ဦးသန်းစိုး - တပ်ကိုကာကွယ်သူ ကော်မရှင်ဥက္ကဋ္ဌ

ဦးသန်းစိုးကို တပ်ကိုသစ္စာစောင့်သိတဲ့ သဘောထားတင်းမာသူ ဗိုလ်ချုပ် အဖြစ် သိကြပါတယ်။
ဓာတ်ပုံ ပုံစာ, ဦးသန်းစိုးကို တပ်ကိုသစ္စာစောင့်သိတဲ့ သဘောထားတင်းမာသူ ဗိုလ်ချုပ် အဖြစ် သိကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက "မဲဆွယ်စည်းရုံးတဲ့အခါ တပ်မတော်ဂုဏ်သိက္ခာထိခိုက်စေမယ့် ပြောဆိုဟောပြောမှုတွေမလုပ်ဖို့" မကြာခဏ သတိပေးနေတယ် လို့ပါတီတွေက ပြောပါတယ်။

ကော်မရှင်ဥက္ကဋ္ဌတစ်ယောက်ရဲ့ အဓိက တာဝန်က လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတစ်ခု အောင်မြင်အောင် ကျင်းပနိုင်ရေးဖြစ်ပေမဲ့ အငြိမ်းစားဗိုလ်ချုပ်သန်းစိုးအတွက်ကတော့ တပ်ရဲ့သိက္ခာမထိပါးရေးကပါ တာဝန်တစ်ရပ်ဖြစ်နေသလို မြင်ရပါတယ်။

ဒါကလည်း သူယူခဲ့တဲ့ အတိတ်တာဝန်တွေရဲ့ အရိပ်ထိုးမှုနဲ့ ဆက်စပ်နေပါတယ်။

ရှုပ်ထွေးတဲ့မဲပေးစနစ်တွေနဲ့အတူ ပြည်တွင်းစစ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို တာဝန်ယူမယ့်သူက တပ်ကိုသစ္စာစောင့်သိတဲ့ သဘောထားတင်းမာသူ အငြိမ်းစားဗိုလ်ချုပ်တစ်ဦး ဖြစ်လို့နေပါတယ်။

NLD လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ မတ်တပ်ရပ်ကန့်ကွက်မှုတွေကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ဟာ အခုတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပပေးမယ့်သူ ဖြစ်လာပါတယ်။

သူက စစ်တက္ကသိုလ်အပတ်စဥ် ၂၃ ဆင်းဖြစ်ပြီး ဝန်ကြီးချုပ်ဦးညိုစောနဲ့ အပတ်စဥ်တူသူ ဖြစ်ပါတယ်။

တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူး၊ တွဲဖက်စစ်ရေးချုပ်စတဲ့ တာဝန်တွေယူခဲ့ဖူးသူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်သိန်းစိုးမှ ဗိုလ်ချုပ်သန်းစိုးသို့

၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သူ စစ်ဥပဒေချုပ်ဟောင်းဦးသိန်းစိုး

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သူ စစ်ဥပဒေချုပ်ဟောင်းဦးသိန်းစိုး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောင်းလဲခန့်အပ်မှု ၆ ကြိမ်အထိ ရှိခဲ့ပြီး အရပ်သားတစ်ဦးပဲ ဥက္ကဋ္ဌ ဖြစ်ဖူးပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အငြိမ်းစားဗိုလ်ချုပ်သိန်းစိုး၊ အငြိမ်းစားဒုဗိုလ်ချုပ်ကြီးတင်အေး၊ ပါမောက္ခချုပ်ဟောင်းဦးလှသိန်း၊ အငြိမ်းစားဗိုလ်မှူးကြီးကိုကိုနဲ့ လက်ရှိဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်သန်းစိုးတို့ဖြစ်ပါတယ်။

