အာဖဂန်နစ္စတန်- လျှို့ဝှက်မိန်းကလေးစာသင်ကျောင်း

အာဖဂန်နစ္စတန်က လူနေအိမ်တခုမှာ တိတ်တဆိတ်ဖွင့်လှစ်ထားတဲ့ လျှို့ဝှက်စာသင်ကျောင်းလေးဟာ သေးပင် သေးငယ်သော်ငြား သူ့ဆောင်ရွက်ချက်က စွမ်းပကားကြီးမားလှပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အုပ်စိုးသူတာလီဘန်တို့ရဲ့အာဏာကို အန်တုဖီဆန်ပြီးဖွင့်လှစ်ထားတဲ့ အမျိုးသမီးစာသင်ကျောင်းဖြစ်လို့ပါ။
လျှို့ဝှက်စာသင်ကျောင်းရဲ့ သင်္ချာတန်းမှာ မိန်းကလေး တဒါဇင်လောက် ပညာသင်ယူနေပါတယ်။
“အန္တရာယ်ဘယ်လောက်ကြီးတယ်ဆိုတာ ကျွန်မတို့သိပါတယ်။ အဲဒီအတွက်စိုးရိမ်ပူပန်မှုလည်းမရှိဘူးမဟုတ်၊ ရှိပါတယ်။” လို့ အဲဒီကျောင်းရဲ့ တဦးတည်းသောကျောင်းဆရာမက ဘီဘီစီကို ပြောပါတယ်။ ဒါပေမဲ့ မိန်းကလေးငယ်တို့ရဲ့ ပညာရေးအတွက် ဘယ်လိုစွန့်စားမှုမျိုးကို လုပ်ရစေကာမူ ထိုက်တန်ပါတယ်လို့ သူက ဆိုပါတယ်။
လက်တဆုပ်စာ အနည်းငယ်မျှသော ပြည်နယ်တချို့ကလွဲပြီး ကျန်ပြည်နယ်တိုင်းလိုလိုမှာ မိန်းကလေးအလယ်တန်းကျောင်းမှန်သမျှကို ပြန်မဖွင့်ဘဲ ဆက်လက်ပိတ်ထားဖို့ တာလီဘန်အစိုးရက ညွှန်ကြားထားပါတယ်။
လျှို့ဝှက်စာသင်ကျောင်းကို ဘီဘီစီသတင်းထောက်တွေ သွားရောက်သတင်းယူတဲ့အခါ အထင်ကြီးလေးစား လောက်စရာအပြင်အဆင်မျိုးကို မြင်ခဲ့ရပါတယ်။ သူတို့ဟာ တကယ့်စာသင်ကျောင်းတကျောင်းလို သပ်ရပ်တဲ့ ခုံအပြာ၊ အဖြူလေးတွေကို အတန်းလိုက်စီချထားတာတွေ့ရပါတယ်။
“ကျွန်မတို့ဟာ ဒီလျှို့ဝှက်စာသင်ကျောင်းကလေးကို အကောင်းဆုံးဖန်တီးထားပါတယ်။ သူတို့က ကျွန်မကိုဖမ်းမယ်၊ ရိုက်မယ်ဆိုရင်တောင် ဒါမျိုးလုပ်လိုက်ရတဲ့အတွက်တန်တယ်လို့ထင်ပါတယ်” လို့အမျိုးသမီးကျောင်းဆရာမက ပြောပါတယ်။
မတ်လတုန်းကတော့ မိန်းကလေးစာသင်ကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေးတော့မလိုလို လုပ်လိုက်ပါသေးတယ်။ ဒါပေမဲ့ ကျောင်းသားတွေရောက်ပြီး နာရီပိုင်းအကြာမှာပဲ တာလီဘန်အစိုးရရဲ့ မူဝါဒက ရုတ်ခြည်းပြောင်းလဲသွားပါတယ်။
တာလီဘန်အစိုးရက ဖွင့်ခွင့်မပြုတော့ဘဲ ပြန်ပိတ်လိုက်တဲ့အတွက် မိန်းကလေးငယ်တွေရဲ့ စိတ်ထဲထိခိုက်ခံစားသွားကြရတာဟာ အခုထိပူပူနွေးနွေးပဲရှိပါသေးတယ်။

“အဲသလိုပြန်ပိတ်လိုက်တာ ကျွန်မ သိပ်စိတ်ထိခိုက်ပါတယ်။ အခု ၂ လကြာသွားပါပြီ။ ကျောင်းတွေ ခုထိ ပြန်မဖွင့်သေးပါဘူး။” လို့ အသက် ၁၉ နှစ်အရွယ်မိန်းကလေးက ပြောပြပါတယ်။ စီးကျလာတဲ့မျက်ရည်တွေကို သိမ်းဆည်းဖို့အတွက် သူ့လက်နဲ့ မျက်နှာကို အုပ်ပြီး ငိုရင်း ပြောပြနေတာပါ။ ငိုနေပေမဲ့ သူ့မှာအာခံဖီဆန်လိုတဲ့အရိပ်အယောင်ကို အထင်းသားမြင်တွေ့ရပါတယ်။
