ပြည်တွင်းစစ်နောက်ခံနဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ရွေးကောက်ပွဲ

မြန်မာရွေးကောက်ပွဲ ၀ါဒဖြန့် ဆိုင်းဘုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြည်တွင်းစစ်နောက်ခံနဲ့ ကျင်းပတဲ့ မြန်မာရွေးကောက်ပွဲရဲ့

ပြည်တွင်းစစ်နောက်ခံနဲ့ ကျင်းပတဲ့ မြန်မာရွေးကောက်ပွဲရဲ့ ကန့်လန့်ကာအဖွင့်ဟာ ဗုံးသံ၊ လက်နက်သံတချို့နဲ့ စတင်ပါတယ်။

နိုင်ငံအလယ်ပိုင်းက မန္တလေး၊ မြန်မာ-ထိုင်းနယ်စပ် မြဝတီ နဲ့ နိုင်ငံတောင်ပိုင်းက တနင်္သာရီတိုင်းအစိုးရရုံးတွေမှာ လက်နက်ကြီးကျည်နဲ့ ဗုံးတွေကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုတချို့ရှိခဲ့ပါတယ်။

ဒါပေမဲ့ နေပြည်တော်မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြုံးပြုံးရွှင်ရွှင်နဲ့မဲထွက်ပေးပြီး ရွေးကောက်ပွဲအောင်မြင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိနေပါတယ်။

ပေါက်ကွဲမှုသတင်းတွေကိုလည်း နေပြည်တော်က သိရှိထားပြီး တပ်နဲ့ ရဲက တည်ငြိမ်အောင်လုပ်နေတယ်လို့ စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ သမ္မတအိပ်မက်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲပေးပြီးနောက် တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံ့ဝန်ထမ်းဖြစ်လို့ သမ္မတ လုပ်ချင်ပါတယ်ပြောလို့မရဘူး" လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

ရွေးကောက်ပွဲအလွန် သမ္မတအိပ်မက်အတွက် မေးခွန်းကို "နိုင်ငံ့ဝန်ထမ်းဖြစ်လို့ သမ္မတ လုပ်ချင်ပါတယ်ပြောလို့မရဘူး" လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

နိုင်ငံရေးပါတီ ခေါင်းဆောင်လည်း မဟုတ်တဲ့အတွက် လွှတ်တော်ခေါ်တဲ့ အခါကျမှ လွှတ်တော်က သမ္မတ ရွေးချယ်ရေးလုပ်လိမ့်မယ် လို့သူကပြောပါတယ်။

"အဲဒီကျမှသာ ပြောဖို့သင့်မယ်လို့ ယူဆပါတယ်" လို့ ယာယီသမ္မတတာဝန်ယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကပြောပါတယ်။

သူကိုယ်တိုင်ရဲ့ ရည်မှန်းချက်က ဘာဆိုတာကိုတော့ တိတိကျကျ ဖြေမသွားပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲမဝင်ထားတဲ့အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တင်မြှောက်တဲ့ ဒုတိယသမ္မတနေရာကနေပဲ သမ္မတရွေးပွဲကို ဝင်လာလို့ရမှာဖြစ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေကို "တပ်မတော်ကလုပ်တာ။ နာမည်ပျက်မခံဘူး" လို့ သူက တုံ့ပြန်သွားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကတော့ "ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်" ဆိုတဲ့ လူသိများတဲ့ စကားကိုပြောခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း တိတ်တဆိတ်နဲ့ပဲ နိုင်ငံရေးကစွန့်ခွာသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲအလွန်နိုင်ငံရေးမျှော်မှန်းချက်ကတော့ လွှတ်တော်တွေပေါ်လာတဲ့အထိစောင့်ကြည့်ရဦးမှာပါ။

ရွေးကောက်ပွဲနေ့ပေါက်ကွဲမှုတွေ

ရွေးကောက်ပွဲနေ့လုံခြုံရေးတင်းကျပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲနေ့လုံခြုံရေးတင်းကျပ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီဇင်ဘာ ၂၈ ရက် မနက်အစောပိုင်းမှာ မန္တလေးမြို့ထဲ ရှော့တိုက်ဒုံးလေးလုံးနဲ့ ပစ်ခတ်ခံရတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က အတည်ပြုပါတယ်။

"စစ်ကိုင်းဘက်က လုပ်တာပေါ့နော်။ ရှော့တိုက်ဒုံး လေးလုံးမှာ သုံးလုံးက အထိအခိုက်မရှိဘူး။ တလုံးကတော့ နှစ်ယောက်ထိပါတယ်" လို့ ဦးမျိုးအောင်က ပြောပါတယ်။

