အာဖဂန်နစ္စတန်- “ကောင်လေးတွေ ကျောင်းသွားတာတွေ့ရင် အရမ်းဝမ်းနည်းရတယ်”

ယိုဂီတာလီမာရီ၊ အာဖဂန်နစ္စတန် သတင်းထောက်

ကျောင်းသူများ
ဓာတ်ပုံ ပုံစာ, ဘယ်မှညာ- အာဖဂနစ္စတန်က ဟာဘီဘာ၊မာတတ်ဘ်နဲ့ တာမာနာတို့ မိန်းကလေး သုံးဦး ကျောင်းတက်ခွင့်မရတဲ့အတွက် စိတ်ပျက်နေကြ

"ကျောင်းပြန်တက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေ့တိုင်း အိပ်ရာက နိုးလာတယ်။ သူတို့ (တာလီဘန်) တွေက ကျောင်းတွေ ပြန်ဖွင့်ပေးမယ်လို့ ပြောနေပေမဲ့ အခုဆို နှစ်နှစ်နီးပါးရှိသွားပြီ။ သူတို့ ပြောတာ မယုံဘူး။ ကျောင်းမတက်ရလို့ ဝမ်းနည်းတယ်”လို့ အသက် ၁၇ နှစ် ဟာဘီဘာက ပြောပါတယ်။

နှုတ်ခမ်းကိုက်ပြီး မျက်ရည်မကျအောင်ကြိုးစားထိန်းနေတဲ့ကြားက သူပြောချင်တာကို ဟာဘီဘာ ဆက်ပြောပါတယ်။

ဟာဘီဘာ၊ မာတတ်ဘ်နဲ့ တာမာနာတို့ အတန်းဖော် သူငယ်ချင်းသုံးဦးဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ အလယ်တန်းကျောင်း တက်ခွင့်မရတဲ့ ဆယ်ကျော်သက် မိန်းကလေး ထောင်ပေါင်းများစွာထဲမှာ ပါဝင်သူတွေ ဖြစ်ပါတယ်။

တာလီဘန်တွေ အာဏာရပြီးနောက်ပိုင်း သူတို့ဘဝတွေ လုပ်ချင်တာလုပ်ခွင့်မရှိ ပိတ်ပင်ခံရတာ တစ်နှစ်ခွဲကြာလာပေမဲ့ သူတို့ရဲ့ ရင်ထဲက ဝမ်းနည်းပူဆွေးမှုတွေကတော့ မနေ့တနေ့ကလိုပဲ လတ်လတ်ဆတ်ဆတ် ခံစားနေရဆဲပါ။

ပြီးတော့ သူတို့မိန်းကလေးတွေ ဖြစ်ပျက်ခံစားနေရတာတွေကို ကမ္ဘာက မေ့ပျောက်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။ နာကျင်ခံစားမှုတွေနဲ့ နေ့စဥ်ရှင်သန်နေရပေမဲ့ နောက်ထပ် ကျောင်းစတက်ရတဲ့ သီတင်းပတ်ရောက်လာပြန်ရင် ပိုခံစားရတယ်လို့ မိန်းကလေးတွေက ပြောကြပါတယ်။

"ကောင်လေးတွေ ကျောင်းတက်ပြီး သူတို့လုပ်ချင်တာလုပ်နေတာမြင်ရရင် အရမ်းနာကျင်ခံစားရတယ်။ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ကျွန်မ အစ်ကို ကျောင်းသွားတာတွေ့ရရင်လည်း ကြေကွဲရတယ်" လို့ တာမာနာက ပြောပါတယ်။

ပြောနေတဲ့အချိန်မှာ သူ့အသံကတုန်နေပြီး ပါးပေါ်ကို မျက်ရည်တွေလိမ့်ဆင်းလာပါတယ်။

“အစောတုန်းကတော့ အစ်ကိုက နင်မပါဘဲ ကျောင်းမတက်ဘူးလို့ ကျွန်မကို ပြောတယ်။ သူ့ကို ဖက်ပြီး နင်အရင်သွားနှင့် နောက်မှ ငါလိုက်ခဲ့မယ်လို့ ပြောရတယ်။ ”

"လူတွေက ကျွန်မတို့ မိဘတွေကို စိတ်မပူနဲ့ ၊ နင်တို့မှာ သားတွေရှိနေသေးတာပဲလို့ လာနှစ်သိမ့်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့လည်း သူတို့လိုပဲ အခွင့်အရေးတူတူရခွင့်ရှိတာပဲလေ။”

ကျောင်းသူ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တာလီဘန်အစိုးရက အမျိုးသမီးတွေအပေါ် တိုးမြှင့်ကန့်သတ်မှုတွေလုပ်ခဲ့တာကြောင့် မိန်းက လေးတွေအတွက် ကျောင်းပြန်ဖွင့်မယ့် မျှော်လင့်ချက်တွေအားလုံး ဖျက်ဆီးခံခဲ့ရပါတယ်။

