ဧပြီ ၁၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
လာမယ့်မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆုတောင်းပေးဖို့ NLD လူငယ်အဖွဲ့တိုက်တွန်း
နှစ်သစ်ကူးလွတ်ငြိမ်းမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်လာတဲ့သတင်းအပါအဝင် ဧပြီ ၁၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- ဓနုအမျိုးသားဖက်ဒရယ်ကောင်စီ (DNFC) လည်း ဖွဲ့စည်း
- တော်လှန်ရေးကာလကော်သူးလေပဋိညာဉ်မူကြမ်းကို အတည်ပြု
- ဒုချုပ်ဟောင်း ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌဖြစ်လာ
- ထိုက်သင့်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် စဉ်းစားမယ်လို့ ဦးမင်းအောင်လှိုင်ပြော
- ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းကျိန်
- စစ်ကော်မရှင်ကိုဖျက်သိမ်း
- နိုင်ငံရေးအကျဉ်းသားတွေအားလုံးအမြန်ဆုံးလွတ်မြောက်စေဖို့အတွက် မြန်မာနှစ်သစ်ကူး ဆုတောင်းမေတ္တာပို့ပေးဖို့တိုက်တွန်းကြောင်း အချက် ၃ ချက်ကို NLD လူငယ်အဖွဲ့ကထုတ်ပြန်
တိုက်ရိုက် ထုတ်လွှင့်ချက်
ဦးအောင်လင်းဒွေးရဲ့ညီမ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, ဒေါက်တာစုစုဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးရဲ့ညီမ ဒေါက်တာစုစုဒွေး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်ဖြစ်လာပါတယ်။
အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးအောင်လင်းဒွေးဟာ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ရဲ့လူယုံတစ်ဦးလည်းဖြစ်ပါတယ်။
ဒေါက်တာစုစုဒွေးဟာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အထိ ရာထူးတက်ခဲ့သူလည်းဖြစ်ပါတယ်။
အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌဖြစ်လာပါတယ်။
ပြည်တွင်းထုတ်ကုန်နည်းတဲ့ မြန်မာ၊ ကမောက်ကမ မူဝါဒနဲ့ ထိုင်းနယ်စပ်ကုန်သွယ်ရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် ဧပြီတုန်းက မြဝတီ - မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ထိုင်းနိုင်ငံဘက်ခြမ်းကတွေ့ရစဉ် မြဝတီလမ်းသစ်လို့သိကြတဲ့ အမှတ် ၁ အာရှလမ်းမကြီးကို ဧပြီမှာ ပြန်ဖွင့်ခဲ့ပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း တရားဝင်ပြန်ဖွင့်နိုင်ဖို့အတွက် စိုင်းပြင်း နေပါတယ်။တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာအရေးပါဆုံးဖြစ်တဲ့ မြဝတီဂိတ်ကို နှစ်နဲ့ချီပိတ်ခဲ့ရပြီး ပြည်တွင်းကုန်စည်ရှားပါးတယ်လို့ဆိုကြပေမဲ့ ကုန်သည်တွေရင်ဆိုင်ရတဲ့ အဓိကအခက်အခဲဟာ တိုက်ပွဲထက် အာဏာသိမ်းစစ်တပ်ရဲ့ စီးပွားရေးမူဝါဒတွေပဲဖြစ်ပါတယ်။
အာရှလမ်းမကြီးပြန်ဖွင့်လိုက်တာကြောင့် ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးချက်ချင်းပြန်လည်ပတ်ပြီး ကုန်ဈေးနှုန်းကျကာ ပြည်တွင်းကုန်စည်ပြန်ဖူလုံမယ်ဆိုတဲ့ စဉ်းစားချက်က လက်တွေ့ဖြစ်နိုင်ပါ့မလား။ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