အသက် ၁၅ နှစ်အရွယ်မိန်းကလေးငယ်တယောက်ကတော့ အာဖဂန်နစ္စတန်တဝန်းက တခြားမိန်းကလေးတွေဆီရောက်အောင် သူပြောချင်တဲ့ အမှာစကား ရှိနေပါတယ်။
“သတ္တိရှိကြပါ။ အားလုံးသတ္တိရှိကြမယ်ဆိုရင် ဘယ်သူမှတားဆီးလို့မရပါဘူး။”
မိန်းကလေးတွေအတွက် မူလတန်းကျောင်းတွေကိုတော့ တာလီဘန်အစိုးရတက်ပြီးနောက်မှာ ပြန်လည်ဖွင့်ခွင့် ပေးလိုက်ပါပြီ။ တာလီဘန်တို့က တနိုင်ငံလုံးကိုသိမ်းပိုက်ထိန်းချုပ်နိုင်ပြီးနောက် ကျေးလက်ဒေသမှာ အခုအခါ လုံခြုံရေး ပိုမိုကောင်းမွန်လာပြီဖြစ်တဲ့အတွက် မူလတန်းကျောင်းတွေမှာ ကျောင်းလာတက်တဲ့ မိန်းကလေးအရေအတွက် သိသိသာသာ တိုးပွားများပြားလာပါတယ်။ ဒါပေမဲ့ အသက်ပိုကြီးတဲ့ အလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းသူတွေကို ကျောင်းတက်ခွင့်ပြုမပြုဆိုတာက အခုအထိ မရေမရာပဲ ရှိနေပါသေးတယ်။
ကျောင်းတွေမှာ စစ်မှန်တဲ့ အစ္စလာမ်အငွေ့အသက်လွှမ်းခြုံမိအောင်အရင်ဖန်တီးရဦးမယ်လို့ တာလီဘန်တို့က ဆိုနေပါတယ်။ လက်ရှိကျောင်းတွေမှာက ကျောင်းသူကျောင်းသားတွေအကြား ကျားမခွဲခြားသွေးကွဲမှု ရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့အဲဒီစကားဟာ ဘာကိုဆိုလိုကြောင်း ဘယ်သူမှ နားမလည်ကြပါဘူး။
တာလီဘန်တွေက မိန်းကလေးကျောင်းတွေပြန်ဖွင့်ခွင့်ပေးမှာပါလို့ လူသိရှင်ကြားအခါခါပြောကြားပေမဲ့ တခြားတဘက်မှာတော့ မိန်းကလေးတွေအတွက် ပညာရေးဆိုတာ အကဲဆတ်တဲ့ အကြောင်းအရာတခုဖြစ်တယ်လို့ ဆိုနေပြန်ပါတယ်။
၁၉၉၀ ခုနှစ်ကျော်ကာလ တာလီဘန်တို့အရင်တကြိမ်အာဏာရအုပ်ချုပ်ခဲ့စဉ်က မိန်းကလေးအားလုံးကို ကျောင်းသွားခွင့်ပိတ်ပင်ခဲ့ပါတယ်။ အဲဒီတုန်းက အကြောင်းပြချက်က လုံခြုံရေးစိတ်မချရလို့ လို့ဆိုပါတယ်။
အခုလည်း မိန်းကလေးတွေကျောင်းတက်တာကို ဆန့်ကျင်တဲ့ လက်တဆုပ်စာအမာခံပုဂ္ဂိုလ်တချို့ဟာ တာလီဘန် အဖွဲ့အစည်းအတွင်းမှာရှိနေသေးတယ်လို့ သတင်းရင်းမြစ်တချို့က ဘီဘီစီကိုဖွင့်ဟပါတယ်။
တဦးချင်းကွယ်ရာမှာတော့ မိန်းကလေးကျောင်းတွေပြန်မဖွင့်ဖို့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ကြောင်း ဖွင့်ထုတ်ပြောဆိုတဲ့ တာလီဘန်အဖွဲ့ဝင်တွေ ရှိကြပါတယ်။ မတ်လမှာ မိန်းကလေးကျောင်ဖွင့်မဲ့ အစီအစဉ်ကို တာလီဘန်ခေါင်းဆောင်ပိုင်းက ပြန်လည်ရုပ်သိမ်းလိုက်တော့ တာလီဘန်ပညာရေးဝန်ကြီးဌာနကိုယ်တိုင်က အံ့သြသွားခဲ့ကြပုံရပါတယ်။ တချိန်တည်းမှာပဲ တချို့တာလီဘန် ခေါင်းဆောင်တွေဟာ သူတို့သမီးတွေကို ကာတာနဲ့ပါကစ္စတန်ပို့ပြီး ပညာသင်ကြားပေးနေကြပါတယ်။