စစ်ဥပဒေချုပ်ဟောင်းဦးသိန်းစိုးကတော့ လွတ်လပ်တရားမျှတမှုမှာ မေးခွန်းထုတ်ခံခဲ့ရတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သူဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက်ပြန်ဖွဲ့တဲ့ ကော်မရှင်မှာလည်း တာဝန်ထပ်ပေးခံရပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ စစ်တက္ကသိုလ်အပတ်စဥ် (DSA-9) တစ်ခုတည်းဆင်းတဲ့ အငြိမ်းစားဒုဗိုလ်ချုပ်ကြီးတင်အေးကို ကော်မရှင်ဥက္ကဋ္ဌ ခန့်တဲ့အခါ သမ္မတရဲ့ သူငယ်ချင်း ဖြစ်တာကြောင့် မေးခွန်းထုတ်ခံရမှုတွေရှိခဲ့ပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပပေးနိုင်သူအဖြစ် မှတ်ကျောက်တင်ခံရပါတယ်။

တစ်ဦးတည်းသော အရပ်သားဥက္ကဋ္ဌဖြစ်သူ ဦးလှသိန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ခန့်အပ်တဲ့ ကော်မရှင်ဥက္ကဋ္ဌဖြစ်ပါတယ်။

နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကပါ လွတ်လပ်မျှတမှုရှိပါတယ်လို့ အသိအမှတ်ပြုခံခဲ့ရတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပေမဲ့ စစ်တပ်က အဲဒီရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ပြောပြီး အာဏာသိမ်းခဲ့ပါတယ်။

သူက ရွေးကောက်ပွဲကြောင့် ထောင်ပါကျခဲ့ပြီး အခုတော့ လွတ်ရက်စေ့လို့ ပြန်လွတ်လာပါပြီ။

အာဏာသိမ်းပြီးတဲ့နောက် ဦးသိန်းစိုးက ဥက္ကဋ္ဌပြန်ဖြစ်ပေမဲ့ ၂၀၂၄ မှာ ဦးကိုကိုနဲ့ အစားထိုးခံရပါတယ်။

စစ်တက္ကသိုလ်အပတ်စဥ် ၁၀ ဆင်း တဲ့ အငြိမ်းစားဗိုလ်မှူးကြီးကိုကို ဟာ သူ့ရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် ရွေးကောက်ပွဲကိုဦးဆောင်ကျင်းပပေးနိုင်ပါ့မလားလို့ သံသယရှိသူ များပါတယ်။

ဒါပေမဲ့ တာဝန်ယူပြီး တစ်နှစ်ကျော်အကြာမှာပဲ အနားပေးခံရပြီး အငြိမ်းစားဗိုလ်ချုပ်သန်းစိုးက ဥက္ကဋ္ဌဖြစ်လာပါတယ်။

ဦးသန်းစိုးဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပြန်ဖွဲ့တဲ့ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လေးနှစ်ကျော်အကြာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ ဥက္ကဋ္ဌရာထူး တိုးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။

သူဟာ ကော်မရှင်အဖွဲ့ဝင် တာဝန်ယူကတည်းက ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံတချို့ရဲ့ အရေးယူပိတ်ဆို့မှု စာရင်းထဲပါခဲ့သူ ဖြစ်ပါတယ်။

သဘောထားတင်းမာသူ ဗိုလ်ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်သန်းစိုး

ဓာတ်ပုံ ရင်းမြစ်, ss

ဓာတ်ပုံ ပုံစာ, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်သန်းစိုး

ဗိုလ်ချုပ်သန်းစိုးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခြင်း ခံရပါတယ်။

သူ့ကို သတိထားမိသွားကြတဲ့ အဓိကအကြောင်းက NLD သမ္မတလောင်းတွေကို မထောက်ခံမှုပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်သန်းစိုးက သမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့မှာပါတဲ့ တစ်ဦးတည်းသော တပ်ကိုယ်စားလှယ် ဖြစ်ပါတယ်။

NLD ကတင်တဲ့ သမ္မတဦးထင်ကျော်ကို သမ္မတ အရည်အချင်းနဲ့ပတ်သက်ပြီး ထောက်လည်းမထောက်ခံ ကန့်လည်းမကန့်ကွက်ခဲ့တဲ့ ဗိုလ်ချုပ်သန်းစိုးရဲ့သဘောထားကို NLD ခေါင်းဆောင်တွေ အံ့သြခဲ့ကြရပါတယ်။