ပစ်ခတ်မှုတွေထဲ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်ဘက်ကို ရှော့တိုက်ဒုံးတစ်လုံးကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နေအိမ်မှာအိပ်ပျော်နေတဲ့ဇနီးမောင်နှံနှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ပြီး အဲဒီထဲကဇနီးဖြစ်သူဟာ ဘယ်ခြေကျင်းဝတ်ပြတ်ရှဒဏ်ရာရရှိပြီး စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ပြီး လက်ရှိ ဝန်ကြီးချုပ် ဦးမျိုးအောင်ရော အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ပါ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ဝင်ပြိုင်တဲ့ မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ထားဝယ်မြို့ မှာရှိတဲ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို ဒရော့ဗုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အစိုးရအဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

တိုင်းရုံးနဲ့ ခရိုင်ရဲရုံးကို ဗုံးကျတယ်လို့ အတည်ပြုပြီး သေဆုံးဒဏ်ရာရသူစာရင်း အသေးစိတ်ကိုတော့ မပြောပါဘူး။

အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်မှာ ရွေးကောက်ပွဲအကြိုည ဒီဇင်ဘာ ၂၇ ရက်ညပိုင်းမှာ ဗုံး ၅ လုံးပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးရှိပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ လူမှုကူညီရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။

ကြံ့ခိုင်ရေးရုံးပေါက်ကွဲမှုက အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး မွန်ဘုန်းကြီးကျောင်း၊ အမက ၆ ၊ အမှတ် ၁ ချစ်ကြည်ရေးတံတား စတဲ့ နေရာအနီးတဝိုက်တွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

တော်လှန်ရေးအဖွဲ့တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်း ဘုတလင်မှာတော့ တိုက်ပွဲပါ ပြင်းထန်ခဲ့ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက ဘုတလင်ကိုဝင်ရောက်တိုက်ခိုက်နေတာကြောင့် စစ်တပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲခဲ့တယ်လို့ မြေပြင်စစ်ရေးအရင်းအမြစ်တွေဆီက သိရပါတယ်။

ဘုတလင်က ရွေးကောက်ပွဲပထမပိုင်းမှာမပါသေးပေမဲ့ အနီးက အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရှိတဲ့ မုံရွာမြို့မှာတော့ ရွေးကောက်ပွဲပြုလုပ်နေပါတယ်။

မုံရွာမြို့ပေါ်မှာလည်း ဒီနေ့မနက်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဒီဖောက်ခွဲတိုက်ခိုက်မှုတွေက ရွေးကောက်ပွဲအောင်မြင်တာကို မမြင်ချင်လို့ လုပ်နေတာ လို့ စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးတွေရဲ့ ရွေးကောက်ပွဲအခြေအနေ

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီမဲလာပေး

ဓာတ်ပုံ ရင်းမြစ်, USDP

ဓာတ်ပုံ ပုံစာ, ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီမဲလာပေး

စစ်ရုံးအပါအဝင် တိုင်းစစ်ဌာနချုပ်ရှိတဲ့မြို့နယ်တွေအားလုံးနီးပါး ရွေးကောက်ပွဲအပိုင်း ၁ မှာပါဝင်နေတာတွေ့ရပါတယ်။

ရွေးကောက်ပွဲပထမပိုင်းမှာတော့ စစ်ဗိုလ်ချုပ်ဒါဇင်ကျော်ဝင်ပြိုင်ကြပြီး ကနဦးမဲရလဒ်တွေအရ အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။ မဲရေတွက်မှုတွေကတော့ အခုဆောင်းပါးထုတ်တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ညပိုင်းအထိ မပြီးသေးပါဘူး။

နေပြည်တော် ၈ မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီကပဲ အားလုံးအနိုင်ရနေတယ်လို့ ကြံ့ခိုင်ရေးပါတီ၊နေပြည်တော်ဥက္ကဋ္ဌ ဦးလှဆွေက ဘီဘီစီကိုပြောပါတယ်။

