နျူကလီးယားလက်နက်တွေကို ဘယ်နိုင်ငံတွေက ပိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, Universal History Archive/Universal Images Group via Getty Images
အမေရိကန်က ပထမဆုံး နျူကလီးယားဗုံးကို ဂျပန်မှာ ကြဲချခဲ့တာ အနှစ် ၈၀ ကြာခဲ့ပြီးတဲ့ အခုကာလမှာ အီရန် နျူကလီးယား အစီအစဉ်က အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေကို အရှိန်တက်လာစေတဲ့ အဓိကအကြောင်းတခု ဖြစ်နေပါတယ်။
ဇွန်လအတွင်း အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ရဲ့ နျူးကလီးယား စက်ရုံနေရာတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဇူလိုင် ၂ ရက်နေ့မှာ အီရန် သမ္မတက ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ အဲဒီ ဥပဒေကတော့ ကုလသမဂ္ဂက နျူကလီးယား စောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီ(IAEA)နဲ့ သူတို့နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတာကို ဆိုင်းငံ့လိုက်တာပါ။
အစ္စရေးနဲ့ အမေရိကန်တို့က သူတို့ရဲ့တိုက်ခိုက်မှုဟာ အီရန်က နျူးကလီးယား လက်နက်ထုတ်လုပ်ဖို့ ကြိုးစားနေတာကို ဟန့်တားဖို့ မဖြစ်မနေ လုပ်ဆောင်ရတဲ့ အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် အီရန် နျူကလီးယား နေရာတွေ ဘယ်လောက် အတိုင်းအတာအထိ ပျက်စီးသွားသလဲ၊ အီရန်နဲ့ IAEA အကွဲအပြဲကြောင့် ဟိုး အရင် ၅၅ နှစ် ကတည်းက နျူကလီးယား လက်နက်တွေ ထပ်ပြီး မများလာစေဖို့ ကန့်သတ်ရာမှာ အကူအညီပေးခဲ့တဲ့ နျူကလီးလား မပြန့်ပွားရေးဆိုင်ရာ ကုလသမဂ္ဂ စာချုပ် (Non-Proliferation Treaty) ဆိုတာက ဘယ်အခြေစိုက်သွားမလဲ၊ ဒေသတွင်းမှာ ဘယ်လို ဆက်ဖြစ်လာမလဲစတာတွေကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်တယ်လို့ အများက သိထားကြတဲ့ နိုင်ငံ ၉ နိုင်ငံ ရှိပါတယ်။ သူတို့က ဒီလက်နက်တွေကို ဘယ်လိုရခဲ့ကြလဲ၊ တခြားနိုင်ငံတွေကရော နျူကလီးယား လက်နက်တွေ ရနိုင်မလား။

ဓာတ်ပုံ ရင်းမြစ်, Universal History Archive/Universal Images Group via Getty Images
ဘယ်နိုင်ငံတွေက နျူကလီးယားလက်နက် ရှိသလဲ
အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အစ္စရေး၊ မြောက်ကိုရီးယားတို့ဟာ နျူကလီးယား လက်နက်ပိုင်ဆိုင်ကြတယ်လို့ အများက သိထားကြပါတယ်။
ဒါပေမဲ့ ခြွင်းချက်အနေနဲ့ကတော့ ဒီနိုင်ငံတွေထဲမှာ အစ္စရေးက သူတို့ နျူကလီးယား လက်နက်ရှိကြောင်း ဘယ်တုန်းကမှ အတည်ပြုပြီး ထုတ်မပြောခဲ့ပါဘူး။
ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်က မက်ဟန်တန် စီမံချက်နဲ့ နျူကလီးယား လက်နက်ကို လျှို့ဝှက် ထုတ်လုပ်ပြီး ပထမဆုံး နျူကလီးယား ပါဝါနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
