၂၀၂၅ ရွေးကောက်ပွဲ - မကျင်းပနိုင်မယ့်နေရာ စံချိန်တင်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ မြန်မာနိုင်ငံမြေပုံ၊ မဲပုံးနဲ့ ပါတီဝင်တချို့ကို သရုပ်ဖော်ထားပါတယ်။
ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ တစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့ ရပ်/ကျေးတွေရှိတဲ့ မြို့နယ်က ၁၀၃ ခုအထိ ရှိပြီး ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်တဲ့ မြို့နယ် ၅၆ ခုရှိ

ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးရအချက်အလက်တွေကို ဖြည့်စွက်ထားပါတယ်။

၂၀၂၀ တုန်းက မြို့နယ် ၅၅ ခုမှာ ရွေးကောက်ပွဲ အပြည့်အဝမကျင်းပနိုင်ခဲ့တာက မြန်မာရွေးကောက်ပွဲသမိုင်းတလျှောက် စံချိန်တစ်ခု ဖြစ်ခဲ့တာပါ။

အာဏာသိမ်းပြီးတဲ့နောက် ကျင်းပမယ့် လာမယ့် ၂၀၂၅ ရွေးကောက်ပွဲက အဲဒီစံချိန်ကို အပြတ်အသတ် ထပ်ချိုးပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ တစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့ ရပ်/ကျေးတွေရှိတဲ့ မြို့နယ်က ၁၃၄ ခုအထိ ရှိနေပါတယ်။

အပိုင်း ၃ ခုလုံးအတွက် ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်တဲ့ မြို့နယ် ၆၅ ခုရှိတယ်လို့ ကော်မရှင်က ကြေညာပါတယ်။

ဒါကြောင့် နေပြည်တော်နဲ့ ရန်ကုန် ကလွဲလို့ ရွေးကောက်ပွဲအပြည့်အဝလုပ်လို့ရတဲ့ ပြည်နယ်နဲ့တိုင်း တစ်ခုမှမရှိတာ တွေ့ရပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက မကြုံဖူးခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။

နေရာအနှံ့ စစ်ဖြစ်နေပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့၊ ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို အရေးယူဖို့ NUG/CRPH နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက လှုံ့ဆော်ထားကြတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

တိုင်းစစ်ဌာနချုပ်တွေ အခြေစိုက်ထားတဲ့ မြို့နယ်တွေထဲက ကျေးရွာအုပ်စုတွေမှာပါ ရွေးကောက်ပွဲမလုပ်နိုင်တာ တွေ့ရပါတယ်။

တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့ ရှမ်း၊ ရခိုင်၊ စစ်ကိုင်းနဲ့ အညာဒေသတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေ အများဆုံးရှိနေပါတယ်။

ရွေးကောက်ပွဲလုပ်မယ့် မြို့နယ်တွေကို ထပ်မံစိစစ်ချက်အရ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးအတွက် ရပ်ကွက် ၂၂၃ ခုနဲ့ ကျေးရွာအုပ်စု ၃၈၃၄ မှာ ရွေးကောက်ပွဲလုပ်ဖို့ အခြေအနေမရှိတော့ဘူးလို့ ကော်မရှင်က ဒီဇင်ဘာ နောက်ဆုံးအပတ်မှာ ကြေညာပါတယ်။

ရှမ်းပြည် ၁၇ မြို့နယ် ရွေးကောက်ပွဲလုံးဝမလုပ်နိုင်

ဝ တပ်ဖွဲ့ဝင် အမျိုးသမီးစစ်ကြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲ တခါမှ မလုပ်နိုင်ခဲ့။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာတစ်နိုင်ငံလုံးကို တိုင်းစစ်ဌာနချုပ် ၁၄ ခုနဲ့ တပ်ဖြန့်ထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေစုံတဲ့ ရှမ်းပြည်နယ်မှာတော့ စစ်တိုင်း ၄ ခုအထိရှိပါတယ်။

ရှမ်းပြည်နယ်ဟာ ရွေးကောက်ပွဲလုံးဝမလုပ်နိုင်တဲ့ မြို့နယ်တွေစာရင်းမှာ ထိပ်ဆုံးကဖြစ်ပြီး ၁၇ မြို့နယ်အထိ ရှိပါတယ်။

