သြဂုတ်လ ၁၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မြန်မာဟာ ရုရှားအတွက် အရှေ့တောင်အာရှမှာယုံကြည်ရမယ့်မိတ်ဆွေဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်က ပူတင်ကိုပြောတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတလွှားက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
သြဂုတ်လ ၁၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားနဲ့ မြန်မာကြား လုံခြုံရေးနယ်ပယ်မှာ ဆက်ဆံရေးတိုးတက်နေတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ မော်စကိုမြို့မှာ ပြီးခဲ့တဲ့မိနစ်ပိုင်းက တွေ့ဆုံချိန်မှာ ရုရှားသမ္မတက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
အစဉ်အလာအရ မြန်မာစစ်တပ်က မော်စကိုကို ပညာတော်သင်တွေ စေလွှတ်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ ရုရှားသမ္မတကတော့ မြန်မာနဲ့ စီးပွားရေးအပိုင်းကို ဦးစားပေးလုပ်မယ်လို့ ပြောပြီးမှ လုံခြုံရေးပိုင်းမှာလည်း ဆက်ဆံရေးတိုးတက်နေတဲ့အကြောင်း ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာပြောပါတယ်။
‘‘နိုင်ငံတကာမျက်နှာစာမှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပါတယ်။ စီးပွားရေးအပိုင်းကို ဦးစားပေးပြီး အလုပ်လုပ်ရပါမယ်။ ကောင်းတဲ့ပရောဂျက် စီမံကိန်းတွေလည်း ရှိပါတယ်။ လုံခြုံရေးနယ်ပယ်မှာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်နေပါတယ်။ … နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အသေးစိတ်ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်’’ လို့ သမ္မတ ပူတင်က ပြောပါတယ်။
နောက် အာဆီယံနဲ့ ရုရှား ဆွေးနွေးဖက် မိတ်ဖက်အဖြစ် မြန်မာက ကြား၀င်ညှိနှိုင်းဆောင်ရွက်ပေးတဲ့နိုင်ငံအဖြစ် အခုနှစ်မှာ တာ၀န်ယူခဲ့တာကိုလည်း သမ္မတပူတင်က ဦးမင်းအောင်လှိုင်ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။
တဖက်မှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ဦးမင်းအောင်လှိုင်အပါအ၀င် သူ့ရဲ့နိုင်ငံခြားရေး၀န်ကြီးတွေကို အာဆီယံအစည်းအ၀ေးပွဲတွေကို တက်ရောက်ခွင့်ပိတ်ပင်ထားချိန်မှာ မြန်မာက အခုလိုတာ၀န်ယူတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ၀ေဖန်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးရာထူး မစွန့်ခင်အထိ ဦးမင်းအောင်လှိုင်ဟာ ရုရှားကို အကြိမ်ကြိမ်သွားခဲ့ပါတယ်။
ဒီနှစ်ပိုင်းတွေအတွင်း မြန်မာနဲ့ ရုရှားကြား ဆက်ဆံရေးတိုးတက်နေတယ်လို့ နှစ်ဖက်စလုံးက ပြောနေပါတယ်။
