MNA လေယာဥ် ဒရုန်းနဲ့တိုက်ခိုက်ခံရမှု - လိုင်ဇာအထိ လေကြောင်းခြိမ်းခြောက်မှုရောက်

ဓာတ်ပုံ ရင်းမြစ်, MOI
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) လေယာဥ်တစ်စင်းဟာ ခရီးသည်တွေ တင်ဆောင်ပြီး မြစ်ကြီးနားလေဆိပ်ကနေ ထွက်ခွာခါနီး FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတယ်လို့ စစ်ကော်မရှင်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ပူးပေါင်း ပြုလုပ်ခဲ့တာလို့ စစ်တပ်က စွပ်စွဲပေမဲ့ ကေအိုင်အေဘက်က ဒါကို ငြင်းပါတယ်။
အရပ်ဘက်လေကြောင်းလိုင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရတာလို့ပြောပြီး ထိရောက်ပြင်းထန်တဲ့တုံ့ပြန်မှု လုပ်သွားမယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။
ဒရုန်းတိုက်ခိုက်မှုဖြစ်တဲ့ ဖေဖော်ဝါရီ ၂၀ ရက် ညကနေ စပြီး စစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေ စလုပ်ခဲ့ပြီး ကေအိုင်အေ ဌာနချုပ်ရှိရာ တရုတ်- မြန်မာနယ်စပ်က လိုင်ဇာမြို့ ကောင်းကင်အထိ တိုက်လေယာဥ်ပျံသန်းတာတွေ လုပ်ခဲ့ပါတယ်။
ကေအိုင်အေဘက်ကတော့ ဒါဟာ စစ်တပ်ရဲ့လေကြောင်းခြိမ်းခြောက်မှုလို့ နားလည်ထားပါတယ်။
ကေအိုင်အေ ထိန်းချုပ်နယ်တွေကို စစ်တပ်က ၁၀ ကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
" မနေ့ တစ်ရက်တည်းမှာတင် ၅ နေရာ ဗုံးကြဲခံရတယ်" လို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။
ကေအိုင်အေ တပ်မဟာ ၂၊ ၃၊ ၈နဲ့ ၉ နယ်မြေတွေထဲကို ဖေဖော်ဝါရီ ၂၁ ရက်အတွင်း လေ ကြောင်း တိုက်ခံခဲ့ရတာဖြစ်ပါတယ်။
ဖားကန့်မြို့နယ်ထဲက အနန့်ပါ၊ ဝိုင်းမော်မြိုနယ်ထဲက ဆဒုံး၊ မံစီမြို့နယ်ထဲက အင်ဘာပါနဲ့ မန်ဝိန်းကြီးရွာအပြင် မိုးညှင်းမြို့နယ်ဘက်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ဒီနေရာတွေဟာ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးအခြေအနေတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၂၁ ရက်ညပိုင်းမှာလည်း ကချင်ပြည်နယ်ဘက်ကို ဂျက်ဖိုက်တာ ဦးတည်လာတယ်လို့ဆိုတဲ့ လေကြောင်းသတိပေးချက်တွေကို လေကြောင်းရန်ကြိုတင်သတိပေးချက်ထုတ်ပြန်နေတဲ့ချန်နယ်တွေကနေ တောက်လျှောက် သတိပေးမှု ထွက်ခဲ့ပါတယ်။
