နျူကလီးယား အညစ်အကြေး ပြဿနာကို ယူကေက ဘယ်လို ဖြေရှင်းဖို့ ပြင်ဆင်နေသလဲ

ယူကေနိုင်ငံဟာ အသုံးပြုပြီးသား နျူကလီးယားလောင်စာ အညစ်အကြေးတွေအတွက် ဘူမိဗေဒ ထိန်းသိမ်းနည်း Geological Disposal Facility - GDF စနစ်နဲ့ ထိန်းသိမ်းဖို့ ပြင်ဆင်နေပါတယ်။
ဆွီဒင်နိုင်ငံမှာလည်း အလားတူ ထိန်းသိမ်းတဲ့ စနစ်ကို စမ်းသပ်နေရာမှာ ယူကေနိုင်ငံကလည်း အခုလို နည်းစနစ်ကို အသုံးပြုနိုင်ရေးအတွက် လေ့လာ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ယူကေနိုင်ငံ အင်္ဂလန်နယ်က ကမ်ဘရီယာ ဒေသမှာ ဆယ်လီဖီး နျူကလီးယားစက်ရုံရှိနေပြီး အဲဒီဒေသအတွင်းက နေရာ သုံးနေရာနဲ့ လင်ကွန်းရှားဒေသ တနေရာတို့မှာ အခုလို GDF စနစ်ကို စမ်းသပ်ဖို့ ဒေသခံအာဏာပိုင်တွေနဲ့ ကနဦးသဘောတူညီချက် ယူထားပါတယ်။
နျူကလီးယားအညစ်အကြေး ပြဿနာ
နျူကလီးယားအညစ်အကြေး ပထမဆုံး ပြဿနာတခုကတော့ ရေဒီယိုသတ္တိကြွမှုများလေ၊ အပူချိန်တက်လေ ဖြစ်တဲ့အတွက် မသိုလှောင်ခင်မှာ အပူချိန်ကျသွားတဲ့အထိ စောင့်ရတာပဲ ဖြစ်ပါတယ်။
ယူကေနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ တစ်လျှောက် စစ်ရေးနဲ့ စီးပွားရေးသုံး နျူကလီးယားစမ်းသပ်အသုံးပြုမှုတွေကြောင့် တန်ချိန် သောင်းနဲ့ ချီရှိတဲ့ နျူကလီးယားအညစ်အကြေးတွေ ရှိနေပါတယ်။
အန္တရာယ်ရှိတဲ့ နျူကလီးယားအညစ်အကြေးတွေကို ထိန်းသိမ်းတဲ့နေရာမှာ အရေအတွက်ဆိုတာက အဓိကပြဿနာ မဟုတ်သေးဘဲ ဆွေးမြေ့ပျက်စီးသွားဖို့ အထိ စောင့်ရတဲ့ အချိန်က အဓိက ပြဿနာ ဖြစ်နေပါတယ်။
အသုံးပြုပြီးလို့ ထွက်လာတဲ့ နျူကလီးယားအညစ်အကြေးကို သိုလှောင်နိုင်တဲ့ အပူချိန်ကျတဲ့အထိ စောင့်အအေးခံပြီးတဲ့နောက်ပိုင်းမှာလည်း ရေဒီယိုသတ္တိကြွမှုက ဆက်ရှိနေသေးရာမှာ လုံးဝဆွေးမြေ့ပျက်စီးသွားမှ ဒီလိုဖြစ်တာက ရပ်သွားတာ ဖြစ်ပါတယ်။
ယူကေနိုင်ငံ နျူကလီးယားအညစ်အကြေး ထိန်းသိမ်းမှု ဌာနရဲ့ သိပ္ပံရေးရာ အကြံပေး ပါမောက္ခ နီးလ် ဟိုင်းယက်ရဲ့ အဆိုအရ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တဲ့အထိ ရေဒီယိုသတ္တိကြွမှု လျော့သွားဖို့ က အနှစ် ၁၀ဝ၀ လောက် စောင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရောမအင်ပါယာတောင် အနှစ် ၅၀ဝ ပဲ သက်တမ်းရှိခဲ့တာ ဖြစ်တဲ့အတွက် နျူကလီးယားအညစ်အကြေး ထိန်းသိမ်းတဲ့ရာမှာ ကြီးကြပ်တဲ့ အဖွဲ့အစည်းနဲ့ စနစ်ကောင်းရုံနဲ့ မလုံလောက်ဘူး လို့လည်း သူက ပြောပါတယ်။
ဆွီဒင်မှာ ဘယ်လိုစမ်းသပ်ဖို့ လုပ်နေသလဲ
ဆွီဒင်ဟာ သူတို့ရဲ့ ဘဲလ်တစ် ကမ်းခြေဘက်က အိုစကာရှမ် ဒေသမှာ နျူကလီးယားအညစ်အကြေးတွေ ထိန်းသိမ်း သိုလှောင်ထားဖို့ စမ်းသပ်နေပါတယ်။
လောလောဆယ်မှာ အနက် ပေ ၁၃၀ ရှိတဲ့ ကြည်လင်တဲ့ ရေအောက်မှာ ထားရှိ စမ်းသပ်နေပါတယ်။
