ကိုဗစ်ဘေးနဲ့ ဝေဖန်မှုများကြားက ရွေးကောက်ပွဲကော်မရှင်

ဓာတ်ပုံ ရင်းမြစ်, Reuters
ရွေးကောက်ပွဲ နိုင်ငံရေးကို လွန်ခဲ့တဲ့ ၁၀ နှစ်က ပြန်လည်စတင်ကျင့်သုံးလာတဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ သက်တမ်းနှစ်ဆက်ရှိလာချိန်မှာ ကော်မရှင်တွေအပေါ် ဝေဖန်မေးခွန်းထုတ်မှုတွေက တဖြည်းဖြည်း ပိုအရှိန်မြင့်လာပါတယ်။ ဒီပြဿနာတွေစတင်လာတဲ့ အကြောင်းတစ်ရပ်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကော်မရှင်ကို သမ္မတကခန့်ပြီး သမ္မတသက်တမ်းနဲ့အတူထားတဲ့အတွက် ကော်မရှင်အဖွဲ့ဝင်တွေဟာ လက်ရှိအာဏာရပါတီနဲ့ သမ္မတအကျိုးကိုပဲ ဦးစားပေး လုပ်နေတယ်ဆိုတဲ့ အမြင်တွေရှိနေကြလို့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UEC
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် တစ်ခုနဲ့တစ်ခု သွားလာခွင့်ကန့်သတ်မှု စည်းမျဥ်းတွေချထားတဲ့ ကာလအတွင်း ရွေးကောက်ပွဲကို မရွှေ့ဆိုင်းဘဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဟာ ရွေးကောက်ပွဲကော်မရှင် အဓိက ဝေဖန်ခံရတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။
ဒါအပြင် ရွေးကောက်ပွဲကော်မရှင်ဟာ ဘက်လိုက်နေသလားဆိုတဲ့ သံသယဖြစ်စရာ အချက်အလက်တွေ သူတို့မှာရှိနေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။
နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်းတွေ ဆင်ဆာဖြတ်ခံရပြီးတဲ့နောက်မှာတော့ ကော်မရှင်ဟာ အစိုးရငြိုငြင်မှာကြောက်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေက ပိုပြီး ကျယ်ကျယ်လောင်လောင် ရှိလာပါတယ်။
ကော်မရှင်ကိုဘာကြောင့်ဝေဖန်ကြသလဲ
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးဖို့ ဘယ်လောက်အထိအာမခံပါသလဲ ဆိုတဲ့ မေးခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ကြားလာရပါတယ်။
ဘယ်သူ့ရဲ့လွှမ်းမိုးချုပ်ကိုင်မှုမှမရှိဘဲ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ လွတ်လွတ်လပ်လပ်ဆောင်ရွက်နေတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်ဖြေခဲ့ ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ကော်မရှင်ကို မေးခွန်းထုတ်သံတွေက ပိုမိုကျယ် လောင်လာနေတာဖြစ်ပါတယ်။
အောက်တိုဘာ ၂၄ ရက်ကပြုလုပ်တဲ့ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ကြိုတင်မဲစာအိတ်တွေပွင့်နေတာနဲ့ ပတ်သက်လို့ ပြည်ပရောက် မဲဆန္ဒရှင်တစ်ယောက်က ကော်မရှင်ကိုဝေဖန်ထားတဲ့ ဗီဒီယိုဖိုင်ကို ဖွင့်ပြခဲ့ပါသေးတယ်။
'ကော်မရှင်ဘက်က လုပ်တာကိုင်တာတွေကို သဘောမကျဘူး။ အာဏာရပါတီဘက်ကို ပင်းပြီးလုပ်နေတယ်လို့ယူဆရတယ်။နိုင်ငံရေးပါတီ တော်တော်များများကလည်း အဲ့ဒီလိုယူဆထားကြတယ်' လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UEC
မပြေးသော် ကန်ရာရှိ
အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးတင်အေးဟာ သူကျင်းပပေးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲရဲ့ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတွေကို မဖြေရှင်းခဲ့ဘဲ အငြိမ်းစားပါမောက္ခချုပ်တစ်ဦးဖြစ်တဲ့ ကော်မရှင်ဥက္ကဋ္ဌသစ် ဦးလှသိန်း အတွက် ချန်ထားခဲ့ပါတယ်။
