အတိုင်ပင်ခံကောင်စီ - သမ္မတလုပ်ပိုင်ခွင့်ကို ကြိုတင်ပြဋ္ဌာန်းခြင်း

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတလုပ်မယ်ဆိုတဲ့ အမြင်တွေ ပိုခိုင်မာလာ

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတလုပ်မယ်ဆိုတဲ့ အမြင်တွေ ပိုခိုင်မာလာ
ဖတ်ရန်အချိန်: မိနစ် ၃

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရဲ့ လက်ကျန်သက်တမ်းအတွင်းမှာ ပြဋ္ဌာန်းလိုက်ပြီး သမ္မတရဲ့လုပ်ပိုင်ခွင့်ကို စတင်ခြေလှမ်းလိုက်တာ ဖြစ်ပါတယ်။

လာမယ့် မတ်လမှာ ပေါ်လာမယ့် လွှတ်တော်အထိမစောင့်ဘဲ သမ္မတရဲ့လုပ်ပိုင်ခွင့်ကို ကြိုတင်အာမခံချက်ရယူလိုက်တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတလုပ်မယ်ဆိုတဲ့ အမြင်တွေ ပိုခိုင်မာလာကြပါတယ်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို သမ္မတက ဖွဲ့စည်းပေးရမှာဖြစ်ပြီး ဒီအဖွဲ့မှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်အုပ်ချုပ်ရေးမှာပါဝင်ခဲ့တဲ့ စီနီယာအရာရှိကြီးတွေ ပြန်ပါလာနိုင်တယ်လို့ နေပြည်တော်မှာ ခန့်မှန်းသုံးသပ်နေကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေနဲ့ ဘယ်လိုကွာလဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို NLD သမ္မတတွေဖြစ်ခဲ့ကြတဲ့ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့နဲ့အတူ တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို NLD သမ္မတတွေဖြစ်ခဲ့ကြတဲ့ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့နဲ့အတူ တွေ့ရစဥ်

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းလိုက်ချိန်မှာ နိုင်ငံရေးအကဲခတ်တွေ ဦးဆုံးသတိရမိကြတာက ဒေါ်အောင်ဆန်းစုကြည်အတွက် NLD လွှတ်တော်က ၂၀၁၆ ခုနှစ်မှာ ပြဋ္ဌာန်းပေးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ဖြစ်ပါတယ်။

ဒါပေမဲ့ ကွာခြားချက်တွေရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်စေခဲ့တဲ့ ဥပဒေဟာ ၂၀၀၈ အခြေခံဥပဒေမှာ သူ့ကို သမ္မတဖြစ်ခွင့်ပိတ်ပင်ထားတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကနေ ရာထူးအသစ်တစ်ခုဖန်တီးပြီး ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

သမ္မတအထက်မှာနေမယ်လို့ ကြွေးကြော်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကတော့ အဖွဲ့တစ်ခုဖြစ်ပြီး အနည်းဆုံး ၅ ဦး ပါဝင်ဖွဲ့စည်းမှာဖြစ်ပါတယ်။

ကောင်စီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင် ကောင်စီတစ်ဖွဲ့လုံးကို သမ္မတက ခန့်အပ်ဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ကောင်စီဥပဒေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ လို ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းတာမဟုတ်ဘဲ စစ်အုပ်ချုပ်ရေးကာလ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ပြဋ္ဌာန်းတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရာထူးနှစ်ခုလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါတာချင်းတော့ တူညီကြပါတယ်။

မြန်မာနိုင်ငံရှေ့နေများကောင်စီကတော့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဟာ လွှတ်တော်၊အစိုးရအဖွဲ့နဲ့ တရားစီရင်ရေးအဖွဲ့အားလုံးကို ဝင်ရောက်စွက်ဖက်ခွင့် ရယူလိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရာသက်ပန်စစ်အာဏာရှင်စနစ်ကြီးစိုးရေးကို ဦးတည်တဲ့ လုပ်ရပ်ဖြစ်တယ်လို့မြန်မာနိုင်ငံရှေ့နေများကောင်စီက သုံးသပ်ထားပါတယ်။

