စစ်လက်နက်ဝယ်ယူမှုအသုံးစရိတ်ဟာ အာဏာသိမ်းပြီးတဲ့နောက် ကာကွယ်ရေးဘတ်ဂျတ် ရဲ့ တစ်ဝက်နီးပါးလောက်ကို ရှိနေတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ဖွဲ့စည်းပုံက အင်အားလျော့နည်းလာတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်ဟာ စစ်တပ်ကို ခေတ်မီအောင်လုပ်ဖို့ အစီအစဉ်တစ်ခုကို အာဏာမသိမ်းခင်ကတည်းက စလုပ်ခဲ့ရတယ်လို့ မေလက ထုတ်ပြန်တဲ့ သူ့ရဲ့ စာတမ်းမှာ ထည့်သွင်းရေးသားထားပါတယ်။

အဲဒီအစီအစဉ်ကတော့ ကျဆင်းနေတဲ့ စစ်အင်အားကို ကာမိဖို့ လေတပ် နဲ့ စက်ယန္တရားတွေကို မြှင့်တင်ခဲ့ရတာလို့ ဦးရဲမျိုးဟိန်း က ရေးသားပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဟာ တစ်စတစ်စအားကောင်းလာနေလို့ စစ်တပ်က လေကြောင်းက အဓိက ထား တိုက်ခိုက်နေရပါတယ်။

ကာကွယ်ရေးအသုံးစရိတ်ကိုလည်း အမြင့်ဆုံးသုံးစွဲထားတဲ့အတွက် မြန်မာစစ်တပ်အနေနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဆက်လက်ဝယ်ယူနေမယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူးလို့ စစ်ဘက်လေ့လာစောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။