ရွေးကောက်ပွဲ တစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့ မြို့နယ်က ၁၁ ခုအထိ ရှိပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်တဲ့ လားရှိုးမြို့မှာ ရွေးကောက်ပွဲတစ်စိတ်တစ်ပိုင်းပဲ ကျင်းပနိုင်မှာဖြစ်ပြီး ကျေးရွာအုပ်စု ၆၄ ခုမှာ မလုပ်နိုင်ပါဘူး။

ဒါကြောင့် မြို့ပေါ်ရပ်ကွက်တချို့မှာပဲ ရွေးကောက်ပွဲလုပ်ပြီး နိုင်တဲ့ အမတ်တွေ လွှတ်တော်ထဲရောက်လာမှာ ဖြစ်ပါတယ်။

မူဆယ်မြို့မှာဆိုရင်လည်း ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ မုန်းကိုး၊ မန်ဟီးရိုးနဲ့ ကြူကုတ် ပန်ဆိုင်း မြို့တွေအပြင် ကျေးရွာအုပ်စု ၆၀ လောက်မှာ ရွေးကောက်ပွဲမလုပ်နိုင်ပါဘူး။

လားရှိုးနဲ့ထိစပ်နေတဲ့ တန့်ယန်းနဲ့ မိုင်းရယ် မြို့နယ်ထဲက ကျေးရွာတချို့မှာ လည်း ရွေးကောက်ပွဲလုပ်နိုင်မှာ မဟုတ်ပါဘူး။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ တြိဂံတိုင်းစစ်ဌာနချုပ်ထိန်းချုပ်မှုအောက်က မိုင်းခတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယန်း၊ မိုင်းတုံ မြို့နယ်တွေက ကျေးရွာတချို့မှာလည်း ရွေးကောက်ပွဲ မကျင်းပနိုင်ပါဘူး။

စစ်တပ်ထိန်းချုပ်မှုအားကောင်းတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာတောင် မောက်မယ်မြို့နယ်ထဲက ကဒူးကြီးကျေးရွာအုပ်စုမှာ ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ ကော်မရှင်က ကြေညာထားပါတယ်။

စစ်ကိုင်းမှာ ရွေးကောက်ပွဲအပြည့် မလုပ်နိုင်တဲ့ မြို့၃၀ အထိရှိ

စစ်ယူနီဖောင်းနဲ့တွေ့ရတဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ

ဓာတ်ပုံ ရင်းမြစ်, ဦးသက်ပုံ

ဓာတ်ပုံ ပုံစာ, အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ ပြိုင်မယ့် စစ်ကိုင်းမှာ ဆားတောင်မြို့နဲ့ ကျေးရွာအုပ်စု ၇၀ မှာ ရွေးကောက်ပွဲလုပ်လို့မရ

ဒေသကာကွယ်ရေးတပ်တွေ အားကောင်းတဲ့ စစ်ကိုင်းမှာ ရွေးကောက်ပွဲလုံးဝမလုပ်နိုင်တဲ့ မြို့နယ် ၁၀ ခု ရှိပြီး တစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့ မြို့နယ်က ၂၂ ရှိပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ မြို့နယ်စုစုပေါင်း ၃၇ ခုရှိတာကြောင့် ရွေးကောက်ပွဲအပြည့်အဝမလုပ်နိုင်တဲ့ မြို့နယ် ၃၂ ခု ရှိတာ တွေ့ရပါတယ်။

အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ ပြိုင်မယ့် စစ်ကိုင်းမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ထဲမှာ ဆားတောင်တစ်မြို့လုံးနဲ့ ကျေးရွာအုပ်စု ၇၀ မှာ ရွေးကောက်ပွဲလုပ်လို့မရပါဘူး။

ဒါကြောင့် ဦးသက်ပုံဟာ အရင်ရွေးကောက်ပွဲတွေက အမတ်လောင်းတွေလိုမဟုတ်ဘဲ စစ်ကိုင်းမြို့ရဲ့ မဲဆန္ဒနယ်ထက်ဝက်လောက်မှာပဲ ရွေးကောက်ပွဲယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

ကန့်ဘလူမှာဆိုရင်လည်း ကျေးရွာအုပ်စု ၈၀ လောက် ရွေးကောက်ပွဲမကျင်းပနိုင်မှာဖြစ်လို့ မြို့ပေါ်ရပ်ကွက်တချို့မှာပဲ အဓိကထားလုပ်ရမှာပါ။

စစ်ကိုင်းတိုင်းထဲမှာ ရွေးကောက်ပွဲတစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့မြို့နယ်က ၂၂ ခု အထိ ရှိနေပါတယ်။