“အစပိုင်းမှာ လွတ်လပ်မှုအနည်းငယ်ရှိခဲ့ပေမဲ့ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ပိုကျပ်လာတယ်” လို့ ဟာဘီဘာက ဆိုပါတယ်။

၄၈ မိုင်ထက်ပိုဝေးတဲ့ ခရီးကိုသွားတဲ့ အမျိုးသမီးတွေ အမျိုးသားတစ်ဦးအဖော်ပါရမယ်လို့ တာလီ ဘန်အစိုးရက အမိန့်ထုတ်လိုက်ချိန် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစပြီး အလယ်တန်းကျောင်း တွေမှာ ပထဆုံးကန့်သတ်ချက်အမိန့်ကို ချမှတ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် မတ်လမှာ တာလီဘန်အစိုးရက မိန်းကလေးကျောင်းတွေ ပြန်ဖွင့်ပေးမယ်လို့ ကြေညာ ခဲ့ပေမဲ့ နာရီပိုင်းအတွင်းမှာပဲ ပြန်ပိတ်ခဲ့ပါတယ်။ နောက်ပိုင်း နှစ်လမပြည့်ခင်အချိန် အတွင်းမှာလည်း အမျိုးသမီးတွေ မျက်နှာဖုံးအပါအဝင် ခေါင်းကနေ ခြေဖျားအထိ ဖုံးထားတဲ့ အဝတ်အစားတွေ ဝတ်ရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာလမှာတော့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ပန်းခြံတွေ၊ အားကစားခန်းမတွေနဲ့ ရေကူးကန်တွေ သွားရောက်ခွင့် တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း စီးပွားရေး၊ အင်ဂျင်နီယာနဲ့ သတင်းစာပညာတို့လို ဘာသာရပ်တွေ မိန်းကလေးတွေ ရွေးချယ်သင်ကြားခွင့် မရတော့ပါဘူး။

အဲ့ဒီကနေ တစ်လထပ်အကြာမှာ အမျိုးသမီးကျောင်းသူတွေ တက္ကသိုလ်တက်ခွင့်နဲ့ ကျန်းမာ ရေးကဏ္ဍကလွဲပြီး ပြည်တွင်းနှင့် နိုင်ငံတကာNGO တွေမှာ အမျိုးသမီးတွေ အလုပ်လုပ်ကိုင် ခွင့်တွေပါ ပိတ်ပင်ခံခဲ့ရပါတယ်။

ကျောင်းသူ

“ဒီလိုမျိုး ကန့်သတ်ချက်တွေပိုများလာရင် အမျိုးသမီးတွေရဲ့ဘဝက ဆက်နေဖို့ ကောင်းတော့မယ်လို့ ကျွန်မမထင်ဘူး။ ကျွန်မတို့မှာ လူသားတစ်ယောက်ရဲ့ အခြေခံရပိုင်ခွင့် လူ့အခွင့်အရေးတွေ မရှိဘူး။ ပညာမရှိတဲ့ ဘဝကလည်း ဘာမှအဓိပ္ပာယ်မရှိဘူး။ ဒီလိုဘဝမျိုးမှာ နေရတာထက် သေရတာက ပိုကောင်းတယ်လို့ထင်တယ်”လို့ မာတတ်ဘ်က ဆိုပါတယ်။

တာလီဘန်တွေက အာဖဂန်အစိုးရတပ်တွေကို တိုက်ခိုက်ခဲ့တဲ့ ၂၀၂၁ခုနှစ် မေလ Sayed Ul-Shuhada ကျောင်း ဗုံးခွဲတိုက်ခိုက်မှုမှာ မာတတ်ဘ် ဒဏ်ရာရခဲ့ပါတယ်။

"အဲ့ဒီတုန်းက ကျွန်မ လည်ပင်း၊ မျက်နှာနဲ့ ခြေဖဝါးမှာ ဒဏ်ရာရခဲ့တယ်။ ဒါပေမယ့် အရမ်းနာတဲ့ ကြားကပဲ ကျောင်းဆက်တက်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ နှစ်ဝက်စာမေးပွဲ ရအောင်ဖြေခဲ့ပေမဲ့ မကြာခင်မှာပဲ တာလီဘန်တွေ ရောက်လာတဲ့အတွက် ကိစ္စအားလုံးပြီးသွားတယ်။”

