အာဖဂန်မှသည် အီရန်အထိ - အမေရိကန် စစ်ရေး စွက်ဖက်မှုက အလုပ်ဖြစ်သလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
နော်ဘတ်တို ပရေးဒတ်စ်
ဘီဘီစီ သတင်း၊ မွန်ဒို
အရင် အမေရိကန် သမ္မတတွေလက်ထက်မှာ သုံးခဲ့ကြတဲ့ စစ်ရေးအရ စွက်ဖက်တဲ့ ပေါ်လစီတွေကို သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ မေလကပဲ မျက်မှောင်ကျုံ့ပြီး ဝေဖန်ခဲ့ပါတယ်။
သူက ၂၀၀၃ မှာ အီရတ်ကို ဝင်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ဥပမာကို ပြပြီး "အဆုံးကျတော့ နိုင်ငံတည်ဆောက်တယ်လို့ ဆိုသူများဟာ သူတို့ဆောက်ခဲ့တယ်ဆိုတဲ့ နိုင်ငံတွေထက် ပိုများတဲ့ နိုင်ငံတွေကို ဖျက်ပစ်လိုက်တာ" လို့ ပြောခဲ့ပါတယ်။
"ဝင်စွက်ဖက်သူတွေက ရှုပ်ထွေးများမြောင်လှတဲ့ အဲဒီက လူမှုအသိုင်းအဝိုင်းအကြောင်းကို နားတောင် နားမလည်ဘဲနဲ့ သွားစွက်ဖက်ကြတာ" လို့ သူက ထပ်ဖြည့်ပြောပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်ဒ်မှာ သွားလည်တုန်း သူ ဒီစကားတွေပြောခဲ့တဲ့အပေါ် အနည်းဆုံးတော့ ထရမ့်ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်း ကာလအတွင်း အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ စွက်ဖက်မှု ပေါ်လစီကို သူ မေ့ပစ်ထားတော့မယ်လို့ သုံးသပ်သူ တချို့က တွေးကြပါတယ်။
ဒါပေမဲ့ တလလောက် ကျော်လာတဲ့ အချိန်မှာ အီရန်ရဲ့ နျူကလီးယား နေရာတွေကို အမေရိကန်က သွားပြီး တိုက်ခိုက်လိုက်ကာ နောက်ဆုံး တကျော့ထပ်ဖြစ်လာတဲ့ အီရန်နဲ့ အစ္စရေး ပဋိပက္ခထဲ အမေရိကန် ဝင်ပါလိုက်ပါတယ်။
အမေရိကန်က သူတို့တိုက်ခိုက်မှုဟာ အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို အဆုံးသတ်သွားစေ ဖို့ အတွက်လို့ ဆိုပါတယ်။ အစ္စရေးကလည်း အလားတူ ပြောခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"ကျွန်တော်တို့ ရည်ရွယ်ချက်က အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို ဖျက်ဆီးဖို့၊ အစိုးရ ကြီးမှူးတဲ့အကြမ်းဖက်ဝါဒကို လက်ကိုင်ထားကြသူတွေက နျူကလီးယားနဲ့ ခြိမ်းခြောက်နေတာကို ရပ်တန့်ဖို့ ဖြစ်တယ်" လို့ အဲဒီတိုက်ခိုက်မှုလုပ်ဆောင်ပြီးလို့ သိပ်မကြာတဲ့အချိန်အတွင်း ထရမ့်က ပြောပါတယ်။
ဒါပေမဲ့ သမိုင်းကို ပြန်ကြည့်ရင် ပြဿနာကို "ဖြေရှင်းဖို့" ဆိုပြီး အနောက်က ကြားဝင်တဲ့ အခါတိုင်း မှန်းထားသလို အောင်မြင်သွားတာ မဟုတ်ဘူးဆိုတာကို ပြနေပါတယ်။
လန်ဒန် LSE (London School of Economics and Political Science) တက္ကသိုလ်က အရှေ့အလယ်ပိုင်း နိုင်ငံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ် ပါမောက္ခ ဖာဝက်ဇ် ဂါဂျက်စ်ရဲ့ အဆိုအရ ၁၉၄၀ နှစ်တွေနှောင်းပိုင်းကတည်းက အရှေ့အလယ်ပိုင်းတွင်း အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုက အမြဲတမ်းရှိနေခဲ့တာလို့ သိရပါတယ်။