စစ်တပ်ရဲ့ တိုက်လေယာဥ်အသွားအလာတွေကို စောင့်ကြည့်တဲ့အဖွဲ့တွေဆီက သတင်းကို စောင့်ကြည့်ပြီး ကြိုတင်ရှောင်ရှားဖို့ နီးစပ်ရာအုပ်စုချင်း အသိပေးကြတယ်လို့ လိုင်ဇာမှာ နေထိုင်တဲ့ ဒေါ်ခွန်ဂျာက ဘီဘီစီကို ပြောပါတယ်။
ကချင်ပြည်နယ်ထဲမှာ လုံခြုံရေးအတွက် အင်တာနက်ကန့်သတ်ထားတာကြောင့် သတိပေးချက်ကို တိတိကျကျကြိုတင်သိရှိပြီး မရှောင်ရှားနိုင်ဘူးလို့ သူက ဆိုပါတယ်။
"စစ်ရေး လုံခြုံရေးကြောင့် စတားလင့်တွေ မရှိတဲ့အခါကျတော့ အဆက်အသွယ်ပြတ်တာပေါ့။ အဲဒီတော့ လေယာဉ်သွားလိုက်တဲ့ဘက်ကို ကျွန်မတို့ ဘယ်နည်းနဲ့မှ လှမ်းပြီး သတင်းပို့လို့ မရဘူး။ လေယာဉ်ဆိုတဲ့အမျိုးကလည်း မိုးကောင်းဘက် သွားပြီဆိုလို့ရှိရင် ၂မိနစ်၊ ၃ မိနစ်အတွင်းမှာ အဲဒီဘက်ကို ရောက်သွားတဲ့ အခါကျတော့ အဲချိန်မှ သတိပေးရင်လည်း မမီနိုင်ဘူးပေါ့။ အဲဒီတော့ လာခါမှ လာရော မထူးဘူးဆိုပြီးမှ နေလိုက်ရတဲ့ သဘောမျိုး" လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။
ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာပေါ်ကိုတော့ တိုက်လေယာဥ်ဖြတ်ပျံသွားပေမဲ့ ဗုံးကြဲတိုက်ခိုက်တာမရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။
စစ်တပ်က ကချင်ပြည်နယ်ထဲက မံစီ၊ ဝိုင်းမော်၊ ဖားကန့်နဲ့ မိုးညှင်းဘက်ကို ဖေဖော်ဝါရီလ ၂၂ ရက် မနက်အစောပိုင်းကစလို့ ညနေ ၅ နာရီအထိ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဝေဟင်အဖွဲ့က ထုတ်ပြန်ပါတယ်။
ဝေဟင်အဖွဲ့ဟာ စစ်တပ်ရဲ့လေတပ်တွေ၊ တပ်စခန်းတွေကနေ တက်လာတဲ့ တိုက်လေယာဥ်၊ စက်တပ်လေထီး၊ ပါရာမော်တာ အသွားအလာတွေကို စောင့်ကြည့်ကာ သတိပေးချက်ထုတ်ပြန်နေတာ ဖြစ်ပါတယ်။
MNA ခရီးသည်တင်လေယာဥ် တိုက်ခိုက်ခံရတာကို ထိရောက်ပြင်းထန်တဲ့တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ စစ်တပ်က ထုတ်ပြောအပြီးမှာပဲ ကချင်ပြည်နယ်ထဲမှာ ၂ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတိုက်ခိုက်မှုတွေဟာ "သူတို့ပြောစကားရ လုပ်ဆောင်တာ ဖြစ်နိုင်ပါတယ်" လို့ ဆိုပါတယ်။
KIA အပေါ်စစ်တပ်ရဲ့စွပ်စွဲချက်နဲ့ ပတ်သက်လို့တော့ "ကျွန်တော်တို့ကို အဲဒီလိုမျိုး အပြစ်တင်တာကတော့ လက်မခံဘူး။ စစ်တပ်ကို မကြိုက်တဲ့သူတွေ အများကြီးရှိတာကြောင့် ဘယ်သူမဆိုလုပ်နိုင်တယ်"လို့ ပြောပါတယ်။