“ဝ”က ဓာတုစက်ရုံတွေနဲ့ ဖောက်ခွဲရေးပစ္စည်းလုပ်ငန်းတွေ ယာယီပိတ်

ဓာတ်ပုံ ရင်းမြစ်, Screengrab
ဓာတ်ပုံ ပုံစာ, စက်ရုံပေါက်ကွဲမှုဖြစ်ပြီးနောက် နေရာတချို့ မီးလောင်နေတဲ့မြင်ကွင်း “ဝ” တပ် UWSA ထိန်းချုပ်နယ်မြေအတွင်းက ဓာတုစက်ရုံတွေနဲ့ ဖောက်ခွဲရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေအားလုံးကို ယာယီပိတ်သိမ်းလိုက်ပြီး လုံခြုံရေးဆိုင်ရာစစ်ဆေးပြင်ဆင်မှုတွေ ပြုလုပ်ဖို့ရှိနေတယ်လို့ “ဝ” ပြည်နယ်အရပ်ဖက်ဖောက်ခွဲရေးပစ္စည်း စီမံခန့်ခွဲရေးရုံးက ထုတ်ပြန်ပါတယ်။
ထုတ်ပြန်စာထုတ်တဲ့ ဧပြီ ၈ ရက်နေ့ကစပြီး “ဝ” ဒေသထဲက ဓာတုစက်ရုံအားလုံးရဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေကို ချက်ချင်းရပ်နားရမှာဖြစ်သလို လုံခြုံရေးအန္တရာယ်တွေအတွက် စစ်ဆေးမယ်လို့ ဖော်ပြပါတယ်။
ပိတ်ထားတဲ့ကာလအတွင်း ဘယ်လုပ်ငန်းမှ ပြန်မလည်ပတ်ရဘဲ လျှို့ဝှက်ထုတ်တာ ဒါမှမဟုတ် ပြင်ဆင်ရေးစစ်ဆေးမှုလုပ်ငန်းတွေကိုမလိုက်နာရင် “ဝ” ဥပဒေအတိုင်းအရေးယူမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက်တုန်းက ရှမ်းပြည်နယ်၊ “ဝ” ဒေသ၊ ပန်ဆန်းမြို့မှာရှိတဲ့ ယမ်းချက်စက်ရုံမှာ အကြီးစားပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူအယောက် ၅၀ ကျော်သေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်လည်း အယောက် ၆၀ အထိ ရှိခဲ့ပါတယ်။
ဒီစက်ရုံဟာ တရုတ်နိုင်ငံသား ဦးဆောင်လည်ပတ်နေတဲ့စက်ရုံလို့ မြေပြင်သတင်းရင်းမြစ်ဆီက သိခဲ့ရပါတယ်။ စက်ရုံရဲ့ တာဝန်ရှိသူ တရုတ်နိုင်ငံသားတစ်ဦးကိုလည်း “ဝ” ဘက်က ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့ “ဝ” နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က အတည်ပြုပြောထားပါတယ်။
ဒါဟာ “ဝ” ဒေသမှာ ပထမဆုံးအကြိမ် ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်ပြီး သတ္တုတွင်းလုပ်ငန်းသုံး ဖောက်ခွဲရေးပစ္စည်းတွေအပြင် “ဝ” အတွက်လက်နက်ကျည်ထိပ်ဖူးအမျိုးအစားတချို့ကိုလည်း ထုတ်လုပ်တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်စိုးလှိုင် ရဲချုပ်ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဓာတ်ပုံ ပုံစာ, ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကို ဒုတိယရဲအုပ်လောင်းသင်တန်းဆင်းပွဲတစ်ခုမှာတွေ့ရစဥ် ဦးမင်းအောင်လှိုင်အစိုးရအဖွဲ့မှာ ရဲချုပ်အပြောင်းအလဲ လုပ်ခဲ့ပြီး အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်စိုးလှိုင်က ရဲချုပ်ဖြစ်လာပါတယ်။
လက်ရှိရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးဟာ ပြီးခဲ့တဲ့လက စစ်ဆေးခံရတယ်လို့ သတင်းထွက်ခဲ့ပြီး အခုတော့ရာထူးကနေဖယ်ရှားခံခဲ့ရပြီဖြစ်ပါတယ်။
