အီရန်ကို အမေရိကန်-အစ္စရေးစစ်ဆင်မှု ဘာတွေသိထားသင့်သလဲ

အမေရိကန်သမ္မတထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီရန်အစိုးရတပ်တွေ လက်နက်ချဖို့ ထရမ့်တိုက်တွန်း
ဖတ်ရန်အချိန်: မိနစ် ၈

အမေရိကန်နဲ့အစ္စရေးစစ်တပ်တွေ အီရန်ကို တိုက်ခိုက်နေကြပြီဖြစ်ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က "အကြီးစား စစ်ဆင်ရေးတွေ" ဆက်လက်လုပ်ဆောင်နေကြောင်း ပြောပြီး အီရန်အစိုးရတပ်တွေ လက်နက်ချဖို့ တိုက်တွန်းထားပါတယ်။

အစောပိုင်းမှာလည်း အစ္စရေးကာကွယ်ရေးဝန်ကြီးက အစ္စရေးဟာ အီရန်ကို ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။ အီရန်နိုင်ငံတစ်ဝန်း ပေါက်ကွဲသံတွေ တနေကုန်ကြားနေခဲ့ရပါတယ်။

အီရန်ရဲ့ နျူကလီးယားစီမံကိန်းနဲ့ပတ်သက်လို့ စေ့စပ်တလှည့် ခြိမ်းခြောက်တလှည့်လုပ်ပြီးနောက် အခုလို စစ်ရေးတိုက်ခိုက်မှုရှိလာခဲ့တာပဲဖြစ်ပါတယ်။

အမေရိကန်-အစ္စရေးတို့ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်မှုနဲ့ပတ်သက်လို့ သိရှိထားတဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။

အီရန်မှာ ဘာတွေဖြစ်နေလဲ

တီဟီရန်ကထွက်ခွာဖို့ပြင်နေတဲ့ ကားတန်းရှည်ကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တီဟီရန်ကထွက်ခွာဖို့ပြင်နေတဲ့ ကားတန်းရှည်ကြီး

ဖေဖော်ဝါရီ ၂၈ ရက် တီဟီရန်စံတော်ချိန် ၉ နာရီ ၃၀ မိနစ် ရောက်ပြီးနောက် မကြာမီမှာ အီရန်မီဒီယာက မြို့တော်တွင်း ပေါက်ကွဲမှုတွေရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

မြို့တော်ရဲ့ ဂျွမ်ဟိုရီရင်ပြင်နဲ့ ဟက်ဆန် အာဘတ်ရင်ပြင်တို့ကနေ မီးခိုးတွေထွက်နေပုံတွေကို ဘီဘီစီက မြင်တွေ့ခဲ့ရပါတယ်။

အီရန်နိုင်ငံတစ်ဝန်းက အစ်ဖာဟန်၊ ကွမ်၊ ကာရာ၊ ကာမန်ရှား အပါအဝင် မြို့အများအပြားမှာ ပေါက်ကွဲသံတွေ ကြားနေခဲ့ရပါတယ်။ အခုအချိန်အထိတော့ သေဆုံး၊ဒဏ်ရာရရှိသူ ဦးရေကို မသိရသေးပါဘူး။

တိုက်ခိုက်မှုဖြစ်ပွားချိန်ကစလို့ အီရန်ရဲ့ လေပိုင်နက်ကို ပိတ်ထားတယ်လို့ တာစ်နင်သတင်းဌာနက ဖော်ပြထားပါတယ်။

အီရန်မှာ အင်တာနက်လည်း လုံးဝနီးပါး ပြတ်တောက်နေပါတယ်။

အစ္စရေးနိုင်ငံစံတော်ချိန် ၈ နာရီ ၁၅ မှာတော့ အစ္စရေးနိုင်ငံတစ်ဝန်း အရေးပေါ်အချက်ပေးသံတွေကို ကြားနေရပြီး အီရန်ဘက်က ဒုံးကျည်နဲ့ လက်စားချေပစ်ခတ်နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။

လူစုလူဝေးမလုပ်ဖို့နဲ့ အရေးမကြီးရင် အလုပ်နဲ့ ကျောင်းကို မသွားကြဖို့ တိုက်တွန်းထားပါတယ်။ သတိပေးချက်ဟာ တနင်္လာနေ့ ည ၈ နာရီအထိ သက်ရောက်မှုရှိနေမှာပါ။

အစ္စရေးလေပိုင်နက်မှာ အရပ်ဘက်လေယာဉ်တွေ ပျံသန်းခွင့်ပိတ်ထားတယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးဘာပြောလဲ

အစ္စရေးနိုင်ငံတစ်ဝန်း အမြဲတမ်းအရေးပေါ်အခြေအနေ ထုတ်ပြန်ထားလို့ စုဝေးနေကြတဲ့ ပြည်သူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးနိုင်ငံတစ်ဝန်း အမြဲတမ်းအရေးပေါ်အခြေအနေ ထုတ်ပြန်ထား