ဒီကာလအတွင်း ကချင်ပြည်နယ်ထဲမှာ လေကြောင်းအထူးသတိရှိကြဖို့ KIA က သတိပေးထားပါတယ်။
"အထူးသဖြင့် စိတ်ပူတာက အခုက ကလေးတွေ စာမေးပွဲစစ်တဲ့အချိန်တွေ ဖြစ်နေတယ်။ အဲဒါကြောင့် စာမေးပွဲဖြေတဲ့ကလေးတွေကို စိတ်ဖြောင့်ဖြောင့် စာမေးပွဲ ဖြေစေချင်တာပေါ့။ အဲတော့ ပစ်မလား ပစ်မလား ဆိုပြီးတော့မှ မိဘတွေကလည်း စိတ်တပူပူ၊ ကလေးတွေကလည်း စိတ်တပူပူနဲ့ စာမေးပွဲဖြေရတာလည်း တော်တော်အဆင်မပြေဘူး" လို့ လိုင်ဇာမြို့ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။
တိုက်ခိုက်ခံရမှုဖြစ်ချိန် မြစ်ကြီးနား လေဆိပ်ထဲ ပိတ်မိခဲ့သူ မျက်မြင်ပြောပြချက်

ဓာတ်ပုံ ရင်းမြစ်, MOI
မဖြူစင်(အမည်လွှဲ)က "ကိုယ့်ဘာသာသေပြီပဲထင်လိုက်တာ" လို့ ဆိုပါတယ်။
သူက ဖေဖော်ဝါရီ ၂၀ ရက်၊ ည ၈နာရီဝန်းကျင်မှာ MNA လေယာဥ်နဲ့ မန္တလေးကနေ မြစ်ကြီးနားကို ရောက်လာမယ့် သူငယ်ချင်းဖြစ်သူကို သွားကြိုတာဖြစ်ပါတယ်။
ဒီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့ကလည်း မြစ်ကြီးနားလေဆိပ်မှာ ဒရုန်းကျတာကြောင့် လေဆိပ် ၃ ရက် လောက်ပိတ်သွားတဲ့အတွက် လေယာဥ်ခရီးစဥ်နောက်ရွှေ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်မှ လာဖြစ်တာလို့ သူက ဆိုပါတယ်။
"ည ၈ နာရီလောက် လေဆိပ်ရောက်တယ်။ သူငယ်ချင်းကလည်း သူရောက်ပြီ။ အထုပ်ယူပြီးပြီပြောလို့ ကားယူဖို့ လှည့်အထွက်မှာပဲ ဂျိမ်းဆိုတဲ့အသံကြီး ကြားလိုက်ရတာ" လို့ မဖြူစင်က ပြောပါတယ်။
ဘာဖြစ်မှန်းမသိလိုက်တာကြောင့် ခဏထိုင်ချလိုက်ပြီး ကားဆီ သွားကာ သူငယ်ချင်းကိုခေါ်ဖို့ ကားကို မောင်းထွက်လိုက်ပါတယ်။
"ဝန်ထမ်းတွေက ချက်ချင်းရပ်ခိုင်းတယ်။ မလာခိုင်းဘူး။ အကုန်လုံးက ဆူညံနေတာ။ မြန်မာ့လေကြောင်း အမြီးပိုင်း ထိသွားပြီလို့ အော်နေကြတာ ကြားတယ်။ အန္တရာယ်ရှိလို့ ကားတွေကို ရှေ့မပေးတိုးဘဲ နောက်ပြန်ဆုတ်ခိုင်းတာပေါ့"
သူငယ်ချင်းဖြစ်သူကို ကားဆီလာဖို့ လှမ်းခေါ်အပြီး ကားပေါ်ရောက်လာကာ စက်နှိုးပြီးအထွက်မှာပဲ လေယာဥ်ကွင်းအထွက်လမ်းကို ပိတ်ချလိုက်တာကြောင့် တခြားကားတွေနဲ့အတူ ပိတ်မိနေခဲ့ပါတယ်။