What Really Went Wrong: The West and the Failure of Democracy in the Middle East စာအုပ်ကို ရေးတဲ့ စာရေးဆရာလည်းဖြစ်တဲ့ သူက "အီရန်ကို တလောတုန်းက လုပ်လိုက်တဲ့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုက အဲဒီ ပေါ်လစီရဲ့ နောက်ထပ် ရှင်းလင်းတဲ့ ဥပမာ တခုပါပဲ" လို့ သူက ဘီဘီစီကို ပြောပါတယ်။
ဆိုတော့ အမေရိကန်က ဘယ်မှာ ကြားဝင်စွက်ဖက်ခဲ့ဖူးလဲ။ ဘာအကျိုးဆက်တွေ ဖြစ်လာခဲ့လဲ။
အီရန်မှာ စစ်တပ်အာဏာသိမ်းခြင်း
အီရန်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရတဲ့ ဝန်ကြီးချုပ် မိုဟာမက် မိုဆာဒါးဟာ ၁၉၅၃ မှာ အမေရိကန်နဲ့ ဗြိတိန်တို့က ထောက်ခံအားပေးထားတဲ့ အီရန်စစ်တပ်ရဲ့ အာဏာသိမ်းတာကို ခံရပြီး ရာထူးကနေဖယ်ရှားခံခဲ့ရပါတယ်။
အီရန်ရဲ့ ကြွယ်ဝလှတဲ့ ရေနံသိုက်တွေကို ပြည်သူပိုင်လုပ်မယ်ဆိုတဲ့ ကတိပြုမှုနဲ့ အတူ မိုဆာဒါးဟာ ပြီးခဲ့တဲ့ ၂ နှစ်က အာဏာရလာခဲ့တာပါ။
ဒါပေမဲ့ ကွန်မြူနစ် ခြိမ်းခြောက်မှုနဲ့ အတူ စစ်ပြီးခေတ်နောက်ပိုင်း ရေနံကို အလွန်အမင်း မှီခိုနေရတဲ့ လန်ဒန်နဲ့ ဝါရှင်တန်ကို ဒီအရွေ့က စိုးရိမ်စေပါတယ်။
နောက်ပိုင်းမှာတော့ ရှားဘုရင် မိုဟာမက် ရီဇာ ပါလဗီကို နန်းပြန်တင်ရေးကို ထောက်ခံတဲ့ လူထုလှုပ်ရှားမှု ဖြစ်လာပြီး၊ အဲဒီ လှုပ်ရှားမှုကို ဗြိတိန်နဲ့ အမေရိကန် ထောက်လှမ်းရေး ဌာနတွေက ပံ့ပိုးပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၀၀ ခုနှစ်မှာ အဲဒီအချိန်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မက်ဒလင်း အော်ဘရိုက်က အဲဒီ စစ်အာဏာသိမ်းမှုအတွင်း သူ့နိုင်ငံက ဝင်ပါခဲ့တာကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောခဲ့ပါတယ်။
၂၀၀၉ မှာလည်း အဲဒီတုန်းက အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမားက အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေမှာ ဝါရှင်တန်က အခန်းကဏ္ဍ တခုကနေ ပါဝင်ခဲ့တဲ့အကြောင်း ကိုင်ရိုမှာ မိန့်ခွန်းတခု ပြောစဥ်က ထည့်ပြောခဲ့ပါတယ်။
အဲဒီ စစ်အာဏာသိမ်းမှု နှစ် ၆၀ အကြာ ၂၀၁၃ မှာ စီအိုင်အေက စာရွက်စာတမ်းတွေ ထုတ်ပြန်ခဲ့ပြီး အဲဒီ အာဏာသိမ်းမှုမှာ သူတို့ ပါဝင်ပတ်သက်ခဲ့ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။
အမျိုးသား လုံခြုံရေး မှတ်တမ်းဌာနက ထုတ်ပြန်တဲ့ အဲဒီ စာရွက်စာတမ်းတွေထဲမှာ "စစ်အာဏာသိမ်းမှုကို ... အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ အညီ စီအိုင်အေရဲ့ ညွှန်ကြားမှုနဲ့ လုပ်ဆောင်ခဲ့တာ" လို့ ရေး ထားပါတယ်။