အမေရိကန်ပါဝင်မှုနဲ့ပတ်သက်လို့ ဒေါ်နယ်ထရမ့်က လူမှုမီဒီယာ Truth မှာ ရုပ်သံတစ်ခုတင်ပြီး အတည်ပြုထားပါတယ်။

"အမေရိကန်စစ်တပ်ဟာ အီရန်မှာ ကြီးမားတဲ့ စစ်ဆင်ရေးတွေ စတင်လုပ်ဆောင်နေတယ်" လို့ သူက ဆိုထားပါတယ်။

"ကျွန်တော်တို့ ရည်မှန်းချက်ကတော့ အီရန်အစိုးရကပေးနိုင်တဲ့ အန္တရာယ်တွေကနေ အမေရိကန်ပြည်သူတွေကို ကာကွယ်ပေးဖို့ပဲဖြစ်တယ်" လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အီရန် နျူကလီးယား လက်နက်မရရှိစေဖို့ အမေရိကန်ပြည်ထောင်စုက ရည်မှန်းထားတယ်လို့လည်း သူက ပြောထားပါတယ်။

အီရန်ပြည်သူတွေ ဗုံးခိုကျင်းတွေထဲမှာပဲနေထိုင်ပြီး နေအိမ်ကနေ မထွက်ကြဖို့ ထရမ့်က တိုက်တွန်းထားပါတယ်။

"ကျွန်တော်တို့တိုက်ခိုက်တာပြီးတဲ့အခါ ခင်ဗျားတို့ရဲ့ အစိုးရဆီကို သိမ်းပိုက်ပါ၊ ဒါဟာ ခင်ဗျားတို့ လုပ်ရမယ့်အရာ ဖြစ်ပါတယ်၊ မျိုးဆက်များစွာအတွင်း ဒါဟာ တစ်ခုတည်းသော အခွင့်အရေးဖြစ်ပါလိမ့်မယ်" လို့ ထရမ့်က ပြောထားပါတယ်။

ဗုံးခိုကျင်းထဲ ဝင်နေကြတဲ့ အစ္စရေးပြည်သူတချို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗုံးခိုကျင်းထဲ ဝင်နေကြတဲ့ အစ္စရေးပြည်သူတချို့

အီရန်ပြည်သူတွေအနေနဲ့ "အနိုင်ကျင့်ဗိုလ်ကျခံရမှုကို ဖယ်ရှားပြီး လွတ်လပ် ငြိမ်းချမ်းတဲ့ အီရန်နိုင်ငံဖြစ်လာရေးဆောင်ကြဥ်းကြပါ" လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကလည်းတောင်းဆိုထားပါတယ်။

အီရန်ဟာ" လူသားမျိုးနွယ်တစ်ခုလုံးက ခြိမ်းခြောက်နိုင်တဲ့ နျူလက်နက်မရစေရဘူး" လို့ နေတန်ညာဟုက ပြောပြီး ထရမ့်ကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ ပူးပေါင်းစစ်ဆင်ရေးကြောင့် သတ္တိရှိတဲ့ အီရန်ပြည်သူတွေဟာ သူတို့ကြမ္မာကို သူတို့လက်ထဲထည့်ထားနိုင်မယ့် အခြေအနေတွေရှိလာတော့မှာဖြစ်ပါတယ်" လို့ သူက ပြောခဲ့ပါတယ်။

အစ္စရေးပြည်သူတွေအနေနဲ့ အာဏာပိုင်တွေရဲ့ လမ်းညွှန်မှုကို လိုက်နာကြဖို့ သူက အကြံပြုထားပါတယ်။

အစ္စရေးနိုင်ငံတစ်ဝန်း အမြဲတမ်းအရေးပေါ်အခြေအနေ ထုတ်ပြန်ထားကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက အစောပိုင်းမှာ ကြေညာထားပါတယ်။

အီရန်တုံ့ပြန်မှု

ဘာရိန်းမှာရှိတဲ့ အမှတ် ၅ အမေရိကန်ရေတပ်စခန်း ဒုံးကျည် ထိမှန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘာရိန်းမှာရှိတဲ့ အမှတ် ၅ အမေရိကန်ရေတပ်စခန်း ဒုံးကျည် ထိမှန်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အီရန်ရဲ့ တုံ့ပြန်မှုကြောင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကာတာ၊ ဘာရိန်းနဲ့ ကူဝိတ်တို့မှာလည်း ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်။

ဒေသတွင်းမှာ အကြီးဆုံး အမေရိကန်စစ်စခန်းရှိတဲ့ အယ်လ်အူဒေးလေတပ်စခန်းကို ပစ်မှတ်ထားပုံရတဲ့ ဒုံးကျည်အများအပြားကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ကာတာကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ပေါက်ကွဲသံတွေကိုလည်း ကြားရတယ်လို့ ဒိုဟာက ဘီဘီစီသတင်းထောက်က ပြောပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုမရှိဘူး လို့ ကာတာပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကာတာက ပြည်သူတွေ အိမ်မှာပဲနေဖို့ ဖုန်းကနေ အရေးပေါ်သတိပေးချက်တွေပို့ထားပါတယ်။