"ပိတ်မိနေပြီဆိုတော့ အိမ်ကိုဖုန်းဆက်ပြီး နောက်ကျမယ်လို့ ပြောလိုက်တယ်။ အဲဒီအထိ ဘာမှထပ်မကြား သေးဘူး။ ဖုန်းချပြီးမှ ပေါက်ကွဲသံရော၊ သေနတ်ပစ်သံရော ဆူဆူညံညံတွေထပ်ကြားပြီး မီးပါပြတ် သွားတယ်"
မီးဖြတ်လိုက်တာကြောင့် လေဆိပ်တစ်ခုလုံး အတွင်းအပြင် အမှောင်ကျသွားခဲ့ပါတယ်။
"ကားတွေကိုလည်း မီးပိတ်ခိုင်းထားတယ်။ စက်ရပ်ခိုင်းတယ်။ ဘာမှလည်း မမြင်ရတော့ဘူး"
"နာရီဝက်လောက်ကျမှ တံခါးဖွင့်ပေးမယ်။ မီးမှိတ်ပြီး မောင်းသွားလို့ လာပြောတယ်"
"သေနတ်သံတွေ အနီးကပ်ကြားတော့ သေပြီပဲ ထင်တာပေါ့။ တခါမှလည်း မကြုံဖူးတော့။ တိုက်ပွဲ ဖြစ်တာလား။ အဝိုင်းခံရတာလည်းမသိဘူး။ မပြန်နိုင်တော့ဘူးပဲထင်တာ"လို့ မဖြူစင်က ပြောပါတယ်။
မဖြူစင်နဲ့ သူငယ်ချင်းအပါအဝင် အဲဒီနေ့က လေဆိပ်ထဲရှိနေသူတွေဟာ ထိခိုက်ဒဏ်ရာရခဲ့တာတော့ မရှိပါဘူး။
မြစ်ကြီးနားလေဆိပ်ကတော့ ယာယီပိတ်လိုက်ပြီး လေကြောင်းခရီးစဥ်တွေ ရပ်တန့်ထားတယ်လို့ လေယာဥ်လက်မှတ်အရောင်းဝန်ဆောင်မှု လုပ်ကိုင်နေသူတွေဆီက စုံစမ်းသိရှိရပါတယ်။
လေဆိပ်ကို ၃ လကြာတဲ့အထိ ယာယီပိတ်မယ်လို့လည်း လူမှုကွန်ရက်မှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
"လေကြောင်းလိုင်းတွေဘက်က ပြောတာတော့ ဒီ ၂၁ ရက်ကနေ စပိတ်မယ်လို့ ပြောလာတယ်။ လက်မှတ်တွေအတွက် ငွေအပြည့် ပြန်အမ်းဖို့ အကြောင်းကြားတယ်။ ၃ လဆိုတာတော့ မသေချာသေးဘူးပေါ့။ လကုန်အထိ အပြောင်းအလဲရှိမလား စောင့်ကြည့်ရမယ်" လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လေဆိပ်ပိတ်ပြီး လေကြောင်းခရီးစဥ်တွေမရှိတာကြောင့် မြစ်ကြီးနားကနေ မန္တလေး၊ ရန်ကုန်မြို့ကြီးတွေကို အရေးကြီး ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေအတွက် သွားရောက်မယ့်မြို့ခံအများအပြား အခက်အခဲဖြစ်နေတယ်လို့ မဖြူစင်က ပြောပါတယ်။
"မြို့ကနေ လေယာဥ်နဲ့သွားတယ်ဆိုတာ တကယ်ကို အရေးတကြီးလိုအပ်လို့ သွားကြရတာ။ ၃ လတစ်ခါ ဆေးရုံပြ၊ ဆေးစစ်ဖို့ လိုအပ်တဲ့သူတွေ ဒုက္ခရောက်ကုန်တာ ကိုယ့်ပတ်ဝန်းကျင်မှာလည်းရှိတယ်" လို့ မဖြူစင်က ပြောပါတယ်။
မြစ်ကြီးနားမြို့သာမက ကချင်တပြည်နယ်လုံးရဲ့လူထုက မြစ်ကြီးနားလေဆိပ်ကို အဓိကထား အသုံးပြုနေရတာကြောင့် အရေးကြီးတဲ့လေဆိပ်ဖြစ်တယ်လို့ ကချင်ပြည်နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။