အမေရိကန်နဲ့ အီရန်ကြား လက်ရှိ ပဋိပက္ခဟာ အဲဒီ လျှို့ဝှက် စွက်ဖက်မှုကတည်းကနေ အမြစ်တည်လာခဲ့တာလို့ ပါမောက္ခ ဂါဂျက်စ်က ပြောပါတယ်။
"အီရန် နိုင်ငံသားတွေ အနေနဲ့ သူတို့ ဒီမိုကရေစီ နည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်ကို ဖယ်ရှားပစ်ပြီး အာဏာအလုံးစုံကိုင်ကာ နိုင်ငံကိုအုပ်ချုပ်တဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ ရှားဘုရင်ကို အမေရိကန်က နန်းတင်ပေးလိုက်တဲ့ အပေါ် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး" လို့ သူက ဆိုပါတယ်။
"ဒီနေ့ အီရန်မှာ ဖြစ်နေတဲ့ အမေရိကန် ဆန့်ကျင်ရေးက အီရန် နိုင်ငံရေး လမ်းကြောင်းကို ပြောင်းပစ်လိုက်တဲ့ အပေါ် အမေရိကန်ကို အပြစ်ပုံကြတဲ့ နိုင်ငံရေး အီလစ်တွေကြောင့် ဖြစ်နေတာပါ။"
အီဂျစ် သမ္မတ ဂျမဲလ် အက်ဒယ် နက်ဆာက ချမှတ်တဲ့ သူ့ အီဂျစ်နိုင်ငံ ဆိုင်ရာ မူဝါဒတွေနဲ့ သူ့ရဲ့ အမျိုးသားရေး ဝါဒ ရှုမြင်ချက်တွေ အပေါ်မှာလည်း အမေရိကန်က ဝင်လွှမ်းမိုး စွက်ဖက်ဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ သိပ် မအောင်မြင်ခဲ့ပါဘူးလို့ ပါမောက္ခ ဂါဂျက်စ်က ထောက်ပြပါတယ်။
အာဖဂန် နစ္စတန်က အစ္စလာမ်မစ် စစ်သွေးကြွတွေကို အမေရိကန်က ပံ့ပိုးပေးခဲ့
၁၉၇၈ ကာလ အာဖဂန်မှာတက်တဲ့ အစိုးရက ကွန်မြူနစ်ယိမ်းပါတယ်၊ နောက်နှစ် ၁၉၇၉ ကျတော့ အစိုးရတွင်း ဖရိုဖရဲဖြစ်နေချိန် ဆိုဗီယက် စစ်တပ်က အာဖဂန်ကို ဝင်ကျူးကျော်ကာ အဲဒီအစိုးရကို အကူအညီပေးပါတယ်။
ဒါပေမဲ့ နောက် သိပ်မကြာခင်မှာပဲ မူဂျာဟစ်ဒင်လို့ အများသိလာကြတဲ့ အစ္စလာမ်မစ် ခုခံရေး လှုပ်ရှားမှုနဲ့ ဆိုဗီယက်တို့ ရင်ဆိုင်တွေ့ခဲ့ရပါတယ်။
အစ္စလာမ်မစ် ဂျီဟတ်ဝါဒီ အစွန်းရောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီလှုပ်ရှားမှု အဖွဲ့ဟာ ကွန်မြူနစ်အစိုးရကို တိုက်ခိုက်ပြီး အမေရိကန်၊ ပါကစ္စတန်၊ တရုတ်၊ ဆော်ဒီအာရေဗျ အပါအဝင် နိုင်ငံတချို့ ဆီက အကူအညီတွေကို သူတို့ ရခဲ့ပါတယ်။
စစ်အေးကာလအတွင်း အမေရိကန်ဟာ အာဖဂန်ကို လက်နက်နဲ့ ငွေကြေး အထောက်ပံ့ဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး အဲဒီဒေသက ဆိုဗီယက်တို့ရဲ့ ရည်မှန်းချက်တွေကို နှောင့်ယှက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရင်က လျှို့ဝှက်ထားခဲ့ပြီး နှစ်ပေါင်းအတော်ကြာလာတဲ့ အချိန်ကျမှ အများသိအောင် ထုတ်ပြန်ပေးလိုက်တဲ့ အစိုးရ စာရွက်စာတမ်းတွေ၊ သတင်းထောက်တွေရဲ့ စုံစမ်းထောက်လှမ်း ရေးသားချက်တွေ၊ သက်သေတွေရဲ့ ထွက်ဆိုချက်တွေ အရ အမေရိကန်ဟာ သူတို့ ဗီယက်နမ်စစ်ပွဲတုန်းက ကြုံခဲ့ရသလိုမျိုး အာဖဂန်မှာ ဆိုဗီယက်တို့ နွံနစ်အောင် ထောင်ချောက်ဆင်ဖို့ ရည်ရွယ်ခဲ့ကြောင်း သိရပါတယ်။