နာဇီ ဂျာမနီ၊ အီတလီတို့နဲ့ ပေါင်းခဲ့ပြီး ဝင်ရိုးတန်းနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဖက်ဆစ် ဂျပန် နိုင်ငံက ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တို့ကို အမေရိကန်က ၁၉၄၅ ခုနှစ်မှာ နျူကလီးယားဗုံး ကြဲချခဲ့ကာ ပျက်ဆီးမှုတွေက ဆိုးရွားပြင်းထန်ခဲ့ပါတယ်။
ဒီဗုံးတွေရဲ့ ဒဏ်ကြောင့် အနည်းဆုံး လူပေါင်း နှစ်သိန်း သေကြေခဲ့ရပါတယ်။ အဲဒီ အခါတွေမှာပဲ နျူလက်နက်တွေကို သုံးခဲ့ကြတာပါ။
လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ပညာရှင် ဒေါက်တာ ပက်ထရစ်ရှာ လူးဝစ်က ဒီအဖြစ်ကနေ စပြီး "နျူကလီးယား လက်နက်ပြိုင်ဆိုင်မှု" လုပ်ဖို့ တခြားနိုင်ငံတွေကို တွန်းအားပေးခဲ့တာဖြစ်ပြီး၊ အထူးသဖြင့် ရုရှားတို့က သူတို့ ကိုယ်ပိုင် နျူကလီးယား လက်နက်ထုတ်နိုင်ဖို့ ချက်ချင်းကြိုးစားခဲ့ကြပါတယ်။ ဒီ ၂ နိုင်ငံဟာ တိုက်ခိုက်တာကြုံရရင် တုံ့ပြန်ဟန့်တားနိုင်ဖို့နဲ့ ဒေသတွင်းနဲ့ ကမ္ဘာတလွှားမှာ သူတို့ သြဇာလွှမ်းနိုင်ဖို့ နျူလက်နက်တွေကို ကြိုးပမ်းခဲ့ကြတာပါ။
ဘာတွေ ဆက်ဖြစ်လာခဲ့သလဲ
ဒုတိယကမ္ဘာစစ်အပြီး ၂ နှစ်တောင် မကြာသေးတဲ့ အချိန်မှာပဲ စစ်အေး ကာလ စတင်ခဲ့ပါတယ်၊ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့ သူတို့ရဲ့ မဟာမိတ် အသီးအသီးနဲ့အတူ ပါဝါပြိုင်ကြတာပါ။ အဲဒီ စစ်အေးက နှစ်ပေါင်း ၄၀ ကျော်ကြာခဲ့ပြီး နျူကလီးယား စစ်ပွဲ ဖြစ်လာတော့မယ့်အထိ တင်းမာမှုတွေ အရှိန်တက်ခဲ့တဲ့အဖြစ်မျိုးတွေ အထိရောက်ခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းကာလမှာ ဆိုဗီယက်တို့က အနုမြူဗုံး ထုတ်လုပ်ဖို့ စတင်ကြိုးစားခဲ့ကြပြီး ၁၉၄၉ ခုနှစ်မှာ အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပါတယ်။ အမေရိကန်တို့ တစ်ဦးတည်း နျူလက်နက်ပိုင်ဆိုင်တယ်ဆိုတဲ့ အခြေအနေကို ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီနောက်ပိုင်း ပိုပြီး ဖျက်အားပြင်းတဲ့ နျူလက်နက်တွေကို ၂ နိုင်ငံစလုံးက ထုတ်လုပ်ခဲ့ကြပါတယ်။
နောက် ၁၅ နှစ်အတွင်း နောက်ထပ် ၃ နိုင်ငံက နျူကလီးယား လက်နက်ပိုင်တဲ့နိုင်ငံတွေ ဖြစ်လာပါတတယ်။
ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်နဲ့ နျူလက်နက်ထုတ်ဖို့ တွဲလုပ်ခဲ့တဲ့ ဗြိတိန်က ၁၉၅၂ မှာ နျူကလီးယား လက်နက် ပိုင်လာပါပြီ၊ နောက် ၁၉၆၀ မှာ ပြင်သစ်၊ ၁၉၆၄ မှာ တရုတ်တို့ နျူကလီးယား ပါဝါနိုင်ငံတွေ ဖြစ်လာပါတော့တယ်။