ဒါပေမဲ့ အကဲခတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီဆက်ဆံရေးကို စစ်အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အနောက်ရဲ့ပိတ်ဆို့ခံထားရတဲ့ မြန်မာခေါင်းဆောင်တွေနဲ့ ယူကရိန်းကို ကျူးကျော်လို့ စီးပွားရေးဒဏ်ခတ်မှုခံထားရတဲ့ ရုရှားကြား အထီးကျန်ပေါင်းစပ်မှုလို့ ၀ေဖန်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာဟာ ရုရှားနိုင်ငံအတွက် အသင့်ရှိတဲ့အကြောင်း နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ဒီနေ့ ကရင်မလင်နန်းတော်မှာ ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံချိန် ပြောလိုက်ပါတယ်။
သူတို့နှစ်ယောက် မော်စကိုမြို့မှာ တွေ့ဆုံချိန် ပြီးခဲ့တဲ့မိနစ်ပိုင်းတုန်းက ဦးမင်းအောင်လှိုင်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။
‘‘မြန်မာဟာ ရုရှားအတွက် အရှေ့တောင်အာရှမှာ ယုံကြည် စိတ်ချရမယ့် မိတ်ဆွေအဖြစ်တည်ရှိနေပါမယ်။ မြန်မာနိုင်ငံအနေနဲ့ အသင့်ရှိကြောင်း ပြောလိုပါတယ်။’’လို့ သူက စကားပြန်ကနေတဆင့် ပြောခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာလည်း သမ္မတပူတင်ရဲ့အားပေးထောက်ခံမှုကြောင့် လက်ရှိ မြန်မာရဲ့နိုင်ငံတကာဆက်ဆံရေးမှာ တိုးတက်မှုတွေများခဲ့တယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး တိုးတက်နေတယ်လို့ သူက ပြောပြီး အခုခရီးစဉ်မှာ ရုရှား - မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ရှေ့ကိစ္စတွေ ဆက်ဆွေးနွေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ကိုပိုင်တဲ့ မက်တာကုမ္ပဏီဟာ အသုံးပြုတဲ့လူငယ်တွေကို ထိခိုက်နေစေတယ်ဆိုတဲ့တရားတဘောင်ကိစ္စတွေကို ဆက်တိုက်ရှုံးနိမ့်နေချိန်မှာပဲ ဒီပလက်ဖောင်းတွေ လည်ပတ်မှုအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်တဲ့ဂျူရီလူကြီးမင်းတွေရဲ့ကြားနာမှုတစ်ခု အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ပြုလုပ်ဖို့ရှိနေပါတယ်။
အခုကြားနာမှုဟာ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်အပါအဝင် အမေရိကန်ပြည်နယ်ပေါင်း ၃၀ ကျော်က ရှေ့နေတွေက မက်တာအပေါ် တရားစွဲဆိုမှုနဲ့လည်းဆက်နွှယ်ပါတယ်။ အဲဒီတရားစွဲမှုတွေမှာတော့ ကလေးငယ်တွေရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်အလက်တွေ ချိုးဖောက်တယ်လို့ စွပ်စွဲတာဖြစ်ပါတယ်။
အဲဒါကြောင့် ပြည်နယ်တွေဟာ မက်တာ ဆီကနေ နစ်နာကြေး ဒေါ်လာ ၁ ထရီလီယံအထိ ရဖို့ တောင်းဆိုနေပြီး အင်စတာဂရမ်နဲ့ ဖေ့ဘွတ်ခ်ကို အပြောင်းအလဲတွေ လုပ်ဖို့လည်း တောင်းဆိုနေပါတယ်။
အဲဒီထဲ ကြိုက်နှစ်ကြောင်းပြတဲ့ Like (လိုက်ခ်)အရေအတွက် မရှိအောင်လုပ်ဖို့အချက်လည်း ပါ၀င်ပါတယ်။
ဒီလောက်အတိုင်းအဆနဲ့ ရင်ဆိုင်နေရတဲ့အမှုအခင်းကို မက်တာဟာ ရှုံးခဲ့တယ်ဆိုရင်တော့ လူငယ်တွေ လူမှုကွန်ရက်ကနေရရှိနိုင်တဲ့အတွေ့အကြုံတွေလည်း အပြောင်းအလဲကြီး ပြောင်းလဲတော့မှာဖြစ်ပါတယ်။
