"ကျွန်မ အလုပ်မဆင်းရင် ကလေးမွေးပေးမယ့်သူ တစ်ဦးမှ ရှိမှာမဟုတ်တော့ဘူး"

အပြာရောင် ဘူခါ ဝတ် အမျိုးသမီးတွေက မွေးကင်းစကလေးငယ်ကို ထွေးပွေ့ထားတဲ့ လက်သည်အမျိုးသမီးကို ဝန်းရံထားတဲ့အခြေအနေ ဖြစ်ပါတယ်။
    • ရေးသားသူ, တာပက်ကီ ဂါရန်နီ
    • ရာထူးတာဝန်, ဘီဘီစီသတင်း အာဖဂန်

"အရင်ရက်အနည်းငယ်တုန်းက ကလေးမွေးဖို့ အမျိုးသမီး ၅ ယောက် ဆေးခန်းကို လာခဲ့တယ်။ ကျွန်မက ၅ ယောက်လုံးကို မွေးပေးရတယ်။ တစ်ယောက်ပြီး တစ်ယောက်ပေါ့။ တစ်ယောက်က ခုတင်ပေါ်က ဆင်းနိုင်ရင် နောက်တစ်ယောက် တက်ပေါ့။ ကျွန်မ လက်ကို အမြန်ဆေးရတယ်၊ နောက် တစ်ယောက်ကို ဆက်ကူရတယ်"

"အဲဒီနေ့က နောက်ထပ် ဝမ်းဆွဲ ဆရာမ တယောက် ကျွန်မကို ကူရင် ကောင်းမှာပဲလို့တောင် ကျွန်မ မတွေးနိုင်ဘူး"

အာဖဂန်နစ္စတန် အနောက်တောင်ပိုင်းက နင်ရော့ဇ်က ချာဂန်ဆာ ခရိုင်မှာ အာဇိုက တစ်ယောက်တည်းသော ဝမ်းဆွဲဆရာမပါ။ လူဦးရေ ၁၆,၀၀၀ ရှိတဲ့ ဒီအရပ်က ကိုယ်ဝန်ဆောင်မှန်သမျှ၊ မွေးကင်းစ ကလေးမှန်သမျှကို သူ တာဝန်ယူရပါတယ်။

ဒီခရိုင်အတွင်း ဆေးခန်းငယ်တစ်ခုသာရှိပြီး လူနာတွေက ကုသခံနိုင်ဖို့ လူတန်းရှည်ကြီးကို စီပြီး စောင့်ရပါတယ်။

အာဇိုက လူနာတွေများလွန်းလို့ "မနိုင်ဘူး" လို့ ပြောပါတယ်။ ပြည်သူတွေနဲ့ ထိုက်တန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုးကိုလည်း ဒီဆေးခန်းလေးက ပေးစွမ်းနိုင်ဖို့ မတတ်သာပါဘူး။

ကိုယ်ဝန်ဆောင်မိခင်ခန်းမှာ ကလေးမွေးပေးတဲ့ ခုတင်က တစ်လုံးပဲ ရှိပါတယ်။ တကယ်လို့ ကိုယ်ဝန်သည် ၂ ယောက်က မွေးဖို့ ဗိုက်နာတာက တပြိုင်နက်တည်းဆိုရင် တစ်ယောက်က စင်္ကြန်လမ်းကို ထွက်ပြီး ဝမ်းဆွဲဆရာမ အားမယ့်အချိန်အထိ စောင့်ရပါတယ်။

တချို့လည်း သူတို့ ခုတင်မှာပဲ မွေးကြရသလို တချို့လည်း စင်္ကြန်လမ်းပေါ်မှာပဲ မွေးဖွားကြရပါတယ်။

အသက် ၃၂ နှစ်အရွယ် ဝမ်းဆွဲဆရာမ အာဇိုဟာ ဒီအရပ်မှာ ကလေးမွေးပေးနေတာ ၆ နှစ်လောက် ရှိလာနေပြီဖြစ်ပြီး သူ့အိမ်က ဒီဆေးခန်းနဲ့ ၅ မိနစ် ခရီးအကွာလေးမှာပဲ ရှိပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အရင်တုန်းကတော့ အိမ်ကနေ ဆေးခန်းကို သူတစ်ယောက်တည်း လမ်းလျှောက်လာနိုင်ပါတယ်။ ဒါပေမဲ့ တာလီဘန်တွေက အမျိုးသမီးတွေ လမ်းထွက်ရင် အုပ်ထိန်းသူ ယောက်ျားသား မပါဘဲ မထွက်ဖို့ ပြောထားတာကြောင့် သူ့ ခင်ပွန်းက သူ့ကို ဆေးခန်းကို လိုက်ပို့ရပါတယ်။

