စစ်တပ်ရွေးကောက်ပွဲရဲ့ အပြောင်းအလဲ ၇ ချက်

စစ်တပ်ရွေးကောက်ပွဲနဲ့ ပြီးခဲ့တဲ့ ‌ရွေးကောက်ပွဲများကွဲပြားချက် သရုပ်ဖော်ပုံ
ဓာတ်ပုံ ပုံစာ, စစ်တပ်ရွေးကောက်ပွဲနဲ့ ပြီးခဲ့တဲ့ ‌ရွေးကောက်ပွဲများကွဲပြားချက် သရုပ်ဖော်ပုံ

အာဏာသိမ်း မြန်မာစစ်တပ်က ၂၀၂၅ ဒီဇင်ဘာမှာ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲ စလုပ်ဖို့ ပြင်ဆင်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်အစိုးရဆီက အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်က အခုရွေးကောက်ပွဲကနေ နိုင်ငံတည်ငြိမ်ရေးနဲ့ အုပ်ချုပ်ရေးမှာ အရပ်သားပါဝင်မှုကို ပြန်လည်ရရှိဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေးလို့ ပြောနေပါတယ်။

နိုင်ငံတကာအကဲခတ်တွေကတော့ ဒါကဒီမိုကရေစီ တကျော့ပြန်လာတဲ့ အခင်းအကျင်းမဟုတ်ဘဲ စစ်တပ်က သူ့ရဲ့ တရားမဝင်တဲ့ အာဏာချုပ်ကိုင်ထားမှုကို တရားဝင်အာဏာအသက်သွင်းတဲ့ နည်းလမ်းတစ်ခုပဲလို့ ကောက်ချက်ချထားကြပါတယ်။

နိုင်ငံရဲ့ အစိတ်အပိုင်းအများစုမှာ စစ်ပွဲနဲ့ ပဋိပက္ခဒဏ်ကို ခံစားနေကြရပြီး ရွေးကောက်ပွဲကျင်းပနိုင်တဲ့နယ်မြေကလည်း အကန့်အသတ်တော်တော်များများ ရှိနေပါတယ်။ ဒီရွေးကောက်ပွဲရဲ့ သမာသမတ်ရှိမှုအပေါ်လည်း မေးခွန်းထုတ်ဝေဖန်မှုတွေကို စစ်တပ်က ရင်ဆိုင်နေရပါတယ်။

စစ်တပ်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ အရင်ရွေးကောက်ပွဲတွေနဲ့ မတူတဲ့ ကွဲပြားချက် ၇ ချက်ရှိပါတယ်။

အပိုင်းလိုက်ကျင်းပမယ့် စစ်တပ်ရဲ့ ရွေးကောက်ပွဲ

စစ်တပ်ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့က မဲစာရင်းကပ်ထားမှု

ဓာတ်ပုံ ရင်းမြစ်, UEC

ဓာတ်ပုံ ပုံစာ, စစ်တပ်ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့က မဲစာရင်းကပ်ထားမှု

အာဏာသိမ်းစစ်တပ်ရဲ့ ၂၀၂၅ ခုနှစ် ‌ရွေးကောက်ပွဲကို ပြင်ဆင်ထားပုံက ၁၉၅၁-၁၉၅၂ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကာလနဲ့ ဆင်တူပါတယ်။ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမှာ ဖြစ်ပါတယ်။ စစ်တပ်က ၃ ပိုင်းခွဲကျင်းပဖို့ ပြင်ထားပါတယ်။

ဒါက နှစ်ပေါင်း ၇၀ ကျော်အကြာမှာ ပထမဆုံးပြန်ကျင်းပမယ့် ကာလရှည်အပိုင်းလိုက်ရွေးကောက်ပွဲပုံစံ ဖြစ်ပါတယ်။ ၁၉၅၁-၁၉၅၂ ခုနှစ် နောက်ပိုင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲအထိ ဒီလို အပိုင်းလိုက်ကျင်းပမှု မရှိခဲ့ပါဘူး။