ဒါဟာ ဦးလှသိန်းကော်မရှင်ကို မေးခွန်းထုတ်စရာတွေဖြစ်ပေါ်လာစေမယ့် နိဒါန်းဖြစ်ခဲ့ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲရဲ့ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သက်ဆိုင်တဲ့ အမှုပေါင်း ၄၀ မှာ ၃၆ မှုအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေပဲ အနိုင်ရခဲ့တာပါ။
၂၀၁၇ နဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေပဲ အနိုင်ရခဲ့တယ်လို့ နိုင်ငံရေးပါတီတွေ ဘက်က ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့်က NLD ကိုယ်စားလှယ်ကို သူတို့ပါတီက သက်သေအခိုင်အလုံနဲ့ ကန့်ကွက်ခဲ့ပေမယ့် ကော်မရှင်က NLD ကိုပဲ အနိုင်ပေးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန် ဖြစ်စဥ်ကို ပြန်ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UEC
'မန္တလေးက ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီးနေရာကို ဗမာအဖေ၊ ဗမာအမေကမွေးတဲ့ NLD ကိုယ်စားလှယ်လောင်းက နာမည်မှာ စိုင်း တပ် ပြီး ၀င်ပြိုင်တယ်ဗျာ။ အဲ့ဒါ ကျွန်တော်တို့က ကန့်ကွက်တာ။ NLD ကိုပဲအနိုင်ပေးလိုက်တယ်' လို့ စိုင်းကျော်ညွန့် က ပြောပါတယ်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာလည်း NLD ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ရှင်းတမ်းတွေနဲ့ ပတ်သက်လို့ သက်သေ အခိုင်အမာနဲ့ ကန့်ကွက်ခဲ့ပေမဲ့ ရှုံးခဲ့ရပြန်တယ်လို့ သူကပြောပါတယ်။
'သမာသမတ် ရှိတယ်ဆိုတာ ဘယ်လို ယုံရမလဲ။ လက်တွေ့ နှစ်ခါခံရတယ်' လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ဆိပ်ကမ်းမြို့နယ်က အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးအမတ် ဦးနေမျိုးအောင်ကို NLDကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ကန့်ကွက်မှုနိုင်ခဲ့ပြီးတဲ့နောက် ဆိပ်ကမ်းမဲဆန္ဒနယ်ကို ဖျက်သိမ်းခဲ့လို့ ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေက ကော်မရှင်ကို ဝေဖန်ခဲ့ကြပြန်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကိုလည်း ကိုဗစ်ကပ်ကြောင့် ရွှေ့ဆိုင်းသင့်တယ်လို့ပါတီတချို့ကထုတ်ပြောပြီး တရားဝင်စာတင်ခဲ့ကြပေမယ့် ကော်မရှင်ဟာ ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး၊ ပါတီတွေကို ပြန်ရှင်းပြတာမျိုး မလုပ်ခဲ့ပါဘူး။
နိုဝင်ဘာလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဟာ လူ ငါးသောင်းကျော်ကူးစက်ခဲ့ပြီး တစ်ထောင်နှစ်ရာကျော် သေဆုံးမှုတွေရှိတယ်လို့ တရားဝင် စာရင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
လွတ်လပ်ပြီးတရားမျှတတဲ့ အခြေအနေမရှိလို့ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ နယ်မြေတွေစာရင်းကို ထုတ်ပြန်တဲ့ အခါမှာလည်း ကော်မရှင်ဟာ အကြီးအကျယ် ဝေဖန်ခံရပြန်ပါတယ်။ အချက်အလက်တွေအရ တိုက်ဆိုင်စွာပဲ ရွေးကောက်ပွဲ လုံးဝမကျင်းပဖြစ်မယ့် ရခိုင်ပြည်နယ်က ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က တစ်မြို့နယ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်မရခဲ့တဲ့ နယ်မြေတွေ ဖြစ်နေပါတယ်။
တစ်ဆက်ထဲမှာပဲ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့ပြီး အခုလောလောဆယ်မှာကို တိုက်ပွဲတွေများနေတဲ့ ချင်းပြည်နယ်ပလက်ဝလို နေရာမှာတော့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပတာကိုလည်း ဝေဖန်ခဲ့ကြပြန်ပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲက NLD ရှားရှားပါးပါး အနိုင်ရခဲ့တဲ့ တောင်ကုတ်လိုနေရာမှာ မြို့ပေါ်ရပ်ကွက် (၄) ခုထဲနဲ့ ရွေးကောက်ပွဲကျင်းပတာကိုလည်း ရခိုင်အမျိုးသားပါတီက ဝေဖန်ကြပြန်ပါတယ်။