အာဏာသိမ်းကာလမှာလည်း ရဲချုပ်ရာထူးဟာ အပြောင်းအလဲများတဲ့နေရာတစ်ခုဖြစ်ပြီး ရဲချုပ်ဟောင်း ၂၀၂၂ ခုနှစ်က ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်လည်း ဖယ်ရှားခံခဲ့ရပါတယ်။
လက်ရှိ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် လည်း ရဲချုပ်ဖြစ်ခဲ့ဖူးပါတယ်။
၁၇ နှစ် ပြည့် အေအေ-ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပုံဖော်နေတဲ့ ရခိုင်ပြည်

သေနတ်တစ်လက်၊ လူ ၂၆ ယောက်နဲ့ မြန်မာပြည်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်ထိန်းချုပ်ဒေသကနေ စတင်သန္ဓေတည်ခဲ့တဲ့ အာရက္ခတပ်တော် (အေအေ)ဟာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှာ ၁၇ နှစ်ပြည့်ခဲ့ပါပြီ။
ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့အခွန်အခကို အပြည့်အဝ စီမံခန့်ခွဲခွင့်ရှိတဲ့ ကွန်ဖက်ဒရိတ်အုပ်ချုပ်ရေးတည်ဆောက်ဖို့ ၂၀၁၈ ခုနှစ်မှာ ကြွေးကြော်ခဲ့တဲ့ အေအေ ရဲ့ 'အာရက္ခ အိပ်မက် ၂၀၂၅' ဟာလည်း ပြည့်မီလုနီး ဖြစ်နေပါတယ်။
စစ်တပ်ရဲ့လေကြောင်းဗုံးကြဲခံရမှုအန္တရာယ်ကြီးနေဆဲပေမဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို အေအေက ထိန်းချုပ်ပြီးအုပ်ချုပ်ရေးထူထောင်ထားပါတယ်။
အေအေတည်ဆောက်နေတဲ့အုပ်ချုပ်ရေးယန္တရား၊ အေအေရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ သူ့ရဲ့ စိန်ခေါ်မှုတွေအကြောင်း ဒီလင့်ခ်ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
အေအေတပ်တော်နေ့မှာ တော်လှန်ရေးရည်မှန်းချက်ရောက်အောင် အတူကြိုးပမ်းမယ်လို့ ကိုးကန့်နဲ့ တအာင်းပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (ညာ) နဲ့ ဒုခေါင်းဆောင် ဒေါက်တာညိုထွန်းအောင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဝင်ဖြစ်တဲ့ အာရက္ခတပ်တော် (အေအေ) တပ်တည်ထောင်တာ ၁၇ နှစ်ပြည့်တဲ့ ဒီနေ့ကို မဟာမိတ် ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) က ဂုဏ်ပြုစာ ပို့ရာမှာ တော်လှန်ရေးအောင်မြင်တဲ့အထိ အတူကြိုးပမ်းမယ်လို့ ထည့်ပြောပါတယ်။
အနာဂတ်မှာလည်း ညီနောင်မဟာမိတ်ပီပီ ချစ်ကြည်ရင်းနှီးမှုမပျက်အောင် အချင်းချင်းဖေးမပြီး တော်လှန်ရေးမျှော်မှန်းချက်ရောက်အောင် အတူကြိုးပမ်းမယ်ဆိုပြီး ပြောခဲ့ကြတာပါ။
ဒီသုံးဖွဲ့ဝင်ဟာ ၂၀၂၃ ခုနှစ်တုန်းက ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ နှစ် ၇၀ ကျော်သက်တမ်းရှိတဲ့ မြန်မာစစ်တပ်ကို အထိနာစေခဲ့ပါတယ်။ ဒီနေ့ပေးပို့တဲ့ ဂုဏ်ပြုစာမှာလည်း မဟာမိတ်ဖြစ်တယ်လို့ဆိုကာ လွတ်လပ်တရားမျှတတဲ့ အေးချမ်းတဲ့ဒေသပေါ်လာဖို့ တော်လှန်တိုက်ပွဲတွေ အတူဆင်နွှဲခဲ့တယ်လို့ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်ပြင်ပစစ်မျက်နှာပြင်တွေမှာ အေအေနဲ့အတူပူးတွဲတိုက်ပွဲဝင်တွေနေတဲ့ ချင်းညီနောင် (CB)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ယောကာကွယ်ရေးတပ် (YDF)၊ ဧရာဝတီပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့တို့ကပါ အေအေဟာ ရှေ့ဆောင်နမူနာကောင်းဖြစ်တယ်ဆိုပြီး ဂုဏ်ပြု စာတွေပို့ခဲ့ကြပါတယ်။