အလားတူ မကွေးတိုင်းမှာဆိုရင်လည်း ရွေးကောက်ပွဲတစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့မြို့နယ်က ၁၉ ခု ရှိနေပါတယ်။

အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)က မုံရွာမှာ အခြေစိုက်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်က ဒေသတွေကို လုံခြုံရေးနဲ့ စစ်ဆင်ရေးတာဝန်ယူရပါတယ်။

ဒါပေမဲ့ မုံရွာက ကျေးရွာအုပ်စု ၅၀ ကျော်မှာ ရွေးကောက်ပွဲမလုပ်နိုင်ပါဘူး။

မုံရွာအနီးက ရွှေဘိုမှာဆိုရင်လည်း ရပ်/ကျေး ၈၀ ကျော် ရွေးကောက်ပွဲမလုပ်နိုင်ဘဲ ရပ်ကွက် ၁၁ ခု အထိပါဝင်နေပါတယ်။

ဒါ့အပြင် နမခ တဝိုက်က ရေဦး၊ ဘုတလင်၊ ချောင်းဦး၊ မြင်းမူနဲ့ အရာတော် က ဆယ်နဲ့ချီတဲ့ ကျေးရွာတွေမှာလည်း ရွေးကောက်ပွဲမလုပ်နိုင်ပါဘူး။

စစ်ကိုင်းနဲ့ထိစပ်နေတဲ့ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်တဲ့မြို့နယ် ၄ ခု ရှိပြီး တစ်စိတ်တစ်ပိုင်း မကျင်းပနိုင်တဲ့မြို့နယ် ၂ ခု ကို ထပ်ကြေညာလာပါတယ်။

ပလက်ဝ၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက် တို့မှာ လုံးဝ မကျင်းပနိုင်ပါဘူး။ ကျင်းပမယ်လို့ ကြေညာထားတဲ့ တီးတိန်က ကျေးရွာအုပ်စု ၅၀ ကျော်နဲ့ ဟားခါးက ကျေးရွာအုပ်စု ၃၀ ကျော်မှာလည်း ရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ပါဘူး။

နေပြည်တော်ရဲ့ တောင်နဲ့မြောက်

မန္တလေး PDF တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Mandalay - PDF

ဓာတ်ပုံ ပုံစာ, မန္တလေး PDF တပ်ဖွဲ့ဝင်တွေ

နေပြည်တော်နဲ့ ရန်ကုန်မှာ ရွေးကောက်ပွဲအပြည့်အဝလုပ်လို့ရပေမဲ့ ထိစပ်နယ်မြေတွေမှာတော့ အခြေအနေ ခြားနားပါတယ်။

မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်က မြို့နယ် ၁၃ ခုက ကျေးရွာတွေမှာ ရွေးကောက်ပွဲအပြည့်အဝ ကျင်းပနိုင်မှာမဟုတ်ပါဘူး။

ဒီထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အားကောင်းတဲ့ ရမည်းသင်း၊ ပျော်ဘွယ်၊ မိထ္ထီလာက ကျေးရွာတချို့တောင် ပါနေတာပါ။

ရမည်းသင်း၊ ပျော်ဘွယ်၊ မိထ္ထီလာဟာ လက်ရှိ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအမှုဆောင်ချုပ် အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေး PR စနစ်နဲ့ အမျိုးသားလွှတ်တော်အမတ်နေရာ ဝင်အရွေးခံမယ့် မြို့နယ်တွေထဲမှာပါနေပါတယ်။

လက်ရှိ ကြံ့ခိုင်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ် ဦးလှထွန်းအနိုင်ရဖူးတဲ့ သူ့ဇာတိ ကျောက်ပန်းတောင်းမှာဆို ကျေးရွာအုပ်စု ၅၅ ခုအထိ ရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေးရဲ့ဇာတိ ဖြစ်တဲ့ တံတားဦးမြို့နယ်မှာဆိုလည်း ကျေးရွာအုပ်စု ၄၀ ကျော်မှာ ရွေးကောက်ပွဲမလုပ်နိုင်ပါဘူး။

အဲဒီကျေးရွာတွေထဲက လက်ဆောင်ယူကျေးရွာက ဦးတင်အေးမွေးဖွားတဲ့ရွာဖြစ်ပါတယ်။

အလားတူ ညောင်ဦး၊ မတ္တရာနဲ့ ဝမ်းတွင်းက ကျေးရွာအုပ်စုတချို့မှာလည်း ရွေးကောက်ပွဲမလုပ်နိုင်ပါဘူး။

