စစ်ဗိုလ်ချုပ်ဟောင်း၊ တစ်ကျော့ပြန် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ

ဓာတ်ပုံ ရင်းမြစ်, Screen Shot
၁၉၈၈ နောက်ပိုင်းနှစ်ပေါင်း၃၀ ကျော်အတွင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလေးကြိမ်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်နိုင်ခဲ့တာ နှစ်ကြိမ်ရှိခဲ့ပါတယ်။
အခုလည်း အာဏာသိမ်းထားတဲ့ စစ်တပ်က ရွေးကောက်ပွဲတစ်ခုကို လာမယ့်၂၀၂၃ ခုနှစ် သြဂုတ်လ မတိုင်ခင်မှာ ကျင်းပဖို့ဆိုပြီး ကော်မရှင် ဥက္ကဋ္ဌ အသစ်ခန့်ခဲ့ပြန်ပါတယ်။
ပြီးခဲ့တဲ့၂၀၁၀ တုန်းက အငြင်းပွားဖွယ်ရာ သန်းခေါင်ယံကြိုတင်မဲ တွေနဲ့ နာမည်ကျော်ခဲ့သူတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြန်လည် တာဝန်ပေးလိုက်တဲ့ အပေါ် မေးခွန်းထုတ်မှုတွေရှိနေကြပါတယ်။
ဒီတာဝန်ပေးမှုကို သူကလက်ခံခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါး စွန့်ခွာခဲ့ရတဲ့ ရုံးခန်းကို ဦးသိန်းစိုးတစ်ယောက် ပြန်ရောက်လာပါတယ်။
ထမ်းဆောင်ရမယ့် တာဝန်က သူ့အတွက် မစိမ်းလှပါဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က သူလုပ်ခဲ့တဲ့အတိုင်း စစ်တပ်က ကျင်းပစေချင်တဲ့ ရွေးကောက်ပွဲတစ်ခုကို ဦးဆောင်ပေးဖို့ ဖြစ်ပါတယ်။
သူကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ စစ်အစိုးရအတွက် အောင်မြင်မှုဖြစ်ပေမယ့် အငြင်းပွားဖွယ်ရာတချို့နဲ့ နာမည်ကြီးပါတယ်။
သူထပ်ကျင်းပပေးရမယ့် ၂၀၂၃ ရွေးကောက်ပွဲက ၂၀၁၀ ထက် ပိုခက်ခဲမယ်ဆိုတာ သိသာလှပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဦးသိန်းစိုး ဘယ်သူလဲ
ဦးသိန်းစိုးဟာ စစ်တက္ကသိုလ် အပတ်စဥ် (၁၆) ဆင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသာအေး တို့နဲ့ အပတ်စဥ်တူပါတယ်။
ဗိုလ်ချုပ်ရာထူးနဲ့အငြိမ်းစားယူပြီး စစ်ဥပဒေချုပ်၊ စစ်အစိုးရခေတ် ဒုတိယ တရားသူကြီးချုပ် တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။
စစ်ဥပဒေချုပ်ဘဝမှာ ဥပဒေအတိုင်းအတိအကျလုပ်ပြီး အရာရှိအများအပြားကို အရေးယူခဲ့တယ်လို့ နာမည်ကြီးပါတယ်။
'တိုင်းမှူးတွေက ဖုံးကွယ်ထားတဲ့အမှုတွေကို လေးလပတ်အစည်းအဝေးရောက်ရင် ဗိုလ်ချုပ်မှူးကြီးကို တိုင်တော့တာပဲ' လို့ ဦးသိန်းစိုးနဲ့ ပတ်သက်လို့ အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ယုံကြည်အားကိုးခြင်းကို ခံရပြီး စစ်အစိုးရအတွက်အရေးပါတဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးဖို့ တာဝန်ပေးအပ်ခြင်းခံရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖွဲ့စည်းခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၀ရွေးကောက်ပွဲဟာ ကြိုတင်မဲပြဿနာ၊ လေ့လာစောင့်ကြည့်ခွင့်မရတဲ့ ပြဿနာတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၀ရွေးကောက်ပွဲမှာ မဲရေတွက်မှုတွေ အငြင်းပွားကြတာတွေ ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ ကျေးရွာအုပ်စု ၅၇ အုပ်စုရှိတဲ့နေရာမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အုပ်စု ၅၀ အထိ အနိုင်ရရှိခဲ့ပေမယ့်လည်း တကယ်တမ်း မဲစာရင်းရေတွက်တဲ့အခါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နိုင်သွားလို့ အချေအတင် စကားများခဲ့ကြပါတယ်။
