အီရန်ပစ်ခတ်မှုကြောင့် ကူဝိတ် စစ်စခန်းက အမေရိကန်စစ်သား ခြောက်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, အိုလီဗီယာ အိုင်ယာလန်
- ဖတ်ရန်အချိန်: မိနစ် ၃
ကူဝိတ်နိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အမေရိကန်စစ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း အမေရိကန်က အတည်ပြုပါတယ်။
အမေရိကန် ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က အဲဒီ ဖြစ်စဉ်အတွင်း စစ်သားသုံးယောက် သေဆုံးခဲ့ကြောင်း ကနဦးပြောကြားခဲ့ပေမဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ သေဆုံးသူဦးရေ နှစ်ဆတိုးလာကြောင်း အမေရိကန် အရာရှိတွေက အတည်ပြုခဲ့ကြပါတယ်။
ဒဏ်ရာရရှိသူတစ်ယောက် သေဆုံးသွားပြီးနောက် အပျက်အစီးပုံထဲကနေ အမေရိကန် စစ်သား အလောင်းနှစ်လောင်း ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အီရန်ရဲ့ ကနဦးလက်တုံ့ပြန်မှုအတွင်း ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ဝေဟင်ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ကာ ကူဝိတ်မှာရှိတဲ့ အမေရိကန် မြေအောက်ခိုလှုံရာ ဘန်ကာတခုကို ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်က အတည်ပြုခဲ့ပါတယ်။
ဒီအမေရိကန် တပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးမှုဟာ အစ္စရေးနဲ့အတူ အီရန်ကို တိုက်ခိုက်မှုလုပ်ပြီးနောက်ပိုင်း အမေရိကန်စစ်တပ်က အတည်ပြုထားတဲ့ စုစုပေါင်း အမေရိကန်တပ်သား သေဆုံးမှုအရေအတွက် ဖြစ်ပါတယ်။
အခင်းဖြစ်ခဲ့တဲ့ နေရာ အသေးစိတ်ကို ထပ်မံဖော်ပြခြင်းမရှိဘဲ "ခိုင်ခံ့တဲ့ နည်းဗျူဟာဆိုင်ရာ စစ်ဆင်ရေးစင်တာတစ်ခုကို အားကောင်းတဲ့ လက်နက်တစ်ခုနဲ့ ထိမှန်ခဲ့တယ်" လို့ ဟက်ဆက်က ပြောပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တိုက်ရိုက်သိရှိတဲ့ အမေရိကန်စစ်ဘက်အရာရှိသုံးယောက်က ဘီဘီစီရဲ့ အမေရိကန်နိုင်ငံက မိတ်ဖက်သတင်းဌာန စီဘီအက်စ်နဲ့ ပြောကြားရာမှာ သေဆုံးသွားတဲ့ စစ်သည်တွေဟာ ကူဝိတ်ရှိ ယာယီရုံးခန်းနေရာတစ်ခုမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
သူတို့က အတိုက်ခံရတဲ့ အဆောက်အအုံကို လုံလုံလောက်လောက် ခိုင်ခံ့မြဲမြံခဲ့ခြင်းရှိမရှိ မေးခွန်းထုတ်ခဲ့ပြီး နောက်တွဲယာဉ်တစ်ခုကို ရုံးခန်းအဖြစ် အသုံးပြုနေရာက သူတို့ကို ကာကွယ်ဖို့ ၁၂ ပေ (၃.၇ မီတာ) မြင့်တဲ့ သံမဏီအားဖြည့်ကွန်ကရစ် အတားအဆီးတွေ ထားရှိခဲ့ကြောင်း စီဘီအက်စ်ကို ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ ကူဝိတ်နဲ့ ကာလရှည်ကြာ ကာကွယ်ရေးဆက်ဆံရေး ရှိခဲ့ပြီး အမေရိကန်စစ်သား ၁၃,၀၀၀ ကျော်ဟာ ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ကူဝိတ်မှာ တပ်စွဲထားတာ ဖြစ်ပါတယ်။
အီရန်ဟာ အမေရိကန်နဲ့အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ပင်လယ်ကွေ့နိုင်ငံတွေဆီကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။ ဘာရိန်း၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ အိုမန်နဲ့ ကာတာနိုင်ငံတို့မှာလည်း အီရန်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ကူဝိတ်က သီးခြားဖြစ်စဉ်တစ်ခုမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ''မှားယွင်းပစ်ခတ်မှု''တွေ ဖြစ်ခဲ့ပြီး အမေရိကန်တိုက်လေယာဉ်သုံးစင်း ပျက်ကျခဲ့ကြောင်း အမေရိကန်က အတည်ပြုခဲ့ပါတယ်။
ရုပ်သံမှတ်တမ်းတွေမှာလည်း တိုက်လေယာဉ်တွေ လေထဲ လည်ပတ်ကျဆင်းသွားတာကို တွေ့ရပါတယ်။
တိုက်လေယာဉ်ပေါ်ပါ လေယာဉ်မှူးတွေ အားလုံး ခုန်ထွက် လွတ်မြောက်ခဲ့ပြီး အသက်ရှင်ကျန်ရစ်ပါတယ်။
အီရန်နိုင်ငံပိုင် သတင်းမီဒီယာတွေမှာတော့ အဲဒီ တိုက်လေယာဉ်တွေကို အီရန်စစ်တပ်က ပစ်ချခဲ့တာလို့ အထောက်အထားမပြဘဲ ပြောဆိုခဲ့ပါတယ်။