'၂၀၂၀ရွေးကောက်ပွဲအခင်းအကျင်းမှာ UEC ရဲ့ အဆောင်အရွက်ဟာ တကယ့်ကို ကိုးရိုးကားယား ကလေးကစားသလိုဖြစ်နေတယ်' လို့ ရခိုင်အမျိုးသားပါတီရဲ့ ပြောခွင့်ရ ဒေါ်အေးနုစိန်က ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Office
ကိုယ့်လူတွေပဲ ထားခဲ့လေသလား
ကော်မရှင်အတွက် နောက်ဆုံးထိုးနှက်ချက်ကတော့ လက်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ရဲ့ အောက်တိုဘာ ၃၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့အချက်ပါ။ မြို့နယ်နဲ့ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲတွေ ပြန်ဖွဲ့စည်းတဲ့အချိန်တုန်းက NLD ပါတီ က 'ကိုယ့်လူတွေပဲထားရမယ်' ဆိုတဲ့ ညွှန်ကြားချက်ထွက်ခဲ့တဲ့အကြောင်း ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
'လက်သင့်ရာစားတော်ခေါ်သလို နီးစပ်ရာလူတွေ ကိုယ့်ပါတီဝင်တွေကို ထွက်ခိုင်းပြီးတော့မှ၊ ဒါက ကျင့်ဝတ်နဲ့မညီဘူးလို့ ယူဆရတယ်' လို့ သူကပြောခဲ့ပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဝေဖန်ခံရတာဟာ အခု NLD ပါတီက ခန့်အပ်တဲ့ ကော်မရှင်တင်မဟုတ်ပါဘူး။ အရင်အစိုးရ လက်ထက်က ခန့်အပ်ခဲ့တဲ့ ကော်မရှင်လည်း ဝေဖန်ခံရတာတွေ ရှိခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးကနေ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဦးတင်အေးဟာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေကို အငြိမ်းစားတပ်မတော်သားတွေ ခန့်ခဲ့ခြင်းကလည်း အဲဒီတုံးက သူ့ကော်မရှင်ကို မယုံမကြည်ဖြစ်စေခဲ့တဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။
NLD ပါတီ ဘက်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ သူ့အလုပ်သူလုပ်နေတာဖြစ်ပြီး ကော်မရှင်ရဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်တွေဟာလည်း ပါတီနဲ့မဆိုင်ဘူးလို့ ထုတ်ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UEC
ပါတီတွေနဲ့ အကြိတ်အခဲ
ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းအလိုလေးမှာ နိုင်ငံရေးပါတီ ၃၄ ပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သွားတွေ့ပြီး ကော်မရှင်အပေါ် မကျေလည်မှုတွေကို ပြောခဲ့ကြလို့ အတော်လေး ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံမှုဟာ ကော်မရှင်အပေါ် ပါတီတွေရဲ့ အယုံအကြည်နည်းလာမှု၊ နှစ်ဘက် ဆက်ဆံရေး အေးစက်လာမှုရဲ့ အကျိုးဆက်အဖြစ်လည်း ထင်ဟပ်ပါတယ်။ ဆွေးနွေးပွဲတက်ခဲ့တဲ့ ပါတီခေါင်းဆောင်တချို့ဟာ ကော်မရှင်အပေါ် မကျေနပ်မှုတွေကို တပ်ချုပ်ကိုပြောခဲ့ကြပြီး ကော်မရှင်အနေနဲ့ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ လုပ်ပေးနိုင်မှာမဟုတ်တဲ့ အကြောင်းပါ ပြောပြခဲ့ကြတယ်လို့ ဒီပွဲကိုတက်ခဲ့သူတွေက မီဒီယာတွေကိုပြန်ဖြေခဲ့ကြပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးပါတီထောင်တဲ့အခါမှာ ပါတီ နာမည်ကိစ္စအကြောင်းပြုလို့ ပါတီမှတ်ပုံတင်ခွင့်ကို အချိန်မီ ချမပေး နိုင်ခဲ့တဲ့အတွက် ပြည်သူ့ပါတီဟာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွဲခဲ့ရပါတယ်။ ဒီကိစ္စဟာ ဦးလှသိန်းကော်မရှင်သက်တမ်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တဲ့ ကိစ္စလည်းဖြစ်ပါတယ်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း ကြံ့ခိုင်ရေးနဲ့ မိတ်ဖက်ပါတီတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း ပြောင်ပြောင်တင်းတင်း ထုတ်ပြောလာခဲ့ကြပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိလို့ အသစ်ပြန်လည် ဖွဲ့စည်းပေးဖို့ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် မိတ်ဖက်နိုင်ငံရေးပါတီ ၂၀ က ၂၀၁၉ နိုဝင်ဘာက ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုခဲ့တဲ့အထိ ဖြစ်လာပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေနဲ့ အညီ အသစ် ပြန်ဖွဲ့ ပေးဖို့ လက်မှတ် ရေးထိုး တောင်းဆို တဲ့ လှုပ်ရှားမှုတွေဟာ ပြီခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကလည်း ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Thant Zin Htun
ဒါပေမဲ့ ကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းကတော့ ပါတီတွေအနေနဲ့ ကော်မရှင်ကိုတိုက်ခိုက်နေမယ့်အစား ပြည်သူတွေယုံကြည်အောင် ကြိုးစားပြီး မဲရအောင် လုပ်သင့်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နေပြည်တော်မှာတွေ့ဆုံစဥ်က တုံ့ပြန်ခဲ့ပါတယ်။
ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံမှု နည်းပါးခြင်းကလည်း တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုနည်းစေတဲ့ အကြောင်းတစ်ချက်လည်းဖြစ်ပါတယ်။
'ကျွန်တော်တို့ပါတီထောင်ပြီးကထဲက ကော်မရှင်နဲ့တွေ့ရတာ ၃ ကြိမ်ထက်မပိုပါဘူး'လို့ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်ကပြောပါတယ်။
ရွေးကောက်ပွဲ နှစ်ထဲ ရောက်လာတဲ့အခါ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်အများစုဟာ မေးခွန်းထုတ်စရာ၊ အငြင်းပွားစရာတွေ ပိုလို့များလာပါတယ်။
နိုင်ငံပိုင်ရုပ်သံတွေကနေ ထုတ်လွှင့်တဲ့ ပါတီတချို့ရဲ့ မဲဆွယ်မိန့်ခွန်းတွေကို ဆင်ဆာဖြတ်တောက်တဲ့ ကိစ္စလည်းတစ်ခုအပါအဝင်ပါ။

ဓာတ်ပုံ ရင်းမြစ်, MPA
ပြည်သူ့ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့လို ပြည်မအခြေစိုက်တွေသာမကဘဲ တိုင်းရင်းသားပါတီတချို့ကပါ အဲ့ဒီလိုဆင်ဆာဖြတ်လို့ နိုင်ငံပိုင်ရုပ်သံကနေ ပါတီမူဝါဒတွေကို သွားမပြောကြတော့ပါဘူး။
'ဒီလိုဖြတ်တောက်တာဟာ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အခြေခံအကျဆုံး စံချိန်စံညွှန်းတွေကိုချိုးဖောက်တာ' လို့ ဦးကိုကိုကြီးက ဘီဘီစီကို ပြောခဲ့ပါတယ်။
"ဒါကအခုမှလုပ်တာမဟုတ်ဘူး။ ၂၀၁၀ ကထဲကလုပ်လာတာ။ နိုင်ငံပိုင်မီဒီယာမှာလွှင့်တာကိုပဲ ကျွန်တော်တို့ ပြောတာ။ အပြင်မှာမဲဆွယ်တဲ့အခါ အကုန်ပြောလို့ရတယ်။ ကျွန်တော်တို့ မတားဘူး။ မတားမြစ်ဘူး"လို့ သတင်းစာရှင်းလင်းပွဲမှာ ဆင်ဆာနဲ့ပတ်သက်လို့ ကော်မရှင်ကို မေးခွန်းထုတ်ကြတဲ့အခါ အဖွဲ့ဝင်ဦးမြင့်နိုင်က ပြဿနာကြီးတစ်ခု မဟုတ်သလို ပြန်ဖြေခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ နိုင်ငံရေးပါတီတွေ ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ မဲဆွယ်ရာမှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်တဲ့ဟောပြောမှုတွေ မလုပ်ဖို့ အခြေခံ ဥပဒေကို လိုက်နာဖို့ အပါအဝင် နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ဟောပြောမှုတွေ မလုပ်ဖို့ကို အမိန့်ထုတ်ပြန်တားမြစ်ခဲ့ပါတယ်။