နျူကလီးယားအညစ်အကြေးရဲ့ ရေဒီယိုသတ္တိကြွမှုကို ကာကွယ်ထားနိုင်တဲ့နေရာမှာ အခုလို ပုံစံမျိုးနဲ့ ဆယ်စုနှစ်နဲ့ ချီပြီး ထားနိုင်တယ်လို့ ဆိုပါတယ်။
ဆွီဒင်ဟာ လက်ရှိစမ်းသပ်မှု အောင်မြင်ရင် နောက်တဆင့်အနေနဲ့ မြေအောက် ကျောက်လွှာအထိတူးပြီး ဒီနျူကလီးယားအညစ်အကြေးတွေကို GDF စနစ်နဲ့ မြှုပ်နှံထားမှာ ဖြစ်ပါတယ်။
အခုလို စမ်းသပ်မှုတွေကို အိုစကာရှမ်ဒေသက အက်စပို ကျောက်မာ စမ်းသပ်ခန်းမှာ ပြုလုပ်နေပြီး မီတာရာနဲ့ ချီတဲ့ မြေအောက်အနက်က ကျောက်လွှာတွေမှာ အခန်းတွေ တူးဖော်နေပါတယ်။
အခုလို စမ်းသပ်မှု လုပ်ငန်းစဉ်အတွင်းမှာ နျူကလီးယားအညစ်အကြေးတွေကို ဘယ်လို ထုပ်ပိုး သိမ်းဆည်းထားမလဲ ဆိုတာရယ် အချိန်ကြာလာတဲ့အမျှ ဆွေးမြေ့ပျက်စီးတဲ့ ပုံစံ ဘယ်လိုရှိသလဲ ဆိုတာကို လေ့လာနေတာ ဖြစ်ပါတယ်။
ဒီလို စမ်းသပ်မှုတွေ ပြုလုပ်နေတဲ့ နေရာက ကျောက်လွှာတွေကြားထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတဲ့ကာလက ဘောလ်တစ် ပင်လယ်ကတစ်ဆင့် စိမ့်ဝင်နေတဲ့ ဆားငံ မြေအောက်ရေတွေ ရှိနေပြီး လက်တွေ့ နျူကလီးယားအညစ်အကြေး ရေရှည်သိုလှောင်ဖို့တော့ မသင့်တော်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ဆွီဒင် နျူကလီးယားရေးရာ ခန့် ခွဲရေး လုပ်ငန်း SKB ရဲ့ စီမံကိန်း အီလ်ဗာ စတန်းဗစ်စ် ကတော့ အခုလို စိုထိုင်းတဲ့ နေရာဖြစ်လို့ ကိုပဲ ဒီစမ်းသပ်မှုတွေ လုပ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လိုအပ်တဲ့ စမ်းသပ်မှုတွေကို ခြောက်သွေ့တဲ့ နေရာမှာ လုပ်မယ်ဆိုရင် ရလဒ်တခုခုထွက်ဖို့ အချိန်အများကြီး ပိုကြာမှာ ဖြစ်လို့ အခုလို ရွေးရတာ ဖြစ်ပြီး ဒီလို လုပ်ခြင်းအားဖြင့် ခံနိုင်ရည်လည်း ပိုကောင်းစေတဲ့ အဖြေထွက်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆွီဒင်မှာ GDF စနစ်ကို ဘယ်လို အကောင်အထည်ဖော် အသုံးပြုမှာလဲ
ဆွီဒင်အစိုးရ ကိုယ်တိုင်ကတော့ အခုလို မြေအောက်ကျောက်လွှာမှာ နျူကလီးယားအညစ်အကြေး ထိန်းသိမ်းမယ့် GDF စနစ်ကို ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။
အခုလို စမ်းသပ်တာမဟုတ်ဘဲ အမှန်တကယ် နျူကလီးယားအညစ်အကြေးတွေ ထိန်းသိမ်းထားမယ့်နေရာကို မြို့တော် စတော့ဟုမ်းရဲ့ မြောက်ဘက် ကီလိုမီတာ ၁၅၀ အကွာက ဖောစမာ့ခ် ဒေသမှာ တူးဖော်မှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ ဆွီဒင် ခရိုနာငွေ ၁၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံ) ကုန်ကျမှာ ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၁၅၀ဝ လောက်လည်း ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။
အခုလို တူးဖော်မယ့် စီမံကိန်း ပြီးစီးဖို့ကတော့ ဆယ်စုနှစ်နဲ့ ချီပြီး ကြာနိုင်တယ်လို့ ဆိုပါတယ်။ အလားတူ စီမံကိန်းတခုဟာ ဖင်လန်နိုင်ငံမှာလည်း ၂၀၁၅ ခုနှစ်ကတည်းက စတင်တူးဖော်နေတယ်လို့ ဆိုပါတယ်။