အဲဒီ မစ်ရှင်ကို အော်ပရေးရှင်း ဆိုင်ကလုန်း လို့ ခေါ်ပြီး ဒါဟာ "စီအိုင်အေ သမိုင်းမှာ အကြီးဆုံးသော လျှို့ဝှက် စစ်ဆင်ရေး" လို့ အဲဒီခေတ်က မီဒီယာတွေမှာ ဖော်ညွှန်းပြောဆိုကြပါတယ်။
အဲဒီကာလက အမေရိကန် သမ္မတ ရော်နယ် ရေဂင်က ဂျီဟတ်ခေါင်းဆောင် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို သူ့ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ လက်ခံတွေ့ ဆုံခဲ့ပါသေးတယ်။
ဝင်ကျူးကျော်ပြီး ၁၀ နှစ်လောက်အကြာ ၁၉၈၈ နှစ်အတွင်း ဂျနီဗာ ငြိမ်းချမ်းရေး သဘောတူညီချက် ချုပ်ဆို အပြီးမှာတော့ ဆိုဗီယက် ခေါင်းဆောင် မီခေးလ် ဂေါ်ဗာချော့ဗ်က အာဖဂန်ကနေ သူ့တို့တပ်တွေကို ပြန်ဆုတ်ဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် နှစ်စပိုင်းမှာတော့ ဆိုဗီယက်တပ်တွေ အဲဒီကနေ အကုန်ဆုတ်ခွာခဲ့ပါပြီ။
ဒါပေမဲ့ အာဖဂန်ဟာ နောက်မကြာခင်မှာပဲ အုပ်စုကွဲအမျိုးမျိုးကြား တိုက်ခိုက်မှုတွေနဲ့ ပြည်တွင်းစစ်ဖြစ်ခဲ့ရသလို ဆိုဗီယက် ထောက်ခံမှု မရတော့တဲ့ အစိုးရလည်း မကြာခင်မှာ ပြိုလဲခဲ့ရပါတယ်။
အဲဒီအခြေအနေမှာ တာလီဘန်နဲ့ သူ့နောက်လိုက်တွေက ရှရီယာ ဥပဒေကို တင်းကျပ်စွာ ဘာသာပြန်ပြီး အဲဒီစည်းမျဥ်းတွေကို ပြည်သူတွေ လိုက်နာဖို့ ချမှတ်ပါတော့တယ်။ အဲဒီ တာလီဘန် ခေါင်းဆောင် အများအပြားဟာ ဆိုဗီယက် သိမ်းပိုက်မှုကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသူတွေ ဖြစ်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေဆီကနေ လက်နက်တွေ ရခဲ့ကြသူတွေပါ။
အလားတူပဲ ဆိုဗီယက် - အာဖဂန် စစ်ပွဲပြီးသွားတဲ့အချိန်မှာ တခြား ဝါရင့် စစ်ပြန်တွေက အယ်ခိုင်းဒါး အဖွဲ့ကို ထူထောင်ပြီး သူတို့ရဲ့ အစ္စလာမ်မစ် လှုပ်ရှားမှုတွေကို တခြားနိုင်ငံတွေဆီကိုပါ တိုးချဲ့ ခဲ့ပါတယ်။
တာလီဘန်က အယ်ခိုင်းဒါးအဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို လုံခြုံတဲ့နေရာပေးထားပြီး အယ်ခိုင်းဒါးရဲ့ စစ်ဆင်မှုတွေကို ပံ့ပိုးပါတယ်၊ အမေရိကန်မှာ ၂၀၀၁ စက်တင်ဘာ ၁၁ (9/11) တိုက်ခိုက်မှု ကို အယ်ခိုင်းဒါးက စီစဉ်ခဲ့ပါတယ်။
University of Alabama က နိုင်ငံရေးသိပ္ပံဘာသာဌာန၊ အရှေ့အလယ်ပိုင်းလေ့လာရေး ပါမောက္ခ ဝါဟစ် ဟက်ဇ်ဘန်က စစ်အေးကာလအတွင်း အရှေ့အလယ်ပိုင်းမှာလုပ်တဲ့ အမေရိကန်တို့ရဲ့ စွက်ဖက်မှုတွေက "ထိန်းညှိဖို့လုပ်တဲ့ ကြိုးပမ်းမှုတွေ" လို့ ဆိုနိုင်ကြောင်း ငြင်းချက်ထုတ်ပါတယ်။
"အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ဆန့်ကျင်မှုတွေလုပ်တဲ့ ဘယ် နိုင်ငံရေးအင်အားစုကို မဆို သူတို့က တန်ပြန်ဖို့ ကြိုးစားတာပဲ" လို့ သူက ဘီဘီစီကို ပြောပါတယ်။
ပင်လယ်ကွေ့စစ်ပွဲ (၁၉၉၀ - ၉၁) က အမေရိကန် ဦးဆောင်တဲ့ စွက်ဖက်မှုကို ပါမောက္ခ ဟက်ဇ်ဘန်ကဥပမာ ပြပါတယ်။
"အဲဒါက ကူဝိတ်မှာ အီရတ်ကျူးကျော်တာကို တန်ပြန်တားဆီးတဲ့ ကြိုးပမ်းမှုပါ။ ကူဝိတ် အချုပ် အခြာအာဏာပိုင်ဆိုင်မှုကို ပြန်ထိန်းသိမ်းနိုင်တယ်။ စစ်အေးကာလပြီးသွားတဲ့အခါ အမေရိကန် ပေါ်လစီ ချမှတ်သူတွေနဲ့ ဒေသတွင်းက ခေါင်းဆောင်တွေအကြား ဘုံသဘော ဆောင်တဲ့ လုံခြုံရေးအတွက် လိုအပ်ချက်တွေကို ဆွေးနွေးခဲ့ကြတယ်။"
ဒါပေမဲ့ ကလင်တန် လက်ထက်မှာတော့ နောက်ထပ်ချဥ်းကပ်မှု တခုဖြစ်လာတယ်လို့ ပါမောက္ခ ဟက်ဇ်ဘန်က ပြောပါတယ်။
"အမေရိကန် အကျိုးစီးပွားတွေနဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း လုံခြုံရေး အခင်းအကျင်းဆိုင်ရာ သူတို့အမြင်တွေကို အကျိုးပြုမယ့် လုံခြုံရေး ဗိသုကာ ပုံစံကို သူတို့ ရည်မှန်းခဲ့ကြတယ်။"
"ငြိမ်းချမ်းရေးကို အာရုံထားပြီး အာရပ် - အစ္စရေး ဆက်ဆံရေးကို ပုံမှန်အနေအထားရောက်အောင်လုပ်ဖို့ဟာမျိုး အဲဒီ ရည်မှန်းချက်ထဲမှာ ပါဝင်ပြီး အဲဒီကနေ အာရပ်နိုင်ငံတွေ အားလုံး အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ မဟာမိတ် ဖြစ်လာအောင်၊ တဘက်မှာလည်း စစ်ရေးနည်းတို့၊ ဆန်ရှင်နည်းတို့ကို သုံးပြီး အီရန်နဲ့ အီရတ်ကို ကန့်ထားနိုင်အောင် စတာတွေကို ရည်ရွယ်ကြပါတယ်။"
ဒါပေမဲ့ အစ္စရေးအတွက်တေ့ အမေရိကန်က အမြဲထောက်ခံပြီး အတူလက်တွဲကာ ဝင်စွက်ဖက်ပါတယ်၊ ဒါကို အမေရိကန် ခေါင်းဆောင်တွေက "ခြွင်းချက်မရှိနဲ့ ခိုင်ခိုင်မြဲခိုင်မြဲမြဲ" လုပ်ခဲ့တာပါ။
ဒုတိယကမ္ဘာစစ်ပြီးကတည်းက အစ္စရေးဟာ အမေရိကန်ရဲ့ အကူအညီ အရဆုံး နိုင်ငံဖြစ်ကာ နှစ်စဥ် ဒေါ်လာ ဘီလျံချီပြီး လက်ခံရရှိပါတယ်။
တာလီဘန်ကို တိုက်ဖို့ အာဖဂန်ကိုဝင်
၂၀၀၁ အောက်တိုဘာအတွင်း အာဖဂန်ကို ကျူးကျော်ကြရာမှာ အမေရိကန်က ဦးဆောင်ခဲ့ပါတယ်။ တာလီဘန်ကို ဖယ်ထုတ်မယ်၊ ဒီမိုကရေစီကို ထောက်ခံမယ်၊ 9/11 တိုက်ခိုက်မှုနဲ့ အတူဖြစ်လာနေတဲ့ အယ်ခိုင်းဒါး ခြိမ်းခြောက်မှုကို ဖျက်သိမ်းမယ်လို့ သူတို့က ဆိုပါတယ်။
နိုင်ငံရဲ့ မြို့တော် ကဘူးလ်ကို အမေရိကန်တို့ အလျင်အမြန် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အာဖဂန်မှာ ၂၀၀၃ ကစပြီး နေတိုးရဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့တွေ၊ စစ်ဆင်ရေးတွေ ရှိခဲ့သလို အာဖဂန်က လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း သူတို့က လေ့ကျင့် သင်တန်းပေးပါတယ်။