ဦးထင်ကျော်က ရွေးကောက်ခံကိုယ်စားလှယ်မဟုတ်ဘူးလို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြည်ပမှာ ၆ နှစ်လောက် နေခဲ့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို စိစစ်ပေးဖို့ ပြောဆိုပြီး ကန့်ကွက်ခဲ့သူဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ တပ်အစုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မောင်မောင်ကို NLD လွှတ်တော်ကို အတိုက်အခံလုပ်သူအဖြစ် လူသိများပေမဲ့ အမျိုးသားလွှတ်တော်ရဲ့ တပ်အစုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်သန်းစိုးက ပိုပြီးသဘောထားတင်းမာသူလို့ လွှတ်တော်မှာ သိကြပါတယ်။

သမ္မတလောင်းအရည်အချင်းကန့်ကွက်မှုကစပြီး လုံခြုံရေးနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြင်ဆင်ပယ်ဖျက်တာအလယ် အခြေခံဥပဒေပြင်ဆင်မှုအဆုံး NLD လွှတ်တော်မှာ တပ်က အကြိမ်ကြိမ်ကန့်ကွက်မှုတွေလုပ်ခဲ့ပါတယ်။

NLD လွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကြိမ်ဖန်များစွာသော မတ်တပ်ရပ်ကန့်ကွက်မှုတွေကို ဦးဆောင်ခဲ့သူက ဗိုလ်ချုပ်သန်းစိုး ဖြစ်ပါတယ်။

"တပ်အစုအဖွဲ့ခေါင်းဆောင်တွေက တပ်ချုပ်နဲ့ အမြဲတွေ့ရတယ်။ လွှတ်တော်ထဲက အခြေအနေတွေကို တင်ပြရတယ်။ ဗိုလ်ချုပ်သန်းစိုးက တပ်ချုပ်ရဲ့ တကယ့်လူရင်းပေါ့" လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ သဘောထားတင်းမာသလား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ အောက်တိုဘာ ၁၈ မှာ တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, UEC

ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ အောက်တိုဘာ ၁၈ မှာ တွေ့ဆုံ

ဦးသန်းစိုးဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ယုံကြည်ခြင်းခံရသူတစ်ဦး ဆိုတာကို သူ့ကိုပေးခဲ့တဲ့တာဝန်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

လွှတ်တော်ထဲက တပ်ကိုယ်စားလှယ်ခေါင်းဆောင်၊ ကက(ပြည်)ညွှန်ကြားရေးမှူးနဲ့ တွဲဖက်စစ်ရေးချုပ်ရာထူးတွေ အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရာထူးလို အရေးကြီးရာထူးတွေကို ပေးခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်သန်းစိုးဟာ မာမာပြတ်ပြတ် လုပ်တတ်သူလို့ သူ့မိတ်ဆွေတချို့က ပြောပါတယ်။

ကော်မရှင်ဥက္ကဋ္ဌဖြစ်လာပြီးတဲ့နောက် ဦးသန်းစိုးရဲ့ ကနဦးဆုံးဖြတ်ချက်တစ်ခုက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

NDF ဟာ NLD ပါတီဝင်ဟောင်းတွေလည်းဖြစ် စစ်ကောင်စီဝင်ဟောင်းတွေလည်းဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်တို့ ၂၀၁၀ ကထောင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။

ဒါ့အပြင် NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းကလည်း NDF ဒုတိယဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာပြီးရက်ပိုင်းမှာပဲ ဖျက်သိမ်းခံရတာ ဖြစ်ပါတယ်။

သတ်မှတ်ကာလအတွင်းတင်ပြရမယ့် ပါတီဝင် အင်အား၊ ဖွင့်လှစ်ရမယ့် ပါတီရုံးခန်းအရေအတွက်တွေကို ပြင်ဆင်ဖြေလျှော့ပေးခဲ့ပေလည်း မတင်သွင်းနိုင်လို့ ဖျက်သိမ်းခဲ့ရတာလို့ ဦးသန်းစိုးက ပါတီတွေနဲ့တွေ့တဲ့အခါ ပြန်ရှင်းပြပါတယ်။