အပိုင်း ၁ ကို တော့ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မယ်လို့ ကြေညာထားပြီး မြို့နယ် ၁၀၂ ခုမှာ ပြုလုပ်မှာဖြစ်ပါတယ်။ အပိုင်း ၂ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက် မှာ မြို့နယ် ၁၀၀ မှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အပိုင်း ၁ ကို စစ်တပ်က လုံခြုံရေးစိတ်ချရတယ်လို့ သူတို့ယူဆတဲ့ ဒေသ ဒါမှမဟုတ် သူတို့ ထိန်းချုပ်နိုင်တယ်လို့ ယူဆထားတဲ့ ဒေသတွေမှာ စတင်ကျင်းပတဲ့သဘော ဖြစ်ပါတယ်။ စစ်တပ်ဟာ ခုခံတော်လှန်မှုတွေကြား နိုင်ငံရဲ့ နယ်မြေအားလုံးကို ချုပ်ကိုင်ထားနိုင်ခြင်း မရှိပါဘူး။

''ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပရတာက စစ်တပ်ရဲ့ နယ်မြေပြည့် မထိန်းချုပ်နိုင်မှုကို မြင်သာပါတယ်'' လို့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့သူ တစ်ဦးက ပြောပါတယ်။ သူက လုံခြုံရေးအခြေအနေကြောင့် သူ့နာမည်ကို သုံးစွဲခွင့်မပေးပါဘူး။

တစ်နိုင်ငံလုံးမှာ မြို့နယ် ၃၃၀ ရှိပါတယ်။ အပိုင်း ၁ မှာ မြို့နယ် ၃၃၀ ထဲက ၁၀၂ မြို့နယ်မှာပဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။ အပိုင်း ၂ ကိုလာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် ၊ ရွေးကောက်ပွဲအပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်မှာကျင်းပသွားမယ်လို့ ဆိုပါတယ်။

''ဒါက စစ်တပ်ရဲ့ နိုင်ငံတဝန်းထိန်းချုပ်နိုင်မှု ၃၅ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းကြားပဲ ရှိတယ်ဆိုတာကို တွက်ချက်နိုင်ပါတယ်'' လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ရဲ့ ပဋိပက္ခ၊ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာလေ့လာမှုဌာနအစီအစဥ်ရဲ့ ၂၀၂၅ စက်တင်ဘာလကုန်အထိ သုတေသန အချက်အလက်အရ ၂၀၂၅ ခုနှစ်မှာ နယ်မြေထိန်းချုပ်မှုက အပြောင်းအလဲတွေရှိလာပါတယ်။

တော်လှန်ရေးအင်အားစုတွေက နိုင်ငံဧရိယာရဲ့ ၃၃ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီး စစ်ကော်မရှင်က ၆၇ ရာခိုင်နှုန်း ထိန်းချုပ်ထားတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ အနိုင်ရရှိတဲ့ ကိုယ်စားလှယ်တွေရဲ့ မဲရလဒ်ကို နေ့ချင်းပြီး ကပ်ထားမယ်ဆိုပြီး ရွေးကောက်ခံရသူအဖြစ် တရားဝင်ကြေညာတာကိုတော့ အပိုင်းအားလုံးပြီးမှ ထုတ်ပြန်မယ်လို့စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေက တနိုင်ငံလုံးကို တစ်ရက်တည်းကျင်းပခဲ့ပြီး မဲဆန္ဒနယ်အများစုရဲ့ အကြမ်းဖျင်းမဲရလဒ်တွေကို အဲဒီညပိုင်းမှာ သိရှိရတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းက စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်မှု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်းက စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်မှု

မဲရုံ အကန့်အသတ်နဲ့ နေရပ်စွန့်ခွာသူ အမြင့်ဆုံးရွေးကောက်ပွဲ

ကရင်နီ(ကယား) ပြည်နယ်က စစ်ဘေးရှောင်သူများ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ကရင်နီ(ကယား) ပြည်နယ်က စစ်ဘေးရှောင်သူများ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလည်း နိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေနဲ့ မဲဆန္ဒနယ်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု စစ်တပ်ကျင်းပဖို့ ပြင်ထားတဲ့ ၂၀၂၅ ရွေးကောက်ပွဲလို နယ်မြေအများအပြား မကျင်းပနိုင်တဲ့ အခြေအနေတော့ မဟုတ်ခဲ့ပါဘူး။

လက်ရှိမှာ နိုင်ငံရဲ့ ဒေသ ၇၀ ရာခိုင်နှုန်းခန့်မှာ စစ်ပွဲပဋိပက္ခတွေ ရှိနေသလို ရေဘေးနဲ့ ငလျင်ဘေးလို သဘာဝဘေးကြီးတွေ ဖြစ်ခဲ့တာကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းကြသူ သန်းနဲ့ချီ ရှိပါတယ်။

ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလအထိ စာရင်းအရ နိုင်ငံတဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာလူဦးရေ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းခန့် ရှိတယ်လို့ဆိုပါတယ်။

၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့သူ နှစ်ဦးကတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်ခံခြင်း လက်မခံခြင်းက အငြင်းပွားဖွယ်ရှိနေကြတာကြောင့် မဲပေးသူ အနည်းဆုံးပါးဆုံး ရွေးကောက်ပွဲ ဖြစ်နိုင်တယ်လို့ ကြိုတင်ကောက်ချက်ချထား ကြပါတယ်။

''မြို့နယ်အများအပြားမှာ မဲရုံတွေ ဖွင့်လှစ်လည်ပတ်နိုင်ခြင်းမရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါက သန်းနဲ့ချီတဲ့ မဲဆန္ဒရှင်တွေ မဲပေးနိုင်ခြေနည်းတဲ့သဘော ဖြစ်ပါတယ်'' လို့ ၂၀၁၅ ခုနှစ် နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့သူက ပြောပါတယ်။

ဒီတစ်ကြိမ် ရွေးကောက်ပွဲက မဲပေးနိုင်သူအခြေအနေကို ကြည့်ရင် ပြည်တွင်းနေရပ်စွန်ခွာသူအရေအတွက်ကလည်း အမြင့်ဆုံးဖြစ်ပါတယ်။ ပြည်ပထွက်ခွာသူအရေအတွက်လည်း သန်းနဲ့ချီရှိနေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က ထုတ်ပြောထားပါတယ်။

သူ့အပြောအရ ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဥ်ရင် ၂၀၂၅ ဇန်နဝါရီအထိ ၂ နှစ်ကျော်အတွင်း လူ ၄ သန်းဝန်းကျင် ပြည်ပထွက်ခွာသွားတယ်လို့ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ရဲ့ ၂၀၂၅ ခုနှစ် မတ်လ အချက်အလက်အရလည်း ၂၀၂၄ တစ်နှစ် တည်းမှာတင် နယ်စပ်လမ်းကြောင်းကနေ အိမ်နီးချင်းထိုင်းနိုင်ငံထဲကို မြန်မာဦးရေ ၁ ဒသမ ၇ သန်းကျော် ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။

အဲဒီ ပြည်တွင်းနေရပ်စွန့်ခွာသူ၊ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံပြင်ပထွက်ခွာသွားကြသူတွေ၊ အလုပ်အကိုင်အတွက် ပြည်ပထွက်ခွာသူတွေလို သန်းနဲ့ချီ လူဦးရေထဲမှာ မဲပေးခွင့်ရှိတဲ့ အသက် ၁၈ နှစ်နဲ့ အထက်လူဦးရေကလည်း သန်းနဲ့ချီ ပါဝင်နိုင်တာကို အကြမ်းဖျင်းတွက်ချက်နိုင်ပါတယ်။

ဒါက ၂၀၁၀ ရွေးကောက်ပွဲ ကစလို့ ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ်အထိ ရွေးကောက်ပွဲ ၃ ခုနဲ့ နှိုင်းယှဥ်ရင် မဲပေးခွင့်ရှိသူ သန်းနဲ့ချီ ရဲ့ မဲတွေ ရနိုင်ဖို့ မသေချာမှု အမြင့်ဆုံး ရွေးကောက်ပွဲ ဖြစ်ပါတယ်။

PR စနစ်ပါဝင်တဲ့ ပထမဆုံး ရွေးကောက်ပွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲ

ရှေ့က မြန်မာ ရွေးကောက်ပွဲတွေမှာ မဲအများဆုံးရသူ အနိုင်ယူ FPTP (First past the post ) စနစ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ အနီးစပ်ဆုံးပြန်ကြည့်ရင် ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲအထိ FPTP စနစ်နဲ့ပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၅ ဒီဇင်ဘာမှာ စစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ PR (ပီအာ) အချိုးကျကိုယ်စားပြုစနစ်ကို ပေါင်းစပ်ထည့်သွင်းတဲ့ ပထမဆုံး ရွေးကောက်ပွဲ ဖြစ်လာပါတယ်။