“သင့်တော်တဲ့ပတ်ဝန်းကျင်” အခြေအနေတစ်ခု ဖန်တီးမပေးနိုင်မချင်း အမျိုးသမီးတွေအတွက် ကျောင်းနဲ့တက္ကသိုလ်တက်ခွင့်ကို ယာယီပိတ်ပင်ထားမယ်လို့ တာလီဘန်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာလီဘန်အစိုးရ အတွင်းမှာ သဘောထား ကွဲလွဲမှုတွေရှိနေတာ သိသာ ထင်ရှားပေမဲ့ မိန်းကလေးတွေ ကျောင်းတက်ခွင့်ရသင့်တယ်လို့ ယုံကြည်သူတွေရဲ့ ကြိုးပမ်းမှု ရလဒ်က အခုထိ မအောင်မြင်သေးပါဘူး။

အမျိုးသမီးတွေ ဟီဂျပ်(ခေါင်းဆောင်းပဝါ)မ၀တ်ဆင်တာ သို့မဟုတ် အစ္စလာမ်ဥပဒေတွေကို မလိုက်နာတာ တွေကြောင့် တခြားကန့်သတ်ချက်အချို့ ချမှတ်ခဲ့ရတာလို့ တာလီဘန်တွေက ပြောပါတယ်။

ပြီးတော့ တာလီဘန်တွေချမှတ်တဲ့ စည်းမျဉ်းတွေကလည်း တစ်နေရာနဲ့တစ်နေရာ မတူညီတဲ့အတွက် အဲ့ဒီစည်းမျဥ်းတွေကနေ ကြောက်ရွံ့မှုနဲ့ ရှုပ်ထွေးမှုတွေ ဖန်တီးပေးသလို ဖြစ်နေပါတယ်။

"ကျွန်မတို့ဆို ဟီဂျပ် အမြဲ၀တ်ထားကြတာ။ အဲ့ဒါကြောင့် ဘာမှထူးခြားတာမဟုတ်ဘူး။သူတို့ ဘာ ဆိုလိုတာလဲ နားမလည်နိုင်ဘူး" လို့ တာမာနာက ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ မသိမ်းပိုက်ခင်ရော၊သိမ်းပိုက်ပြီးတဲ့အချိန်တွေမှာပါ ဟီဂျပ်မ ၀တ်တဲ့ အာဖဂန်အမျိုးသမီးတွေ တစ်ခါမှ မတွေ့ဖူးသေးပါဘူး။

ကျောင်းသူ

အမျိုးသမီးတွေ အများပြည်သူအသုံးပြုတဲ့နေရာတွေမှာ ပိတ်ပင်တားဆီးနေတာကို တန်ပြန်တဲ့အနေနဲ့ လိုင်လာဘာဆင် ပူးတွဲတည်‌ထောင် ဖွင့်လှစ်ထားတဲ့ ကဘူးလ်မြို့က အမျိုးသမီး စာကြည့်တိုက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက သွားလေ့လာခဲ့ပါတယ်။

ထောင်ပေါင်းများစွာသော စာအုပ်တွေ အခန်းနံရံသုံးခုက စာကြည့်စင်တွေမှာ သပ်သပ်ရပ်ရပ် တင်ထားတာတွေ့ရပါတယ်။ စာလာဖတ်တဲ့ အမျိုးသမီးတွေကို အဲ့ဒီမှာတွေ့ရသလို၊ တစ်ခါတလေမှာ အိမ်တွင်းပုန်းနေရတာကနေ ထွက်လာပြီး အချင်းချင်း တွေ့ဆုံဖို့ ရောက်လာသူတွေကို လည်း တွေ့ရပါတယ်။

အခုတော့ အဲ့ဒီစာကြည့်တိုက် ပိတ်သွားပါပြီ။

“တာလီဘန်တွေက စာကြည့်တိုက်ကို နှစ်ခါပိတ်ပြီးတဲ့အချိန်မှာလည်း ကျွန်မတို့ ပြန်ဖွင့် နိုင်ခဲ့ သေးတယ်။ဒါပေမဲ့ ခြိမ်းခြောက်မှုတွေက တနေ့တခြား တိုးလာတယ်။ အမျိုးသမီးတွေအတွက် စာကြည့်တိုက်ဖွင့်ရအောင် ဘယ်လောက်သတ္တိရှိနေလဲလို့ ဖုန်းဆက်ပြီး ခြိမ်းခြောက်တဲ့သူတွေလည်း ရှိတယ်။”

တစ်ခါတုန်းက စာကြည့်တိုက်ကို သူတို့ရောက်လာပြီး၊ အမျိုးသမီးတွေ စာဖတ်ခွင့်မရှိဘူးလို့ တောင် လာပြောဖူးတယ်လို့ ပြောပြီး “စာကြည့်တိုက်ကို ဆက်ဖွင့်ဖို့ အရမ်းအန္တရာယ်များလာတဲ့အတွက် ပိတ်ပစ်ဖို့ မလွှဲမရှောင်သာ ဆုံးဖြတ်ချက်ချခဲ့ရတာပါ”လို့ လိုင်လာက ပြောပါတယ်။

