စမ်းချောင်းမြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦးကို စရဖ ဖမ်းဆီး စစ်ဆေးနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ထဲမှာ အဆောက်အဦ ပြီးစီးကြောင်းအသိအမှတ်ပြုလွှာ(BCC) မကျဘဲ ဆောက်ထားတဲ့တိုက်တွေနဲ့ဆက်စပ်ပြီး ရပ်ကွက် ၇ ခုရဲ့အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်တာ ၁ ဦး ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်တာတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးခံရတာဖြစ်ပြီး လက်ရှိမှာ သူတို့ကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က စစ်ဆေးနေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
အဆောက်အဦ ပြီးစီးကြောင်းအသိအမှတ်ပြုလွှာ(BCC) မကျဘဲ တိုက်ဆောက်လုပ်မှုတွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရဲ့ အကျင့်ပျက်ချစားမှုတွေလည်းရှိနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို စစ်ဆေးနေတာဖြစ်ပါတယ်။
လက်ရှိ စမ်းချောင်းမြို့နယ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတဲ့ အဆောက်အဦ ၃၂ လုံးခန့်ရှိတယ်ဆိုပြီး အာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ပြုလုပ်နေတာပါ။
တဆက်တည်းမှာပဲ စမ်းချောင်းမြို့နယ်မှာ အဆောက်အဦပြီးစီးကြောင်း အသိအမှတ်ပြုလွှာ (BCC) မကျဘဲ ဆောက်ထားတဲ့ အဆောက်အဦတွေကို စည်ပင်က သတိပေးစာတွေ ကပ်နေတယ်လို့ စမ်းချောင်းက အခန်းပိုင်ရှင်တချို့က ပြောပါတယ်။
“ကျွန်မတို့တိုက်ကို စည်ပင်ရုံးကနေ အရေးယူထားပါတယ်ဆိုပြီး စာလာကပ်တယ်။ တိုက်ဆောက်တုန်းက ဂရန်မရှိတော့ BCC က မကျဘူး။ ဂရန်ကို အရင်လျှောက်ပြီးတော့မှ ဆောက်လို့ရမယ်လို့ ပြောပါတယ်။ ကန်ထရိုက်က ဂရန်ကို မလျှောက်ခဲ့ဘဲနဲ့ ဆောက်လိုက်တဲ့ပုံစံဖြစ်သွားတာ” လို့ အခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
အခန်းပိုင်ရှင်တချို့ကတော့ သူတို့ တိုက်ခန်းဝယ်ယူချိန်တုန်းက ဒီအခြေအနေတွေ မသိရှိခဲ့တာကြောင့် အရေးယူခံရမယ့် အန္တရာယ်ကိုလည်းစိုးရိမ်နေတယ်လို့ ပြောပါတယ်။
စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၁ (ဃ) အရ စည်ပင်က ခွင့်ပြုထားတဲ့ အဆောက်အဦပုံစံနဲ့ ကွဲလွဲတဲ့ အဆောက်အဦကို ဆောက်လုပ်ခွင့်ပိတ်ပင်ထားပါတယ်။
နောက်ပြီး ပုဒ်မ ၆၁ (င) မှာဆိုရင် ဆောက်လုပ်ပြီးစီးထားတဲ့ အဆောက်အဦမှာ စည်ပင်ရဲ့ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်တာ၊ အသုံးပြုတာတွေကို တားမြစ်ထားပါတယ်။
ဒီတားမြစ်ချက်တွေကို ကျူးလွန်ရင် ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ်တစ်သောင်းကနေ အများဆုံး ငွေဒဏ်ကျပ်ငါးသိန်းအထိဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ်လုံးလည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။