အမေရိကန်ပြည်နယ်တွေက မက်တာကို ဘာတွေ တောင်းဆိုနေလဲ။
- ဆယ်ကျော်သက်သုံးစွဲသူတွေအတွက် မိဘက အတည်ပြုပေးတဲ့လုပ်ငန်းစဉ် ပေါ်အောင်လုပ်ဖို့
- လူ့ခန္ဓာကိုယ်ကနေ ထွက်တဲ့ ဒိုပါမင်းဓာတ်ကို ဘဘာ၀အတိုင်းကျော်လွန် ထွက်လာအောင် လုပ်နည်းဆိုတာမျိုးလို အကြောင်းအရာတွေကို ဆက်တိုက်ပြသတာမျိုးမဖြစ်အောင် တားမြစ်ဖို့
- ဓာတ်ပုံတွေမှာ လူတစ်ယောက်ရဲ့အသွင်အပြင်ကို ပြောင်းသွားစေတဲ့ ဖေလာတွေ ထည့်ထားတဲ့ပုံတွေကို ဖယ်ရှားဖို့
- ရုပ်သံ ဗီဒီယိုတွေ ဆက်တိုက် ပြတာကို အဆုံးသတ်ဖို့
- အကောင့်မျိုးစုံနဲ့ ဖန်တီးတာကို တားမြစ်ဖို့ အချက်တွေပါ၀င်ပါတယ်။
တဖက်မှာလည်း ဒီလုပ်ဆောင်ချက်တွေဟာ မက်တာ ပလက်ဖောင်းတွေကို သုံးစွဲတဲ့အခါ သုံးသူတွေရဲ့အတွေအကြုံပိုင်းမှာ အခရာကျတာတွေ ဖြစ်နေပြန်ပါတယ်။
အမှုဖွင့်သူ တွေကတော့ မက်တာဟာ ပလက်ဖောင်းကို သုံးလာအောင် မျှားဖို့ လူငယ်တွေကို အမြတ်ထုတ်ဖို့ ရွေးချယ်နေတယ်လို့ စွပ်စွဲပါတယ်။ ဒီနည်းနဲ့ သုံးစွဲသူ အခြေခံပြီး လုပ်ငန်းကျယ်ပြန့်လာအောင် လုပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒီနေ့မှာ မက်တာဟာ စတော့စျေးကွက်မှာ ဒေါ်လာ ၁.၅ ထရီလီယံအထိ တန်ဖိုးရှိနေပါတယ်။
မက်တာဘက်ကတော့ ဒီလိုပြောဆိုချက်တွေကို အမြဲတမ်း ငြင်းဆိုပါတယ်။
''ကျွန်တော်တို့ဘက်က ဒီစွပ်စွဲချက်တွေကို သဘောမတူပါဘူး။ လူငယ်တွေအတွက် အားပေးထောက်ပံ့တာတွေလုပ်နေတာ ကြာမြင့်နေပြီဆိုတာကိုလည်း သက်သေတွေက ပြသနေပါတယ်'' လို့ ကုမ္ပဏီပြောခွင့်ရသူက ပြောပါတယ်။
ပြည်နယ်တွေကတော့ ကယ်လီဖိုးနီးယားပြည်နယ် ဖက်ဒရယ်တရားသူကြီးချုပ် Yvonne Gonzalez Rogers ရဲ့ပြောဆိုချက်တွေကိုပဲ သူတို့ရဲ့တိုင်တန်းချက်တွေမှာကိုးကား ပြောဆိုနေကြပါတယ်။
မက်တာကုမ္ပဏီနဲ့ဆက်နွှယ်တဲ့ဆုံးဖြတ်ချက်တစ်ခုမှာတော့ နယူး မက္ကဆီကိုပြည်နယ်က တရားသူကြီး ဘရိုင်ယန် ဘတ်ဆိဒ်က ကုမ္ပဏီဟာ ဒေါ်လာ ၉၄၂ သန်း ဒဏ်ကြေးပေးဖို့ အမိန့်ချခဲ့ပြီး အခုနောက်ထပ်ပြည်နယ်တွေက တောင်းဆိုနေတဲ့ပြုပြင်ပြောင်းလဲမှုတွေကိုလည်းပြုလုပ်ဖို့ အမိန့်ချပါတယ်။
တရားသူကြီးကတော့ မက်တာကုမ္ပဏီကို လူတွေအသက်ရှုဖို့ လေထုညစ်ညမ်းအောင်လုပ်တဲ့စက်ရုံတစ်ရုံ သဖွယ်နဲ့ ခိုင်းနှိုင်းပြီး ''လူထုစိတ်အနှောက်ယှက်ဖြစ်စရာ''လို့ ပြောပါတယ်။ မက်တာဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို အယူခံ၀င်မယ်လို့ပြောပါတယ်။
တရားသူကြီး ဘတ်ဆိဒ်က နယူး မက္ကဆီကိုမှာ မက်တာကုမ္ပဏီကို အပြောင်းအလဲလုပ်ဖို့ တောင်းဆို မိန့် ထုတ်ပြီးတဲ့နောက် ပြည်နယ် ၃၀ မှာလည်း အလားတူ အမိန့်ချတာတွေရှိမယ်ဆိုရင် ဒါဟာ မက်တာအတွက် အမေရိကန်တလွှားမှာ အပြောင်းအလဲလုပ်ရမယ့်အခြေဆိုက်မှာဖြစ်ပါတယ်။