လောလောဆယ်သီတင်းပတ်တွေအတွင်းမှာလည်း တာလီဘန်နဲ့ဆက်စပ်တဲ့ ဘာသာရေးဆရာတချို့က မိန်းကလေးတွေရဲ့ ပညာသင်ယူခွင့်အခွင့်အရေးကို ထောက်ခံတဲ့ ဘာသာရေးအဆုံးအမတချို့ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရှိတ်ခ်ရာဟီမူလာဟတ်ခါနီဟာ ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါပြည်နယ် နယ်စပ်ဒေသမှာ အများဆုံးအခြေစိုက် နေထိုင်တဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တယောက်ပါ။ သူဟာတာလီဘန်တွေက လေးစားတဲ့ဘာသာရေးခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ ပြီးခဲ့တလတုန်းက ကာဘူးလ်ကို သူသွားရောက်ခဲ့စဉ်မှာ တာလီဘန်အစိုးရခေါင်းဆောင်ပိုင်းတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူဟာကျောင်းတွေဆက်ပိတ်ထားတဲ့အပေါ် မဝေဖန်မိအောင် အထူးသတိထားတတ်သူပါ။ ဒါပေမဲ့ ပက်ရှ်ဝါပြည်နယ်က အစ္စလာမ်ဘာသာရေးကျောင်းတခုမှာ စကားပြောကြားရာမှာတော့ သူ့မိုဘိုင်းဖုန်းကို လက်တဖက်ကကိုင်ပြီး အမျိုးသမီးတွေပညာသင်ခွင့်ကို ထောက်ခံအားပေးတဲ့ ဘာသာရေးအယူအဆတချို့ကို ဖွင့်ပြခဲ့ပါတယ်။ တမန်တော်မိုဟာမက်ရဲ့ဘဝနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။
“အစ္စလာမ်ရှာရီယာဥပဒေထဲမှာ အမျိုးသမီးတွေရဲ့ပညာရေးကိုပိတ်ပင်ထားတဲ့အချက်တချက်မှ မပါဘူး”လို့ သူက ဘီဘီစီကို ပြောပါတယ်။
"အမျိုးသမီးပညာရေးဟာ ခွင့်ပြုသင့်တယ်၊ လက်ခံ့သင့်တယ်လို့ ဘာသာရေးစာအုပ်အားလုံးမှာ ဖော်ပြထားပါတယ်။ ဥပမာ အာဖဂန်နစ္စတန်တို့လို၊ ပါကစ္စတန်တို့လို အစ္စလာမ်ဘာသာ ယဉ်ကျေးမှုနယ်ပယ်ထဲက အမျိုးသမီးတယောက် နာမကျန်းတဲ့အခါ အမျိုးသမီးဆရာဝန်တွေကုသပေးတာက ပိုကောင်းပိုပြီးသင့်တော်လို့ပါ" လို့သူက ဆိုပါတယ်။
ရှေးရိုးစွဲဘာသာရေးသမားတွေထဲမှာတောင် အမျိုးသမီးပညာရေးကို အားပေးထောက်ခံကြသူတွေ အများအပြား ရှိပါတယ်။
အမျိုးသမီးပညာရေးပြဿနာနဲ့ပတ်သက်ပြီး ဆန်းစစ်ဖို့ ကော်မတီတရပ်ကို တာလီဘန်က ဖွဲ့စည်းပေးထားပါတယ်။ ဒါပေမဲ့ အဲဒီကော်မတီထဲမှာလည်း အမျိုးသမီးပညာရေးကိုဆန့်ကျင်သူ သြဇာကြီးမားတဲ့တာလီဘန်ခေါင်းဆောင်တွေ ပါဝင်နေတယ်လို့ နီးစပ်သူတချို့က ဘီဘီစီကို ပြောပါတယ်။
တာလီဘန်တို့ အာဏာရပြီးစ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ သဘောထားပျော့ပျောင်းတဲ့မူဝါဒတချို့ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ လောလောဆယ်ကာလမှာတော့ တင်းမာတဲ့ အယူအဆတချို့ ပြန်အားကောင်းလာပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးတွေ မျက်နှာဖုံးမတပ်မနေရဆိုတဲ့ စည်းကမ်းမျိုး ပါဝင်ပါတယ်။ အမျိုးသမီးတွေ အိမ်တွင်းအောင်းတာ အားပေးတဲ့ အယူအဆမျိုးတွေလည်း ပါဝင်ပါတယ်။