  • ရွေးကောက်ပွဲအပိုင်း ၁ မှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ကြတဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တချို့
  • ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး (နေပြည်တော်၊ အမျိုးသားလွှတ်တော်)
  • ဗိုလ်ချုပ်ကြီး တင်အောင်စန်း (ဥတ္တရသီရိ၊ ပြည်သူ့လွှတ်တော်)
  • ဗိုလ်ချုပ်ကြီး မြတ်ဟိန်း (ဒက္ခိဏသီရိ၊ ပြည်သူ့လွှတ်တော်)
  • ဗိုလ်ချုပ်ကြီး မြထွန်းဦး (ပြင်ဦးလွင်၊ ပြည်သူ့လွှတ်တော်)
  • ဒုဗိုလ်ချုပ်ကြီး သောင်းအေး (ပျော်ဘွယ်၊ ပြည်သူ့လွှတ်တော်)
  • ဒုဗိုလ်ချုပ်ကြီး သက်ပုံ (စစ်ကိုင်း၊ ပြည်သူ့လွှတ်တော်)
  • ဒုဗိုလ်ချုပ်ကြီး တေဇကျော် (အောင်မြေသာစံ၊ ပြည်သူ့လွှတ်တော်)
  • ဒုဗိုလ်ချုပ်ကြီး လင်းအောင် (မြိတ်၊ ပြည်သူ့လွှတ်တော်)
  • ဒုဗိုလ်ချုပ်ကြီး အောင်အောင် (တောင်ကြီး၊ ပြည်သူ့လွှတ်တော်)
  • ဒုဗိုလ်ချုပ်ကြီး သန်းထွန်းဦး (ကျိုင်းတုံ၊ ပြည်သူ့လွှတ်တော်)
  • ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်း (မအူပင်၊ ပြည်သူ့လွှတ်တော်)
  • ဒုဗိုလ်ချုပ်ကြီး စိုးတင့်နိုင် (မကွေး၊ ပြည်သူ့လွှတ်တော်)

ကြိုတင်မဲပြဿနာ

မဲရေတွက်နေတဲ့ ဆရာမတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကြိုတင်မဲပြဿနာက ဒီရွေးကောက်ပွဲမှာလည်းဆက်ရှိပါတယ်။

မြန်မာရွေးကောက်ပွဲအစဥ်အဆက် အငြင်းပွားခဲ့ကြတဲ့ ကြိုတင်မဲပြဿနာက ဒီရွေးကောက်ပွဲမှာလည်းဆက်ရှိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနည်းတူ ကြံ့ခိုင်ရေးပါတီနဲ့ ပြိုင်ဖက်ပါတီတွေ ငြင်းကြတာဖြစ်ပါတယ်။

သင်္ဃန်းကျွန်းကမဲရုံတစ်ရုံမှာ ကြံ့ခိုင်ရေးပါတီရတဲ့ ကြိုတင်မဲတချို့ကို ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ကန့်ကွက်တဲ့အတွက် အငြင်းပွားခဲ့ကြပါတယ်။

အဓိကက စည်းတံဆိပ်နဲ့ လက်မှတ်မပါတဲ့ ၁၃၂ စောင်ကို ပယ်မဲလုပ်ပေးပါလို့ ပြည်သူ့ပါတီပြောတာကို ကြံ့ခိုင်ရေးကလက်မခံတာကစအငြင်းပွားတာလို့ သိရပါတယ်။

အလားတူ ကြိုတင်မဲကို တရားမျှတမှု မရှိဘူးလို့ ကျားဖြူပါတီရဲ့ တောင်ငူခရိုင် ဥက္ကဋ္ဌ ဦးကျော်စိုးက သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောပါတယ်။

ရေတာရှည် မြို့နယ်ရဲ့ ကြိုတင်မဲမှ ကြံ့ခိုင်ရေး ပါတီက ၁၄၉၀ အထိရပြီး ကျားဖြူ ပါတီက ၂ မဲတည်း ရတယ်လို့သူကပြောပါတယ်။

ကျန်တဲ့ပါတီတွေလည်း ကြိုတင်မဲကို ၅ မဲ ကျော်အောင်မရခဲ့ကြဘူးလို့ သူကပြောပါတယ်။

နေပြည်တော်က စစ်ဗိုလ်ချုပ်တစ်ဦးနဲ့ပြိုင်ရတဲ့ အမတ်လောင်းတစ်ဦးကလည်း ကြိုတင်မဲကိစ္စကို ဘဝင်မကျဖြစ်ခဲ့ပြီး သူ့အမည်ကိုတော့ မဖော်စေလိုပါဘူး။

မဲပေးစက်ကို ပထမဆုံးအသုံးပြုတဲ့ရွေးကောက်ပွဲဖြစ်ပြီး စက်ချို့ယွင်းမှုတချို့လည်း ရှိခဲ့ပါတယ်။