အခုတော့ ပြည်နယ် ၃၀ ကျော်က ရှေ့နေတွေဟာ တရားသူကြီး ဂွန်ဇိုလက်ဇ် ရော်ဂျာစ်ရဲ့ အမိန့်အတိုင်း တည်မယ့်အမိန့်တွေ ထွက်လာအောင်လုပ်ဖို့ တွန်းနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AKP
နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ အာဆီယံအဖွဲ့၀င်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားကို လာမယ့် စက်တင်ဘာလအစောပိုင်းမှာ လာဖို့ရှိတယ်လို့ဆိုပြီး ကမ္ဘောဒီးယားဘက်က ထုတ်ပြောလာပါတယ်။
လက်ရှိ ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌတာ၀န် ယူထားတဲ့၀န်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ပြောခွင့်ရသူက ဦးမင်းအောင်လှိုင်ခရီးစဉ်အကြောင်းကို ထုတ်ပြောလာတာလို့ ဖနွမ်ပင်ပို့စ်က သတင်းရေးပါတယ်။
ဒီခရီးစဉ်အတွက် ကြိုဆိုဧည့်ခံမယ့်နေရာကို လိုက်ကြည့်ရင်း အထက်လွှတ်တော်ဥက္ကဋ္ဌရဲ့ပြောခွင့်ရသူက အခုလိုအတည်ပြုလိုက်တာလို့လည်း သတင်းက ဆိုပါတယ်။
ဒီနှစ် ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်ခဲ့ပြီးဖြစ်တာကြောင့် အခုခရီးစဉ်ဟာ ဦးမင်းအောင်လှိုင်အတွက် အာဆီယံအဖွဲ့၀င် ၃ နိုင်ငံမြောက်သွားတဲ့ခရီးစဉ်ဖြစ်လာမှာပါ။
ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဒီခရီးစဉ်ဟာ “နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် လိုအပ်သလို နှစ်ဦးနှစ်ဖက်အတွက်လည်း အကျိုးရှိပါလိမ့်မယ်” လို့ ပြောပါတယ်။
ဦးမင်းအောင်လှိုင်ဟာ အာဆီယံစင်မြင့်ထက်မှာ တက်ရောက်ခွင့် မရခင် အခုလိုအာဆီယံနိုင်ငံတွေကို ခပ်စိပ်စိပ်ခရီးနှင်နေတာဖြစ်ပါတယ်။
ဒီခရီးစဉ်မတိုင်မီ ဇူလိုင် ၃၁ ရက်ကပြုလုပ်တဲ့သမ္မတရာထူးယူပြီး ရက် ၁၀၀ ပြည့် မိန့်ခွန်းမှာလည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံနိုင်ငံအားလုံးရဲ့ သဘောတူညီချက် မဟုတ်ဘူးလို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
အာဆီယံဘုံသဘောတူညီချက်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပတဲ့အာဆီယံခေါင်းဆောင်တွေအစည်းအဝေးမှာ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီသဘောတူညီချက် ၅ ရပ်ဟာ ‘အဲဒီအချိန်က အာဆီယံဥက္ကဋ္ဌ(ဘရူနိုင်း)ရဲ့ နောက်ဆက်တွဲထုတ်ပြန်ချက်ပဲဖြစ်တယ်’ လို့ ဦးမင်းအောင်လှိုင်က ပြောဆိုထားပါတယ်။
ဒါနဲ့ပတ်သက်လို့ အာဆီယံဘက်ကတော့ တုံ့ပြန်မှု တစုံတရာမပြုလုပ်သေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Lucy Robertson
လွန်ခဲ့တဲ့ ၁၀ နှစ်က ပျောက်ဆုံးသွားတဲ့ ၁၃ နှစ်သမီး ကြောင်မလေး ချာလီ အိမ်အပြန်လမ်းကို ပြန်ရှာတွေ့ခဲ့ပါပြီ။