အမျိုးသမီးများက မိမိတို့ရဲ့သဘောမတူကွဲပြားတဲ့အယူအဆဖော်ပြပြောဆိုမှုအပေါ် သည်းခံနားလည်ပေးမှုဟာလည်း နည်းပါးလာပါတယ်။

လူမှုကွန်ရက်မှာ လူကြိုက်များတဲ့ တာလီဘန်အဖွဲ့ဝင်တယောက်က မိန်းကလေးကျောင်းတွေ ပိတ်တာနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။ အစိုးရဝန်ထမ်းတွေ မုတ်ဆိတ်မွေးထားဖို့ စည်းကမ်းသစ် ထုတ်တာကိုလည်း သူကဝေဖန်ပါတယ်။ ဒါပေမဲ့သူ့ကို တာလီဘန်ထောက်လှမ်းရေးဌာနက ခေါ်ယူစစ်ဆေးမေးမြန်းပြီးနောက်မှာ သူဟာ သူ့ရေးသားချက်တွေကို ပြန်ဖျက်ပြီး မုတ်ဆိတ်နဲ့ပတ်သက်တဲ့ သူ့သဘောထားမှားယွင်းကြောင်းတောင်းပန်ခဲ့တယ်လို့ နီးစပ်သူတယောက်က ဆိုပါတယ်။
အောက်ခြေလူတန်းစားထဲမှာ အမျိုးသမီးပညာရေးကိုဆန့်ကျင်သူအလွန်နည်းပါးပါတယ်။ ဒါပေမဲ့ အမျိုးသမီးကျောင်းတွေဖွင့်လိုက်ရင် အဲဒီစာသင်ကျောင်းတွေဟာ အစ္စလမ်နိုင်ငံအဖွဲ့ Islamic State Group ရဲ့ လူသစ်စုဆောင်းစည်းရုံးရာနေရာဖြစ်လာမှာကို တာလီဘန်ခေါင်းဆောင်တချို့က စိုးရိမ်ပူပန်ကြပါတယ်။ ဒါပေမဲ့ တကယ်လို့ အမျိုးသမီးတွေပညာသင်ကြားခွင့်ကို တိုးတက်ကောင်းမွန်လာဖို့ သိသိသာသာ အားပေးခွင့်ပြုလိုက်ရင် တာလီဘန်တွေရဲ့ ဘဏ္ဍာငွေ အမြောက်အမြား ပိတ်ဆို့ခံထားရာကနေ အနောက်နိုင်ငံတွေက ဖွင့်ပေးနိုင်တာမို့ ဒေါ်လာဘီလျံနဲ့ချီပြီး အကျိုးရှိနိုင်တယ်လို့ အနောက်နိုင်ငံအစိုးရအရာရှိတွေက ဆိုကြပါတယ်။
အာဖဂန်နစ္စတန်အမျိုးသမီးရေးလှုပ်ရှားသူတွေကလည်း အမျိုးသမီးမျိုးဆက်တခု ခေတ်နောက်ပြတ်ကျန် မနေခဲ့ရေးအတွက် အပြင်းအထန် ကြိုးစားရုန်းကန်လှုပ်ရှားနေကြပါတယ်။
လျှို့ဝှက်စာသင်ကျောင်းမှာတော့ မိန်းကလေးတွေဟာ သင်္ချာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်တွေကို တနေ့ တနာရီ၊ နှစ်နာရီနှုန်းနဲ့ သင်ကြားပို့ချပေးနေပါတယ်။
ကျောင်းတက်ချင်တဲ့မိန်းကလေးတွေ အများကြီးရှိနေသေးတယ်ဆိုတာ ဆရာမက သိပါတယ်။ ဒါပေမဲ့ နေရာအခက်အခဲ၊ ငွေကြေးအခက်အခဲတွေနဲ့ လုံခြုံရေးအခက်အခဲတွေကြောင့် ကျောင်းသူအရေအတွက်ကို ကန့်သတ်ထားရပါတယ်။
ပုံမှန်စာသင်ကျောင်းတွေ မကြာခင်ပြန်ဖွင့်လာလိမ့်မယ်လို့ သူက သိပ်မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ သူတတ်နိုင်သလောက် လုပ်သွားမယ်လို့ ဆိုပါတယ်။
“ပညာတတ်အမျိုးသမီးတယောက်အနေနဲ့ ကျွန်မမှာ တာဝန်ရှိပါတယ်။ ပညာရေးဟာ ကျွန်မတို့ကို အမှောင်ထုထဲက ဆွဲထုတ်ကယ်တင်ပေးနိုင်ပါလိမ့်မယ်” လို့သူက ဘီဘီစီကို ပြောပါတယ်။