ဒါ့ပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလနဲ့ မတူညီတော့တဲ့ အခြအနေကိုကော်မရှင်အနေနဲ့ လိုက်ပါပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘူးလို့ ဝေဖန်မှုတွေလည်းရှိပါတယ်။
ကော်မရှင်အနေနဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ လူမှုကွန်ရက်ပေါ်က မဲဆွယ်စည်းရုံးနိုင်ဖို့ တိကျတဲ့ လမ်းညွှန်ချက်ချမပေးနိုင်ခဲ့ဘူဆိုတဲ့ဝေဖန်မှုတွေလည်းရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UDP
ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံးဝင်ပြိုင်တဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) ကိုဖျက်သိမ်းပြီး ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် ရွေးကောက်တင်မြှောက်ခွင့်ဆုံးရှုံးခဲ့ ကိစ္စမှာလည်း ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဟာ မေးခွန်းထုတ်ခံရပါတယ်။
'UEC ကကျွန်တော်တို့ကို နိုင့်ထက်စီးနင်းလုပ်တာ။ ဥပဒေနဲ့လည်းမညီဘူး။ မျှတမှုလည်းမရှိဘူး'လို့ UDP အထွေထွေအတွင်းရေးမှူး ဦးသိုက်ထွန်းက ဘီဘီစီကို ပြောပါတယ်။
ပါတီဘက်က ငွေကြေးစာရင်းဇယားတွေနဲ့ပတ်သက်လို့ ရှင်းပြခွင့်မရခင်မှာပဲ ပါတီအဖျက်ခံခဲ့ရတာ လို့ ဦးသိုက်ထွန်းက ပြောပါတယ်။
တရားရုံးက အမိန့်မချခင် ကော်မရှင်က အရင်ဆုံးဖြတ်သလို ဖြစ်ခဲ့တယ်လို့ ဥပဒေနားလည်သူတွေကပါ တိုးတိုးတိတ်တိတ် ဝေဖန်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, LAUREN DECICCA
တံခါးပိတ် ကော်မရှင်
ပါတီတချို့ရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့တဲ့ ကော်မရှင်အတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE နဲ့ ဖြစ်တဲ့ကိစ္စပါ။ ၂၀၂၀ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့်ရဖို့ PACE ရဲ့လျှောက်ထားမှုကို ကနဦးတုန်းက ကော်မရှင်က ခွင့်မပြုခဲ့ပါဘူး။
သြဂုတ်လအတွင်းက ဖြစ်ခဲ့တဲ့ဒီဖြစ်စဥ်အပေါ် အရပ်ဖက်အဖွဲ့အစည်း ၄၅၁ ဖွဲ့က ကန့်ကွက်ခဲ့ပြီး အတော်လေးပွဲဆူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကော်မရှင်က ပြန်ခွင့်ပြုပေးလိုက်ရတာမို့ ဝေဖန်ခံရတာပဲ အဖတ်တင်ခဲ့ရပါတယ်။
ဒီဖြစ်စဥ်အရ ကော်မရှင်ဟာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခွင့်ကို ဥပဒေမူဘောင် လုပ်ထုံးလုပ်နည်းတွေနဲ့ ကန့်သတ်ခဲ့တာကို တွေ့ရပါတယ်။ PACE အဖွဲ့ဟာ ဦးတင်အေးကော်မရှင် လက်ထက်က ၂၀၁၅ အထွေထွေရွေးကောက်ပွဲရော ဦးလှသိန်းကော်မရှင် လက်ထက် ကြားဖြတ်ရွေးကောက်ပွဲတွေမှာပါ စောင့်ကြည့်ခဲ့တဲ့ အဖွဲ့အစည်းမို့ ကော်မရှင်နဲ့ မစိမ်းလှပါဘူး။
ကိုဗစ်- ၁၉ ကြောင့် ပြည်ပက လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ဝင်ဖို့ခက်ချိန်မှာ ပြည်တွင်းက လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကို ဒီလိုကန့်သတ်ဖို့ ကြိုးစားတာကြောင့် ဥပဒေမူဘောင်အရ မှန်ကန်ခဲ့ပေမယ့်လည်း ကော်မရှင်ရဲ့ လုပ်ရပ်ဟာ ဝေဖန်ခံခဲ့ရပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ဦးတင်အေးကော်မရှင်နဲ့ ဦးလှသိန်းကော်မရှင်ဟာ ဥပဒေမူဘောင်တစ်ခုထဲ အောက်မှာ တာဝန်ယူခဲ့ကြပေမယ့်လို့ နိုင်ငံရေးအာသီသမှာတော့ ကွာခြားခဲ့တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