အာဇိုရဲ့ အလုပ်ချိန်က မနက် ၈ နာရီ ခွဲကနေ ညနေ ၃ နာရီခွဲအထိပါ။ ဒါပေမဲ့ သူ့ကို ခေါ်ရင် အချိန် မရွေးသူလာ လုပ်ပေးပါတယ်။

"အလုပ်ကသိပ်များတော့ မနိုင်ပါဘူး။ ကျွန်မ နေ့ရော ညရော လုပ်ပါတယ်။ တကယ်လို့ အမျိုးသမီး တစ်ယောက် ကလေးမွေးဖို့ ဖြစ်လာပြီဆိုရင် ကျွန်မ စျာပနပို့တဲ့နေရာ ရောက်နေနေ၊ မင်္ဂလာဆောင်ပွဲ တက်နေတာဖြစ်ဖြစ် ဘယ်လိုပဲဖြစ်နေနေ ဆေးခန်းရောက်အောင် ပြန်ပြေးလာရတာပါပဲ" လို့ သူက ပြောပါတယ်။

သူက အဝေးကို ရောက်နေပြီး ဆေးခန်းကို မပြန်လာနိုင်တဲ့ အခါကျရင် ဘာတွေဖြစ်ကုန်ပါလဲ။

"ကျွန်မ ဒီမှာ မရှိရင် ကျွန်မအစား နောက်ဝမ်းဆွဲဆရာမ တစ်ယောက် ရှိတဲ့အခါလည်း ရှိတယ်၊ တစ်ယောက်မှ မရှိတာလည်း ရှိတယ်။ ဆေးခန်းပိတ်ထားတာကို မြင်လိုက်ရတဲ့ မွေးခါနီး ကိုယ်ဝန်သည်တွေ ပြန်ကြရတပေါ့" လို့ အာဇိုက ပြောပါတယ်။

အရန်အဖြစ်ထားတဲ့ ဝမ်းဆွဲဆရာမက နောက်ခရိုင်က နောက် ဆေးခန်းမှာ အလုပ်လုပ်ရတာပါ။ ဒီတော့ များသောအားဖြင့် သူမရှိရင် ဘယ်သူမှ မရှိတော့ပါဘူး။

လောလောလတ်လတ်ဖြစ်လာတဲ့ အမေရိကန် အကူအညီ ဖြတ်တောက်မှုနောက်ပိုင်း အာဖဂန် ကျန်းမာရေးဌာနဟာ တော်တော်ကို အခက်အခဲဖြစ်သွားပါတယ်။

ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ တွမ် ဖလက်ချာရဲ့ အဆိုအရ အာဖဂန်တောင်ပိုင်းမှာ လအနည်းငယ်အတွင်းမှာပဲ ကျန်းမာရေးဌာနပေါင်း ၄၀၀ လောက် ပိတ်လိုက်ရတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ကျန်းမာရေးဆိုင်ရာ ဌာနတွေ၊ ဆေးခန်းတွေ စုစုပေါင်း ဘယ်လောက် ပိတ်လိုက်ရသလဲဆိုတာ ကို တာလီဘန် တို့က အခုထိ တိတိကျကျ မထုတ်ပြန်ပါဘူး။

အာဖဂန်နစ္စတန်မှာ ခရိုင်ပေါင်း ၄၂၁ ခု ရှိပြီး ၄ ခရိုင်မှာမှ ဆေးရုံက တရုံပဲ ရှိပါတယ်။

ဆေးရုံကို ကိုယ်ဝန်ဆောင်တွေ မော်တော်ဆိုင်ကယ်နဲ့ လာရ

Two women seated in a hospital waiting room.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာမှာ အာဖဂန်ဟာ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှု အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်