အမှတ် ၅ အမေရိကန်ရေတပ်စခန်းကို ဒုံးကျည် ထိမှန်ခဲ့တယ်လို့ ဘာရိန်းနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ ထိခိုက်မှုဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

အီရန် တိုက်ခိုက်ခံရမယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်မယ်လို့ အီရန်က ကြွေးကြော်ထားပြီးဖြစ်ပါတယ်။

ယူအေအီးရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကလည်း အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ချနေရတယ်လို့ ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ဒုံးကျည်အပိုင်းအစတချို့ အဘူဒါဘီမြို့က လူနေရပ်ကွက်တစ်ခုပေါ် ကျရောက်သွားခဲ့ပြီးလူတစ်ဦးထိခိုက်သေဆုံးသွားခဲ့ပါတယ်။

ယူအေအီးအစိုးရကတော့ ဒီတိုက်ခိုက်မှုကို အန္တရာယ်ရှိတဲ့ ရန်စမှုလို့ ရှုတ်ချလိုက်ပြီးပြန်လည်တုံ့ပြန်ဖို့ အပြည့်အဝ အခွင့်အရေးရှိတယ်လို့ ပြောပါတယ်။

အမေရိကန်လေတပ်ဟာ ယူအေအီးလေတပ်နဲ့အတူ အဘူဒါဘီတောင်ပိုင်း အယ်လ် ဒါဖရာ လေတပ်စခန်းကနေ လေယာဉ်တွေ ထွက်ခွာပြီး အီရန်ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေ ဘာပြောလဲ

တီဟီရန်က ပေါက်ကွဲမှုတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တီဟီရန်က ပေါက်ကွဲမှုတွေ

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကိုတိုက်ခိုက်ပြီး အီရန်က တုံ့ပြန်တဲ့အခါ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေက ဒီလုပ်ရပ်တွေနဲ့ပတ်သက်လို့ မှတ်ချက်ပေးလာကြပါတယ်။

အီရန်အစိုးရနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂဟာ ကျယ်ပြန့်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့အကြောင်း ဥရောပကော်မရှင်အကြီးအကဲ အာဆူလာ ဗွန် ဒါလိုင်ယန်က ပြောပါတယ်။

"သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့၊ အရပ်သားတွေကို မထိခိုက်စေဖို့နဲ့ နိုင်ငံတကာဥပဒေတွေကို အပြည့်အဝလေးစားလိုက်နာဖို့ တိုက်တွန်းလိုပါတယ်" လို့ သူကပြောပါတယ်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီရဲ့ ရုံးကတော့ အီရန်အရပ်သားတွေနဲ့ ညီညွတ်စွာရပ်တည်ကြောင်းပြောဆိုပြီး နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာအခွင့်အရေးတွေကို လေးစားလိုက်နာဖို့ ဆက်လက်တောင်းဆိုကြောင်း ပြောပါတယ်။

တင်းမာမှုတွေ လျှော့ချနိုင်ဖို့အတွက် မယ်လိုနီဟာ မဟာမိတ်တွေ၊ ဒေသဆိုင်ရာခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးက ဆက်လက်ထုတ်ပြန်ထားပါတယ်။

ကလေးနှစ်ဦးကိုချီပြီးဘေးလွတ်ရာပြေးနေတဲ့ ဖခင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပိုမိုကျယ်ပြန့်တဲ့ ဒေသလုံးဆိုင်ရာ ပဋိပက္ခကို ဦးတည်မသွားဖို့ ဗြိတိန်လိုလား

ဖိနှိပ်မှုကို ဆန့်ကျင်ရာမှာ ရဲရင့်တဲ့ အီရန်ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး အီရန် နျူလက်နက်မရရှိရေး အမေရိကန်ရဲ့အားထုတ်ကြိုးပမ်းမှုကို ထောက်ခံကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီဆီက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လုပ်ရပ်ဟာ အဆင်အခြင်မဲ့ပြီး နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

"နိုင်ငံရေးနဲ့ သံတမန်ရေးအဖြေရှာမှုတွေဆီ ပြန်သွားဖို့ တောင်းဆိုပါတယ်" လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပိုမိုကျယ်ပြန့်တဲ့ ဒေသလုံးဆိုင်ရာ ပဋိပက္ခကို ဦးတည်သွားမယ့် နောက်ထပ်ထိပ်တိုက်ဆုံမှုတွေကို မမြင်ချင်ဘူး လို့ ဗြိတိန်အစိုးရရဲ့ပြောခွင့်ရှိသူက အစောပိုင်းမှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဗြိတိန်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အသင့်ရှိတယ်လို့လည်း ပြောခွင့်ရှိသူက ပြောပါတယ်။