နောက်ထပ် ဘယ်နိုင်ငံတွေက ဘယ်အချိန်မှာ နျူလက်နက်တွေ ပိုင်ဆိုင်လာကြလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၁၉၆၀ နှစ်တွေထဲမှာ နျူကလီးယား ပါဝါ နိုင်ငံ ၅ နိုင်ငံ တိတိပပ ပေါ်ထွန်းလာပါပြီ။ အမေရိကန်၊ ဆိုဗီယက် ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ် တို့ပါ။ ဒါပေမဲ့ နျူလက်နက်တွေ ထပ်ပြီး ပေါ်ထွန်းလာတော့မှာကို ထိတ်လန့် စိုးရိမ်မှုတွေ ကြီးထွားလာခဲ့ပါတယ်။
ဒါကြောင့် ကုလသမဂ္ဂက နောက်ထပ် နျူကလီးယားလက်နက်တွေ ထပ်မပြန့်ပွားဖို့၊ နျူလက်နက်ဖျက်သိမ်းရေးကို အားပေးဖို့၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးချဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ နျူကလီးယား လက်နက်မပြန့်ပွားရေး စာချုပ် (Non-Proliferation Treaty) ကို အဆိုပြုလာပါတယ်။
စာချုပ်က ၁၉၇၀ မှာ အသက်ဝင်လာပါတယ်၊ ဒါပေမဲ့ နိုင်ငံတွေ အကုန်လုံး လက်မှတ်ရေးထိုးတာ မဟုတ်သလို၊ နျူလက်နက် ပြန့်ပွားတာက ဆက်ဖြစ်နေပါတယ်။
အိန္ဒိယက နျူလက်နက်ကို ၁၉၇၄ မှာ ပိုင်ဆိုင်နိုင်လာပြီး ပါကစ္စတန်က ၁၉၉၈ မှာပါ။ ဒီ ၂ နိုင်ငံလုံးက နျူမပြန့်ပွားရေး NPT စာချုပ်ကို လက်မှတ် မထိုးထားတဲ့နိုင်ငံတွေပါ။ တနိုင်ငံက နျူလက်နက် ပိုင်လာရင် ကျန်တဲ့ တနိုင်ငံက လုံခြုံရေး စိတ်မချတာကြောင့် အစကတည်း လက်မှတ် မထိုးကြတဲ့ နိုင်ငံတွေပါ။
အစ္စရေးကလည်း စာချုပ်ကို လက်မှတ် မထိုးပါဘူး။
ဒေသတွင်းမှာ ခြိမ်းခြောက်မှုတွေရှိတယ်။ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေက သူတို့ကို ရန်လိုနေတယ် စတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့က နျူမပြန့်ပွားရေး စာချုပ်(NPT) ကို လက်မှတ်မထိုးပါဘူး။ နျူကလီးယား ကိစ္စနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ ပွင့်ပွင့်လင်းလင်းပြောတာမျိုး သူတို့ မလုပ်ပါဘူး၊ နျူလက်နက်တွေ ပိုင်ဆိုင်သလားဆိုတဲ့ ကိစ္စကို ဘယ်တုန်းကမှာ အတည်မပြုသလို၊ ဘယ်တုန်းကမှလည်း ငြင်းဆိုတာ မရှိပါဘူး။
မြောက်ကိုရီးယားက အစပိုင်းမှာ နျူ မပြန့်ပွားရေး စာချုပ်ကို လက်မှတ်ထိုးပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲ စစ်ရေး လေ့ကျင့်တာတွေကို အပြစ်တင်ရင်း ၂၀၀၃ ကျမှ သူတို့ စာချုပ်လက်မှတ် ထိုးထားတာကို ပြန်ရုတ်သိမ်းလိုက်တာပါ။
၂၀၀၆ မှာ မြောက်ကိုရီးယားက နျူကလီးယား လက်နက် ဖောက်ခွဲ စမ်းသပ်မှု တခုလုပ်ခဲ့ပါတယ်။