အဲ့ဒီတုန်းက NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ မဲပေးနိုင်သူများ စာရင်းပြုစုတဲ့အခါ အိမ်ထောင်စု စာရင်း တချို့ချန်ထားခဲ့တဲ့ကိစ္စ၊ ကြိုတင်မဲတွေက မဲပေးပြီးကာမှ ကားတွေနဲ့ ဘယ်က ရောက်လာမှန်းမသိ ရောက်လာခဲ့တဲ့ကိစ္စ၊ မဲရုံအနီး ကိုက် ၅၀၀ အတွင်း မဲမဆွယ်ရဘူးဆိုတာမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမဲဆွယ်တာကျတော့ လက်ခံထားခဲ့တဲ့ကိစ္စ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပုဂ္ဂိုလ်များက သူတို့ကိုယ်တိုင် ကျေးရွာတွေမှာ ကြိုတင်မဲတွေကောက်ခံပြီး ကော်မရှင်ကို ပေးတဲ့ကိစ္စနဲ့ မဲရုံကို စဖွင့်တဲ့အချိန်မှာပဲ မဲပုံးထဲမှာ မဲစာရွက်တွေ တွေ့ရတဲ့ကိစ္စများဟာ မသမာတဲ့ နည်းတွေဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ထောက်ပြခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါတဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုအနေနဲ့ အယုံအကြည်နည်းခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး က မြန်မာနိုင်ငံမှာ ၂၀၁၀ နိုဝင်ဘာလ ၇ ရက် ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် စောင့်ကြည့် အကဲခတ်မယ့် ပြည်ပက အဖွဲ့တွေကို ခွင့်မပြုနိုင်ဘူးလို့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာရှိပါတယ်။
မြန်မာနိုင်ငံတွင် သတင်းထောက်များရှိပြီးဖြစ်တဲ့အတွက် နိုင်ငံခြားသတင်းထောက်များ လာရန် မလိုအပ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကျင်းပရန် တစ်လအလို နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ သံတမန်တွေ၊ သတင်းသမားတွေကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MANDEL NGAN
အဲ့ဒီတုံးက အမေရိကန်သမ္မတ အိုဘားမားက ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတခြင်းမရှိဘဲ နိုင်ငံတကာလက်ခံတဲ့ တရားဝင်ရွေးကောက်ပွဲ စံနှုန်းများနဲ့လည်းမကိုက်ညီပါလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
နိုင်ငံရေးလောကဓံ
ဦးသိန်းစိုးဟာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်လို့ ပြည်ထောင်စုအဆင့် ရာထူးကို အစောဆုံးရရှိခဲ့သူတစ်ဦးလို့ဆိုနိုင်ပြီး ကြံ့ခိုင်ရေးပါတီထဲ ပြောင်းသွားတဲ့ စစ်ဗိုလ်ချုပ်တွေထဲ ပါမသွားခဲ့ပါဘူး။
ဒါပေမဲ့ လွှတ်တော်ထဲရောက်နေတဲ့ နယက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အေး ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ခန့်လိုက်တဲ့အခါ ဦးသိန်းစိုး အတွက်အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။
သူဟာ သမ္မတက အမည်စာရင်းတင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။
'အမှန်တော့ သူက ခုံရုံးနဲ့ ပိုလိုက်တယ်ဗျ။' လို့ ဦးသိန်းစိုးအကြောင်းကို သိသူတွေကပြောပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ခုံရုံးဥက္ကဋ္ဌ ခရီးက တိုတောင်းသလောက် ကြမ်းတမ်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဦးသိန်းစိန် အစိုးရ နဲ့ ဦးရွှေမန်း လွှတ်တော် အားပြိုင်မှုတွေ အစပျိုးနေချိန်မှာကို ဦးသိန်းစိုးက အစိုးရနဲ့ရော လွှတ်တော်နဲ့ပါ ထိပ်တိုက်တွေ့နေပါပြီ။