ဗန်းမော်မြို့သိမ်း တိုက်ပွဲကြောင့် ရေလမ်းခရီး အသုံးပြုလို့မရတာ ၁ နှစ်ကျော်လာပြီး ကားလမ်းကလည်း အချိန်ကြန့်ကြာတာနဲ့ လုံခြုံရေး စိတ်မချရတာ ကြုံနေရတာဖြစ်ပါတယ်။
မြစ်ကြီးနားကနေ မန္တလေးမြို့အထိ ခရီးဟာ ကားခတင် မြန်မာငွေ ၄ သိန်းကနေ ၄ သိန်းခွဲအထိ ကုန်ကျပြီး တိုက်ပွဲနဲ့ အရေးပေါ်အခြေအနေကြောင့် လမ်းပိတ်ရင် လမ်းမှာ ၃-၄ ရက်ကနေ လဝက်လောက်ထိ ကြာတတ်ပါတယ်။
"မြစ်ကြီးနားအနေနဲ့ဆို အားလုံးက စီးပွားရေးက အစကြပ်နေလို့ တကယ်လိုမှ သွားကြတာ။ ဒီလိုမျိုး အရေးကြီးတဲ့လေဆိပ်ကို တိုက်ခံရတာမျိုး မဖြစ်စေချင်ဘူး" လို့ မဖြူစင်က ပြောပါတယ်။
လက်သည်မပေါ်သေးတဲ့ ATR 72-600 တိုက်ခိုက်ခံရမှု
မြစ်ကြီးနားလေဆိပ်မှာ ဒရုန်းထိမှန်ခဲ့တဲ့ ATR 72-600 လေယာဥ်ဟာ နိုင်ငံပိုင် လေကြောင်းလိုင်း MNA စစ်ကော်မရှင် ထိန်းချုပ်မှုအောက်ကို မရောက်ခင် အရပ်သားအစိုးရလက်ထက်မှာ ၁၂ စင်းအထိ ဖြည့်တင်းဖို့ စဥ်းစားခဲ့တဲ့ အမျိုးစားတူလေယာဥ်အုပ်စုထဲက တစ်စင်း ဖြစ်ပါတယ်။
လက်ရှိမှာ MNA မှာ ဒီလေယာဥ်မျိုး ၁၀ စင်းအထိ ရှိနေပြီး ပြည်တွင်းခရီးစဥ်တွေကို အများဆုံး ပြေးဆွဲနေတာပါ။
လေကြောင်းထူးခြားဖြစ်စဥ်စောင့်ကြည့်သတင်းတွေမှာတော့ ထွက်ပေါ်လာတဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေအရ လေယာဥ်ဟာ RPG ကျည်ထိပ်ဖူးတပ် ဒရုန်း ၂ စင်းထက်မနည်း ထိမှန်ခဲ့တာလို့ ရေးသားပါတယ်။
FPV အသေခံဒရုန်းတွေ အသုံးပြုခဲ့တယ်လို့ဆိုတဲ့ဒီတိုက်ခိုက်မှုကို ကေအိုင်အေနဲ့ PDF ပူးပေါင်းတိုက်တယ်လို့ စစ်တပ်က စွပ်စွဲထားပြီး ကေအိုင်အေကတော့ ဒီလိုအရပ်သားနေရာကို တိုက်ခိုက်တဲ့မူဝါဒမရှိဘူးလို့ ဆိုပြန်ပါတယ်။
FPV အသေခံဒရုန်း ဆိုတာက ကြိမ်နှုန်းနဲ့ မောင်းနှင်တာမဟုတ်ဘဲ ဖိုက်ဘာကြိုးမျှင်လေးနဲ့ သွယ်တန်းပြီး မောင်းနှင်ရတာလို့ စီဒီအမ်အရာရှိတွေက ပြောပါတယ်။
ဒီလိုဒရုန်းတွေကို ဂျန်မာတွေက ဖြတ်မချနိုင်သလို စျေးနှုန်းလည်းများတယ်လို့ နားလည်သူတွေက ပြောကြပါတယ်။
လေတပ်စီဒီအမ် တပ်ကြပ်ကြီး ဇေယျက "အဓိက စစ်တပ်နဲ့ ပိုက်ဆံချမ်းသာတဲ့ EAOsတွေ သုံးနိုင်တယ်။ သာမန်တော်လှန်ရေးအဖွဲ့လေးတွေ မသုံးနိုင်ဘူး" လို့ ဆိုပါတယ်။