နေပြည်တော်နဲ့ ရန်ကုန်ကြားမှာရှိတဲ့ ပဲခူးတိုင်းထဲမှာဆိုရင်လည်း ရွေးကောက်ပွဲတစ်စိတ်တစ်ပိုင်း မကျင်းပနိုင်တဲ့မြို့နယ်က ၁၈ ခု အထိရှိနေပါတယ်။

အဲဒီထဲမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက် တောင်ငူမြို့နယ်ထဲက ကျေးရွာအုပ်စု ၈ ခု ပါဝင်ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ နောက်ထပ် ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းဝင်ပြိုင်မယ့် ပေါက်ခေါင်းမဲဆန္ဒနယ်မှာလည်း ကျေးရွာအုပ်စု ၃၀ လောက် ရွေးကောက်ပွဲလုပ်နိုင်မှာ မဟုတ်ပါဘူး။

ပဲခူးတိုင်းထဲက ပေါင်းတည်၊ ညောင်လေးပင်၊ လက်ပံတန်း၊ ရေတာရှည်၊ နတ်တလင်း၊ ထန်းတပင်၊ မင်းလှနဲ့ ရွှေကျင်မြို့နယ်တွေထဲက ကျေးရွာတွေမှာလည်း ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ ကော်မရှင်ကကြေညာထားပါတယ်။

ရခိုင်မှာ သုံးမြို့နယ်ပဲ လုပ်နိုင်မလား

ရခိုင်နဲ့ ဧရာဝတီအစပ်မှာတွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, ရခိုင်နဲ့ ဧရာဝတီအစပ်မှာတွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ

အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်နယ်မြေအများစုရှိတဲ့ ရခိုင်ပြည်နယ်မှာ ၁၀ မြို့နယ်အထိ ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်ဘူးလို့ ကော်မရှင်ကကြေညာထားပါတယ်။

ကျင်းပမယ့် ၇ မြို့နယ်မှာတောင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ ပြည်နယ်အစိုးရရုံးစိုက်တဲ့ စစ်တွေနဲ့ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့နယ်ထဲက ကျေးရွာတချို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ပါဘူး။

ကျောက်ဖြူမှာဆို ကျေးရွာအုပ်စု ၅၀ နီးပါး ရွေးကောက်ပွဲမကျင်းပနိုင်သလို စနဲမြို့ပေါ်ရပ်ကွက် ၅ ခုမှာ ရွေးကောက်ပွဲမလုပ်နိုင်ပါဘူး။

စနဲဟာ တရုတ်စီမံကိန်းတွေနဲ့ နာရီပိုင်းလောက် ကားမောင်းရုံနဲ့တင်ရောက်ပြီး ကျောက်ဖြူနဲ့ ရမ်းဗြဲကြားမှာရှိပါတယ်။

စစ်တွေမှာဆိုရင် ကစ္ဆပရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၇ ခုမှာ ရွေးကောက်ပွဲမလုပ်နိုင်ပါဘူး။

အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်နယ်မြေအများစုရှိတဲ့ တောင်ကုတ်၊ ဂွ၊ သံတွဲနဲ့ အမ်းတို့မှာတော့ ရွေးကောက်ပွဲကျင်းပဖို့ ကော်မရှင်က စီစဥ်ထားတာတွေ့ရပြီး အမတ်လောင်းတချို့လည်း စာရင်းသွင်းထားပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၁ မှာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင် ၃ မြို့နယ်ပဲ ထည့်ထားတာတွေ့ရပြီး အပိုင်း ၂ မှာ ရခိုင်ပြည်နယ်ကမြို့နယ်တွေကို ထည့်ထားတာ မတွေ့ရပါဘူး။

ရခိုင်ပြည်နယ်နဲ့ရော ရန်ကုန်တိုင်းနဲ့ပါ ထိစပ်နေတဲ့ ဧရာဝတီတိုင်းမှာလည်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရွာတွေရှိတာ တွေ့ရပါတယ်။

အထူးသဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ ပုသိမ်မြို့နယ်ထဲက ကျေးရွာအုပ်စု ၂ ခုနဲ့ သာပေါင်းမြို့နယ်ထဲက ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲလုပ်နိုင်မှာ မဟုတ်ပါဘူး။