သူ့ရဲ့ ဆုံးဖြတ်ချက်တွေထဲ သမ္မတရဲ့ အယူခံကိုငြင်းခဲ့သလို လွှတ်တော်အမတ်တွေကိုလည်း ဒေါသထွက်စေခဲ့တဲ့ ဆုံးဖြတ်ချက်တွေပါခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနဟာ စစ်အစိုးရလက်ထက်အတိုင်း မြို့နယ်ခွဲတွေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးတွေကို တရားစီရင်ရေးအာဏာအပ်နှင်းတဲ့အပေါ် အခြေခံဥပဒေကိုဆန့်ကျင်တယ်ဆိုပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကန့်ကွက်တဲ့အမှုဟာ ခုံရုံးကိုရောက်လာပါတယ်။
ဒီအမှုကို ဦးသိန်းစိုးက ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကို အနိုင်ပေးခဲ့ပါတယ်။
ဒါ့အပြင် ဒေါက်တာအေးမောင်နဲ့ အမတ် ၂၃ ဦးတင်လာတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ တခြားဝန်ကြီးတွေနဲ့အဆင့်အတန်းတူမတူ ဆိုတဲ့ ကိစ္စကို ခုံရုံးက ဆုံးဖြတ်ပေးရပြန်ပါတယ်။
ဒီအမှုမှာလည်း အစိုးရကရှုံးပြီးအယူခံဝင်ဖို့ကြိုးစားတဲ့အခါ အယူခံပယ်ချခံရပြီး ခုံရုံးရဲ့ အဆုံးအဖြတ်က အပြီးအပြတ်ပဲလို့ ဦးသိန်းစိုးက သမ္မတရုံးကို တုံ့ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PYITHU HLUTTAW
ဒါပေမဲ့ လွှတ်တော်နဲ့ ထိပ်တိုက်တွေ့တဲ့ကိစ္စမှာတော့ ခုံရုံးတစ်ခုလုံး နှုတ်ထွက်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။
လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူး လို့ ခုံရုံးက ဆုံးဖြတ်လိုက်တဲ့အတွက်ပါ။
မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ ခုံရုံး အဖွဲ့ဝင်အားလုံးကို သူတို့ရဲ့ သဘောဆန္ဒအတိုင်း ရာထူးက နှုတ်ထွက်ခွင့် ပြုလိုက်ကြောင်း သမ္မတ ဦးသိန်းစိန်က အမိန့်အမှတ် ၂၉ / ၂၀၁၂နဲ့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
လွှတ်တော်ထဲက စိတ်ဆိုးနေတဲ့ ဝါရင့်ကြံ့ခိုင်ရေးအမတ်တွေဟာ ဦးသိန်းစိုးကို ပါတီဌာနချုပ်ကို လာဖို့ခေါ်တော့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်ဖြစ်နေတဲ့အတွက် ဦးသိန်းစိုးက မလာနိုင်ဘူးလို့ ငြင်းခဲ့တဲ့အကြောင်း အစိုးရအဖွဲ့ဝင်ဟောင်းတစ်ဦးက ပြန်ပြောပြပါတယ်။
ခုံရုံးမှာ လွှတ်တော်ဒုတိယဥက္ကဋ္ဌ တွေကြားနာတဲ့ အခါ နာရီနဲ့ချီပြီး မတ်တပ်ရပ်ခိုင်းလို့ ဦးသိန်းစိုးဟာ မောက်မာပြီး လွှတ်တော်ကိုမထေ့မဲ့မြင်ပြုတယ်လို့ အမတ်တချို့ကခံစားခဲ့ရတယ်လို့ဆိုပါတယ်။
လွှတ်တော်က ခုံရုံးဆုံးဖြတ်ချက်ကို ပြင်ရင်ပြင် မပြင်ရင် ခုံရုံးတစ်ဖွဲ့လုံး ရာထူးကနှုတ်ထွက်ခိုင်းဖို့ သမ္မတဆီစာပို့ပါတယ်။
အဆုံးမှာတော့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကြား ခုံရုံးက ကြားညပ်ခဲ့ပြီး တစ်ဖွဲ့လုံးနှုတ်ထွက်သွားခဲ့ရပါတယ်။
ကြံ့ခိုင်ရေးပါတီလွှမ်းမိုးတဲ့လွှတ်တော် နဲ့ ဦးသိန်းစိုးရဲ့ ကျောင်းတော်က ရန်စ ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
တစ်ကျော့ပြန် ဦးသိန်းစိုး
ဒီမိုကရေစီအကူးအပြောင်းကာလအစ ၂၀၁၂ ခုနှစ်မှာ နိုင်ငံရေး ဇာတ်ခုံပေါ်ကနေ ပြုတ်ကျခဲ့တဲ့ ဦးသိန်းစိုးဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးနဲ့လောကဆီ တစ်ကျော့ပြန်လာခဲ့ပါတယ်။
ဥပဒေ မဂ္ဂဇင်း တစ်ခု ထုတ်ပြီး အေးအေးလူလူ ဖြတ်သန်းနေရာကနေ အရှုပ်ထွေးဆုံး အကဲဆတ်ဆုံး အခြေအနေမှာ ပြန်ပတ်သက်လာရတာပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပေခဲ့သူ ဦးသိန်းစိုးကို ကော်မရှင် ဥက္ကဋ္ဌ ပြန်ခန့်ပါတယ်။
ဒါဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သူ့ထက် စီနီယာကျတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ကို ရှားရှားပါးပါး ပြန်သုံးတာလည်း ဖြစ်ပါတယ်။