အသဲကြားကမဲတစ်ပြား ဟုတ်ရဲ့လား

မဲပေးစက်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီ ခေါင်းဆောင်ပိုင်းတချို့ကို ထောင်ထဲထည့်ထားပြီးလုပ်တဲ့ ရွေးကောက်ပွဲ

ရွေးကောက်ပွဲကို မဲလာထည့်သူတွေတွေ့ရပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့နှိုင်းယှဥ်ရင် အရေအတွက်နည်းပါးပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေကလို စိတ်အားထက်သန်မှုမျိုးကိုမတွေ့ရဘဲ စိုးရိမ်ကြောင့်ကြမှုတွေတွေ့ရပါတယ်။

နေပြည်တော်အပါအဝင် တပ်တွင်းမဲရုံတချို့မှာတော့ စိတ်လိုလက်ရ မဲပေးသူတချို့လည်း ရှိပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ ကို စတင်နေတာဖြစ်ပြီး မြို့နယ် ၁၀၂ ခုမှာ ကျင်းပနေတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ မဲရုံပေါင်း ၂၁,၅၁၇ ရုံရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားပါတယ်။

ဒါက ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက် နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ နှိုင်းယှဥ်ရင် မဲရုံ ၁၈,၀၀၀ ကျော် လျော့နည်းသွားတာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးက မြို့နယ် ၃၁၅ မြို့နယ်မှာ မဲရုံပေါင်း ၃၉,၉၆၃ ရုံ ရှိခဲ့ပြီး နိုင်ငံရေးပါတီ ၈၇ ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ သုံးပိုင်းလုံးအတွက် နိုင်ငံရေးပါတီ ၅၇ ပါတီနဲ့ ကိုယ်စားလှယ်လောင်း ၄,၈၆၃ ယောက်ပါဝင် ယှဉ်ပြိုင်ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

အပိုင်း ၁ အတွက်တော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၄၉ ဦး ဝင်ပြိုင်နေပြီး ရန်ကုန်တိုင်းမှာ အများဆုံးဝင်ပြိုင်ကြတာပါ။

အနိုင်ရကိုယ်စားလှယ်စာရင်းကို အပိုင်း ၃ ပိုင်းလုံးပြီးမှ ကြေညာမှာလို့ စစ်ကော်မရှင်ကနေသိရပါတယ်။

ဒါပေမဲ့ ရရှိထားတဲ့ရွေးကောက်ပွဲရလဒ်တွေကိုတော့ မဲရုံတွေမှာထုတ်ပြန်ထားမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူလုပ်တဲ့ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိ အပိုင်း ၃ ပိုင်းလုံးပြီးရင် ကြည့်လိုက်ပါလို့ အာမခံပါတယ်။

ရွေးကောက်ပွဲအဆက်ဆက် အနိုင်ရတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီ ခေါင်းဆောင်ပိုင်းတချို့ကို ထောင်ထဲထည့်ထားပြီးလုပ်တဲ့ ရွေးကောက်ပွဲလို့ နိုင်ငံရေးအကဲခတ်တချို့ကထောက်ပြပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့ကတော့ "ဟန်ပြရွေးကောက်ပွဲ" လို့ပဲ ဒီရွေးကောက်ပွဲကို အမည်တပ်ထားပါတယ်။

မန္တလေးမှာ သတင်းလာယူတဲ့ ဘီဘီစီအရှေ့တောင်အာရှ သတင်းထောက် ဂျိုနသန် ဟတ်က ပြည်တွင်းနေ လူအများက သူတို့ခံစားကြုံတွေ့နေရတာကို ရပ်စေချင်ကြပြီ လို့ ပြောပါတယ်။

"ဒီရွေးကောက်ပွဲကထွက်လာမယ့် အစိုးရသစ် အုပ်ချုပ်သူသစ်ဟာ အနည်းဆုံး အစပိုင်းမှာတော့ လက်ရှိအုပ်ချုပ်သူတွေနဲ့ ဘာမှ သိပ်မကွာနိုင်ဘူးဆိုတာလည်း သူတို့သိတယ်၊ ဒါပေမဲ့ တခြားရွေးချယ်စရာအများကြီးမရှိဘူး။ ဒါကြောင့် ဒီလမ်းကနေ သူတို့ ငါးနှစ်နီးပါး ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခတွေရပ်သွားလေမလားလို့ မျှော်လင့်ချက်လေးတွေ ရှိကြတယ်" လို့ သူကပြောပါတယ်။