ကချင်၊ ကယားနဲ့ ကရင်

ဖားကန့်မှာ ဒီဇင်ဘာ ၁၃ ရက်က ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖားကန့်မှာ ဒီဇင်ဘာ ၁၃ ရက်က ဆန္ဒပြ

ကချင်၊ ကယားနဲ့ ကရင်က မြို့နယ်တချို့မှာလည်း ရွေးကောက်ပွဲအပြည့် မကျင်းပနိုင်တဲ့ အခင်းအကျင်းက စိတ်ဝင်စားစရာကောင်းပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ မြစ်ကြီးနားအပါအဝင် မြို့နယ် ၁၂ ခုက ကျေးရွာတချို့မှာလည်း ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ပါဘူး။

မြစ်ကြီးနားက ရပ်ကွက် ၃ ခုနဲ့ ကျေးရွာအုပ်စု ၂၀ နီးပါး ရွေးကောက်ပွဲမလုပ်နိုင်ဘူး လို့ ကော်မရှင်ကကြေညာပါတယ်။

ကချင်မှာ ရွေးကောက်ပွဲလုံးဝကျင်းပမှာမဟုတ်ဘူးလို့ကြေညာထားတဲ့ မြို့နယ် ၄ ခုရှိပြီး ကချင်အထူးဒေသ ၁ ထဲက ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန် တို့ဖြစ်ကြပါတယ်။

မြန်မာစစ်တပ်နဲ့ မဟာမိတ် ဦးဇခုန်တိန့်ယိန်းကြီးစိုးခဲ့တဲ့ အထူးဒေသ ၁ ကို ၂၀၂၄ မှာ ကချင်လွတ်လပ်ရေးတပ် KIA က သိမ်းယူခဲ့တာဖြစ်ပါတယ်။

မြို့နယ် ၇ ခုပဲရှိတဲ့ ကယားပြည်နယ်(ကရင်နီ)မှာ ရွေးကောက်ပွဲလုံးဝမလုပ်နိုင်တဲ့ မြို့နယ် ၃ ခုအထိ ရှိပြီး တစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့ မြို့နယ်က ၄ ခု ရှိနေပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ ပြည်နယ်အစိုးရရုံးစိုက်တဲ့ လွိုင်ကော်က ကျေးရွာအုပ်စု ၂ ခုမှာ ရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ပါဘူး။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေရှိတဲ့ ကရင်ပြည်နယ်ဘက်ကို ကြည့်ရင်လည်း တစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့ မြို့နယ် ၇ ခု အထိရှိနေပါတယ်။

ဘားအံ၊ မြဝတီ၊ သံတောင်ကြီး၊ ဖာပွန်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေက ရပ်ကွက်နဲ့ကျေးရွာအုပ်စုတွေ ဖြစ်ပါတယ်။

ဒီနယ်မြေတွေဟာ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် စစ်ဆင်ရေးနယ်မြေတွေမှာပါတဲ့ မြို့နယ်တွေဖြစ်ပါတယ်။

မွန်ပြည်နယ်ထဲက မြို့နယ် ၇ ခုမှာ ရွေးကောက်ပွဲက တစ်စိတ်တစ်ပိုင်းပဲ ကျင်းပနိုင်မှာဖြစ်ပြီး ကျိုက်ထို၊ သံဖြူဇရပ်၊ သထုံ၊ ဘီးလင်း၊ ပေါင်၊ ကျိုက်မရောနဲ့ ရေးတို့ ဖြစ်ကြပါတယ်။

ဒီဒေသတွေနဲ့ တဆက်တည်းဖြစ်တဲ့ တနင်္သာရီတိုင်းထဲမှာလည်း တစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့ မြို့နယ် ၉ ခု အထိရှိနေပါတယ်။

တနင်္သာရီ၊ ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်း၊ လောင်းလုံ၊ သရက်ချောင်း၊ ပုလော၊ ရေဖြူနဲ့ ကျွန်းစုမြို့နယ်တွေက ကျေးရွာအုပ်စုတွေဖြစ်ပါတယ်။

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာ စံချိန်တင်

ရွှေဘို-မန္တလေး ကားလမ်းမပေါ်က ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှု

ဓာတ်ပုံ ရင်းမြစ်, ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ဓာတ်ပုံ ပုံစာ, ရွှေဘို-မန္တလေး ကားလမ်းမပေါ်က ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှု

အရင်ရွေးကောက်ပွဲတွေတုန်းက ခုလို ပြည်တွင်းစစ်ကြီးမရှိပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ အလွန်နည်းပါးတဲ့အခြေအနေဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းကဆို ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်က ၅ ခုပဲရှိခဲ့ပြီး ဝနဲ့ မိုင်းလားမှာဖြစ်ပါတယ်။ ကချင်က ပြည်နယ်မဲဆန္ဒနယ် ၂ ခုမှာ တစ်စိတ်တစ်ပိုင်း မကျင်းပနိုင်ခဲ့ပါဘူး။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်တဲ့ မြို့နယ်က ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက မြို့နယ် ၄ ခု နဲ့ မိုင်းလား အပြင် ရှမ်းပြည်နယ်ထဲက မိုင်းရှူးနဲ့ ကျေးသီးတို့မှာ မကျင်းပနိုင်ခဲ့ပါဘူး။ ဒါ့အပြင် တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်က ၃၁ ခု ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မြို့နယ် ၉ ခု နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ ခုမှာ ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်ခဲ့ပါဘူး။ တစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့ မြို့နယ်က ၄၀ ပါ။

အာဏာသိမ်းပြီးနောက်ကျင်းပပေးတဲ့ လာမယ့်ရွေးကောက်ပွဲကတော့ ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်တဲ့ မြို့နယ် ၆၅ ခုအထိရှိပြီး တစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့ မြို့နယ်က ၁၃၄ ခုအထိ ရှိနေပါတယ်။

ပြည်တွင်းစစ်ထဲက ရွေးကောက်ပွဲ

နေပြည်တော်မှာ မဲပေးစက်အကြောင်း ရှင်းပြ

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ မဲပေးစက်အကြောင်း ရှင်းပြ

လက်ရှိအခြေအနေက ၁၉၅၁ ခုနှစ် အခြေအနေနဲ့ နှိုင်းယှဥ်မှ နီးစပ်မှုရှိမှာပါ။

အဲဒီကာလတုန်းက ပြည်တွင်းစစ်ထဲမှာပဲ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပခဲ့ပြီး တစ်နှစ်နီးပါးကြာခဲ့ပါတယ်။

အမတ်လောင်းတွေဟာ လုံခြုံရေးအရ ကိုယ့်မဲဆန္ဒနယ်ကို မဲဆွယ်ဖို့ မသွားနိုင်တဲ့ အနေအထား၊ ဆန္ဒမဲပေးသူတွေကလည်း ကိုယ်စားလှယ်လောင်းကို မတွေ့လိုက်ရဘဲ မဲထည့်ရမယ့် အခြေအနေမျိုးတွေရှိခဲ့ကြတာချင်းလည်း တူပါတယ်။

၁၉၅၁ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲတဲ့နေရာမှာ အပြည့်အ၀ကျင်းပနိုင်တဲ့နယ်မြေတွေ၊ တစ်စိတ်တပိုင်းကျင်းပနိုင်တဲ့နယ်မြေတွေနဲ့ လုံး၀မကျင်းပနိုင်တဲ့နယ်မြေတွေ ဆိုပြီး ရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ သမိုင်းကတကျော့ပြန်လည်လာတာဖြစ်ပါတယ်။

"၅၁ တုန်းကတော့ စစ်ကြောင်းတွေထိုးပြီး လုပ်လို့ရသလောက် လုပ်ခဲ့ကြတာတွေ့ရတယ်။ အခုကတော့ ရသမျှကျင်းပပြီး ရွေးကောက်ပွဲ မြန်မြန်ပြီးသွားဖို့ပဲ အာရုံစိုက်နေတာတွေ့ရတယ်" လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။

ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်တာ အဲဒီမဲဆန္ဒနယ်ကို ကိုယ်စားပြုမယ့် အမတ်မရှိတဲ့ အဓိပ္ပါယ်ဖြစ်သလို ရွေးကောက်ပွဲတစ်စိတ်တစ်ပိုင်းမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေကတော့ ပုံမှန်ထက်လျော့နည်းတဲ့ ဆန္ဒမဲအရေအတွက်နဲ့ လွှတ်တော်ထဲရောက်လာမယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။

ဒါက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေတွေအရ တရားဝင်ပါတယ်။

ဒါပေမဲ့ ဆန္ဒမဲနည်းပါးတဲ့ ကိုယ်စားပြုမှု ဆိုတာကိုလည်း ငြင်းနိုင်မှာမဟုတ်ပါဘူး။