၂၀၁၆ ခုနှစ် ဧပြီလတုန်းက သုံးနှစ်သမီးသာရှိသေးတဲ့ ကြောင်မလေး ချာလီ ပျောက်သွားတုန်းက ပိုင်ရှင်တွေဖြစ်တဲ့ လူစီနဲ့ ဟန်နာ ရောဘတ်ဆန်တို့ ညီအစ်မ ကြေကွဲမဆုံး ဖြစ်ခဲ့ကြပါတယ်။
အပြင်မှာ ခြေဆန့်တတ်တဲ့ ကြောင်မလေး ချာလီဟာ တစ်နေကုန် လမ်းတွေပေါ် လျှောက်သွားရင်း အချိန်ဖြုန်းလေ့ရှိပါတယ်။ ဒါပေမဲ့ နေရာသစ်ကို ပြောင်းသွားခဲ့အပြီး တစ်နေ့မှာတော့ အိမ်ပြန်မလာနိုင်တော့ပါဘူး။
ချာလီ့ကို မိသားစုက လနဲ့ချီ ကြာအောင် လိုက်ရှာခဲ့ကြပေမဲ့ အစအနတောင် မတွေ့ခဲ့တော့ပါဘူး။
ချာလီလေး အိမ်ကို ဘယ်လိုပြန်ရောက်လာခဲ့လဲ။ ဒီလင့်ခ်မှာ ၀င်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ArrPuu Tuu
ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်မှာ အသက် ၈ နှစ်အရွယ်ယောကျာ်းလေးတစ်ဦး ဓားထိုးဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ အခင်းဖြစ်တဲ့နေရာကို သွားရောက်ကူညီပေးခဲ့တဲ့ ကိုအာပူတူးက ပြောပါတယ်။
“ထိုးတဲ့အမျိုးသားက တစ်တိုက်တည်း နေတယ်လို့ပြောတယ်။ ကလေးက ကျောင်းသွားခါနီးမှာ စာအုပ်ထည့်နေရင်းနဲ့ ဖြစ်သွားတာ” လို့ သူက ပြောပါတယ်။
ဓားထိုးခဲ့အမျိုးသားဟာ ဘာကြောင့်အခုလိုလုပ်ခဲ့လဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမဲ့ သူဟာ စိတ်ဝေဒနာသည်တစ်ဦးလို့ကြားသိခဲ့ရတဲ့အကြောင်း ကိုအာပူးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။ ဒီအချက်ကို ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အခုတော့ ကျူးလွန်သူလို့ဆိုတဲ့အမျိုးသားကို နယ်မြေခံ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီလို့လည်း သိရပါတယ်။
ဓားထိုးမှုဖြစ်ချိန်မှာ ကလေးငယ်ရဲ့အဖွားဖြစ်သူကလည်း ဝင်ဆွဲရင်း ပြတ်ရှ ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တူရကီ၊ ဆော်ဒီအာရေးဗျနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ မက္ကာသဘောတူညီချက် (Mecca Pact) လို့ ခေါ်တဲ့ ပူးတွဲကာကွယ်ရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြတာ သီတင်းတစ်ပတ်ကျော်သွားပြီဖြစ်ပါတယ်။
လေ့လာသုံးသပ်သူတချို့ကတော့ ဒီသဘောတူညီချက်ကို "ဆွန်နီမဟာမိတ်အဖွဲ့" လို့ သတ်မှတ်ကြသလို တချို့ကလည်း "မွတ်ဆလင် Nato" လို့တောင် ခေါ်ကြပါတယ်။
တချို့ကတော့ ဒီသဘောတူညီချက်ဟာ အီရန်နဲ့ အစ္စရေးလို နိုင်ငံတွေကို သတင်းစကားပါးလိုက်တဲ့သဘောလို့ မြင်ကြပါတယ်။ နောက်ပြီး အခုလိုသဘောတူညီချက် လက်မှတ်ထိုးလိုက်တာဟာတူရကီ၊ ဆော်ဒီအာရေးဗျနဲ့ ပါကစ္စတန်တို့အနေနဲ့ လုံခြုံရေးပိုင်းမှာ အမေရိကန်ကို မှီခိုနေရတာကို လျှော့ချချင်တဲ့ဆန္ဒကို ထင်ဟပ်တယ်လို့ ဆိုကြသူတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ သဘောတူညီချက်အပြည့်အစုံကို အများပြည်သူ သိရှိနိုင်အောင် အခုထိ မထုတ်ပြန်သေးတဲ့အတွက် ခန့်မှန်းပြောဆိုချက်တွေလည်း အများကြီးပေါ်ထွက်နေပါတယ်။