'ဥပဒေရဲ့မူဘောင်ကို ကော်မရှင်ရဲ့ ဖွင့်ဆိုချက်အပေါ်မူတည်ပြီး ရွေးကောက်ပွဲဖြစ်စဥ်က ကျယ်တာကျုံ့တာဖြစ်တာပဲ' လို့ PACE ရဲ့အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကပြောပါတယ်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခွင့်၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ ပုံမှန်တွေ့ဆုံမှုတွေလို ကိစ္စမျိုးတွေဟာ ဥပဒေမူဘောင်ထဲမှာ မပါပေမဲ့ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး ခွင့်ပြုခဲ့တာတွေ၊ တွေ့ဆုံမှုပြုလုပ်ခဲ့တာတွေ ဖြစ်ပါတယ်။
'အခုက ဥပဒေထဲမှာမပါရင် လုပ်ခွင့်မရဘူးဆိုပြီး ပိတ်ပင်ဖို့ကြိုးစားတာ၊ ကော်မရှင်ဟာ ဥပဒေကိုကျော်လွန်ပြီးလုပ်ခဲ့တာ ဘာမှမရှိဘူး။ ဒါပေမဲ့ အဲ့ဒီထဲမှာပဲ တံခါးပိတ်ပြီး နေနေခဲ့တယ်' လို့ စိုင်းရဲကျော်စွာမြင့်က သုံးသပ်ပါတယ်။
ပါတီတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့အားနည်းတာ၊ မတိုင်ပင်ဘဲ ဆုံးဖြတ်တာတွေက ကော်မရှင်အပေါ်မလိုလားအပ်ဘဲ အထင်လွဲစေဖို့ ဖြစ်ခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ကော်မရှင်ရဲ့ သတင်းအချက်အလက်စီးဆင်းမှုအပိုင်းမှာ အားနည်းခဲ့တာကလည်း အချက်တစ်ခုဖြစ်ပါတယ်။ အရင်ကော်မရှင်လက်ထက်နဲ့ခြားနားစွာပဲ ကော်မရှင်က သတင်းမီဒီယာတွေကို ဖုန်းနဲ့မဖြေပါဘူး။ ကော်မရှင်အဖွဲ့ခွဲ တချို့ကိုလည်း မဖြေဖို့ညွှန်ကြားပါတယ်။ ရှားရှားပါးပါးဖြေပေးတဲ့ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတွေနဲ့ပဲ ဆက်သွယ်မေးမြန်းခဲ့ကြရပါတယ်။ ဒါပေမဲ့ကော်မရှင်အဖွဲ့ခွဲ တွေဟာ တစ်နိုင်ငံလုံးကိုလွှမ်းခြုံသက်ရောက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို ဖြေမပေးနိုင်ပါဘူး။
မီဒီယာတွေဟာ ကော်မရှင်က အခါအားလျော်စွာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာပဲ ကော်မရှင်ကို မေးခွန်းထုတ်ခွင့်ရကြပါတယ်။
ကော်မရှင်ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုတောင် မသုံးခဲ့ဘဲ အချိန်အကြာကြီး ပစ်ထားခဲ့ပါသေးတယ်။ ကော်မရှင် ဖေ့စ်ဘွတ်ခ် ဘယ်နေ့မှာ ပြန်သုံးမယ်ဆိုတာတောင် သတင်းဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲနီးလာချိန်မှာတော့ ကော်မရှင်ရဲ့ ဖေ့စ်ဘွတ်ခ် ဟာ သတင်းစီးဆင်းမှုတွေနဲ့ ပြန်လည် အသက်ဝင်လာခဲ့ပေမဲ့ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုပြစ်ဒဏ်တွေကိုပဲ ကြိမ်ဖန်များစွာတင်နေလို့ ဝေဖန်ထောက်ပြစရာဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar President Office
သမ္မတ ခန့်တဲ့ ကော်မရှင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဘယ်လောက်ပဲ သမာသမတ်ကျပါစေ၊ အာဏာရပါတီဘက်ကို ဘက်လိုက်မယ့်အဖွဲ့အစည်းလို့ အထင်ခံရတဲ့ကိစ္စဟာ ကော်မရှင်ရဲ့ ခန့်အပ်ဖွဲ့စည်းပုံကြောင့်ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက ခန့်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ကော်မရှင်ကို စွပ်စွဲပြစ်တင်ပိုင်ခွင့်ကလည်း သမ္မတဆီမှာပဲ ရှိပါတယ်။
သမ္မတဦးသိန်းစိန်ခန့်ခဲ့တဲ့ ဦးတင်အေးကော်မရှင်ကတည်းက ဒီသံသယကို ခံစားခဲ့ရတာဖြစ်ပါတယ်။ ဦးတင်အေးကော်မရှင်ကို မီဒီယာတွေက မျက်စိတောက်ထောက် ကြည့်ခဲ့ပြီး လုံးဝအလွတ်မပေးခဲ့ပါဘူး။ ဦးတင်အေးဟာ ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပပြီး အနားယူသွားတဲ့ အချိန်မှသာ ဒီသံသယက လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ ဦးတင်အေးဟာ သမ္မတဟောင်းဦးသိန်းစိန်နဲ့ သူငယ်ချင်းတွေလည်း ဖြစ်တာကြောင့် ပိုပြီး သံသယထားခံရတာလည်းဖြစ်ပါတယ်။