ဒါအပြင် မြေပြန့်ဒေသတော်လှန်ရေးတပ်တွေဖြစ်တဲ့ မန္တလေး PDF ၊ 96 Soldiers၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ကပါ ဂုဏ်ပြုစာ ပို့ခဲ့ကြတာပါ။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း အေအေဟာ မဟာမိတ် တော်လှန်ရေးအင်အားစုအားလုံးနဲ့ ညီညွတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ဖို့ အဓိကမဏ္ဍိုင်အဖြစ် အောင်မြင်အောင်ပါဝင်နိုင်ပါစေဆိုပြီး ဒီနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အပစ်ရပ်မှုမခိုင်မာလို့ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောတွေ သတိနဲ့ ဖြတ်နေရ

ဓာတ်ပုံ ပုံစာ, ဟော်မုဇ်ရေလက်ကြားကို သင်္ဘောတွေ သတိနဲ့ ဖြတ်နေရ အီရန်က ကမ္ဘာ့အရေးပါဆုံး ဟော်မုဇ် ရေလက်ကြားကို တကယ့်လက်တွေ့ ပိတ်ဆို့လိုက်ပြီးနောက် အဲဒီနေရာဟာ အမေရိကန်–အစ္စရေး အီရန်စစ်ပွဲရဲ့ အဓိက အာရုံစိုက်ရာနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဧပြီ ၇ ရက်က သဘောတူခဲ့တဲ့ နှစ်ပတ်ကြာ အမေရိကန်–အီရန် အပစ်အခတ်ရပ်စဲမှုမှာ အဲဒီကျဥ်းမြောင်းပြီး အချက်ကျတဲ့ ရေလမ်းကြောင်းကနေ သင်္ဘောတွေကို ''လုံခြုံစွာ'' ဖြတ်သန်းခွင့် ပေးရမယ်ဆိုတဲ့ အာမခံချက်က အချက် တစ်ချက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့သင်္ဘောတွေ အနေနဲ့ ခွင့်ပြုချက်မရှိဘဲ ရေလမ်းကြောင်းကို ဖြတ်ကူးဖို့ ကြိုးစားပါက "ပစ်မှတ်ထား ဖျက်ဆီးမယ်" ဆိုတဲ့ သတိပေးစာတွေ လက်ခံရရှိနေကြပြီး အပစ်ရပ်ပြီးနောက် နောက်မှာဆိုရင် သင်္ဘောအနည်းငယ်သာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။
ကုန်သွယ်ရေကြောင်း လေ့လာသုံးသပ်သူတွေကတော့ အပစ်ရပ်မှုမသေချာမရေရာသေးတဲ့ အချိန်မှာ နိုင်ငံတကာသင်္ဘောလိုင်းတွေဖြတ်သန်းမှုက အနည်းငယ်သာ ရှိမယ်လို့ သတိပေးထား ပါတယ်။
အပြည့်အစုံကို ဒီလင်ခ့် မှာ ဆက်ပြီးဖတ်ရှုနိုင်ပါတယ်။
SCEF - အင်အားကြီးအဖွဲ့တွေစုဖွဲ့လာတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ

ဓာတ်ပုံ ရင်းမြစ်, NUG
ဓာတ်ပုံ ပုံစာ, SCEF သတင်းစာရှင်းလင်းပွဲမှာ KNU ဥက္ကဋ္ဌ မိန့်ခွန်း နေပြည်တော်ကလွှတ်တော် ပြန်အသက်ဝင်နေချိန်မှာပဲ တော်လှန်ရေးအင်အားစုတွေရဲ့ အချိန်ကိုက်အရွေ့ တစ်ခုအဖြစ် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ" ဆိုပြီး ပေါ်လာပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်းပြီး SCEF လို့အတိုကောက်ခေါ်ဝေါ်တဲ့ ဒီဦးဆောင်ကောင်စီ ဖြစ်လာပါတယ်။