ကောင်စီ၊ ကာလုံ၊ အစိုးရအဖွဲ့

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့ရဲ့ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကို အစည်းအဝေးခန်းမတစ်ခုထဲမှာတွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေကို Video Conferencing နဲ့ အမှာစကားပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတဦးဆောင်တဲ့ အင်စတီကျူးရှင်းနှစ်ခုက ရှိနှင့်ပြီးဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ကတော့ သမ္မတနဲ့ ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် သူ့ရဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှာတော့ အုပ်ချုပ်ရေး၊ဥပဒေပြုရေးနဲ့ တပ် ပါ ရောယှက်ပါဝင်နေပါတယ်။

သမ္မတနဲ့ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ တပ်မတော်သားဝန်ကြီးတွေဖြစ်တဲ့ ပြည်ထဲရေး၊ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေပါဝင်ပါတယ်။

ကာလုံမှာ အဓိက အဆုံးအဖြတ်ပေးသူ အမြင့်ဆုံးအာဏာပိုင်က သမ္မတ ဆိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တပ်ချုပ်ရာထူးကိုစွန့်လွှတ်ပြီး သမ္မတလုပ်ခဲ့ရင်တောင် ကာလုံက တဆင့် တပ်ချုပ်ကို ထိန်းထားနိုင်ပါသေးတယ်။

အဲဒါက သမ္မတဦးသိန်းစိန်လက်ထက် သမ္မတနဲ့ တပ်ချုပ်ဆက်ဆံရေး ပုံစံဖြစ်ပြီး ပုံမှန်အားဖြင့် အပတ်စဥ် ကြာသပတေးနေ့တိုင်း သမ္မတဦးဆောင်တဲ့ ကာလုံအစည်းအဝေးရှိပါတယ်။

ကာလုံမှာ တပ်ချုပ်အပြင် လွှတ်တော်ဥက္ကဋ္ဌတွေလည်းပါတဲ့အတွက် ဘာကြောင့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကို ဖွဲ့စည်းဖို့လိုလဲ ဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။

"ကောင်စီက admin power မရှိဘူး" လို့ ကောင်စီဥပဒေ အကြောင်းကို လေ့လာထားတဲ့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

ကောင်စီဥပဒေပြဋ္ဌာန်းတဲ့ ဖေဖော်၀ါရီ ၃ ရက်မှာပဲ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေကို Video Conferencing နဲ့ အမှာစကားပြောခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဘေးမှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊စစ်ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး‌ကျော်စွာလင်းအပါအဝင် ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ ရှိနေခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေက Video Conferencing နဲ့ တက်ရောက်ကြပါတယ်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က အရာရှိကြီးတွေနဲ့တွေ့ဆုံမှုမှာ အစိုးရအဖွဲ့ဝင်တွေကိုပါ တက်ရောက်စေခဲ့တဲ့အပြင် ဝန်ထမ်းရေးရာကိစ္စတွေကိုပါ အလေးပေးပြောသွားတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အရပ်ဘက်ပြောင်းတော့မယ်ဆိုတဲ့ အယူအဆတွေ ပိုအားကောင်းလာပါတယ်။

အတိုင်ပင်ခံကောင်စီ ဘာလဲ ဘယ်လဲ

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ကောင်စီမှာဘယ်သူတွေပါမလဲဆိုတာ သမ္မတရွေးချယ်တင်မြှောက်ပြီးမှ သိရမယ့် အခြေအနေပါ။

ကောင်စီဖွဲ့စည်းတဲ့ ရည်ရွယ်ချက်ဟာ ပြည်ထောင်စုလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်တွေကို အကြံပေးခြင်းနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အတွက်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေရော နိုင်ငံခြားရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေရေးရာကျွမ်းကျင်သူတွေပါ ပါဝင်လာဖို့ရှိပါတယ်။