ဒါက ရောနှောထားတဲ့ကိုယ်စားလှယ် အချိုးကျစနစ် (Mixed Member Proportion System -MMP) ကို ပြောင်းလဲအသုံးပြုမှာလည်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်အတွက် FPTP စနစ်ဖြစ်ပြီး အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တို့အတွက် PR စနစ်နဲ့ FPTP စနစ်ကိုရောနှောကျင့်သုံးမယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။

''နားလည်လွယ်အောင်ပြောရရင် လုံခြုံရေးအရ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့နေရာတွေမှာ ပီအာစနစ်နဲ့ ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ထဲ လူများများရောက်လာစေဖို့ပဲ။ တနည်းအားဖြင့် ရွေးကောက်ပွဲကို အပြည့်မကျင်းပနိုင်ပေမဲ့ လွှတ်တော်ထဲတော့ ကိုယ်စားလှယ် များများရောက်လာစေဖို့'' ဖြစ်တယ်လို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု အတွေ့အကြုံရှိသူ တစ်ဦးက ပြောပါတယ်။

မဲရလဒ်ကိုတော့ PR နဲ့ FPTP စနစ် ပေါင်းပြီး တွက်ချက်ရေတွက်မှာပါ။ ဒါကြောင့် ပီအာကနေ ဝင်ပြိုင်တိုင်းလည်း မဲအများဆုံးနဲ့ အနိုင်ရမှာ မဟုတ်ပါဘူး။ နိုင်သူအကုန်ယူစနစ်နဲ့ ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး ရတဲ့မဲကို ပီအာဘက်မှာ အဲဒီကိုယ်စားလှ​ယ်လောင်းရဲ့ ပါတီက ရတဲ့မဲတွေအဖြစ်နဲ့ တွက်ချက်မှာဖြစ်လို့ပါ။

ဒီတကြိမ် ရွေးကောက်ပွဲဟာ နိုင်ငံတွင်း တိုက်ပွဲတွေနဲ့ လုံခြုံရေးပြဿနာတွေကြောင့် ဒေသအစုံ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေမရှိပါဘူး။

ဒါကြောင့် စစ်ဗိုလ်ချုပ်ဟောင်းတွေ ယူနီဖောင်းချွတ်ပြီး ဝင်ပြိုင်တဲ့ ကြံ့ခိုင်ရေးပါတီက လွဲလို့ တခြား နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေလည်း နေရာအပြည့် ဝင်ရောက် ယှဥ်ပြိုင်နိုင်တာမရှိပါဘူး။

လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ငါးထောင်နီးပါး အမည်စာရင်းတင်သွင်းထားတယ်လို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်နဲ့ အများဆုံး စာရင်းတင်ခဲ့ပြီး ဒုတိယကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ တတိယနေရာမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) နဲ့ ပြည်သူ့ပါတီတို့ ရှိနေပါတယ်။

ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်း လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာရထားတဲ့ စစ်တပ်ကတော့ အမတ်ခုံနေရာ အပြည့်ယူမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း PR စနစ်က စစ်တပ်နဲ့ နီးစပ်တဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ စစ်တပ် ကိုယ်စားလှယ်တွေသာ လွှတ်တော်ထဲ လွှမ်းမိုးနိုင်မယ်လို့ လွှတ်တော်စောင့်ကြည့်ရေး အကဲခတ်တချို့က သုံးသပ်ပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ ကြေညာချက်အရ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၉ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူ စနစ် (FPTP) မဲဆန္ဒနယ် ၅၆ နယ်တို့မှာ ရွေးကောက်ပွဲတွေ ကျင်းပမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

အပိုင်း ၁၊ ၂ နဲ့ ၃ ရွေးကောက်ပွဲတွေ ကျင်းပပြီးပါက နိုင်ငံတစ်ဝန်းလုံးမှာ စုစုပေါင်း မြို့နယ် ၂၇၄ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပပြီးစီးမှာဖြစ်ပါတယ်။

တဖက်မှာလည်း စစ်တပ်ကိုင်ဆွဲနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၅ (က) အရရွေးကောက်ပွဲ အပိုင်း ၃ အထိ တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေနဲ့ စစ်တပ်ကိုယ်စားလှယ် ၁၆၆ ဦး တို့ပါဝင်ပါရင် ပြည်ထောင်စုလွှတ်တော်ခေါ်ယူနိုင်ပြီး အစိုးရဖွဲ့နိုင်တဲ့အရေအတွက်ရရှိမှာ ဖြစ်ပါတယ်။