SCEF ဘာကြောင့်ပေါ်လာတာလဲ၊ SCEF ပေါ်ပေါက်မှုနဲ့ NUG အခန်းကဏ္ဍ ၊ဖက်ဒရယ်ယူနစ်တွေနဲ့ နိုင်ငံတော် ... ဒီအကြောင်းအရာတွေကို လင့်ခ်နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
ကော်သူးလေဖက်ဒရယ်ယူနစ်တည်ဆောက်ဖို့ အတိုင်ပင်ခံကောင်စီဖွဲ့စည်းပြီးကြောင်း KNU ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ကရင်တော်လှန်ရေးနေ့ အခမ်းအနားမြင်ကွင်း (ပုံဟောင်း) တော်လှန်ရေးကာလကော်သူးလေပဋိညာဉ်မူကြမ်းကို အတည်ပြုခဲ့ပြီး ကော်သူးလေအတိုင်ပင်ခံ ကောင်စီ (KCC) နဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ (KGC) ကို ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဧပြီ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
၂ နှစ်ကျော်ကြာရေးဆွဲခဲ့တဲ့ ကော်သူးလေပဋိညာဉ်မူကြမ်းနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ မတ် ၃၁ ရက်ကနေ ဧပြီ ၂ ရက်အထိ တိုင်ပင်ဆွေးနွေးပြီး အတည်ပြုခဲ့ပါတယ်။
ပဋိညာဉ်အရဖွဲ့စည်းလိုက်တဲ့ အတိုင်ပင်ခံကောင်စီ (KCC) ဟာ ဖက်ဒရယ်ယူနစ်ပုံပေါ်လာဖို့အတွက် သက်ဆိုင်ရာဒေသန္တရကိုယ်စားပြုမှုတွေအားကောင်းလာအောင်လုပ်ရမှာဖြစ်ပြီး KCC မှာပါဝင်မယ့် လူစာရင်းလည်း အတည်ပြုပြီးပြီလို့ KNU က ဖော်ပြပါတယ်။
အုပ်ချုပ်ရေးကောင်စီ (KGC) ကတော့ KNU ရဲ့ရှိရင်းစွဲ အုပ်ချုပ်ရေးဌာန ၁၂ ခုထဲက ၇ ခု ကို အုပ်ချုပ်ရေးစံနှုန်းတွေနဲ့ ညီအောင်လုပ်ရမှာပါ။ ဒါအပြင် အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဌာနကိုလည်း ထပ်တိုးဖွဲ့ခဲ့တာကြောင့် KGC မှာ ဌာန ၈ ခုရှိမှာဖြစ်ပါတယ်။
ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စု အားကောင်းရေးဆိုတဲ့ ဖက်ဒရယ်စနစ်အတွက် ဒီပဋိညာဉ်ဟာအရေးပါပြီး တော်လှန်ရေးကာလအလွန် အသွင်ကူးပြောင်းရေးကာလကို စနစ်တကျ ကူးပြောင်းဖို့အတွက် အရေးကြီးတဲ့ခြေလှမ်းလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ဓနုအမျိုးသားဖက်ဒရယ်ကောင်စီ (DNFC) လည်း ဖွဲ့စည်းခဲ့ပါတယ်။ ဓနုလူမျိုးတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့အတွက် နိုင်ငံရေးဦးဆောင်မှု လိုအပ်တာကြောင့် ဖွဲ့စည်းတာဖြစ်ကြောင်း DNFC က ထုတ်ပြန်ပါတယ်။
တော်လှန်ရေးအင်အားစုတွေပြဋ္ဌာန်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) ရဲ့ အစိတ်အပိုင်း ၂ အရ ကြားကာလမှာ တိုင်းဒေသကြီး ဆိုတဲ့နယ်နိမိတ်သတ်မှတ်ချက်မရှိတော့ပါဘဲ ပြည်နယ် နဲ့ ဖက်ဒရယ်ယူနစ်လို့ ပြောင်းလဲသုံးဖို့ သတ်မှတ်ခဲ့ပါတယ်။
ဒုချုပ်ဟောင်း ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၅ လွတ်လပ်ရေးနေ့ပွဲမှာတွေ့ရတဲ့ ဒုချုပ်ဟောင်း ဦးစိုးဝင်း ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌအဖြစ် ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးစိုးဝင်းက ဦးဆောင်လာပြီး အတွင်းရေးမှူးအဖြစ် အငြိမ်းစားဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့အပါအဝင် အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