ဖာတီမာ (လုံခြုံရေးကြောင့် သူ့အမည်ကို လွှဲထား) ကိုယ်ဝန် ၈ လမှာ သူ့ရဲ့ သွေးပေါင်ချိန်က ရုတ်တရက် ထောင်တက်လာခဲ့တဲ့တွက် ကျန်းမာရေး အရေးပေါ် စောင့်ရှောက်မှု လိုအပ်ခဲ့ပါတယ်။

ဒါပေမဲ့ အာဖဂန် အလယ်ပိုင်း တောင်တန်းထူထပ်တဲ့ ဂေါပြည်နယ်၊ အလာယာ ခရိုင်သူဖြစ်တဲ့ သူဟာ ခရိုင်ထဲက ဆေးခန်းလေး တခုဆီကို ရောက်ဖို့ ခရီးရှည်ကြီးကို သွားရပါတယ်။

"ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ကျွန်မ မော်တော်ဆိုင်ကယ်နဲ့ ၅ နာရီ၊ ၆ နာရီလောက်သွားရတယ်။ ဆေးခန်းလည်းရောက်ရော၊ ကျွန်မ ဗိုက်ထဲက ကလေးက အသက်မရှိတော့ပါဘူး" လို့ သူက ပြောပါတယ်။

ဂေါပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတဲ့အပြင် ဆင်းရဲကျပ်တည်းကြတာကြောင့် အသက်ရှင်သန်နေထိုင်ရေးက စိန်ခေါ်မှု များစွာနဲ့ပါ။ ဒီကြားထဲမှာမှ ဝမ်းဆွဲ ဆရာမတွေ၊ ကျန်းမာရေးဆေးခန်းတွေ မရှိတာကြောင့် ကိုယ်ဝန်ဆောင်တွေက ပိုပြီး အန္တရာယ်များပါတယ်။

အလာယာက ဒေသခံတယောက်က သူတို့ ခရိုင်ထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၉၀ ရာခိုင်နှုန်းက အိမ်မှာပဲ မီးဖွားကြတာလို့ ပြောပါတယ်။

အဲဒီလိုမျိုး သူတို့ ခရိုင်ထဲမှာလည်း မကြာခဏဖြစ်တတ်တယ်လို့ အာဇိုက ပြောပါတယ်။

"ဆေးခန်းကို ရောက်ဖို့ ကိုယ်ဝန်ဆောင်တယောက်ဟာ ကားနဲ့ ၂ နာရီ၊ ၃ နာရီ လောက် လာကြရပါတယ်။ ဒီလို လာဖို့ မတတ်နိုင်သူတွေ အများကြီးပါ၊ ဆိုတော့ အများစုက အိမ်မှာပဲ မွေးကြပါတယ်။"

ဝမ်းဆွဲ ဆရာမ မရှိ

ကလေးငယ်ကို ထွေးပွေ့ထားတဲ့ မိခင်တစ်ဦးကို ဖေးမနေတဲ့ သူနာပြုတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ တာလီဘန်တို့ အာဏာရပြီးနောက်ပိုင်း ဆေးကျောင်းတွေကို အမျိုးသမီးတွေ တက်ခွင့် မပေးတော့

လူ ၁၀,၀၀၀ မှာ ဝမ်းဆွဲဆရာမ ၁၀ ယောက် ရှိသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) က အကြံပြုထားတဲ့အတွက် လူဦးရေ သန်း ၄၀ ရှိတဲ့ အာဖဂန်ဟာ ဝမ်းဆွဲ ဆရာမပေါင်း ၄၀,၀၀၀ လိုအပ်ပါတယ်။

အာဖဂန်ကနေ မကြာသေးခင်ကမှ ထွက်လာတဲ့ ကျန်းမာရေးအရာရှိဟောင်း တစ်ယောက်က နိုင်ငံအတွင်းမှာ ဝမ်းဆွဲ ဆရာမ ၅,၀၀၀ သာ ရှိတယ်လို့ ဆိုပါတယ်။ WHO အကြံပြုထားတဲ့ အရေအတွက်နဲ့ အပုံ ၂၀ ပုံ ၁ ပုံပဲ ရှိတာပါ။