နောက် ၃ နှစ် အကြာမှာတော့ အာဖဂန် အစိုးရသစ် တက်လာပါပြီ။ ဒါပေမဲ့ တာလီဘန်တို့ရဲ့ အပြင်း အထန် တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၀၉ မှာ အဲဒီအချိန်က အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမားက တာလီဘန်တွေကို တွန်းထုတ်နိုင်ဖို့ တပ်ဖွဲ့ဝင်အင်အားကို တိုးပြီး နေရာချမယ်လို့ ကြေညာပါတယ်၊ ဒါပေမဲ့ ဒီပေါ်လစီက ကြာရှည် မခံလိုက်ပါဘူး။
၂၀၁၄ ဟာ ၂၀၀၁ ခုနှစ်ကတည်းက စခဲ့တဲ့ အဲဒီစစ်အတွင်း သွေးမြေအကျဆုံး နှစ်ဖြစ်ခဲ့သလို၊ အဲဒီနှစ်မှာပဲ နေတိုးဟာ အာဖဂန် မစ်ရှင်ကို အဆုံးသတ်ပြီး အာဖဂန် စစ်တပ်ကို လုံခြုံရေး တာဝန်တွေ လွှဲပေး လိုက်ပါတယ်။
တာလီဘန်တွေက နယ်မြေတွေ ပိုပိုသိမ်းလာနိုင်တာကိုလည်း သူတို့တွေ့ ထားရပါတယ်။
နောက်နှစ်ထဲမှာတော့ တာလီဘန်အဖွဲ့က ပိုအင်အားတောင့်တင်းလာပြီး အသေခံတိုက်ခိုက်မှုတွေ အကြိမ်များစွာ လုပ်ခဲ့ပါတယ်။ ကဘူးလ်က ပါလီမန် အဆောက်အအုံကို တိုက်ခိုက်တာ၊ ကဘူးလ် နိုင်ငံတကာ လေဆိပ်နားမှာ တိုက်ခိုက်တာ အဲဒါတွေကို သူတို့လုပ်ခဲ့ကြောင်း တာလီဘန်က ထုတ်ပြန်ခဲ့ပါတယ်။
နောက်ဆုံးတော့ ဘိုင်ဒန် အစိုးရက အာဖဂန်မှာ ရှိတဲ့ သူတို့တပ်တွေကို ၂၀၂၁ ဧပြီလမှာ အပြီးဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမေရိကန်တို့ အဲဒီမှာ ဝင်ခဲ့ပြီး နောက် အနှစ် ၂၀ အကြာမှာပေါ့။
ဒီဆုံးဖြတ်ချက်က အငြင်းပွားစရာ ဖြစ်ခဲ့ကြသလို တာလီဘန်တို့လက်ထဲ ကဘူးလ်က ခပ်မြန်မြန်ကျသွား ပါတော့တယ်။ ဒီအဖြစ်ကို ၁၉၇၅ က တောင်ဗီယက်နမ်မှာ ကြုံခဲ့ကြရတာမျိုးနဲ့လည်း နှိုင်းယှဥ်ပြောကြပါတယ်။
"ဒါက (အမေရိကန် သမ္မတ) ဂျိုးဘိုင်ဒန်ရဲ့ ဆိုင်းဂုံပါ" လို့ ရီပတ်ပလီကန် ကွန်ကရက်အမတ် မစ္စ အဲလိစ် စတက်ဖန်နစ်ခ်က သူ့ရဲ့ လူမှုမီဒီယာမှာ ရေးတင်ပါတယ်။ "နိုင်ငံတကာ စင်မြင့်မှာ ဒီလို ဆိုးဆိုးဝါးဝါး ဆုံးရှုံးမှုကို လူတွေက ဘယ်တော့မှ မေ့ကြမှာ မဟုတ်ဘူး။"
ဒီအဖြစ်တွေနဲ့ အတူ တာလီဘန်တွေက စစ်လက်နက်တွေ ရသွားပါတယ်၊ ဒီလက်နက်တွေ အများစုက အမေရိကန်က ထောက်ပံ့ပေးခဲ့တာပါလို့ အမည်မဖော်လိုတဲ့ အာဖဂန် အရာရှိဟောင်း တယောက်က ဘီဘီစီကို ပြောပါတယ်။
၂၀၂၃ ကထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာတခု အရ သိမ်းဆည်းရမိတဲ့ အမေရိကန် လက်နက်တွေရဲ့ ၂၀% ကို ဒေသဆိုင်ရာ တပ်မှူးတွေက ယူထားနိုင်ခွင့်ရှိကြောင်း တာလီဘန်တွေက ခွင့်ပြုခဲ့တာကို သိရပါတယ်။ နောက်ပိုင်းမှာတော့ မှောင်ခို စျေးကွက်မှာ ဒီလက်နက်တွေက ပလူပျံသလို ဖြစ်သွားပါတယ်။
အီရတ်ကို ကျူးကျော်ခြင်း