အဲဒီ နိုင်ငံတွေအပြင် နျူမပြန့်ပွားရေး(NPT) ကို လက်မှတ် မထိုးတဲ့တခုတည်းသော နိုင်ငံကတော့ ၂၀၁၁ မှာ နိုင်ငံတည်ထောင်ခဲ့တဲ့ တောင်ဆူဒန် နိုင်ငံပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်မှာ နျူကလီးယား လက်နက် ရှိသလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ကျွန်တော်တို့ သိထားသလောက်" အီရန်မှာ အခုထိ နျူကလီးယား လက်နက် မထုတ်နိုင်သေးပါဘူး လို့ ဗြိတိန်နိုင်ငံ၊ လက်စတာတက္ကသိုလ်က နိုင်ငံတကာ နိုင်ငံရေး ပါမောက္ခ အင်ဒရူး ဖတ်တာက ပြောပါတယ်။ "ဒါပေမဲ့ နည်းပညာပိုင်းအရ သူတို့ ဘာကြောင့် မလုပ်နိုင်သေးသလဲ ဆိုတာကို အကြောင်းပြနိုင်တဲ့ အချက်လည်း ခိုင်ခိုင်မာမာ မရှိပါဘူး။"
နျူမပြန့်ပွားရေး NPT စာချုပ်ကို လက်မှတ်ထိုးထားတဲ့အီရန်က သူတို့ နျူကလီးယား အစီအစဉ်က ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ သာဖြစ်တယ်၊ နျူကလီးယား လက်နက် လုပ်ဖို့ ဘယ်တော့မှ မရည်ရွယ်ဘူးလို့ အမြဲပြောပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ နျူကလီးယား စွမ်းအင် အေဂျင်စီ (IAEA) က အီရန်ကို ဆယ်စုနှစ် တစုကြာ ဆန်းစစ်လေ့လာခဲ့ပြီး အီရန်ဟာ ၁၉၈၀ နှစ်တွေ နှောင်းပိုင်းကနေ ၂၀၀၃ အထိ "နျူကလီးယား ဖောက်ခွဲမှု လုပ်နိုင်တဲ့ပစ္စည်း ထုတ်လုပ်နေတာနဲ့ အလားသဏ္ဍာန်တူတဲ့ လုပ်ဆောင်မှုတွေကို" ဆောင်ရွက်နေတယ်ဆိုတဲ့အထောက်အထားတွေ တွေ့ခဲ့ပါတယ်။ ၂၀၀၃ မှာတော့ အဲဒီ "အာမက် စီမံချက်" က ရပ်ဆိုင်းသွားပါတယ်။
၂၀၁၅ မှာ အီရန်က ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံကို အာမခံချက်ပေးတာနဲ့ အတူ သူတို့ နျူကလီးယား အစီအစဥ်နဲ့ ပတ်သက်ပြီး သဘောတူညီမှုစာချုပ် တခုကို လုပ်ခဲ့ပါတယ်။
အဲဒါကတော့ သူတို့ နျူကလီးယား အစီအစဥ်တွေအပေါ် ကန့်သတ်တာကို လက်ခံတယ်၊ သူတို့ရဲ့ နျူကလီးယား အစီအစဥ်တွေကို အိုင်အေအီးအေက စစ်ဆေးခွင့်ရရစေမယ်၊ အပြန်အလှန်အားဖြင့် သူတို့ကို ပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံတကာ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို သက်သာရာရခွင့်ပေးဖို့ တောင်းဆိုကာ အားလုံးက သဘောတူခဲ့ကြပါတယ်။
ဒါပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့အာဏာ ပထမသက်တမ်းကာလအတွင်း ၂၀၁၈ မှာဒီစာချုပ်က အီရန်ကို နျူကလီးယားလက်နက် ထုတ်လုပ်ရေးတားဆီးနိုင်မှုအတွက် ဘာမှ သိပ်မလုပ်နိုင်ဘူးလို့ ဆိုကာ အဲဒီစာချုပ်ကနေ နုတ်ထွက်လိုက်ပြီး အီရန်ကို ဆန်ရှင်တွေ ပြန်လုပ်ခဲ့ပါတယ်။ အီရန်ကလည်း အိုင်အေအီးအေရဲ့ ကန့်သတ်ချက်တွေကို ထပ်ခါ ထပ်ခါ ချိုးဖောက်ပါတယ်။ အထူးသဖြင့် ယူရေနီယံ သန့်စင်တဲ့ လုပ်ငန်းတွေ အပိုင်းမှာပါ။
၁၂ ဇွန် ၂၀၂၅ မှာ အိုင်အေအီးအေ - ၃၅ နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အုပ်ချုပ်ရေးဘုတ် အဖွဲ့က အီရန်ဟာ နျူမပြန့်ပွားရေး လုပ်ဆောင်ရမယ့် ဝတ္တရားတွေကို ချိုးဖောက်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလို ကြေညာချက်က နှစ်ပေါင်း ၂၀ ကာလအတွင်း ပထမဆုံး အကြိမ် ထွက်ပေါ်လာတာပါ။