ဒီအတိုင်ပင်ခံကောင်စီမှာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ စစ်ကောင်စီ အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူတို့အပြင် စစ်ကော်မရှင်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးကိုကိုလှိုင်တို့က ကောင်စီဝင်အဖြစ် ပါဝင်လာပါတယ်။
နောက်ထပ်ကောင်စီဝင်တွေကတော့ အငြိမ်းစားဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အကြံပေးဟောင်းဒေါက်တာရင်ရင်နွယ်၊ ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ ဒုဝန်ကြီးချုပ်ဦးကျော်ငြိမ်းရဲ့သမီးဒေါ်ချိုချိုကျော်ငြိမ်းနဲ့ တိုင်းရင်းသားရေးရာဒုဝန်ကြီး ဦးဇော်အေးမောင်တို့ ဖြစ်ပါတယ်။
ဒီအတိုင်ပင်ခံကောင်စီဟာ ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေဆိုင်ရာ၊ နိုင်ငံတကာ ဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးတို့ကို ဦးမင်းအောင်လှိုင်ဦးဆောင်မယ့် အစိုးရအဖွဲ့ ကို အကြံပေးမှာဖြစ်ပါတယ်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို စစ်ကော်မရှင်သက်တမ်းမပြီးခင်လပိုင်းအလိုမှာ ပြဋ္ဌာန်းခဲ့ပါတယ်။
သမ္မတဖြစ်လာမယ့်စစ်ခေါင်းဆောင် အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ခွင့်ရဖို့ မရှိ

ဓာတ်ပုံ ရင်းမြစ်, Screengrab
ဓာတ်ပုံ ပုံစာ, သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင် က ပထမဆုံးမိန့်ခွန်းပြောနေစဉ် စစ်ဗိုလ်ချုပ်တွေ လွှမ်းမိုးတဲ့လွှတ်တော်ကနေ စစ်ခေါင်းဆောင်ကို သမ္မတတင်ပြီး အရပ်ဘက်အသွင်ပြောင်းအုပ်ချုပ်မှာဖြစ်လို့ သမ္မတ ဦးမင်းအောင်လှိုင်ဖြစ်လာပေမဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေ တက်ရောက်ခွင့် မရနိုင်သေးဘူးလို့ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က ထုတ်ပြောလိုက်ပါတယ်။
မြန်မာအာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံရေးရာထူးတွေကို အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေ တက်ရောက်ခွင့် မပြုတာ ၅ နှစ်ရှိပြီဖြစ်ပါတယ်။
မြန်မာအနေနဲ့ မေလထဲမှာ ကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရမှာ မဟုတ်တဲ့အကြောင်း အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာအရေးအာဆီယံအထူးသံလည်းဖြစ်တဲ့ မစ္စ ထရီဇာလာဇာရိုက ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းအပြည့်အစုံကို လင့်ခ်ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
ထိုက်သင့်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် စဉ်းစားမယ်လို့ ဦးမင်းအောင်လှိုင်ပြော

ဓာတ်ပုံ ရင်းမြစ်, Screengrab