အကဲခတ်တွေကတော့ နယ်မြေချင်း မဆက်စပ်တဲ့ ဒီသုံးနိုင်ငံရဲ့အကျိုးစီးပွားတွေဟာ မတူညီကြဘူးလို့ ထောက်ပြပါတယ်။
စာချုပ်ပါ အချက်အလက်တွေကို မမျှဝေနိုင်သေးတာကို ကြည့်ရင် ပူးတွဲ ကာကွယ်ရေးသဘောတူညီချက်လို့ဆိုပေမဲ့ ရန်တစ်မျိုးမျိုးကို ကြုံရတဲ့အခါ အတူတားဆီးဟန့်တားနိုင်စွမ်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်နေစေတယ်လို့လည်း အကဲခတ်တချို့က ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hluttaw
နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီ ရဲ့ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေး နဲ့ ပါတီကော်မတီဝင် ဦးအောင်မြင့်ကြိုင်တို့စီးလာတဲ့ ကား မနေ့က မတော်တဆမှုဖြစ်ခဲ့တယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
သူတို့စီးလာတဲ့ ကားက မိုးများလို့ လမ်းချော်သွားခဲ့ပြီး လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အခြေအနေမစိုးရိမ်ရဘူးလို့ ပြောပါတယ်။
ဦးဝင်းဌေး ဟာ စစ်တပ်အာဏာသိမ်းပြီး ကျင်းပတဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, ပကဖ၊ ဝက်လက်မြို့နယ်၊ NUG
သဖန်းဆိပ်ဆည်ရေပိုလွှဲဖောက်ချလို့ ရေဘေးဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရဲ့ အရှေ့တောင်ခြမ်းနေရာကို စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာပဲ လေကြောင်းကနေ သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်တပ် ရဲ့ ဂျက်ဖိုက်တာ ၂ စင်းဟာ မနက် ၆ နာရီခွဲကျော်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပကဖ က ပြောပါတယ်။
စစ်တပ်ရေယာဉ်တွေဟာလည်း ဧရာဝတီမြစ်ကြောင်း တလျှောက်ကနေ ဆန်တက်လာပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်း မတ္တရာမြို့နယ်က အေးကျွန်းရွာကို ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ပကဖက ဩဂုတ် ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။
စစ်တပ် ရေယာဉ်တွေဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ မတ္တရာမြို့နယ်က ရွာတွေမှာ ကမ်းကပ်ထားတာကြောင့် မြစ်ကမ်းအနီး နဲ့ ကျွန်းပေါ်နေထိုင်သူတွေ လက်နက်ကြီး အန္တရာယ်သတိပြုကြဖို့ ပြောဆိုထားပါတယ်။
ဩဂုတ် ၆ ရက်နေ့မှာ သဖန်းဆိပ်ဆည်ရေပိုလွှဲဖောက်ချလို့ ဝက်လက်မြို့နယ်ထဲက ကျေးရွာပေါင်း ၂၀ ရေဘေးသင့်ခဲ့တာပါ။