အဲဒီနေ့ နောက်နေ့ကစပြီး အစ္စရေးက အီရန်ရဲ့ နျူကလီးယား နေရာတွေနဲ့ စစ်ရေး နေရာတွေကို လေကြောင်း တိုက်ခိုက်တာတွေ အများအပြား လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ အနီးကပ် မဟာမိတ်ဖြစ်တဲ့ အမေရိကန်က အီရန်တို့ မြေအောက်မှာ ဆောက်ထားတဲ့ ဖော်ဒို နျူကလီးယား စက်ရုံ နေရာ အပါအဝင် အီရန်နိုင်ငံထဲက နျူကလီးယား နေရာ ၃ ခုကို ဗုံးကြဲခဲ့ပါတယ်။
အစ္စရေးမှာ နျူလက်နက်တွေ ရှိလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေးက သူတို့ နျူကလီးယားလက်နက် ပိုင်ဆိုင်တယ်လို့ တခါမှ အတည်ပြု မပြောပါဘူး။ ဒါပေမဲ့ သူတို့ဆီမှာ နျူလက်နက်တွေရှိတယ်ဆိုတာကို အများက ယုံကြည်လက်ခံထားကြပါတယ်။
၁၉၈၆ အောက်တိုဘာလအတွင်းမှာ အစ္စရေး နျူကလီးယား ပညာရှင်တယောက်ဖြစ်တဲ့ မော်ဒီချိုင်း ဗာနုနုကက ဗြိတိန်သတင်းစာ တစောင်ဖြစ်တဲ့ ဆန်းဒေး တိုင်းမ်ကို အစ္စရေးတို့ နျုကလီးယား လက်နက် အစီအစဥ်က အရင် အများတွေးထင်ခဲ့ကြတာထက် ပိုကြီးမားပြီး ပိုအဆင့်မြင့်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ပေးခဲ့ပါတယ်။
အဲဒီအတွက် အစ္စရေးမှာ သူ ထောင်ဒဏ် ၁၈ နှစ် ကျခံသွားရပါတယ်။ ၂၀၀၄ ခုနှစ်ရောက်မှ သူ ပြန်လွတ်လာပါတယ်။
ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (Stockholm International Peace Research Institute - SIPRI) က အစ္စရေးဟာ သူ့ နျူလက်နက်ကို ပိုပြီး ခေတ်မီအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။
၂၀၂၄ မှာ အစ္စရေးက မစ်ဇိုင်း တွန်းကန် မောင်းနှင်အားစနစ် တခုကို စမ်းသပ်ခဲ့ပြီး "ဒါဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်နဲ့ အလားတူနိုင်တယ်" လို့ SIPRI က ဆိုပါတယ်။
အစ္စရေးက ဒိုင်မိုနာမြို့မှာ ပလူတိုနီယံ ထုတ်လုပ်ရေးတွေကိုလည်း အဆင့်မြှင့်တာတွေ လုပ်နေပုံရကြောင်း ပြောပါတယ်။
အစ္စရေးဟာ ဒေသတွင်းက သူ့ရဲ့ ပြိုင်ဖက်တွေ နျူကလီးယား လက်နက် မရအောင် အမြဲ စစ်ရေးကို သုံးပြီး တားဆီးပါတယ်။
အစောပိုင်းတုန်းက ပြောခဲ့သလို အီရန်ကို သူတို့ တိုက်ခိုက်တာတွေ သာမက ၁၉၈၁ မှာ အီရန်က နျူကလီးယား ဓာတ်ပေါင်းဖို တခုကို သူတို့ ဗုံးကြဲခဲ့သလို ဆီးရီးယားက နျူကလီးယားနေရာလို့ မသင်္ကာတဲ့နေရာတခုကိုလည်း ၂၀၀၇ ခုနှစ်တုန်းက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
ဘယ်နိုင်ငံတွေက နျူကလီးယား အစီအစဥ်ကို စွန့်လွှတ်သွားခဲ့လဲ
