တိုက်ရိုက်ထုတ်လွှင့်မှု, အာဖဂန်၊ ဆူဒန်တို့နဲ့အတူ မြန်မာကိုသင်ကြားရေးဗီဇာ UK ရပ်ဆိုင်း

မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတာက ၁၆ ဆမြင့်လာတယ်လို့ ယူကေပြောတဲ့သတင်းအပါအဝင် မတ် ၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

ယူကေမှာနိုင်ငံရေးခိုလှုံခွင့်လျှောက်သူ အရေအတွက်ရဲ့ ၁၃ ရာခိုင်နှုန်းဟာ သင်ကြားရေးဗီဇာနဲ့ရောက်လာသူတွေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အီရန်ပစ်ခတ်မှုကြောင့် ကူဝိတ် စစ်စခန်းက အမေရိကန်စစ်သား ခြောက်ဦးသေဆုံး

    ကူဝိတ်၊ ဘေယန်က အမေရိကန် သံရုံးလည်း အီရန်ရဲ့ တိုက်ခိုက်မှု ခံခဲ့ရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ကူဝိတ်၊ ဘေယန်က အမေရိကန် သံရုံးလည်း အီရန်ရဲ့ တိုက်ခိုက်မှု ခံခဲ့ရပါတယ်။

    ကူဝိတ်နိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အမေရိကန်စစ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း အမေရိကန်က အတည်ပြုပါတယ်။

    အမေရိကန် ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က အဲဒီ ဖြစ်စဉ်အတွင်း စစ်သားသုံးယောက် သေဆုံးခဲ့ကြောင်း ကနဦးပြောကြားခဲ့ပေမဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ သေဆုံးသူဦးရေ နှစ်ဆတိုးလာကြောင်း အမေရိကန် အရာရှိတွေက အတည်ပြုခဲ့ကြပါတယ်။

    ဒဏ်ရာရရှိသူတစ်ယောက် သေဆုံးသွားပြီးနောက် အပျက်အစီးပုံထဲကနေ အမေရိကန် စစ်သား အလောင်းနှစ်လောင်း ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    အီရန်ရဲ့ ကနဦးလက်တုံ့ပြန်မှုအတွင်း ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ဝေဟင်ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ကာ ကူဝိတ်မှာရှိတဲ့ အမေရိကန် မြေအောက်ခိုလှုံရာ ဘန်ကာတခုကို ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်က အတည်ပြုခဲ့ပါတယ်။

    ဒီအမေရိကန် တပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးမှုအကြောင်း ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

  2. စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာရေးရက်သတ်မှတ်ပုံ ဝေဖန်ခံရ

    မတ် ၃ ရက် ရန်ကုန်မြို့မှာ စက်သုံးဆီတန်းစီနေတဲ့ မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, မတ် ၃ ရက် ရန်ကုန်မြို့မှာ စက်သုံးဆီတန်းစီနေတဲ့ မြင်ကွင်း

    စက်သုံးဆီခြိုးခြုံချွေတာဖို့အတွက် အိမ်စီးကားတွေကို စုံရက်တွေမှာ စုံနံပါတ်အက္ခရာ၊ မရက်တွေမှာ မနံပါတ်နဲ့ကားတွေပဲ ထွက်ရမယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ သတ်မှတ်ချက်အပေါ် ယာဉ်ပိုင်ရှင်တွေ ဝေဖန်နေကြပါတယ်။

    လာမယ့် မတ် ၇ ရက်ကစပြီး ပုဂ္ဂလိကယာဉ်တွေ၊ လုပ်ငန်းသုံးယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေလိုက်နာမောင်းနှင်ရမယ့် စည်းကမ်းသတ်မှတ်ချက်ဆိုပြီး မနေ့ညက ထုတ်ပြန်လာတာပါ။

    “စုံနံပါတ် စုံရက်မှာ ဆီတန်းဆီဆိုတာမျိုးလုပ်တယ်ဆိုရင် ပိုကောင်းမှာပေါ့။ အဲဒါဆို ဆီဆိုင်မှာ လူနည်းမှာပဲလေ။ အခုက အလုပ်လည်းထိခိုက်မယ်။ ကျန်းမာရေးလူမှုရေးကိစ္စတွေလည်း ချက်ချင်းထွက်မရဆို လူမှုစီးပွားအဆင်မပြေဘူးလေ။ ခရီးသွားတာမျိုးတွေလည်း ခက်ခဲတယ်” လို့ ရန်ကုန်မြို့နေ အိမ်စီးကားပိုင်ရှင်တစ်ဦးကပြောပါတယ်။