ဒီဒရုန်းတွေကို ယူကရိန်း- ရုရှားစစ်မြေပြင်မှာ ယူကရိန်းက ရုရှားကို တိုက်ရာမှာ အသုံးပြုတာမျိုးရှိပြီး မြန်မာစစ်တပ်ကလည်း ဒီဒရုန်း ကာကွယ်ရေးကို ပြင်ဆင်ထားပြီဖြစ်တယ်လို့ သူက ပြောပါတယ်။
FPV ဒရုန်းကို ဖိုက်ဘာကြိုးနဲ့ ၃ မိုင်ကနေ ၆ မိုင်ဝန်းကျင်အကွာနေ ထိန်းချုပ်မောင်းနှင်တာဖြစ်ပါတယ်။
ဒါကြောင့် အသေခံဒရုန်းကို နည်းစနစ်အရ ဖြတ်ချဖို့ ပိုက်ကွန်တွေ အသုံးပြုပြီး ကာရံတားဆီးရပါတယ်။
"မြစ်ကြီးနားမှာက စစ်ဘက်သုံးတဲ့ နမ့်ပေါင်ကွင်းမှာ ကာရံထားတယ်။ အရပ်သားသုံးတဲ့ အခုလေဆိပ်မှာတော့ ကာရံမထားဘူးပေါ့"လို့ လေတပ်စီဒီအမ် တပ်ကြပ်ကြီး ဇေယျက ပြောပါတယ်။
ကေအိုင်အေက မြစ်ကြီးနား လေတပ်စခန်းရဲ့ အမှတ် ၅၃ ရေဒါစခန်းအုပ်ကို ဒီလအစပိုင်းမှာ အသေခံဒရုန်းနဲ့ တိုက်ဖူးတယ်လို့ သူက ဆိုပါတယ်။
KIO ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း ဒီရေဒါစခန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အမေရိကန်မှာလုပ်ခဲ့တဲ့ ၆၅ နှစ် မြောက်ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။
"အဲဒီတုန်းက တစ်စီးက ပိုက်နဲ့ငြိပြီး ပျက်သွားတယ်။ နောက်တစ်စီးကတော့ ရေဒါတချို့ အနည်းအကျဥ်း ပျက်အောင် တိုက်ခဲ့တယ်" လို့ လေတပ်စီဒီအမ် တပ်ကြပ်ကြီး ဇေယျက ပြောပါတယ်။
"အခုကတော့ ဘယ်သူမှ ဝန်မခံတော့ ပြောရခက်တယ်''
ဒါပေမဲ့ တစ်ချိန်က စစ်တပ်သာရှိတဲ့ရန်ကုန်မြို့မှာ ဖောက်ခွဲမှုဖြစ်ခဲ့ပြီး အခြားအဖွဲ့တွေကို နိုင်ငံရေးသိက္ခာချဖို့ ဒီလိုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် သာဓကလည်း ရှိခဲ့ဖူးတာကြောင့် ဒါကို သတိချပ်သင့်တယ်လို့လည်း သူက ထောက်ပြပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်တုန်းကလည်း မြစ်ကြီးနားလေဆိပ်မှာ ဒရုန်းတစ်စင်း ပြုတ်ကျခဲ့ပါတယ်။
"၁၂ ရက်နေ့ ဖြစ်စဥ်ကတော့ တိုင်းစစ်ဌာနချုပ်ကို ဦးတည်တာလို့ ယူဆရတယ်။ အခု တစ်ခါကတော့ လေဆိပ်ကို တိုက်တာ သေချာတယ်" လို့ စီဒီအမ် ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
မြစ်ကြီးနားလေဆိပ်အနီးမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိသလို စစ်ဆေးရုံ၊ ခလရ ၂၁ နဲ့ စစ်တပ်စခန်းတွေရှိနေတာပါ။