ဥပဒေအတိုင်းတိတိကျကျလုပ်မယ်ဆိုတာကို ပြလိုက်တာ ဖြစ်ပေမဲ့ ကော်မရှင်ထဲမှာလည်း ဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေကမတည်မငြိမ်ဖြစ်နေလို့ ဝေဖန်ခံရပါတယ်။

ပထမအကြိမ်ကြေညာတဲ့မဲစာရင်းတွေ မှားယွင်းမှုများနေတာကြောင့် ကော်မရှင်က အတော်ကြီး ဝေဖန်ခံခဲ့ရပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ စစ်တက္ကသိုလ်အပတ်စဥ် (DSA-9) တစ်ခုတည်းဆင်းတဲ့ အငြိမ်းစားဒုဗိုလ်ချုပ်ကြီးတင်အေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတဦးသိန်းစိန်နဲ့ စစ်တက္ကသိုလ်အပတ်စဥ် (DSA-9) တစ်ခုတည်းဆင်းတဲ့ အငြိမ်းစားဒုဗိုလ်ချုပ်ကြီးတင်အေး

ဒါ့အပြင် လိုက်နာရမယ့် မဲဆွယ်စည်းရုံးရေး စည်းမျဥ်းတွေကလည်း တင်းကျပ်လွန်းတယ်လို့ ကိုယ်စားလှယ်လောင်းတချို့က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ နိုင်ငံရေးပါတီတွေနဲ့ အောက်တိုဘာ ၁၈ မှာ တွေ့ဆုံခဲ့ပြီး အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။

သတ်မှတ်ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် သက်ဆိုင်ရာဥပဒေတွေအရ အရေးယူခံရမယ်လို့ အဲဒီတွေ့ဆုံပွဲမှာ ဦးသန်းစိုးက သတိပေးပါတယ်။

"တပ်မတော်က ရွေးကောက်ပွဲကို အဆင်‌ပြေပြေကျင်းပနိုင်အောင် လုပ်ပေးနေတယ်။ တပ်မတော်ဂုဏ်သိက္ခာထိခိုက်စေမယ့် ပြောဆိုစည်းရုံးမှုတွေ မလုပ်ကြဖို့လိုတယ်"လို့ ဦးသန်းစိုးက ပြောပါတယ်။

သက်ဆိုင်ရာ ပါတီဝင်တွေ၊ ပါတီထောက်ခံသူတွေကိုလည်း အသိပေးထိန်းကျောင်းဖို့ သူကပြောပါတယ်။

ကော်မရှင်ဥက္ကဋ္ဌဟာ ပါတီတွေကို ထိန်းကျောင်းသတိပေးနေပေမဲ့ သူ့အာဏာမသက်ရောက်မယ့် အစုအဖွဲ့တွေလည်း ရှိနေပါတယ်။

ရွေးကောက်ပွဲကို ကန့်ကွက်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖြစ်ပါတယ်။

လုံခြုံရေးစိန်ခေါ်ချက်ကြီးတဲ့ ရွေကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ ဟာ

အောက်တိုဘာ ၂၈ ရက်မှာ စတင်ပြီဖြစ်ပါတယ်။

သုံးပိုင်းခွဲကျင်းပမယ့် ရွေးကောက်ပွဲဖြစ်တဲ့အတွက် ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်သန်းစိုးအတွက် ဆက်လျှောက်ရမယ့် ခရီးက မပြီးသေးပါဘူး။

"တကယ်တော့ ကော်မရှင်ဥက္ကဋ္ဌရာထူးက ပုံမှန်အတိုင်းတောင် တာဝန်ကြီးတယ်။ အဝေဖန်ခံရတယ်။ အခုအခြေအနေမှာတော့ ပြောမနေပါနဲ့တော့။ တကယ့်ထိုင်ခုံပူကြီးပါ။ ဒါပေမဲ့ သူကတော့ မာပါတယ်" လို့ ဦးသန်းစိုးရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။