    2A၊ 4A (စုံနံပါတ်) တွေ စုံရက်၊ 1A၊ 3A (မနံပါတ်) တွေ မရက်ဆိုတဲ့သတ်မှတ်ချက်ဟာ အိမ်စီးကားမောင်းတဲ့သူတွေအပေါ် သတ်မှတ်တာဖြစ်ပါတယ်။ စက်သုံးဆီ မသုံးရတဲ့ လျှပ်စစ် (EV) ကား၊ ဆိုင်ကယ်တွေ နေ့စဉ်မောင်းနှင်နိုင်ပါတယ်။

    ဒါပေမဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်တွေ၊ အငှားယာဉ် (Taxi) တွေ၊ စက်သုံးဆီသယ်ယူပို့ဆောင်တဲ့ယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်တွေနဲ့ စည်ပင်အမှိုက်သိမ်းယာဉ် တွေတော့ နေ့စဉ်သုံးနိုင်ပါတယ်။

    “စက်သုံးဆီဈေးတော့ အရမ်းကြီးမတက်ဘူး။ ဒီနေ့မနက်ဆီထည့်လာတာ အနည်းဆုံး မီတာ ၃၀၀- ၄၀၀ လောက်တန်းစီရတယ်။ နာရီဝက်နဲ့ တစ်နာရီကြားလောက်တော့ အချိန်ပေးရတယ်” လို့ နောက်ထပ်ရန်ကုန်မြို့နေ အိမ်စီးကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    စစ်ကော်မရှင်ကတော့ စက်သုံးဆီလုပ်ငန်းရှင်တွေရော ပြည်သူတွေပါ စက်သုံးဆီတွေ ဝယ်ယူစုဆောင်းတာ၊ ဈေးနှုန်းမြှင့်ရောင်းတာတွေလုံးဝမလုပ်ဖို့ဆိုပြီး မနေ့ကထုတ်ပြန်ချက်မှာ ထည့်ပြောထားပါတယ်။

    ဒီစည်းကမ်းသတ်မှတ်ချက်တွေဟာ နောက်ထပ်တစုံတရာမထုတ်ပြန်ခင်အချိန်အထိ အတည်ဖြစ်ပြီး ဖောက်ဖျက်ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ဖော်ပြပါတယ်။

    ဒါပေမဲ့ ဘယ်လိုဥပဒေနဲ့အရေးယူမှာလဲ၊ ဘယ်လိုအပြစ်ပေးမှာလဲဆိုတာကိုတော့ တိတိကျကျ ထည့်ပြောတာမရှိပါဘူး။

    အမေရိကန်-အစ္စရေးတို့ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်မှုပြီးတဲ့နောက် အရှေ့အလယ်ပိုင်းဒေသမှာဖြစ်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဟော်မုစ် ရေလက်ကြားကနေ ဆီတင်သွင်းတဲ့သင်္ဘောတွေ သွားလာရေးပိတ်ဆို့မှုတွေရှိနေတာဖြစ်ပါတယ်။

  3. စစ်တပ်ပေးတဲ့လွတ်ငြိမ်း - ဘယ်သူတွေလွတ်ပြီး ဘယ်သူတွေကျန်လဲ

    မတ် ၂ ရက် အင်းစိန်ထောင်ရှေ့ မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, မတ် ၂ ရက် အင်းစိန်ထောင်ရှေ့ မြင်ကွင်း

    စစ်တပ်က ပေးတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့ မတ် ၂ ရက် တောင်သူလယ်သမားနေ့ဟာ အရင်နှစ်အဆက်ဆက်က လွတ်ငြိမ်းခွင့်ပေးလေ့ရှိတဲ့ရက်မျိုး မဟုတ်တာကို တွေ့ရပါတယ်။

    ပုံမှန်ဆိုရင် မြန်မာနှစ်ဆန်းတစ်ရက်နေ့နဲ့ လွတ်လပ်ရေးနေ့တွေမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေ အများဆုံးပေးတာ ဖြစ်ပါတယ်။