'ရင်းနှီးတာနဲ့ ဘက်လိုက်တာ တခြားစီပါ' လို့ ဦးတင်အေးက တုံ့ပြ့န်ခဲ့ပေမယ့် အရာမရောက်ခဲ့ပါဘူး။
'ဒီခန့်အပ်မှု မူဘောင်အရ ဘယ်ကော်မရှင်ပဲတက်လာတက်လာ အစိုးရကို ဘက်လိုက်မယ့်ကော်မရှင်လို့ သံသယထားခံရမှာပဲ' လို့ စိုင်းရဲကျော်စွာမြင့် ကပြောပါတယ်။
ကော်မရှင်ကို သမ္မတက ခန့်အပ်ခွင့်ရှိပေမယ့်လို့ သမ္မတက တိုက်ရိုက်မခန့်ဘဲ ရွေးချယ်ရေးအဖွဲ့ဖွဲ့စည်းပေးပြီး ဒီရာထူးအတွက် လျှောက်ထားချင်သူတွေကို ဖိတ်ခေါ်၊ ရွေးချယ်ရေးအဖွဲ့က ခန့်အပ်တာမျိုးဆိုရင် အခုထက်ပိုပြီး ယုံကြည်မှုရလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ရာထူးဟာ ပြည်ထောင်စုအင်္ဂါစဉ်မှာ နံပါတ် (၁၀) ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၈) ဖြစ်လို့ ကြားထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌပဲ ရှိနေတာပါ။
ကော်မရှင်ရဲ့သက်တမ်းဟာလည်း သမ္မတသက်တမ်းနဲ့ အတူတူဖြစ်ပေမဲ့ နောက်တက်လာတဲ့သမ္မဟာ ကော်မရှင်အသစ်ကိုမဖွဲ့စည်းခင်အထိ ကော်မရှင်ဟောင်းဟာ အသက်ဝင်နေမှာဖြစ်ပါတယ်။
ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းဟာ မိထ္ထီလာတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မိထ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌလည်းဖြစ်ခဲ့သူပါ။
၂၀၁၆ ခုနှစ်မှာ NLD အစိုးရတက်လာတော့ ကော်မရှင်ကို ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် အဖွဲ့ဝင်တွေအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နဲ့ ဦးလှတင့် တို့ ၅ ဦးကိုသာ ခန့်အပ်ခဲ့ပြီး ၂၀၁၇ ဇွန်လမှာတော့ ကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့ရောက်လာကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UEC
၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်အားဖြည့်တဲ့အနေနဲ့ ကော်မရှင်ဟာ ဦးညွန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ဦးသန်းအောင်၊ ဦးမင်းဆွေနဲ့ ဦးဆွေတင့်လွင်တို့ကို ထပ်ခန့်ခဲ့ပါတယ်။ ကော်မရှင်အဖွဲ့ဝင်အများစုဟာ နိုင်ငံ့ဝန်ထမ်းကနေ အငြိမ်းစားယူထားကြတဲ့ ဥပဒေသမားတွေပဲ ဖြစ်ကြပါတယ်။
'ငါတို့ အိုဇာတာကောင်းတယ်' လို့ ထုတ်ပြောပြီး အများစုက သူတို့ကိုကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်တဲ့ အစိုးရကို ကျေးဇူးတင်နေကြသူတွေလို့ ကော်မရှင်အတွင်းလူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
'ကော်မရှင်ဟာ အစိုးရက ငြိုငြင်မှာ အတော်ကြောက်တယ်' လို့ သူကပြောပြပါတယ်။
အဆောင်အယောင်ဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ လစာ ကျပ် သိန်း ၃၀ ရပြီး ဒုတိယသမ္မတနဲ့ ဆယ်သိန်း၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ငါးသိန်းပဲ ကွာပါတယ်။ အဆောင်အယောင်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နဲ့ အတူတူပဲ ဖြစ်ပြီး အိမ်တော်မှာ ခြွေရံသင်းပင်းနဲ့ နိုင်ငံတော်စရိတ်နဲ့ နေကြရပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေကတော့ ဒုတိယဝန်ကြီးတွေနဲ့ လစာရော အဆောင်အယောင်ပါ အတူတူပဲဖြစ်ကြပါတယ်။
ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ ကော်မရှင်ဟာ ဘယ်သူ့ရဲ့လွှမ်းမိုးချုပ်ကိုင်မှုမှမရှိဘဲ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နေတယ်လို့ ပြန်တုံ့ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UEC
