အမေရိကန်ရဲ့ အီရန်နျူကလီးယားစီမံကိန်းနေရာတွေကို တိုက်ခိုက်မှု သိထားချက်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်နဲ့ အစ္စရေးတို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲအရှိန် သိသိသာသာ တိုးမြင့်လာနေချိန်မှာ အီရန်နျူကလီးယား စခန်းသုံးခုကို အမေရိကန်စစ်တပ်က အပြီးတိုင် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပါတယ်။
"ပစ်မှတ်တွေ အများကြီး ကျန်နေသေးတာကို သတိရပါ။ လောလောဆယ်တော့ ဒီညက သူတို့ အားလုံးအတွက် အခက်ခဲဆုံးဖြစ်တယ်။ သေတဲ့အထိလည်း ဖြစ်နိုင်တာပေါ့လေ" လို့ သမ္မတက အမေရိကန်ပြည်သူတွေကို ရုပ်မြင်သံကြားကနေ အကျဉ်းချုပ် မိန့်ခွန်းပြောပါတယ်။
"ဒါပေမဲ့ ငြိမ်းချမ်းရေးက မြန်မြန်ဆန်ဆန် မရောက်လာဘူးဆိုရင် ကျန်တဲ့ ပစ်မှတ်တွေဆီကို တိကျအရှိန်နဲ့ ပစ်မှတ်တွေရောက်လာပါလိမ့်မယ်'' လို့ ထရမ့်က အီရန်ဘက်က ငြိမ်းချမ်းရေးစကား မြန်မြန်ပြောဖို့ဆိုတဲ့ သဘောဖိအားပေးခြိမ်းခြောက်ပါတယ်။
ပစ်မှတ်များထဲက အရေးအကြီးဆုံးပစ်မှတ်က အီရန်ရဲ့ နျူကလီးယားရည်မှန်းချက်များအတွက် အရေးပါတဲ့ ဝေးလံခေါင်သီတဲ့ တောင်စောင်းတွေ အကာအကွယ်နဲ့ မြေအောက်မှာ လျို့ဝှက်တည်ဆောက်ထားတဲ့ နျူကလီယားသန့်စင်စက်ရုံ Fordo ဖြစ်သည်။ အခုထိတော့ အဆောက်အဦ ပျက်စီးမှု အတိုင်းအတာ အပြည့်အစုံ မသိရသေးပါဘူး။
အဲဒီ တိုက်ခိုက်မှုများကို စီစဉ်ရာမှာ အမေရိကန်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြောင်း အစ္စရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဘီဘီစီရဲ့ အမေရိကန်မိတ်ဖက်သတင်းဌာန CBS News ရဲ့ အဆိုအရ အမေရိကန်က စနေနေ့မှာ အီရန်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ "စစ်အစိုးရ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများ" အတွက်တော့ အစီအစဥ်မရှိကြောင်းပြောထားပါတယ်။
ဒေသတွင်းရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားတာမျိုးနဲ့ အီရန်ဘက်က လက်တုံ့ပြန်လာနိုင်ပါတယ်။
လက်တုံ့ပြန်မယ်လို့လည်း အီရန် တာဝန်ရှိသူများက အစောပိုင်းက သတိပေးထားပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုရှိလာရင် ဒေသတွင်းစစ်ပွဲကို အန္တရာယ်ဖြစ်စေမယ်လို့ အီရန်ဘက်ကပြောထားတာပါ။
အီရန်ရဲ့ ဖော်ဒို နျူကလီးယားစီမံကိန်းနေရာကို ဖျက်ဆီးဖို့ အတွက် လိုအပ်တဲ့ ဗုံးများကို သယ်ဆောင်နိုင်တဲ့ တစ်ခုတည်းသော B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်(ရေဒါဖမ်းမမိအောင်ပျံနိုင်တဲ့ ဗုံးကြဲလေယာဥ်) ကို အမေရိကန်ရဲ့ ဂူအမ်ကျွန်းကို စေလွှတ်ထားကြောင်း အစောပိုင်းက ပြောကြားထားကြောင်း သတင်းရရှိပါတယ်။
အစ္စတန်ဘူလ်မှာ တူရကီသမ္မတနဲ့ တွေ့ဆုံချိန် အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန်ပါဝင်ပတ်သက်မှုက အလွန့်အလွန် အန္တရာယ်များလိမ့်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက အစောပိုင်းတွင် ပြောကြားထားပါတယ်။
ဖော်ဒို ဆိုတာဘယ်မှာလဲ၊ ဘာလဲ

ဖော်ဒို ဆိုတာ တီဟီရန်ရဲ့ တောင်ဘက် ၁၂၄ မိုင်အကွာကဖြစ်ပြီး၊ အီရန်မှာရှိတဲ့ အလွန်အရေးပါတဲ့ မြေအောက်နျူကလီးယားစက်ရုံကြီး နှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။