ဓာတ်ပုံ ပုံစာ, သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင် က ပထမဆုံးမိန့်ခွန်းပြောနေစဉ် ဒီနေ့မနက်မှာပဲ သမ္မတအဖြစ်ကျမ်းကျိန်လိုက်တဲ့ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်မှာ ပထမဆုံးမိန့်ခွန်းပြောခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ လွတ်ငြိမ်းချမ်းသာ ပေးဖို့အတွက် စဉ်းစားဆောင်ရွက်သွားမယ်လို့ ထည့်ပြောသွားပါတယ်။
နိုင်ငံတကာဆက်ဆံရေးကိုလည်း ဟန်ချက်ညီအောင်ဆောင်ရွက်မှာဖြစ်ပြီး အာဆီယံနဲ့ ပုံမှန် ဆက်ဆံရေးပြန်ရအောင် ကြိုးပမ်းသွားမယ်လို့ ဦးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ဒါအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ရင်းနှီးမှုမြှင့်တင်မယ်လို့ ဆိုပါတယ်။
သူဦးဆောင်မယ့်အစိုးရအတွက် စိန်ခေါ်မှုအများကြီးစောင့်ကြိုနေတာကို သိရှိကြောင်းပြောပြီး အကောင်အထည်ဖော်မယ့် ကိစ္စရပ်တွေကိုပြောခဲ့တာပါ။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကတော့ ဦးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်လာပေမဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေ တက်ရောက်ခွင့်မရနိုင်သေးဘူးလို့ ဒီရက်ပိုင်းမှာပဲ ထုတ်ပြောခဲ့ပါတယ်။
လာမယ့်မေလထဲကျင်းပဖို့ရှိတဲ့အာဆီယံထိပ်သီးညီလာခံမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရမှာ မဟုတ်တဲ့အကြောင်း အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာအရေးအာဆီယံအထူးသံလည်းဖြစ်တဲ့ မစ္စ ထရီဇာလာဇာရိုက ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ နေပြည်တော်ရဲ့ ကျမ်းကျိန်ပွဲအခမ်းအနားကိုတော့ တရုတ်၊ ရုရှား၊ ဘီလာရုစ်၊ ကမ္ဘောဒီးယား နဲ့ ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်တွေအပြင် ပြည်တွင်းအခြေစိုက်သံရုံးတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်တဲ့ ဖက်ဒရယ်ဆိုင်ရာ ပြဋ္ဌာန်းချက်ကို ထိရောက်အောင် အကောင်အထည်ဖော်မယ့်အကြောင်း၊ အီရန် ပဋိပက္ခကြောင့် စက်သုံးဆီချွေတာရေးမဖြစ်မနေလုပ်ပြီး လျှပ်စစ်ကားသုံးဖို့လိုတဲ့အကြောင်း၊ ပြည်တွင်းလျှပ်စစ်လုံလောက်ဖို့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးက အရေးပါကြောင်းတွေကိုပါ ထည့်ပြောပါတယ်။
စစ်ခေါင်းဆောင် သမ္မတအဖြစ် ကျမ်းကျိန်၊ စစ်ကော်မရှင်ကိုဖျက်သိမ်း

ဓာတ်ပုံ ရင်းမြစ်, MWD
ဓာတ်ပုံ ပုံစာ, ဦးမင်းအောင်လှိုင်၊ ဦးညိုစောနဲ့ ဒေါ်နန်းနီနီအေး ကျမ်းကျိန် ဒီနေ့ ဧပြီ ၁၀ ရက်မှာ ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်ရဲ့ နာယကရှေ့မှာ ကျမ်းကျိန်ပြီးဖြစ်ပါတယ်။ ဒုတိယသမ္မတ ၁ အဖြစ် ဦးညိုစောနဲ့ ဒုတိယသမ္မတ ၂ အဖြစ် ဒေါ်နန်းနီနီအေးတို့ပါ အတူကျမ်းကျိန်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ အာဏာသုံးရပ်ကိုပြန်အပ်ပြီး စစ်ကော်မရှင်နဲ့ အစိုးရကို ဖျက်သိမ်းကြောင်းလည်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၂၇ အရ ကာလုံကကျင့်သုံးထားတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို လွှဲပြောင်းပေးအပ်ကြောင်း ကြေညာခဲ့တာပါ။