၁၉၉၀ သြဂုတ်လမှာ အဲဒီတုန်းက အီရတ် သမ္မတ ဆက်ဒမ် ဟူစိန် ကြီးမှူးတဲ့ အီရတ် စစ်တပ်က နယ်စပ်ကို ကျော်ပြီး ကူဝိတ်ကို တိုက်ပါတယ်၊ ကျူးကျော်မှုကို ခုခံတဲ့ လူတွေ သိန်းနဲ့ ချီသေဆုံးကြရသလို ကူဝိတ် အစိုးရလည်း ဆော်ဒီအာရေဗျကို ထွက်ပြေးခဲ့ရပါတယ်။
ဒီအဖြစ်ဟာ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်းများစွာ ဆက်ဖြစ်လာတော့မယ့် ကသောင်းကနင်းကာလရဲ့ အစပဲလို့ အများက မှတ်ယူကြပါတယ်။
သတိပေးမှုတွေ အများကြီး ထွက်ပေါ်လာပြီးနောက်ပိုင်း၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် ချမှတ်ပြီး နောက်ပိုင်းမှာတော့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ် (ဒီတပ်ပေါင်းစု စုဖွဲ့မှုက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အင်အား အကြီးမားဆုံးပါ) က အီရတ်တပ်ကို ကူဝိတ်ကနေမောင်းထုတ်ဖို့ ၁၉၉၁ ဇန်နဝါရီ ၁၇ မှာ စတိုက်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် ၆၈၇ ကို ချမှတ်ပြီး လူတွေ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေကို ဖျက်ဆီးဖို့ အီရတ်ကို တောင်းဆိုခဲ့ပါတယ်။ လူတွေ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်ဆိုတာကတော့ နျူကလီးယား၊ ဇီဝ၊ ဓာတု လက်နက်တွေ၊ အဝေးပစ် ပဲ့ထိန်း မစ်ဇိုင်း ဒုံးကျည်တွေကို ဆိုလိုတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၉၈ မှာ အီရတ်က ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးမှူးတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ကိစ္စကို ဆိုင်းငံ့လိုက်ပါတယ်။ ၂၀၀၁ မှာ နယူး ရော့ခ်က ကမ္ဘာ့ကုန်သွယ်ရေး စင်တာ၊ ပင်တဂွန် စစ်ဌာနချုပ် စတာတွေ တိုက်ခိုက်ခံရတဲ့နောက် အဲဒီအချိန်က အမေရိကန် သမ္မတ ဂျော့ ဒဗျူ ဘုရှ်က အီရတ်ကို ဝင်တိုက်ဖို့ စီစဥ်ခဲ့ပါတယ်။
ဆက်ဒမ် ဟူစိန်ဟာ လူအမြောက်အများကို သေကြေနိုင်တဲ့ လက်နက်တွေ ဆက်လက်စုဆောင်းထားတုန်းပဲလို့ ဘုရှ်က စွပ်စွဲကာ အီရတ်ဟာ အီရန်၊ မြောက်ကိုရီးယားတို့နဲ့ အတူ "မိစ္ဆာ ဝင်ရိုးတန်းနိုင်ငံတွေ" လို့ သတ်မှတ်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်အတွင်း အဲဒီအချိန်က အမေရိကန် ကာကွယ်ရေး ဝန်ကြီး ကော်လင်းပိုဝဲလ်ကလည်း အီရတ်ဟာ ဇီဝလက်နက်တွေ ထုတ်လုပ်ဖို့အတွက် "ရွှေ့ပြောင်း ဓာတ်ခွဲခန်းတွေ" ဖွင့်ထားတယ်လို့ ကုလသမဂ္ဂမှာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၀၄ မှာတော့ "အဲဒီ အချက်အလက်တွေဟာ သိပ်ခိုင်မာပုံ မရဘူး" လို့ သူက ပြန်ပြင် ပြောခဲ့ပါတယ်။