ဝက်လက်မြို့နယ်လိုပဲ ရေဘေးဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ ခင်ဦးမြို့နယ်ထဲက ကွမ်းတိုင်းကျေးရွာ ကိုလည်း စစ်တပ်က ဩဂုတ်လ ၁၁ ရက်၊ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သေးတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, နည်းဗျူဟာ ၃၃
ထားဝယ်မြို့နယ်၊အကောက်ခွန်ဦးစီးဌာန က ဒုအကောက်ခွန်မှူး ဦးဖြိုးစံဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရချိန်ပြန်လည်ခုခံထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တနင်္သာရီ တိုင်း စစ်ဌာန၊ နည်းဗျူဟာ ၃၃ က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
သူဟာ၂၀၀၆ ခုနှစ်ကတည်းက အကောက်ခွန်ဦးစီးဌာနကို စတင်ဝင်ရောက်ခဲ့ပြီး နေပြည်တော် ပို့ဆောင်ရေးဒုဝန်ကြီး ဦးအောင်မြိုင် ရဲ့ သား ဖြစ်တယ်လို့ အကောက်ခွန်ဌာန သတင်းအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
စစ်တပ်ကအင်အားအလုံးအရင်း နဲ့ စစ်ကြောင်းလာချိန်မှာ လုံခြုံရေးရဲဘော်ရဲ့ လက်နက်ကို လုယူပြီး ပြန်လည်ခုခံထွက်ပြေးဖို့ ကြိုးစားခဲ့တာလို့ ထုတ်ပြန်ထားပေမဲ့ ဖြစ်စဥ်ကို ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဇူလိုင်၂၀ ရက်နေ့က လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၈၀၀၃ တပ်ရင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေချိန် ထားဝယ်မြို့နယ်၊ ဒုတိယအကောက်ခွန်မှူး ဦးဖြိုးစံကို ဖမ်းဆီးရမိခဲ့တာပါ။
သူဟာထားဝယ်ရေနက်ဆိပ်ကမ်းနဲ့သဘာဝဓါတ်ငွေ့တူးဖော်မှုအခြေအနေတွေနဲ့စက်ပစ္စည်းတွေကို လာစစ်ဆေးခဲ့တာလို့ ဝန်ခံထွက်ဆိုခဲ့တယ်လို့ နည်းဗျူဟာ၃၃ က ဩဂုတ် ၁ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းဟာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) ရဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်ဟာထားဝယ်အထူးစီးပွားရေးဇုန် (SEZ) ကို အမြန်ပြန်စချင်နေပြီး သူ့ရဲ့ ရုရှားခရီးစဉ်မှာ လည်း ဒီအကြောင်းကို ဆွေးနွေးသွားဖို့ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP Via Getty Images
သမ္မတရာထူးရယူပြီးနောက် ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံး ရုရှားခရီးစဉ်ဟာ နှစ်နိုင်ငံကြား ရှိပြီးသား စစ်ရေးဆက်ဆံရေးကို ဆက်လက်ခိုင်မာစေရေးထက် ပိုမိုကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေ ရှိနေပါတယ်။
စီးပွားရေးအကျပ်အတည်းနဲ့ စွမ်းအင်လိုအပ်ချက်တွေကို ရင်ဆိုင်နေရတဲ့ နေပြည်တော်အတွက် ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စွမ်းအင်ပံ့ပိုးမှုတွေ ရရှိရေးက အရေးပါနေပါတယ်။
တစ်ဖက်မှာလည်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြား ရုရှားဟာ စွမ်းအင်ဈေးကွက်နဲ့ ကုန်သွယ်ဖက်အသစ်တွေ ရှာဖွေနေရပါတယ်။