ဖော်ဒို ကို ကာကွယ်နိုင်ဖို့အတွက် တောင်တန်း၊တောင်စောင်းတွေထဲမှာ အဆောက်အဦကိုဆောက်ထားပါတယ်။ သန့်စင်ယူရေနီယံတွေကို သိုလှောင်ထားပြီး နျူကလီးယား လောင်စာချောင်းတွေ တိုးမြှင့်သန့်စင်ဖို့ အီရန်ကလုပ်ဆောင်နေတဲ့ အရေးကြီးစီမံကိန်းလည်း ဖြစ်ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေက ဖော်ဒိုစက်ရုံနေရာကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဓိက ပစ်မှတ်က မြေအောက်စက်ရုံ အနီးတဝိုက်က အီရန်ရဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တို့ကိုဖြစ်ပြီး နျူကလီးယားစက်ရုံကို အကာအကွယ်ပိုမဲ့သွားအောင် လုပ်နေခဲ့တာပါ။
အမေရိကန်ကဘာလက်နက်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖော်ဒို၊ နာတန့်ဇ်နဲ့ အက်ဖာဟန် ဆိုတဲ့ နျူကလီးယားဆိုက်သုံးနေရာကို ထိမှန်တယ်လို့ အမေရိကန်ကပြောပါတယ်။
ဖော်ဒို တည်ဆောက်ထားတဲ့ လိုဏ်ခေါင်းက ဗြိတိန်နဲ့ ပြင်သစ်ကို ဆက်သွယ်ထားတဲ့ လိုဏ်ခေါင်းထက်ပိုပြီး အတွင်းပိုင်းရောက်တယ်လို့နားလည်ရပါတယ်။
ယူရေနီယံ သန့်စင်တဲ့ အဲဒီနေရာက အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေအတွက် အရေးကြီးတဲ့ နေရာတွေဖြစ်ပါတယ်။
ဖော်ဒိုရဲ့ မြေမျက်နှာပြင်အောက် အနက်နေရာကို အစ္စရေးရဲ့ လက်နက်များနဲ့ တိုက်ခိုက်ဖို့ ခက်ခဲပါတတယ်။ အမေရိကန်သာ ဖော်ဒိုကို ဖျက်ဆီးပစ်နိုင်တဲ့ ဗုံးပိုင်ဆိုင်ပါတယ်။
အီရန်ရဲ့ နျူကလီးယားနေရာတွေကိုတိုက်ခိုက်ခဲ့တဲ့ အမေရိကန်ဗုံးကို GBU-57 Massive Ordnance Penetrator (MOP) မော့ လို့ခေါ်ပါတယ်။ ဗုံးရဲ့ အလေးချိန် က ၁၃,၀၀၀ ကီလိုဂရမ် (ပေါင် ၃၀,၀၀၀) ရှိပြီး မပေါက်ကွဲမီမှာ ကွန်ကရစ်အနက် ၁၈ မီတာ ဒါမှမဟုတ် မြေသား ၆၁ မီတာခန့်ကို ထိုးဖောက်ဝင်ရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
ဒီလက်နက်ကို ဂျီဘီယူ - ၅၇ အေ/ဘီ (GBU-57A/B) ဘန်ကာဖောက် ဖျက်အားပြင်း လက်နက် - မော့ (Massive Ordnance Penetrator - MOP) လို့လည်ခေါ်ပါတယ်။
ဖော်ဒို ဆိုတဲ့ အီရန်ရဲ့နျူကလီးယားစီမံကိန်းရဲ့ လိုဏ်ခေါင်းတွေက မြေမျက်နှာပြင်အောက် မီတာ ၈၀ ကနေ ၉၀ မီတာ ကွာဝေးတယ်လို့ ယူဆတာကြောင့် မော့ရဲ့ တိုက်ခိုက်မှု အောင်မြင်မယ်လို့ အာမမခံနိုင်ပေမဲ့ ပျက်စီးနိုင်ရေးအတွက် အနီးစပ်ဆုံးတစ်ခုတည်းသော ဗုံးအမျိုးအစားဖြစ်ပါတယ်။
အမေရိကန်စစ်ဖက်တာဝန်ရှိသူတွေကတော့ အီရန်ကို အခု တိုက်ခိုက်မှုမှာ MOP ကို သုံးခဲ့ကြောင်း BBC ရဲ့ မိတ်ဖက် CBS သတင်းဌာနကို အတည်ပြုထားပါတယ်။
အီရန်မှာ ဘယ်လိုသက်ရောက်မှုရှိနေလဲ

အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ နျူကလီးယား သန့်စင်ရေး စက်ရုံများ ထိခိုက်ပျက်စီးမှု ရှိတာနဲ့ ထိခိုက်ဒဏ်ရာရရှိမှု ၊ အသေအပျောက် ရှိ မရှိ ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အီရန်နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနရဲ့ လက်ထောက် နိုင်ငံရေးဌာန ညွန်ကြားရေးမှူး ဟက်ဆန်အဘီဒီနီက အီရန်က အဲဒီ နျူကလီးယား စက်ရုံသုံးခုကို အစောပိုင်းက ရွှေ့ပြောင်းခဲ့ကြောင်း ပြောကြားပါတယ်။
သူ့အပြောအရ အီရန်က "ပစ္စည်းများကို ဖယ်ရှားပြီးဖြစ်တာကြောင့် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ကြောင်း'' ရုပ်မြင်သံကြားမှာထွက်ပြောပါတယ်။