စာကြည့်တိုက်တည်ထောင်သူ
ဓာတ်ပုံ ပုံစာ, ဒီဓာတ်ပုံ နိုဝင်ဘာလက ရိုက်ကူးပြီးကတည်းက လိုင်လာဘေဆင်က သူ့ရဲ့ အမျိုးသမီးစာကြည့်တိုက်ကို ပိတ်ထားခဲ့ရ

တာလီဘန်တွေရဲ့ မူဝါဒတွေကို ဆန့်ကျင်တိုက်ဖျက်သွားမယ့် အခြားနည်းလမ်းတွေကို ရှာဖွေလုပ် ဆောင်သွားမယ်လို့ လည်း လိုင်လာက ဆက်ပြောခဲ့ပါသေးတယ်။

“သေချာတယ်။ ကျွန်မကြောက်တာပေါ့။ ဒါပေမယ့် စာကြည့်တိုက်ပိတ်ခံလိုက်ရတာနဲ့တင် ကျွန်မတို့ လမ်းဆုံးရောက်မသွားသေးပါဘူး။”

“အာဖဂန်အမျိုးသမီးတွေရဲ့ အသံကို မြှင့်တင်ပေးနိုင်တဲ့ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ အဲ့လိုလုပ်ဖို့အတွက် အခက်အခဲတွေ အနစ်နာခံမှုတွေ လိုအပ်ပေမယ့် စပြီးလုပ်ဖို့ ကျွန်မတို့ ကတိ ကဝတ်ပြုထားပါတယ်”လို့ သူက ဆက်ပြောပါတယ်။

အမျိုးသမီးတွေရဲ့ ဝင်ငွေကိုပဲ အားထားနေရတဲ့ မိသားစုတွေရဲ့ ရပ်တည်ရေးဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုခက်လာနေပါတယ်။

မီရာ(အမည်လွှဲ) ဟာ အသက်လေးဆယ်ကျော်အရွယ် မုဆိုးမတစ်ယောက်ပါ။ သူ့မိသားစုဝင် ၁၀ ဦးကို ထောက်ပံ့ဖို့ မိန်းကလေးကျောင်းမှာ အရင်က သူအလုပ်လုပ်ခဲ့ပေမဲ့ အခုတော့ သူ အလုပ်မရှိတော့ပါဘူး။ ကျောင်းတွေပိတ်ထားပြီး နိုင်ငံမှာလည်း စီးပွားရေးကျပ် တည်းနေတဲ့ အတွက် နောက်အလုပ်ရှာဖို့ကလည်း မလွယ်ပါဘူး။

အခုတော့ ကဘူးလ်မြို့ကလမ်းတွေပေါ်မှာ တောင်းရမ်းစားသောက်နေရပါတယ်။

"ဘဝက သေဆုံးသွားသလို ခံစားရတယ်။ကျွန်မ စားစရာမရှိတာ လူတွေက သိကြပြီး အကူညီပေး ဖို့ကြိုးစားကြတယ်။ သိက္ခာမဲ့တဲ့ဘဝမှာ နေရတာထက် သေတာက ပိုကောင်းသေးတယ်" လို့ ဝမ်းနည်းလွန်းစွာ ငိုပြီး ပြောပါတယ်။

"ဒီနေ့လည်းအာလူး နောက်နေ့လည်းအာလူး၊ တစ်နေ့ တစ်နေ့ အာလူးတွေပဲ ချက်စားနေရတယ်"လို့ ပြောပါတယ်။

တစ်ဖက်မှာလဲ သူ့အတွက် အခက်အခဲ ရုန်းကန်မှုတွေရှိနေပေမယ့် မီယာက သူ့သမီးတွေ ကျောင်း ဆက်တက်ချင်စေချင်တဲ့ဆန္ဒ သူ့မှာ ရှိနေပါတယ်။

“သူတို့ ပညာတတ်ရင် အလုပ်အကိုင်တွေ ရနိုင်တယ်။သမီး တစ်ယောက်က ဥပဒေပညာတက် ချင် တယ်။ နောက်တစ်ယောက်က ဆေးပညာ သင်ယူချင်တယ်။ တောင်းရမ်း နေရရင်တောင် သူတို့ ပညာရေးအတွက် ပိုက်ဆံရှာပေးမယ်လို့ ပြောထားတယ်။ ဒါပေမဲ့တာလီဘန်တွေက ကျောင်းတက်ခွင့်မ‌ပေးတဲ့အတွက် သူတို့ တက္ကသိုလ် မတက်နိုင်ဘူး” လို့ သူက ထပ်ဖြည့် ပြောပါတယ်။

“အခုဆို အိမ်တိုင်းမှာ နာကျင်ခံစားမှု ဝေဒနာတွေကလွဲပြီး ဘာမှ မရှိတော့ဘူး” လို့ သူမက ဆိုပါတယ်။