အီလက်ထရွန်းနစ်မဲပေးစက်နဲ့ မဲပေးရခြင်း

၂၀၂၅ စစ်တပ်ရွေးကောက်ပွဲက မဲပေးစက်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၂၅ စစ်တပ်ရွေးကောက်ပွဲက မဲပေးစက်

မြန်မာက ခေတ်အဆက်ဆက်ရွေးကောက်ပွဲတွေမှာ ပါတီအမည်စာရင်းပါတဲ့ မဲစာရွက်ပေါ်မှာ ဘောပင်နဲ့ အမှန်ခြစ်ရွေးချယ်ပြီး လျှို့ဝှက်မဲပေးစနစ်ကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ အခု ၂၀၂၅ ရွေးကောက်ပွဲမှာတော့ အီလက်ထရွန်နစ် မဲပေးစက်နဲ့ မဲပေးရမှာဖြစ်ပါတယ်။ ဒါက မြန်မာမှာ ပထမဆုံးလည်းဖြစ်ပါတယ်။

မဲပေးစက်နဲ့ ပတ်သက်ပြီး နည်းပညာဆိုင်ရာ မသမာမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတချို့ရဲ့ ဝေဖန်ချက်တချို့ရှိပါတယ်။

ဒါပေမဲ့ စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) စက်တွေဟာ ယုံကြည်စိတ်ချရပြီး မဲမသမာမှုပြုလုပ်လို့မရဘူးလို့ တုံ့ပြန်ပြောဆိုထားသလို ရွေးကောက်ပွဲကော်မရှင်ကလည်းမဲပေးစက်အသိပညာပေးတွေကျယ်ကျယ်ပြန့်ပြန့်လုပ်ထားတယ်လို့ ပြောနေပါတယ်။

၂၀၂၅ ရွေး​ကောက်ပွဲမှာ အီလက်ထရွန်နစ် မဲပေးစက်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနည်းဆုံးစက်အလုံးရေ ၅၀,၀၀၀ ကို အသုံးပြုမယ်လို့ ရွေးကောက်ပွဲကော်မရှင်ဆီက သိရပါတယ်။

ဒီစက်နဲ့ သုံးစွဲတဲ့ နည်းပညာကို အိန္ဒိယက ထောက်ပံ့တာလို့ ပြောဆိုချက်တွေရှိပေမဲ့ ဘယ်နိုင်ငံက နည်းပညာထောက်ပံ့ပေးသလဲဆိုတာကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီ မဲပေးစက်တွေဟာ ပြည်တွင်းက ပညာရှင်တွေကိုယ်တိုင် တီထွင်ဖန်တီးထားတာဖြစ်ပြီး မကြာသေးခင်ကပဲ ဒီစက်နဲ့ပတ်သက်လို့အမျိုးသားစံချိန်စံညွှန်းလည်းရဖို့ ဆောင်ရွက်ပြီးစီးခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

တင်းကျပ်သော ဥပဒေသစ်တွေနဲ့ ရွေးကောက်ပွဲကို ထိန်းချုပ်

စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်

၂၀၂၅ စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ အသစ်ဖြစ်လာတွေထဲက တစ်ခုကတော့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်း ဒါမှမဟုတ် ပြစ်တင်ဝေဖန်ခြင်းတို့အတွက် နှစ်ရှည်ထောင်ဒဏ် ဒါမှမဟုတ် သေဒဏ်အပါအဝင် ပြင်းထန်တဲ့ ပြစ်ဒဏ်များ ချမှတ်နိုင်တဲ့ ဥပဒေကို စစ်တပ်က ပြဋ္ဌာန်းထားပါတယ်။

ဒီဥပဒေအရ ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးမယ်ဆိုရင် အနည်းဆုံးထောင်သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း နဲ့ သေဒဏ်အထိ ချမှတ်ခံရနိုင်ပါတယ်။

''ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေကို နှုတ်ဆိတ်နေအောင် လုပ်ထားတာပါ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ရင်အချိန်မရွေး ဖမ်းဆီးခံရနိုင်တယ်ဆိုတာ ခြိမ်းခြောက်ထားတဲ့ ဥပဒေပါ'' လို့ ပြည်တွင်းမှာ နေထိုင်တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်ပါတယ်။