အမေရိကန်ရဲ့ အဲဒီတုန်းကကျူးကျော်မှုကို ဗြိတိန်၊ သြစတြေးလျ၊ ပိုလန်တို့က ပူးပေါင်း ပါဝင်ခဲ့ကြပြီး ဂျာမနီ၊ ကနေဒါ၊ ပြင်သစ်၊ မက္ကဆီကို အပါအဝင် နိုင်ငံအများအပြားက ဆန့်ကျင်ခဲ့ကြပါတယ်။
အဲဒီအချိန်က ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဒိုမင်နစ် ဒု ဗယ်ပန်က စစ်ရေးနည်းနဲ့ စွက်ဖက်တာက "အဆိုးဆုံးသော ဖြေရှင်းချက်" ပဲ ရမှာလို့ ဆိုခဲ့သလို အီရတ် အိမ်နီးချင်းလည်းဖြစ်၊ နေတိုးအဖွဲ့ဝင်လည်း ဖြစ်တဲ့ တူရကီက အမေရိကန်နဲ့ မဟာမိတ်တွေအနေနဲ့ သူတို့ရဲ့ လေတပ်အခြေစိုက် စခန်းတွေ အသုံးပြုခွင့်ကို ငြင်းပယ်ခဲ့ပါတယ်။
အီရတ်မှာ အစိုးရပြောင်းလဲဖို့ အမေရိကန်က ရည်မှန်းခဲ့တယ်၊ အဲဒါက တဆင့် ဒေသတွင်း လုံခြုံရေးကို သူတို့ အမြင်နဲ့ လုပ်ချင်ခဲ့တာလို့ ပါမောက္ခ ဟက်ဇ်ဘန်က ပြောပါတယ်။
ဘီဘီစီ နိုင်ငံတကာရေးရာ အယ်ဒီတာ ဂျယ်ရမီ ဘိုဝင်ရဲ့ အဆိုအရ ကျူးကျော်မှုကြောင့် အီရတ်ဟာ ဒုက္ခ အကြီးအကျယ် ကြုံခဲ့ရပြီး သူ့နိုင်ငံသားတွေဟာ ဆယ်စုနှစ် များစွာ ကသောင်းကနင်းအဖြစ်တွေထဲကို ကျဆင်းသွားခဲ့ရကြောင်း သိရပါတယ်။
"အိုစမာ ဘင်လာဒင်နဲ့ ဂျီဟတ် အစွန်းရောက် ဝါဒီတွေရဲ့ အတွေးအမြင်ကို ဖျက်သိမ်းပစ် နိုင်ဖို့ ဝေးစွ၊ ၂၀၀၃ က စခဲ့တဲ့ ကသောင်းကနင်းတွေ၊ ကြမ်းကြုတ်ရက်စက်မှုတွေဟာ ဂျီဟတ်ဒ်ဝါဒီတွေရဲ့ အကြမ်းဖက်မှုကို ပိုပြီး တိုးလာစေခဲ့တယ်" လို့ ကျူးကျော်မှု နှစ် ၂၀ ပြည့် သူ့ရဲ့ သုံးသပ်ချက်မှာ ရေးသားထားပါတယ်။
ကျူးကျော်မှုရဲ့ နောက်ဆက်တွဲ အဖြစ် နောက်တခုက တော့ အယ်ခိုင်းဒါးတို့ ပြန်ထကြွလာကာ အစ္စလာမ်မစ် နိုင်ငံတော် - အိုင်အက်စ် ပေါ်လာခဲ့တာပါ။
၂၀၀၃ ကျူးကျော်မှုအတွင်း အီရတ် နိုင်ငံသား ဘယ်နှယောက် သေဆုံးခဲ့ရတယ်ဆိုတာကို အတိအကျ သိတဲ့သူ မရှိပါဘူး။
ကျူးကျော်မှုနောက်ပိုင်း အရပ်သား သေဆုံးမှုတွေကို မှတ်တမ်းတင်တဲ့ အီရတ် အလောင်း ရေတွက်မှု စီမံချက် (Iraq Body Count - IBC) အရ ၂၀၀၃ က ၂၀၂၂ အတွင်း အသတ်ဖြတ်ခံရတဲ့ အီရတ် အရပ်သားပေါင်း ၂၀၉,၉၈၂ ရှိကြောင်း သိရပါတယ်။
လုံခြုံရေးကို တိုးမြှင့်နိုင်ဖို့အတွက် ဒေသတွင်းက ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်က အခုအချိန်မှာ ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ လိုအပ်တယ်လို့ ပါမောက္ခ ဟက်ဇ်ဘန်က ပြောပါတယ်။
"ဒေသတခုမှာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေက စစ်ရေးအင်အားကို အသုံးချပြီး လုံခြုံရေးကို သွပ်သွင်းထူထောင် တာထက်စာရင် လုံခြုံရေး ဆိုတဲ့အပေါ် အဲဒီဒေသက လူတွေနဲ့ ဘုံသဘောထား အမြင်တူညီမှုကို ရယူနိုင်ဖို့လိုတယ်၊ အဲဒီအခါကျရင် အဲဒီဒေသက အမေရိကန်ရဲ့ အကျိုးစီးပွားကို စောင့် ရှောက်ကြမှာပါ။"