သမ္မတထရမ့်ကတော့ "အီရန်ရဲ့ နျူကလီးယား သန့်စင်ရေး စက်ရုံတွေကို လုံးဝချေမှုန်းလိုက်ပြီ" လို့ ပြောထားတာပါ။
BBC News ကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေး-စစ်ဘက်ရေးရာလက်ထောက်ဟောင်း မာ့ခ် ကင်မ်မစ်တ်ကတော့ အခြေအနေကပိုပြီး ရှုပ်ထွေးနေပါတယ်လို့ပြောပါတယ်။
''အချိန်တိုင်း အကုန်ပျက်စီးတယ်ဆိုတာမျိုးတော့ မှတ်ယူလို့ မရဘူး'' လို့ ဆိုပါတယ်။
အစ္စရေးနဲ့ နောက်ဆုံးအကြိမ် တိုက်ပွဲတွေ စတင်ကတည်းက လူ ၂၀၀ ကျော် သေဆုံးပြီး ၁၂၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အီရန်က ပြောပါတယ်။
တစ်ချိန်တည်းမှာပင် အစ္စရေးကလည်း အီရန်ရဲ့ အဓိကနျူကလီးယားနေရာတွေကို အမေရိကန်က တိုက်ခိုက်ပြီးနောက် သူ့နိုင်ငံတွင်း လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။
အစ္စရေးက နိုင်ငံတဝန်းက သူ့ ပြည်သူတွေရဲ့ လုံခြုံရေး ကန့်သတ်ချက်တွေလုပ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားထားပါတယ်။
"ပညာရေးလှုပ်ရှားမှုများ၊ စုဝေးမှုများနဲ့ လုပ်ငန်းလုပ်တာတွေကို တားမြစ်ခြင်း" တွေအပါအဝင် လုံခြုံရေးဆိုင်ရာကန့်သတ်ချက်များထုတ်ထားပါတယ်။
အီရန်က ဘယ်လို လက်တုံ့ပြန်နိုင်မလဲ။
အီရန်ရဲ့ စစ်အခြေစိုက်စခန်းတွေဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သိသိသာသာ အားပျော့သွားပြီလို့ ကျွမ်းကျင်သူများက ပြောကြားထားပါတယ်။ လက်ဘနွန် (ဟစ်ဇ်ဘိုလာ)၊ ဆီးရီးယားနဲ့ ဂါဇာ (ဟားမတ်စ်) တို့လို့ ဒေသတွင်း အီရန်ရဲ့ မဟာမိတ်တွေလည်း အစ္စရေးက စနစ်တကျတိုက်ခိုက် ဖြုတ်ချခဲ့ပြီးပါပြီ။ ဒါပေမဲ့ အီရန်ဟာ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကိုလုပ်ဖို့ စွမ်းဆောင်နိုင်ပါသေးတယ်။
အီရန်အာဏာပိုင်တွေက အမေရိကန်ဟာ ပြန်လည်ပြင်ဆင်ခွင့်မရနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုများကို ကြုံတွေ့ရမယ်လို့ ခြိမ်းခြောက်ထားပြီး ဒေသတွင်းမှာ အလုံးစုံစစ်ပွဲအန္တရာယ်ကို ဆိုက်စေမယ်လို့ ကြုံးဝါးထားပါတယ်။
လက်တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းက အမေရိကန်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ဘာရိန်း၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုအပါအဝင် အရှေ့အလယ်ပိုင်းက အနည်းဆုံး ဒေသ ၁၉ ခုတွင် စစ်စခန်းများ ကိုအခြေစိုက်ထားပါတယ်။
အီရန်အတွက် အထင်ရှားဆုံးပစ်မှတ်က ဘာရိန်းနိုင်ငံ Mina Salman ရှိ အမေရိကန်ရေတပ်ရဲ့ ၅ ခုမြောက် ရေတပ်ဌာနချုပ်ဖြစ်ပါတယ်။
အဲဒီဌာနချုပ်က ပါရှန်ပင်လယ်ကွေ့ကို အိန္ဒိယသမုဒ္ဒရာနဲ့ ချိတ်ဆက်ပြီး ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၃၀ ရာခိုင်နှုန်း ကို ပို့ဆောင်ပေးတဲ့ ဟော်မို့စ် ရေလက်ကြားလို့ လူသိများတဲ့ အရေးပါတဲ့ သင်္ဘောလမ်းကြောင်းကိုပစ်မှတ်ထားနိုင်တာပါ။ ကမ္ဘာ့ဈေးကွက်များ မတည်မငြိမ်ဖြစ်စေနိုင်သလို အခြားပင်လယ်ကုန်သွယ်ရေးလမ်းကြောင်းများကိုလည်း တိုက်ခိုက်နိုင်ပါတယ်။
ဒါတင်မက အမေရိကန်ကို ကူညီနေတဲ့ အနီးနားနိုင်ငံများရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ပါတယ်။