ဘရာဇီး၊ ဆွီဒင်၊ ဆွစ်ဇာလန် စတဲ့နိုင်ငံတွေဟာ နျူကလီးယား အစီအစဥ်ကို လုပ်ဖို့ အစပြုခဲ့ကြပြီးနောက်ပိုင်းမှာတေ့ သူတို့ကိုယ်တိုင်ကဖြစ်စေ၊ အပြင်က ဖိအားတွေကြောင့် ဖြစ်စေ ဒီအစီအစဥ်တွေကို စွန့်ခွာခဲ့ကြပါတယ်။
တောင်အာဖရိက နိုင်ငံကတော့ နျုကလီးယားလက်နက်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီးမှ ဒီလက်နက်တွေကို ဖြုတ်သိမ်းပစ်သလို၊ နျူကလီးယား အစီအစဥ်ကိုလည်း လုံးဝ ဖျက်သိမ်းပစ်လိုက်တဲ့ တခုတည်းသော နိုင်ငံပါ။
ဒီဆုံးဖြတ်ချက်လုပ်လိုက်တဲ့ အကြောင်းရင်းအမျိုးမျိုး ရှိပါတယ်။ လူဖြူ လူမည်းခွဲခြားတဲ့ အပါသိုက် စနစ် အဆုံးသတ်သွားတာ၊ ဒေသတွင်း ပဋိပက္ခတွေ နည်းသွားတာ၊ ကမ္ဘာ့နိုင်ငံရေး ဒိုင်းနမစ် (global political dynamics) က ပြောင်းလဲ သွားတာ စတဲ့ အကြောင်းတွေကလည်း ဒီအကြောင်းရင်းတွေထဲ ပါဝင်ပါတယ်။
၁၉၉၁ မှာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားပြီးတဲ့နောက် အသစ်ပေါ်ထွန်းလာတဲ့ ယူကရိန်း၊ဘယ်လာရုဇ်၊ ကာဇက်စတန် စတဲ့ နိုင်ငံတွေက နျူကလီးယား လက်နက်တွေ အမွေရခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ဒါတွေကို စွန့်လွှတ်ခဲ့ပါတယ်။
ယူကရိန်းဟာ ၁၉၉၄ ဘူဒါပက်စ် သဘောတူစာချုပ် (1994 Budapest Memorandum) အရ အမေရိကန်၊ ဗြိတိန်၊ ရုရှားတို့ ဆီက လုံခြုံရေးအာမခံချက် ရယူပြီး အပြန်အလှန်အားဖြင့် သူ့ရဲ့ နျူလက်နက်တွေကို စွန့်လွှတ်ခဲ့ပါတယ်။
ရုရှားတပ်တွေနဲ့ ဆယ်စုနှစ် တစ်စုကျော် ပဋိပက္ခ ဖြစ်နေရတဲ့ ယူကရိန်းရဲ့ သမ္မတ ဇလန်းစကီးက သူတို့ နျူလက်နက်တွေ စွန့်ခဲ့ရပေမဲ့ လုံခြုံရေးအတွက် ပြန်ရခဲ့တာက နည်းနည်းလေးသာပဲလို့ အကြိမ်ကြိမ် ငြင်းချက် ထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နျူကလီးယား လက်နက်တွေ ဘယ်လောက် များများ ရှိနေပြီလဲ
အစိုးရတွေက သူတို့နိုင်ငံကနေ ပိုင်ဆိုင်တဲ့ နျူလက်နက်ဆိုင်ရာ အသေးစိတ်တွေကို ထုတ်ဖော်ပြောတာမျိုး သိပ်မရှိတဲ့ အတွက် နိုင်ငံအလိုက် နျူလက်နက်တွေ ဘယ်လောက် ပိုင်ဆိုင်ကြသလဲဆိုတာ သိရဖို့ အတော် ခက်ခဲ ပါတယ်။
SIPRI သင့်ခ်တင့်ခ် ရဲ့ အဆိုအရ ကမ္ဘာ့ နျူကလီးယား ပါဝါနိုင်ငံတွေ ပိုင်ဆိုင်ထားတဲ့ နျူထိပ်ဖူးတပ် လက်နက်အရေအတွက်က ဇန်နဝါရီလ ၂၀၂၅ မှာ ၁၂,၂၄၁ ရှိကြောင်း သိရသလို အဲဒီထဲမှာ ရုရှားနဲ့ အမေရိကန် ပိုင်တာက ၉၀% ပါ။
နျူလက်နက်အသစ်တွေကို နေရာချတဲ့ နှုန်းထက် အနားပေး နျူလက်နက်တွေကို ဖျက်သိမ်းပစ်တဲ့ နှုန်းက ပိုများတယ်ဆိုပေမဲ့ "လာမယ့် နှစ်ပိုင်းတွေအတွင်းမှာ" ဒီလိုဖြစ်နေတဲ့ အလားအလာလမ်းကြောင်းက ပြောင်းပြန် ဖြစ်သွားနိုင်တယ်လို့ SIPRI အဖွဲ့က ပြောပါတယ်။
နျူကလီးယား လက်နက်ထုတ်မယ့် နိုင်ငံတွေ အခုထက် ပိုများလာမလား
