ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ကုလပြောဆိုချက်ကို စစ်ကော်မရှင် ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာမှာ စစ်အာဏာသိမ်း ၅ နှစ်အတွင်း ပဋိပက္ခအခြေပြု လိင်အကြမ်းဖက်မှုတွေတိုး လာတယ်ဆိုတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ထုတ်ပြန်ချက်ကို ကန့်ကွက်တယ်လို့ ဖေဖော်ဝါရီ ၂၂ ရက်မှာ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂအထူး ကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ရဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ဖေဖော်ဝါရီ ၂ ရက်မှာ မြန်မာက လိင်အကြမ်းဖက်မှုတွေကို တာဝန်ခံမှုရှိစေရေးခေါင်းစဥ်အတွက် သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်သူတွေကို အပြစ်ပေးဖို့၊ ခြိမ်းခြောက်ဖို့နဲ့ နိုင်ငံရေးအရ ဖိနှိပ်ဖို့ စစ်ဆင်ရေး နည်းဗျူဟာနဲ့ မဟာဗျူဟာတစ်ရပ်အဖြစ် မုဒိမ်းကျင့်တာ၊ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်တာနဲ့ အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပုံစံမျိုးစုံကို ဆက်လက် အသုံးပြုနေတဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် မစ္စ ပရာမီလာ ပတ်တင်ရဲ့ ထုတ်ပြန်ချက်ဟာ တစ်ဖက်သတ် စွပ်စွဲချက်တွေလို့ဆိုပြီး နိုင်ငံဂုဏ်သိက္ခာနဲ့ ပုံရိပ်ထိခိုက်စေဖို့ ရည်ရွယ်တဲ့ နိုင်ငံရေး ဖိအားပေးမှု သက်သက်သာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် ဘယ်ပြစ်မှုမဆို လုံးဝခွင့်မလွှတ်ဘဲ အရေးယူ အပြစ်တင်တဲ့ မူဝါဒချမှတ်ထားပြီး ကျူးလွန်ရင် အရေးယူမယ်လို့ ပြဋ္ဌာန်းထားတယ်လို့ စစ်ကော်မရှင်က တုံ့ပြန်ပါတယ်။
အမျိုးသမီးအဖွဲ့တွေအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကတော့ အာဏာသိမ်းကာလနောက်ပိုင်း ပဋိပက္ခအခြေပြုအကြမ်းဖက်မှုတွေမှာ တရားမျှတမှုရရှိဖို့ ခက်ခဲတယ်လို့ ဆိုထားတာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းဖြစ်ပေါ်လာခဲ့တဲ့ပဋိပက္ခတွေအတွင်း စစ်တပ်နဲ့ တော်လှန်ရေးလက်နက်ကိုင်တို့ နှစ်ဖက် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အနည်းဆုံး ၉၀၀ ရှိတယ်လို့ ဒီအခြေအနေကို စောင့်ကြည့်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် WLB)က ပြောပါတယ်။
စစ်ကော်မရှင်ကတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအတွက် ၂၄ နာရီ အရေးပေါ်ဖုန်းလိုင်းကို ၂၀၂၂ ခုနှစ်ကတည်းက ထားရှိထားသလို တိုင်ကြားမှုပေါင်း ၂၃၀၀ ကျော်ကို လက်ခံစစ်ဆေးနေတယ်လို့ဆိုပြီး ကုလထုတ်ပြန်ချက်ကို ကန့်ကွက်တဲ့သတင်းမှာ ထည့်ပြောပါတယ်။
ကုလကိုယ်စားလှယ်ကတော့ စစ်ခေါင်းဆောင်အပါအဝင် မြန်မာစစ်တပ် အဖွဲ့ဝင်တွေနဲ့ ဆက်စပ်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အားလုံးအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံ အားလုံးကို ချက်ချင်း ရပ်တန့်ဖို့၊ ကာကွယ်တားဆီးဖို့ တိုက်တွန်းထားပါတယ်။