ယူကေအစိုးရရဲ့ GDF စနစ် အကောင်အထည်ဖော်နိုင်မှု အခြေအနေ
ယူကေနိုင်ငံမှာ GDF စနစ်နဲ့ နျူကလီးယားအညစ်အကြေး ထိန်းသိမ်းမယ့်နေရာ ရွေးချယ်ရာမှာ ဒေသခံတွေရဲ့ သဘောထားကိုလည်း အခြေခံ ချဉ်းကပ်တဲ့ နည်းလမ်းကို အသုံးပြုနေပါတယ်။
အခုလို ရွေးချယ်ရာမှာ သဘောတူတဲ့ ဒေသခံတွေရှိတဲ့ နေရာတဝိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်စတာလင်ငွေ တစ်သန်း ကနဦး ပေးအပ်မှာ ဖြစ်ပြီး စီမံကိန်းနဲ့ စတင်တူးဖော်တဲ့ လုပ်ငန်းစချိန်မှာတော့ နောက်ထပ် ပေါင်စတာလင်ငွေ ၂.၅ သန်း ထပ်မံ ပေးအပ်မယ်လို့ ဆိုပါတယ်။
အခုလို GDF စနစ်နဲ့ နျူကလီးယားအညစ်အကြေး သိမ်းဆည်းတာကို နိုင်ငံရေးအရ ကန့်ကွက်မှုတွေသာမက ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကလည်း အပြင်းအထန် ကန့်ကွက်တာတွေ ရှိနေပါတယ်။
ယူကေမှာ ကိုယ်ပိုင်ခန့်ခွဲခွင့် အာဏာရှိတဲ့ စကော့တလန်ဒေသဆိုရင် အခုလို GDF စနစ်နဲ့ နျူကလီးယားအညစ်အကြေး ထိန်းသိမ်းမှုကို ခွင့်မပြုထားပါဘူး။
အင်္ဂလန်နယ်မှာတော့ ဒေသခံတွေနဲ့ သဘောတူညီမှု ရထားတဲ့ လေးနေရာ ရှိတယ် ဆိုပေမယ့်လည်း တက်ကြွလှုပ်ရှားသူတွေရဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ကမ်ဘရီယာ ဒေသက Radiation Free Lakeland ဆိုတဲ့ အဖွဲ့ ဝင် မာရီယန်း ဘယ်က်ဘီက ဆိုရင် မြေအောက်မှာ နျူကလီးယားအညစ်အကြေးတွေ ထားရင် ယိုစိမ့်မှုဖြစ်လာတဲ့အခါမှာ ထိန်းချုပ်ဖို့ ခက်ခဲတဲ့အတွက် လုံးဝ ကန့်ကွက်ပါတယ်လို့ ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။
လက်ရှိ ယူကေရဲ့ နျူးကလီယား အညစ်အကြေးတွေကို ထိန်းသိမ်းတဲ့ ပုံစံဖြစ်တဲ့ ပုံမှန်စောင့်ကြည့်ပြီး လိုအပ်လာရင်လည်း ပြန်လည် ထုပ်ပိုး ရွှေ့ပြောင်းလွယ်တဲ့ ပုံစံမျိုးပဲ ဖြစ်သင့်တယ်လို့လည်း သူက ပြောပါတယ်။
အခုလို ကန့်ကွက်နေတဲ့ အထဲမှာ သိပ္ပံပညာရှင်တွေလည်း ပါဝင်နေပြီး အဲဒီအထဲက တဦးကတော့ ယူကေနိုင်ငံ ဆပ်ဆက် တက္ကသိုလ် သိပ္ပံမူဝါဒ သုတေသနဌာနက ဒေါက်တာ ပေါလ် ဒေါ့ဖ်မန်း ဖြစ်ပါတယ်။
သူ့ရဲ့ အဆိုအရ GDF စနစ်ဟာ သဘောတရားတရပ် အနေနဲ့သာ ဖြစ်နိုင်ခြေ ရှိပြီး လက်တွေ့ မလုပ်နိုင်သေးတဲ့ အယူအဆ တခုဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
အဓိက ပြဿနာကတော့ ဒီစနစ်မှာ အသုံးပြုမယ့် စက်ပစ္စည်း ကိရိယာတွေကရော ဘယ်လောက် အချိန်ကြာကြာအထိ အသုံးခံမလဲ ဆိုတဲ့ သိပ္ပံအခြေခံ မသေချာမှု ရှိနေတာပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ယူကေအစိုးရဟာ နောက်ထပ် နျူကလီးယားစက်ရုံအသစ် ဆောက်ချင်တဲ့အတွက် ထွက်လာနိုင်တဲ့ အညစ်အကြေးသစ်တွေကို ထိန်းသိမ်းနိုင်ဖို့ ဒီ GDF စနစ်ကို လူအများ လက်ခံအောင် တွန်းအားပေးနေတာ ဖြစ်တယ်လို့ ဒေါက်တာ ဒေါ့ဖ်မန်းက သုံးသပ်ထားပါတယ်။










