အစ္စရေးက အီရန်ကို တိုက်ခိုက်မှုလှိုင်းသစ် အပြင်းအထန် စတင်

ဓာတ်ပုံ ရင်းမြစ်, Reuters
အစ္စရေးက အီရန်မြို့တော်ကို နောက်ထပ်တိုက်ခိုက်မှုတွေ အပြင်းအထန် စတင်ခဲ့ပါတယ်။
အီရန်အစိုးရရဲ့ ဖိနှိပ်မှု ဌာနတွေကို ပစ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။
အီရန်ကို မကြုံစဖူး အင်အားနဲ့ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။
ထိခိုက်ပျက်စီးတဲ့ နေရာတွေထဲ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားတဲ့ အက်ဗင် ထောင်လည်း ပါသလို အတိုက်အခံတွေကို နှိမ်နင်းရာမှာ သုံးတဲ့ အရန်တပ်ဖွဲ့ရုံးလည်း ပါပါတယ်။
တီဟီရန်မြို့တော်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အက်ဗင် အကျဉ်းထောင်ရဲ့ တစိတ်တဒေသကို ဒုံးကျည်တွေ ထိမှန်ခဲ့တာပါ ။ ဒီထောင်ဟာ အီရန်အာဏာရှင်အစိုးရရဲ့ ရန်သူတွေကို ထိန်းသိမ်းထားရာ နေရာ ဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်က ပြောပါတယ်။
ကန့်ကွက်ဆန္ဒပြမှုတွေကို ဖိနှိပ်ရာမှာ အီရန်အစိုးရ အသုံးပြုလေ့ရှိတဲ့ ဘဆစ်ဂျ် ပြည်သူ့စစ်အဖွဲ့ရဲ့ ဌာနချုပ်ရုံးနဲ့အတူ တီဟီရန်မြို့က နာရီစင်ကြီးတခုကိုလည်း အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
မြို့တော်ပေါ်ကနေ မီးခိုးလုံးတွေလည်း ထိုးတက်လာပါတယ်။
တီဟီရန် မြို့မြောက်ပိုင်းမှာတော့ မီးပေးတဲ့ စက်ရုံတွေ တိုက်ခိုက်ခံရလို့ အစောပိုင်းက မီးပြတ်ခဲ့ပေမဲ့ အခု လျှပ်စစ်မီးတွေ ပြန်ပေးနိုင်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အစ္စရေးမှာတော့ အီရန် ဒုံးကျည် အများအပြား လေကြောင်းကာကွယ်ရေး စနစ်ကို ကျော်လွှားဖောက်ထွင်းနိုင်ခဲ့ကြပါတယ်။
ထိခိုက်ဒဏ်ရာရသူ ရှိတယ်လို့တော့ အစ္စရေး အာဏာပိုင်တွေထံက ထုတ်ဖော်ပြောတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ လူ ၈၀၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ အစ္စရေးအစိုးရက ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကတော့ စစ်ပွဲတွေ ရပ်ဖို့နဲ့ စေ့စပ်ညှိနှိုင်းရေးတွေ ပြန်စကြဖို့ သတိပေး ပြောကြားခဲ့ပါတယ်။
ဒီလိုမှ မဟုတ်ရင် အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုတွေထဲ နစ်ဆင်းသွားလိမ့်မယ်လို့ မစ္စတာ ဂူတားရက်ရှ်က ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂကို စစ်ဆေးခွင့်ပေးဖို့ တောင်းဆို
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အီရန် နျူကလီးယားစက်ရုံတွေထဲက အစိတ်အပိုင်းတွေကို အမေရိကန် မတိုက်ခိုက်ခင်ကတည်းက ရွှေ့ထားတယ် ဆိုတဲ့ အဆင့်မြင့် သန့်စင်ပြီး ယူရေနီယမ် ကီလိုဂရမ် လေးရာကို ၀င်ကြည့်ခွင့်ပေးဖို့ ကုလသမဂ္ဂ အဏုမြူ အေဂျင်စီ IAEA ရဲ့ အကြီးအကဲ ရာဖဲလ် ဂရော့စီက ပြောကြားပါတယ်။