"ရှေ့ရက်ပိုင်းက မပခ ကို တိုက်တုန်းက လေယာဥ်ပြေးလမ်းမှာ ကျသွားတယ်။ ဒါကြောင့် လုပ်တဲ့အဖွဲ့က နည်းပညာကို အဆင့်မြင့်ပြီး သတင်းအတိအကျရလို့ တိုက်တဲ့သဘောလို့ ယူဆတယ်။ စစ်အုပ်စုက အကြီးအကဲတစ်ယောက်ယောက်ပါတယ်လို့ သတင်းအရင်းမြစ်တွေဆီကလည်း သိရတယ်" လို့ စီဒီအမ် ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
မြစ်ကြီးနားမှာ စစ်တပ်အရာရှိတွေက နမ့်ပေါင်လေတပ်ဌာနချုပ်ကို အသုံးပြုပြီး မြစ်ကြီးနားလေဆိပ်က ခရီးသည်တင်လေယာဥ်တွေသာ ဆိုက်ကပ်တာဖြစ်ပါတယ်။
"ဒါပေမဲ့ အရပ်သားအသုံးပြုတဲ့လေကြောင်းလိုင်းနဲ့ လက်နက်ပို့ဆောင်ခဲ့တဲ့သက်သေကို ၂၀၂၅ နိုဝင်ဘာလတုန်းက ရရှိထားတယ်" လို့ စီဒီအမ် ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
၂၀၂၅ နိုဝင်ဘာလမှာ စစ်တပ်ရဲ့ ၂၉၇ ခြေလျင်တပ်ရင်းကနေတဆင့် ပြည်သူ့စစ်ကို တပ်ဆင်ပေးမယ့် လက်နက်တွေကို ရန်ကုန်ကနေ မြစ်ကြီးနားကို လေကြောင်းနဲ့သယ်ယူဖို့ အတည်ပြုတဲ့လျှို့ဝှက်စာကို တပ်တွင်း ဖရဲသီး(သတင်းပေး) ကနေတဆင့် သူ ရရှိခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်အပြောအရ တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တယ်ဆိုတဲ့ FPV ဒရုန်းအမျိုးအစားဟာ သုံးစွဲတဲ့ ဖိုက်ဘာကြိုး အရှည်အပေါ် မူတည်ပြီး အမျိုးအစားအလိုက် အမေရိကန်ဒေါ်လာ ၃၀၀ ကနေ ၁၅၀၀ အထိ ဈေးကွာခြားပါတယ်။
မြန်မာမှာတော့ ၅ ကီလိုမီတာကနေ ၁၀ ကီလိုမီတာ အရှည်(၃ မိုင်ကနေ ၆ မိုင်ဝန်းကျင်) ကနေ လှမ်းထိန်း ချုပ်နိုင်တဲ့ဒရုန်းကို အသုံးများတယ်လို့ သိရပါတယ်။
စစ်တပ်က ဖေဖော်ဝါရီ ၂၀ ရက်ညမှာ ပျက်စီးသွားတဲ့ MNA လေယာဥ်ရဲ့ပုံတွေကို ထုတ်ပြန်ထားပါတယ်။
စစ်လက်နက်ပစ္စည်းတွေနဲ့ ဒရုန်းတွေအကြောင်း စောင့်ကြည့် ရေးသားတဲ့ Tactical Raptor အဖွဲ့ကတော့ ဒီလေယာဥ်ရဲ့ပျက်စီးမှု အတိုင်းအဆဟာ ပြန်လည်ပြုပြင်ပျံသန်းလို့ မရနိုင်လောက်တဲ့အဆင့်ဖြစ်တယ်လို့ သူတို့ရဲ့လူမှုကွန်ရက်မှာ သုံးသပ်ချက်ရေးပါတယ်။
လိုင်ဇာမြို့ခံတွေကြားမှာတော့ တရုတ်နဲ့နယ်စပ် ထိစပ်နေတဲ့လိုင်ဇာ ကောင်းကင်မှာ စစ်တပ်ရဲ့ တိုက်လေယာဥ် ပျံသန်းတဲ့အသံ ပြန်ကြားရတာကို စိုးရိမ်နေပါတယ်။
''လေယာဥ် မပျံတာကြာတော့ လန့်သွားကြတယ်။ သတိနဲ့တော့ နေနေကြပါတယ်'' လို့ လိုင်ဇာမြို့ခံတစ်ဦးက ပြောပါတယ်။