နေပြည်တော်နဲ့ မော်စကိုကြားက စစ်ရေးမဟာမိတ်ဆက်ဆံရေးကနေ စီးပွားရေးနဲ့ စွမ်းအင်အကျိုးစီးပွားတွေထိ ဘယ်လောက်အထိ ချဲ့ထွင်လာမလဲ။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PPIB
ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရာထူးယူပြီး ပထမဆုံး ရုရှားခရီးစဉ်အဖြစ် မော်စကိုမြို့ကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။
မော်စကိုမြို့ကို ရောက်ရှိလာတဲ့ ဦးမင်းအောင်လှိုင်ကို ရုရှားစီးပွားရေးဖွံဖြိုးတိုးတက်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဒုဝန်ကြီးအဆင့်ရှိသူတွေက လာရောက် ကြိုဆိုခဲ့တယ်လို့ နေပြည်တော်က ထုတ်ပြန်ပါတယ်။
ဒီနေ့ မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် နဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ ရုရှားနိုင်ငံသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
နေပြည်တော်အစိုးရနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ရဲ့ အဆိုအရ ဦးမင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်မှာစွမ်းအင်၊ စစ်ဘက်မဟုတ်တဲ့ နျူကလီးယားစွမ်းအင်၊ စိုက်ပျိုးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးကို အဓိက ဆွေးနွေးကြဖို့ရှိတယ်လို့ သိရပါတယ်။
ဦးမင်းအောင်လှိုင် ခရီးစဉ်မှာ ဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်းတို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၁၅ ဦးထက်မနည်းလိုက်ပါသွားပါတယ်။
ဒီခရီးစဉ်မှာ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးဇော်နိုင်ဦး လည်းလိုက်ပါသွားပြီး နေပြည်တော်က အမြန်ပြန်စချင်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
အာကာသထဲကို မြန်မာ့ပထမဆုံး အာကာသယာဉ်မှူးတွေကို စေလွှတ်မယ်လို့ ပြောဆိုဖူးတဲ့ ဦးမင်းအောင်လှိုင်ဟာ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင် ကိုလည်း ဒီခရီးစဉ်မှာ ခေါ်ဆောင်လာပါတယ်။
မြန်မာ နဲ့ ရုရှားအကြား အာကာသနည်းပညာ နဲ့ မြန်မာအာကာသယာဉ်မှူးတွေ လေ့ကျင့်သင်ကြားရေး အပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွေလည်း လက်မှတ်ရေးထိုးဖို့ ရှိနေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဦးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံပြီး ရင် ဩဂုတ် ၁၉ ရက် မှာ ကျင်းပမယ့် ရုရှား–မြန်မာ စီးပွားရေးဖိုရမ်ကိုတက်ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဖိုရမ်ကို သမ္မတပူတင်တက်ရောက်ဖို့ရှိတယ်လို့တော့ ကရင်မလင်က မပြောထားပါဘူး။
မင်္ဂလာပါ။ ဩဂုတ် ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။