အပစ်ရပ်စဲကြဖို့လည်း ဗီယင်နာမှာ ကျင်းပတဲ့ IAEA အရေးပေါ် အစည်းအဝေးမှာ ရာဖဲလ် ဂရော့စီက တောင်းဆိုလိုက်ပြီး ဒါမှသာ IAEA က ဒီနေရာတွေကို စစ်ဆေးရေး ဝင်နိုင်မယ်လို့ ဆိုပါတယ်။
ဒီနေရာတွေမှာ အထိအခိုက် အပျက်အစီးက တော်တော် သိသာနိုင်တယ်လို့လည်း ပြောပါတယ်။
ဖော်ဒိုက အီရန်ရဲ့ အဓိက ယူရေနီယမ် သန့်စင်တဲ့ စက်ရုံကို အမေရိကန်က လေကြောင်းတိုက်ခိုက်ပြီး နောက်တရက်မှာပဲ အဲဒီကို သွားတဲ့ လမ်းကြောင်းတွေကို တိုက်ခိုက်ခဲ့ကြောင်းလည်း အစ္စရေးဘက်က ပြောပါတယ်။
အဲဒီ နျူကလီးယားစီမံကိန်းနေရာဆီ သွားတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့နိုင်ဖို့အတွက် အခုလိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ IDF အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဖော်ဒို နျူကလီးယားစီမံကိန်းနေရာကို အစ္စရေးက တိုက်ခိုက်ခဲ့တယ်ဆိုတာကို အီရန် ဒေသန္တရ တာဝန်ရှိသူတွေကလည်း ထုတ်ဖော် ပြောခဲ့တယ်လို့ အစောပိုင်းတုန်းက အီရန် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အဲဒီဖော်ဒို နျူကလီးယားစီမံကိန်းနေရာမှာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးကျွမ်းလောင်ခဲ့တဲ့ ချိုင့်တွင်းကြီးတွေကို အထင်အရှားမြင်နိုင်တယ်လို့ မစ္စတာ ဂရော့စီက ဗီယင်နာမြို့ IAEA ဘုတ်အဖွဲ့ အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း မြေအောက်မှာ ထိခိုက်ပျက်စီးခဲ့မှု ပမာဏ အတိုင်းအတာကိုတော့ လောလောဆယ် ဘယ်သူမှ အပြည့်အဝ စစ်ဆေး သိနိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ဖောက်ခွဲပစ္စည်းတွေရဲ့ ပမာဏအရရော၊ ဖော်ဒို နျူကလီးယား စီမံကိန်းနေရာက ယူရေနီယမ် သန့်စင်စက်တွေရဲ့ ထိခိုက်လွယ်မှုတွေကြောင့်ပါ အဲဒီမှာ အပျက်အစီး သိသိသာသာ များမယ့်ပုံ ရှိတယ်လို့ သူကပြောပါတယ်။
အီရန် နျူကလီးယား စီမံကိန်းနေရာကို IAEA အဖွဲ့ စစ်ဆေးသူတွေ သွားရောက် ကြည့်ရှုစစ်ဆေးခွင့် ရနိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲဖို့ IAEA အဖွဲ့ အကြီးအကဲ ဂရော့စီက တိုက်တွန်းပြောသွားခဲ့ပါတယ်။ ဒါမှသာ အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားဖို့ မလိုဘူးဆိုတာကို ကာလတာရှည် စိတ်ချမှု ရှိလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖော်ဒို နျူကလီးယား စီမံကိန်းနေရာဟာ အီရန်ရဲ့ ယူရေနီယမ် ၆၀ ရာခိုင်နှုန်း သန့်စင်မှုတွေ လုပ်နေရာ အဓိက နေရာ ဖြစ်ပါတယ်။ ဒါဟာ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်လုနီးပါး အဆင့်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တီဟီရန်မြို့ရဲ့ တောင်ပိုင်း တောင်ခြေတခုအောက်မှာ လျှို့ဝှက် ဆောက်လုပ်ထားတဲ့ ယူရေနီယမ် စက်ရုံဟာ အီရန်ရဲ့ နျူကလီးယား စီမံကိန်းမှာ အရေးပါတဲ့ နေရာ ဖြစ်ပြီး အစ္စရေးတို့က ဒါကို ဖျက်ဆီးဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဖော်ဒို နျူကလီးယားစီမံကိန်းနေရာဟာ အင်္ဂလိပ်ရေလက်ကြား ဥမင်လိုဏ်ခေါင်းထက် ပိုနက်တဲ့ မြေအောက်မှာ ရှိတယ်လို့ ယူဆရပြီး အစ္စရေးစစ်တပ်ရဲ့ လက်နက်နဲ့ ထိုးဖောက် တိုက်ခိုက်နိုင်စွမ်း မရှိဘဲ ဖြစ်နေခဲ့တာပါ။
တီဟီရန်မြို့ရဲ့ တောင်ဘက် မိုင် ၆၀ အကွာမှာ ရှိတဲ့ ဖော်ဒို နျူကလီးယား စီမံကိန်းနေရာဟာ ကောမ်မြို့နဲ့ ကပ်ရက် တောင်တန်းထူထပ်တဲ့ နေရာမှာ တည်ရှိတာ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှု ဒဏ်ကို ခံနိုင်ရည်စွမ်းရှိအောင် ပုံစံထုတ် ဆောက်လုပ်ထားပြီး မြေအောက်တွင်းမှာ ရှိနေတာကြောင့် သမားရိုးကျ ဗုံးတွေရဲ့ ရန်ကနေ အကာအကွယ်ပေးထားပါတယ်။
ဖော်ဒို နျူကလီးယား စီမံကိန်းနေရာဟာ မူလအစတုန်းက အီရန်နိုင်ငံရဲ့ အစ္စလာမ္မစ် တော်လှန်ရေးအထူးအစောင့်တပ်ဖွဲ့ အသုံးပြုခဲ့တဲ့ ဥမင်လိုဏ်ခေါင်း အတော်များများ ရှိရာ နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနေရာကို အနောက်အုပ်စုနိုင်ငံတွေရဲ့ ထောက်လှမ်းရေးအဖွဲ့တွေက ဖော်ထုတ်တွေ့ရှိခဲ့အပြီး ၂၀၀၉ ခုနှစ်မှာ အီရန်က ယူရေနီယမ်သန့်စင်တဲ့ နေရာ ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။
ပူတင်က အီရန်ကို ကူမယ်ဆို

ဓာတ်ပုံ ရင်းမြစ်, EPA
မော်စကိုမှာ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ် အရက်ဂ်ချီနဲ့ တွေ့ဆုံစဉ်မှာ အီရန်ကို မကြာခင်က တိုက်ခိုက်မှုတွေကို သမ္မတပူတင်က ထပ်မံရှုတ်ချ ခဲ့ပါတယ်။
အကြောင်းမရှိဘဲ လုံး၀ ရန်စ ကျူးကျော်မှုအတွက် ဖြေရှင်းချက် ပေးလို့မရကြောင်း မစ္စတာ ပူတင်က ပြောကြားခဲ့ပါတယ်။
အီရန်ပြည်သူတွေအပေါ် ရုရှားက ကူညီမယ်ဆိုပြီးလည်း အဘတ်စ် အရက်ဂ်ချီကို ပူတင်က ကတိပေးခဲ့ပါတယ်။
ဒီနှစ်နိုင်ငံကြား ကာကွယ်ရေး စာချုပ် ချုပ်ထားတာ မရှိလို့ ရုရှားက အီရန်ကို စစ်ရေးအကူအညီ ပေးဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း ဘီဘီစီ ရုရှား အယ်ဒီတာက ဆိုပါတယ်။
တိုက်ခိုက်မှုတွေကို ရှုတ်ချပေးလို့ ရုရှားကို ကျေးဇူးတင်ကြောင်း မစ္စတာ အရက်ဂ်ချီက ပြောကြားခဲ့ပြီး ရုရှားက သမိုင်းအမှန်ဘက်မှာ နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အီရန်ကို အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်နီးချင်း ပါကစ္စတန် ရဲ့ လုံခြုံရေး ကော်မတီ အရေးပေါ် အစည်းအဝေး ခေါ်ဖို့ ဝန်ကြီးချုပ် ရှာဘတ်စ် ရှရဖ် က တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုကို ပါကစ္စတန် အစိုးရက မနေ့က ရှုတ်ချခဲ့ပြီး အီရန်အပေါ် ဆက်လက် ကျူးကျော်မှုတွေလို့ ခေါ်ဆိုခဲ့ပါတယ်။