စစ်ခေါင်းဆောင် လက်မှတ်ရေးထိုးထားတဲ့ အဲဒီဥပဒေနဲ့ ဥပ‌ဒေစတင်ပြဋ္ဌာန်းခဲ့တဲ့ ဇူလိုင်လကနေ အောက်တိုဘာလအတွင်းလူပေါင်း ၁၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး ဖြစ်ပါတယ်။ သူတို့ကို အနည်းဆုံး ထောင်ဒဏ် ၇ နှစ် ကနေ အများဆုံး ၂၅ နှစ်အထိ ချမှတ်ထားပါတယ်။

ဒီဥပဒေအရ ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေကို တားဆီးနှောင့်ယှက်တာ၊ မဲဆွယ်စည်းရုံးမှုတွေကို နှောင့်ယှက်ဟန့်တားတာတွေကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဒါတင်မက မဲပေးသူတွေကို နှောင့်ယှက်တားဆီးတာတွေ မလုပ်နိုင်ဖို့နဲ့ မဲရုံဝန်ထမ်းတွေကို အကာအကွယ်ပေးနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဥ်တွေနဲ့ သက်ဆိုင်တဲ့ မဲဆန္ဒရှင်၊ ကိုယ်စားလှယ်လောင်း၊ မဲရုံမှူးမဲရုံအဖွဲ့ဝင်နဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက တာဝန်ပေးထားသူတွေကို ခြိမ်းခြောက် ဟန့်တား နှောင့်ယှက်တာ၊ ထိခိုက်နာကျင်စေတာမျိုးလုပ်ရင်တော့ အနည်းဆုံး ထောင်သုံးနှစ်ကနေ ထောင် ၂၀ ထိ ချမှတ်ခံရနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အဲဒီဥပဒေနဲ့ ဖမ်းဆီးထားတာ နိုဝင်ဘာ ၁၈ အထိ လူတစ်ရာနီးပါးရှိနေပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ပျောက်ဆုံးနေသူတွေ နဲ့ ပိတ်ပင်ခံပါတီတွေ

၂၀၂၀ ရွေးကောက်ပွဲတုန်းက NLDပါတီ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ရွေးကောက်ပွဲတုန်းက NLDပါတီ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။ NLD တင်မက တိုင်းရင်းသားပါတီထဲ လူထုထောက်ခံမှုများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) လည်း ပါတီမှတ်ပုံပြန်တင်ဖို့ ငြင်းဆန်ခဲ့လို့ ပါတီမှတ်ပုံတင် ဖျက်သိမ်းခံရထားရပါတယ်။

NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်တပ်က အကျဥ်းချထားပါတယ်။ သဘောက မြန်မာမှာ လူထုထောက်ခံမှုအမြင့်ဆုံးနဲ့ လူထုကြား ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ ပါတီက အခုရွေးကောက်ပွဲမှာ ဝင်ပြိုင်နိုင်ခြင်း မရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေက ပုဒ်မတချို့ကို ပြင်ဆင်ဖြည့်စွက်ပြီး ပါတီတချို့ကို နောင်ရွေးကောက်ပွဲတွေအထိ မဝင်နိုင်အောင် တားမြစ်ထားပါတယ်။

ဖြည့်စွက်ချက်အရ "ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုတွေကို ကျူးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိရင်" နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိ'' ဆိုတဲ့အချက်ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပယ်ဖျက်ခံထားရပြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပေါ် ဥပဒေအရ ထပ်မံကန့်သတ်တဲ့သဘောဖြစ်လို့ နောင်ကာလတွေအထိ NLD မပါဝင်တဲ့ ရွေးကောက်ပွဲအခင်းအကျင်းကို ပုံဖော်လိုက်တာလို့ နိုင်ငံရေးအသိုင်းအဝိုင်းက ရှုမြင်ပါတယ်။

''၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပေးပြီး NLD ကို ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့တာမျိုး ထပ်မဖြစ်အောင် တားဆီးတဲ့သဘော'' လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

၂၀၁၂(ကြားဖြတ်) ၊ ၂၀၁၅ ၊ ၂၀၁၈(ကြားဖြတ်) နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ NLD ပါတီက လူထုကြားလွှမ်းမိုးမှုရှိခဲ့ပြီး အခု ၂၀၂၅ မှာတော့ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားသလို နိုင်ငံတွင်းက ပါတီကိုထောက်ခံဝန်းရံသူတွေလည်း လှုပ်ရှားမရတဲ့ အခြေအနေဖြစ်ပါတယ်။

ကမ္ဘာ့ နိုင်ငံတွေကြား သဘောထား ကွဲမှုဖြစ်တဲ့ ရွေးကောက်ပွဲ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်

ဓာတ်ပုံ ရင်းမြစ်, UN

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်

စစ်တပ်က စီစဉ်ထားတဲ့ ၂၀၂၅ ရွေးကောက်ပွဲအပေါ် ကမ္ဘာကြီးအမြင်က သိသိသာသာ ကွဲနေပါတယ်။ အနောက်နိုင်ငံ အစိုးရတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အတုအယောင် ရွေးကောက်ပွဲလို့ ဝေဖန်ပါတယ်။

ထောင်နဲ့ ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထိန်းသိမ်းထားဆဲဖြစ်ပြီး နိုင်ငံရဲ့နေရာအနှံ့အပြားမှာ ပဋိပက္ခတွေ ပြင်းထန်နေတာကြောင့် ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို မေးခွန်းထုတ်စရာရှိတယ်လို့ ကုလသမဂ္ဂ က ပြောထားပါတယ်။

တရုတ်နဲ့ ရုရှားက ရွေးကောက်ပွဲကို ထောက်ခံထားပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ သဘောက ရွေးကောက်ပွဲကတဆင့် ပြောင်းလဲမယ့် အခြေအနေကို လက်ခံအားပေးတဲ့သဘောကို ပိုပြီး ပြောပါတယ်။

အာဆီယံထဲမှာတော့ ထောက်ခံခြင်း၊ မထောက်ခံခြင်းတွေ ရောထွေးနေပါတယ်။ မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ကတော့ မြန်မာရဲ့ အခြေအနေက ရွေးကောက်ပွဲကျင်းပဖို့ အဆင်သင့်မဖြစ်သေးကြောင်း အလေးပေး ပြောကြားထားပါတယ်။

သူတို့သဘောက အကြမ်းဖက်မှုအဆုံးသတ်ရေး၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးနဲ့ တွေ့ဆုံဆွေးနွေးရေးတို့ကို အရင်ပြီးမြောက်အောင် ဆောင်ရွက်စေချင်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ့ အိမ်နီးချင်း ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့ကတော့ စစ်တပ်ရွေးကောက်ပွဲအပေါ် တိတိကျကျ မှတ်ချက်ပေးတာမရှိပေမဲ့ မြန်မာ့အရေး မြန်မာကိုယ်တိုင်ဦးဆောင်ဖြေရှင်းရေးကို ဇောင်းပေးပြောဆိုထားကြပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတားရက်စ်ကတော့ မြန်မာမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ပွင့်လင်းမျှတမယ်လို့ ယုံကြည်သူမရှိလောက်ဘူးလို့ ပြောထားပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ အောက်တိုဘာလ ၂၇ ရက်တုန်းကပြုလုပ်ခဲ့တဲ့ အာဆီယံ - ကုလသမဂ္ဂ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် သူက ပြောခဲ့တာပါ။

ဒါ့အပြင် ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေအတွက် ဖြေရှင်းနိုင်မယ့်အဖြေကို ဦးတည်မယ်လို့လည်း မယူဆတဲ့အကြောင်း သူက ပြောပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့၊ ဘက်စုံပါဝင်တဲ့ ဆွေးနွေးပွဲကို စိတ်ဆန္ဒရှိရှိဖော်ဆောင်ဖို့နဲ့ အကြောင်းမဲ့ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးရာကနေ စတင်မယ့် အရပ်သားအုပ်ချုပ်မှုလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ကိုပဲ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။

၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတုန်းက အခုတကြိမ်လို ကမ္ဘာ့နိုင်ငံတွေကြား အငြင်းပွားမှုနဲ့ သဘောထားကွဲလွဲမှုတွေမရှိခဲ့သလို နိုင်ငံတကာကလေ့လာစောင့်ကြည့်တဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေ အများအပြားလာရောက်ခဲ့ပါတယ်။