ဒီနေ့မနက်ပိုင်း ပြည်ထောင်စုလွှတ်တော်မှာလုပ်တဲ့ ကတိသစ္စာပြုပွဲမှာ ကျမ်းကျိန်မှုမစခင်မှပဲ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရောက်ရှိလာခဲ့ပြီး လွှတ်တော်နာယကဖြစ်တဲ့ ဦးအောင်လင်းဒွေးက ဦးညွတ်ကြိုဆိုခဲ့ပါတယ်။
အဲဒီနောက် သမ္မတနဲ့ ဒုတိယသမ္မတတွေ အတူကျမ်းကျိန်ပြီး လွှတ်တော်ကနေ ပြန်လည် ထွက်ခွာခဲ့ပါတယ်။ လက်ရှိမှာတော့ လွှတ်တော်မှာ သက်ဆိုင်ရာဝန်ကြီးတွေ ဆက်လက်ကျမ်းကျိန်နေပြီဖြစ်ပါတယ်။
နှစ်သစ်ကူးလွတ်ငြိမ်းမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ် သင်္ကြန်မှာတွေ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးအမြန်ဆုံးလွတ်မြောက်စေဖို့အတွက် မြန်မာနှစ်သစ်ကူး ဆုတောင်းမေတ္တာပို့ပေးဖို့တိုက်တွန်းကြောင်း အချက် ၃ ချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုလူငယ် လုပ်ငန်းအဖွဲ့က ထုတ်ပြန်လာပါတယ်။
လွတ်မြောက်ရေးအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကျန်းမာစေဖို့၊ မြန်မာနိုင်ငံသားအားလုံး ဘေးဘယာအန္တရာယ်အသွယ်သွယ်ကနေ ကင်းဝေးကြဖို့ပါ ဆုတောင်းပေးကြဖို့ NLD ဗဟိုလူငယ် လုပ်ငန်းအဖွဲ့က မနေ့ ဧပြီ ၉ ရက်မှာထုတ်ပြန်ထားတာပါ။
ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်မယ့် မြန်မာနှစ်ဆန်းတစ်ရက်နေ့လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာရေးလှုပ်ရှားမှုတွေ အခုရက်ပိုင်းဆက်တိုက်တွေ့လာရပါတယ်။ စစ်တပ်ရွေးကောက်ပွဲကပေါ်လာတဲ့ အစိုးရသစ်ရဲ့ ပထမဆုံးလွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသားတွေအကုန်လွှတ်ပေးဖို့ ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။
ဒါအပြင် NLD ပါတီ ဗဟိုအလုပ်ကော်မတီကလည်း စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းတာဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးဆောင်ရွက်မှုတွေမပါဝင်ဘဲနဲ့ ပြေလည်ရေးလမ်းစမရနိုင်ဆိုပြီး မတ် ၁၆ ရက်မှာ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းပြီး ၅ နှစ်အကြာမှာတော့ မြန်မာစစ်တပ်ဟာ အပိုင်းလိုက်ရွေးကောက်ပွဲပြုလုပ်ကာ လွှတ်တော်ခေါ်ယူပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ် ထားပါတယ်။ သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက် ကတိသစ္စာပြုပွဲကို ဒီနေ့ ဧပြီ ၁၀ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ပထမဆုံးသမ္မတမိန့်ခွန်းပြောဖွယ်ရှိနေပါတယ်။
မင်္ဂလာပါ။ ဧပြီ ၁၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။