တခြားစဥ်းစားချက်တစ်ခုက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဟာ စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်အုပ်ချုပ်ရေးမှာပါဝင်ခဲ့တဲ့ စီနီယာတွေ အတွက် ဖန်တီးထားတာလို့ နေပြည်တော်မှာ ခန့်မှန်းသုံးသပ်နေကြပါတယ်။

ဒုတိယသမ္မတနေရာတွေလည်းပေးလို့မရ၊ ဝန်ကြီးနေရာလည်းပေးဖို့ မသင့်တဲ့သူတွေအတွက် ပြည်ထောင်စုအဆင့်ရာထူးမျိုးဖန်တီးတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။

"ဥပမာ ဒုချုပ်ကို တပ်ချုပ်ခန့်လိုက်ရင်ပြဿနာမရှိဘူး။ အရပ်ဘက်ကိုခေါ်လာရင် ဒုသမ္မတလောက်ပေးမှသင့်မှာ၊ ဒုချုပ်ကို ဘယ်လိုလုပ် ဝန်ကြီးခန့်လို့ဖြစ်မလဲ၊ ဒီလိုစီနီယာတွေအတွက်တော့ ပြည်ထောင်စုအတိုင်ပင်ခံဆိုတဲ့ ရာထူးက သင့်တော်တယ်လေ" လို့ နေပြည်တော်က သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အရင်လူကြီးဟောင်းတွေ (ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်များ) လည်း ပြန်ပါလာနိုင်တယ် လို့ စစ်ရုံးက ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

အတိုင်ပင်ခံကောင်စီရဲ့ ရုံးလုပ်ငန်းတွေကို သမ္မတရုံးက စီစဉ်ဆောင်ရွက်ပေးရမယ်လို့ ဆိုထားတဲ့အတွက် ကောင်စီထဲမှာ လွှတ်တော်အကြီးအကဲတွေ ပါမလာနိုင်ဘူးလို့ နားလည်ရပါတယ်။

တစ်ဖက်မှာလည်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌနေရာကနေ အရပ်ဘက်ရော စစ်ဘက်ကိုပါ ထိန်းချုပ်မယ်လို့ သုံးသပ်ချက်တွေ ထွက်နေပါတယ်။

အဲဒီလို ထိန်းချုပ်မယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ၂၀၁၁ ခုနှစ် နိုင်ငံရေးအကူးအပြောင်း နောက်ကွယ်က "နိုင်ငံ့ဥသျှောင်ရုံး" ကနေတဆင့် အရပ်ဘက်ရောစစ်ဘက်ကိုပါ ထိန်းချုပ်ဖို့ စီစဥ်ခဲ့တဲ့ ပုံစံဖြစ်ပါတယ်။

အဲဒီကာလက "နိုင်ငံ့ဥသျှောင်"အဖွဲ့မှာ တပ်ကအငြိမ်းစားယူသွားကြတဲ့ ထိပ်တန်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဟောင်းတွေဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းတို့ နဲ့ ဖွဲ့စည်းဖို့ စီစဥ်ခဲ့ကြတာပါ။

ဒါပေမဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ဒီအဖွဲ့မှာမပါတော့ဘဲ "ဗိုလ်ချုပ်မှူးကြီးလည်း အနားယူသင့်ပါပြီ" လို့ အကြံပြုခဲ့ပြီးတဲ့နောက် "နိုင်ငံ့ဥသျှောင်"အဖွဲ့က အသက်မဝင်လာတော့တာလို့ ဝန်ကြီးဟောင်းတစ်ဦးက ပြောဖူးပါတယ်။

လက်ရှိအကူးအပြောင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ သမ္မတလုပ်ခဲ့ရင် ကောင်စီဥက္ကဋ္ဌလုပ်မှာမဟုတ်ဘူးဆိုတဲ့ အမြင်လည်းရှိပါတယ်။

"သမ္မတဖွဲ့တဲ့ အတိုင်ပင်ခံကောင်စီဖြစ်တဲ့အတွက် သမ္မတက ကောင်စီဥက္ကဋ္ဌလုပ်မှာမဟုတ်ဘူးလေ" လို့ ကောင်စီဥပဒေအကြောင်းကို လေ့လာထားတဲ့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။