ဒါပေမဲ့ တာလီဘန်တို့ရဲ့ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လက်ရှိ အရာရှိက ဝမ်းဆွဲ ဆရာမပေါင်း ၁၀,၀၀၀ လောက် နိုင်ငံအနှံ့မှာ အလုပ်လုပ်နေကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တာလီဘန်တို့ဆီက တရားဝင် စာရင်းဇယားတွေကို ရနိုင်ဖို့ ဘီဘီစီက ကြိုးစားကြည့်ပါတယ်။ ဒါပေမဲ့ သူတို့က ရှင်းလင်းတဲ့ စာရင်းတွေကို မပေးပါဘူး။

ကျန်းမာရေးစောင့်ရှောက်မှု စနစ်အတွင်း ကျားမ အရေအတွက်မညီမျှတာတွေ ရှိကြောင်း အရင် အာဖဂန်အစိုးရက အရာရှိတွေက ဝန်ခံပါတယ်။

အရင် ပြည်သူ့ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာ ဘက်ရှား နော်မယ်က တာလီဘန်တို့ အာဏာမရခင်အချိန်က ကျန်းမာရေး ဝန်ထမ်းအင်အားထဲမှာ အမျိုးသမီးက ၃၂ ရာခိုင်နှုန်းသာ ရှိတယ်လို့ ပြောပါတယ်။

တာလီဘန်တို့ရဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အရာရှိဟောင်း တယောက်က ဝေးခေါင်လှတဲ့ ခရိုင် ပေါင်း ၂၀ က ဆေးခန်းတွေမှာ အမျိုးသမီးကျန်းမာရေးဝန်ထမ်းတစ်ယောက်မှ မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

တကယ့်ဝမ်းဆွဲ ဆရာမတွေမရှိတော့ ကျန်းမာရေး ပညာလုံးဝ မရှိတဲ့၊ သင်တန်းမတက်ရသေးတဲ့ ဒေသခံ အမျိုးသမီးတွေကပဲ ဝမ်းဆွဲအလုပ်ကို လုပ်ပေးကြကာ အရပ်က သူတို့ကို ဝမ်းဆွဲ ဆရာမတွေလို့ ခေါ်ကြတဲ့အကြောင်း တချို့ ဒေသခံတွေက ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်းကလည်း သွေးလန့်စရာကောင်းအောင် များနေပါတယ်။

၂၀၂၀ ခုနှစ်အတွင်း အာဖဂန်မှာ ကလေးမွေးဖွားစဉ် မိခင်သေဆုံးမှုက တရက်ကို ၂၄ယောက် ရှိတယ်လို့ WHO က ခန့်မှန်းထားပါတယ်။ ၂၀၂၄ မှာ ကလေး ၁၀၀,၀၀၀ မွေးတိုင်း မိခင်အယောက် ၆၂၀ သေဆုံးတယ်လို့ ကုလသမဂ္ဂက ဆိုပြီး ဒါဟာ ကမ္ဘာပေါ်မှာ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း အမြင့်ဆုံးထဲက တခုပါ။

တာလီဘန်တို့ ၂၀၂၁ မှာ အာဏာရလာတဲ့အခါ အမျိုးသမီးတွေ ဆေးကျောင်းတက်တာ၊ ဝမ်းဆွဲ ဆရာမ သင်တန်းတက်တာတွေကို ပိတ်ပင်လိုက်ပါတယ်။

အာဇိုကို ဝမ်းဆွဲ ဆရာမ သင်တန်းပေးခဲ့တဲ့နိုင်ငံခြား အန်ဂျီအို(အစိုးရမဟုတ်တဲ့အဖွဲ့) တောင် အခု အာဖဂန်မှာ အလုပ်မလုပ်နိုင်တော့ပါဘူး။

အပြောင်းအလဲတွေ မဖြစ်လာရင်တော့ နှစ်ကြာလာတာနဲ့အမျှ ဝမ်းဆွဲ ဆရာမ အရေအတွက်က အာဖဂန်မှာ ဆက်ပြီး နည်းနည်းလာတော့မှာပါ။

"ကျွန်မ အငြိမ်းစားယူရင် ဘာတွေဖြစ်မလဲဆိုတာကို တွေးပူမိတယ်။ ဘယ်သူက ကလေးမွေးပေးတော့မှာလဲ။ သိပ်ကို ဒုက္ခများကြမှာပါ။"