အီရန် နျူကလီးယား အစီအစဥ်မှာ ဘာတွေဖြစ်သွားသလဲဆိုတာတွေကို ကြည့်ပြီး နျူကလီးယား လက်နက်ထုတ်မယ့် တခြားနိုင်ငံတွေက အဲဒါတွေတွေကို ထည့်စဥ်းစားကြမယ့် အခြေအနေ ရှိသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဇွန်လက အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ရဲ့ နျူကလီးယား နေရာတွေကို တိုက်ခိုက်မှုတွေလုပ်ပြီးတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အီရန်ရဲ့ နျူကလီးယား အစီအစဥ် "ဆယ်စုနှစ် များစွာ" နောက်ပြန်ရောက်သွားပြီလို့ ပြောပါတယ်။
အမေရိကန် တိုက်ခိုက်မှုတွေက အီရန်ရဲ့ နျူကလီးယား အစီအစဥ် ၂ နှစ်လောက် နောက်ကျသွားအောင် လုပ်လိုက်နိုင်တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ဇူလိုင်လအတွင်းမှာ ပြောပါတယ်။
တကယ်လို့ အီရန်က တကယ့်ကိုပဲ နျူကလီးယား လက်နက်လုပ်တယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသအတွင်းက ဆော်ဒီအာရေဗျလို နိုင်ငံက သူတို့ကိုယ်ပိုင် နျူကလီးယား အစီအစဥ် လုပ်လာနိုင်တယ်လို့ ဒေါက်တာ ဖွတ်တာက ပြောပါတယ်။
"ဆော်ဒီက အခုလောလောဆယ်မှာ သူတို့ နျူကလီးယားလက်နက် လိုချင်တဲ့ ဆန္ဒမရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပေမဲ့ အီရန်မှာ နျူကလီးယား လက်နက် ရှိလာမယ်ဆိုရင်တော့ သူတို့ ပြိုင်ပွဲက အကြီးအကျယ် ပြောင်းလဲလာမှာပါ" လို့ သူက ပြောပါတယ်။
"ဘယ်လောက်မြန်မြန်နဲ့ ဘယ်လောက် လွယ်လွယ်ကူကူ လုပ်နိုင်မလဲ ဆိုတာကတော့ နောက် မေးခွန်း တခုပေါ့။"
ဒေါက်တာ လူးဝစ်က နျူမပြန့်ပွားရေး NPT စာချုပ်က အီရန် နုတ်ထွက်လိုက်တာက "အန္တရာယ်များတယ်"၊ ဘာလို့လဲဆိုတော့ နောက်ထပ် နိုင်ငံတွေ လိုက်ထွက် လာနိုင်ခြေ ပိုတိုးလာနိုင်လို့ပါ လို့ ပြောပါတယ်။ ဒီအချက်က စာချုပ်ကို "အတော်ထိခိုက်" သွားပေမဲ့ ဒီစာချုပ် ချုပ်ငြိမ်းသွားတဲ့ အထိတော့ မဖြစ်ပါဘူးလို့ သူက ဆက်ပြောပါတယ်။
တခြားနိုင်ငံတွေ နျူကလီးယားလက်နက် တည်ဆောက်ဖို့ ကြိုးစားလာနိုင်ကြပေမဲ့လည်း ယူရေနီယံ သန့်စင်တဲ့ နည်းပညာ ကိစ္စ၊ လက်နက်ထုတ်တဲ့ သုံးလို့ရနိုင်မယ် ပလူတိုနီယံ ကုန်ကြမ်းအဆင့် စတာတွေကလည်း တင်းတင်းကျပ်ကျပ်ကို ထိန်းချုပ်ထားတာလို့ ပြောပါတယ်။
မစ္စ လူးဝစ်က ဘဏ္ဍာရေးပိုင်းကလည်း တော်တော် အကန့်အသတ်ရှိနိုင်တယ်လို့ ထောက်ပြပါတယ်။
"နျူလက်နက်ထုတ်လုပ်တာက ငွေအကုန်အကျများပြီး နှစ်တွေလည်း အများအပြား ကြာပါတယ်၊ အထူးသဖြင့် လျှို့လျှို့ဝှက်ဝှက် လုပ်ရတာကြောင့်ပါ။ ဒါပေမဲ့ ဒီအကန့်အသတ်တွေက ဆင်းရဲကြတဲ့ မြောက်ကိုရီးယားလို၊ ပါကစ္စတန်လို နိုင်ငံတွေကို မတားနိုင်ပါဘူး။"