    အခု ၂၀၂၆ ခုနှစ် မတ်မှာတော့ ပြစ်ဒဏ်လွတ်ငြိမ်း ပုံမှန်ပေးလေ့မရှိတဲ့ တောင်သူလယ်သမားနေ့မှာ နိုင်ငံရေးအကျဉ်းသား ၂ သောင်းဝန်းကျင်နဲ့ အထွေထွေအကျဉ်းသား ၂၈၀၀ ကျော်၊ နိုင်ငံခြားသား ၁၀ ယောက်တို့ကို လွှတ်ပေးတာ ဖြစ်ပါတယ်။

    ဒါပေမဲ့ လွတ်ငြိမ်းခွင့်ပေးတယ်လို့ စာထုတ်တဲ့ လူ ၂ သောင်းကျော်မှာ နိုင်ငံတကာက စစ်တပ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်လို လူပုဂ္ဂိုလ်တွေ မပါဝင်ခဲ့ပါဘူး။

    ဒါကြောင့် အရပ်သားအုပ်စိုးမှုလမ်းကြောင်း ပြန်ဖော်ဖို့ကြိုးစားနေတယ်လို့ဆိုတဲ့စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးမှာ အခရာကျတဲ့ ဖမ်းဆီးခံအရပ်သားတွေကို နိုင်ငံရေးအကျိုးအမြတ်အရ ရည်ရွယ်ချက်ရှိရှိ အကျဉ်းချထားဆဲဆိုတဲ့အမြင်တွေလည်း ရှိနေပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ်ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  4. မြန်မာအပါအဝင် ၄ နိုင်ငံကို သင်ကြားရေးဗီဇာ UK ရပ်ဆိုင်း

    ယူကေရဲ့ ပြည်တွင်းရေးရာ အတွင်းရေးမှူး Shabana Mahmood

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ယူကေရဲ့ ပြည်တွင်းရေးရာ အတွင်းရေးမှူး Shabana Mahmood

    သင်ကြားရေးဗီဇာ (Study Visa) နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ ၄ နိုင်ငံကို ဗီဇာပေးတာရပ်ဆိုင်းကြောင်း ယူကေအစိုးရက ထုတ်ပြန်လာပါတယ်။

    ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း သင်ကြားရေးဗီဇာနဲ့ ယူကေကို တရားဝင်ရောက်လာခဲ့ပြီးမှ နိုင်ငံရေးခိုလှုံခွင့်လျှောက်သူ သုံးဆကျော်များလာပါတယ်။

    နိုင်ငံရေးခိုလှုံခွင့်လျှောက်သူ အရေအတွက်ရဲ့ ၁၃ ရာခိုင်နှုန်းဟာ သင်ကြားရေးဗီဇာနဲ့ရောက်လာသူတွေလို့ ဆိုပါတယ်။ အဲဒီထဲ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတာက ၁၆ ဆ မြင့်လာပါတယ်။

    ယူကေကို သင်ကြားရေးဗီဇာနဲ့ရောက်လာတဲ့ အာဖဂန်နိုင်ငံသား ၉၅ ရာခိုင်နှုန်းက ခိုလှုံခွင့်တောင်းသလို ကင်မရွန်းနဲ့ ဆူဒန်ကနေ ၃၃၀ ရာခိုင်နှုန်းကျော်အထိ တိုးလာတာပါ။

    “ကျွန်မတို့အကူအညီပေးတာကိုအလွဲသုံးစားလုပ်ဖို့ ကြိုးစားနေတဲ့နိုင်ငံသားတွေကို ဗီဇာပေးမယ့် အစား မပေးဖို့ဆိုပြီး အရင်ကမလုပ်ခဲ့ဖူးတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်တာဖြစ်ပါတယ်” လို့ ယူကေရဲ့ ပြည်တွင်းရေးရာ အတွင်းရေးမှူး Shabana Mahmood က ပြောပါတယ်။

    ဒါပေမဲ့ ယူကေအစိုးရကပေးတဲ့ ချီဗနင်းပညာတော်သင်ဆုမှာ မြန်မာတွေဆက်လက်ပါဝင်ခွင့်နဲ့ ပတ်သက်လို့တော့ တိတိကျကျမသိရသေးပါဘူး။

    ဒါအပြင် အာဖဂန်နိုင်ငံရဲ့ ကျွမ်းကျင်လုပ်သားဗီဇာကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

  5. မင်္ဂလာပါ။ မတ် ၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။