လက်ရှိကော်မရှင်မှာ ထူးခြားတာတစ်ခုက ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း ၂၀၁၈ မှာ အနားယူသွားကထဲက ကော်မရှင်အတွင်းရေးမှူး ရာထူးကို မခန့်အပ်တာဖြစ်ပါတယ်။ အရင်ကော်မရှင်တွေတုန်းက ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်ဟာ ကော်မရှင်အတွင်းရေးမှူး ဖြစ်ပါတယ်။
ဦးတင်ထွန်းနေရာကို ကော်မရှင်ရုံးက အရာရှိတွေကို ဆက်တာဝန်မပေးဘဲ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးကို သမ္မတ ဦးဝင်းမြင့်က ပြောင်းရွှေ့စေခဲ့ပါတယ်။
ဦးခင်မောင်ဦးဟာ သမ္မတဦးဝင်းမြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူခဲ့စဥ်က အတူအလုပ်တွဲလုပ်ခဲ့ကြဖူးသူတွေ ဖြစ်ပါတယ်။
ညွှန်ကြားရေးမှူးချုပ်ကို ကော်မရှင်အတွင်းရေးမှူးတာဝန်မပေးရင် ကော်မရှင်ရဲ့စုံညီ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်မရတဲ့သဘောလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပုံမှန်အခြေအနေသစ်နဲ့ကော်မရှင်
ဝေဖန်ခံရမှု အမြောက်အများရှိခဲ့ပေမယ့်လည်း ကော်မရှင်အနေနဲ့ ကိုဗစ်-၁၉ အောက်မှာ ရောဂါထိန်းချုပ်ရေးနည်းလမ်းတွေနဲ့အညီ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် အားထုတ်ခဲ့တာကိုလည်း အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဘက်မှာလည်း မဲရုံတွေဟာ ပိုးဖြန့်တဲ့ နေရာတွေဖြစ်လာမှာကို စိုးရိမ်နေကြသူတွေ ရှိနေဆဲပါ။
ကော်မရှင်ကတော့ ကိုဗစ် ကူးစက်ခံနေရသူတွေအထိပါ မဲပေးခွင့် မဆုံးရှုံးရအောင် အားထုတ်ခဲ့ပါတယ်။
မဲဆန္ဒနယ်ပြင်ပရောက်မဲဆန္ဒရှင်တွေ မဲပေးခွင့်ရအောင် အထူးအစီအစဥ်အနေနဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။
အလားတူ အသက်အရွယ်ကြီးရင့်သူတွေ မဲပေးခွင့်ရဖို့အတွက် ကြိုတင်မဲ ကာလ ၈ ရက် သတ်မှတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် တပ်မဲရုံတွေကို အပြင်ထုတ်ပြီး အများပြည်သူနဲ့ အတူ မဲပေးဖို့ လုပ်ဆောင်နိုင်ခဲ့ခြင်းက ဦးလှသိန်းကော်မရှင်ရဲ့ ကြီးမားတဲ့ စွမ်းဆောင်ချက် ဖြစ်ခဲ့ပါတယ်။
ဒီလိုဆောင်ရွက်ချက်တွေ အတွက် ကြိုဆိုမှုတွေ ရှိခဲ့ပေမယ့် ကော်မရှင်ကိုတော့ စောင့်ကြည့်နေကြဆဲပါ။
ဦးတင်အေးကော်မရှင်ဟာ ရွေးကောက်ပွဲရလဒ်ကြေညာခဲ့ပြီး အနားယူသွားချိန်မှ အောင်မှတ်ရခဲ့တာကလည်း သာဓကအဖြစ် ရှိနေဆဲပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ ကော်မရှင်ရဲ့ မှတ်ကျောက်ဟာ ရွေးကောက်ပွဲရလဒ် တင် မကဘဲ ရွေးကောက်ပွဲကန့်ကွက်လွှာတွေ ကိုဆုံးဖြတ်ပေးရမယ့် ခုံရုံးတွေအထိပါ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။ ကန့်ကွက်လွှာအမှုတွေမှာ NLD ကိုယ်စားလှယ်လောင်းအများစုကိုပဲ အနိုင်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ မဟုတ်မှန်ကြောင်း သက်သေပြဖို့ ကျန်နေသေးလို့လည်း ဖြစ်ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တာဝန်ပေးဖို့ အသင့်တော်ဆုံး အဖွဲ့အစည်းလို့ယုံကြည်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၁၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူတစ်ရပ်လုံးက တစ်ခဲနက်ထောက်ခံမဲပေးခဲ့ကြတာမို့ NLD ကခန့်အပ်ထားတဲ့ ကော်မရှင်ကလည်း ပြီးခဲ့တဲ့ ကော်မရှင်တွေထက် ပိုတာဝန်ကြီးပါတယ်လို့ ပြည်သူ့ပါတီက အထွေထွေ အတွင်းရေးမှူးဦးရဲနိုင်အောင်ကပြောပါတယ်။