ဦးသိန်းစိုးဟာ သူ့ရဲ့ကော်မရှင်ကို ပြန်ဖွဲ့ဖို့ လူဟောင်းတွေကို ဖုန်းဆက်တောင်းဆိုခဲ့ပေမယ့် ငြင်းဆိုမှု တချို့နဲ့ ကြုံရလို့ လူအနည်းငယ်နဲ့ စဖွဲ့ခဲ့ရပါတယ်။
ဦးသိန်းစိုးကို ကော်မရှင်ဥက္ကဋ္ဌ ခန့်အပ်မှုကြောင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက စစ်ကောင်စီကကျင်းပပေးမယ့် ရွေးကောက်ပွဲအပေါ် သံသယပိုကြီးသွားကြပါတယ်။
၂၀၁၀ မှာ ကြိုတင်မဲနဲ့ နာမည်ကျော်ခဲ့သူကို မဲစာရင်းတွေပြန်စစ်ခိုင်းတဲ့အပေါ် မေးခွန်းထုတ်မှုတွေရှိနေကြတာပါ။
၂၀၁၀ တုန်းက ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ရသလိုမျိုးပဲ သမိုင်းတစ်ကျော့ပြန်လာတာလို့ မြင်သူကပိုများပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၀ ရွေးကောက်ပွဲ ပုံစံအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါတဲ့ ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်မှာ စစ်တပ်ကကျင်းပလိမ့်မယ်လို့ နိုင်ငံရေးအကဲခပ်တွေက သုံးသပ်ကြပါတယ်။
ဦးသိန်းစိုးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကလည်း အကဲခတ်တွေရဲ့ ထင်မြင်ချက်တွေကိုပိုပြီး ခိုင်မာလာစေပါတယ်။
ကော်မရှင် ခြေလှမ်းများ
တစ်ကျော့ပြန်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးဟာ မေလ တုန်းက နိုင်ငံရေးပါတီတွေနဲ့တွေ့တဲ့အခါ ဥပဒေနဲ့မညီလုပ်ခဲ့တဲ့ NLD ကိုဖျက်သိမ်းဖို့ စစ်ဆေးဆောင်ရွက်သွားမယ်လို့ ထုတ်ပြောခဲ့ပါတယ်။
'ပါတီတစ်ခုထဲက နိုင်ပြီး အစိုးရ ဖွဲ့နိုင်အောင်ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်' လို့ အဲ့ဒီ ပွဲမှာ သူကပြောပါတယ်။
အဲ့ဒီနောက်ပိုင်း စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ NLD ကိုဖျက်သိမ်းဖို့ကိစ္စနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေရှိလာပါတယ်။
ဒီကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေအားလုံး ပါဝင်တဲ့ စုံညီအစည်းအဝေးကနေ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြန်ဖြေပါတယ်။
ဇွန်လတုန်းက ကော်မရှင်ရဲ့ ညွှန်ကြားချက်အရ ပါတီတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့အဆက်အသွယ်ရှိမရှိ ပြည်ထဲရေးက ဝင်စစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပါတီတစ်ခုနဲ့တစ်ခု ဝင်စစ်ပုံက မတူပါဘူး။
အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကြောင်းထုတ်ဖော်ပြသတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်လို ပါတီမျိုးကိုတော့ ပါတီရုံးချုပ်ရှေ့စစ်ကားတွေ ထိုးရပ်ပြီး ရုတ်တရက်ဝင်စစ်တာမျိုးလုပ်ပါတယ်။
တချို့ပါတီတွေကိုတော့ အထွေထွေအုပ်ချုပ်ရေးရုံးကို ဖိတ်ခေါ်ပြီး စစ်ဆေးပါတယ်။
တွေ့ရှိချက်တွေကို ကော်မရှင်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။
ဒါပေမဲ့ ဒီစစ်ဆေးချက်ဟာ NLD ပါတီဝင်တွေနဲ့ဖွဲ့စည်းထားတဲ့ CRPH,NUG,PDF တို့လိုအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိမရှိစစ်တာမို့ NLD ပါတီကို ဖျက်သိမ်းဖို့ဦးတည်တဲ့ စစ်ဆေးမှုလို့ သုံးသပ်ကြပါတယ်။
ကော်မရှင်ရဲ့ နောက်ထပ် ခြေလှမ်းတစ်ခုက နိုင်ငံရေးပါတီတွေရဲ့ ပါတီပိုင်ငွေကြေးနဲ့ ပစ္စည်းတွေကို စစ်ဆေးခဲ့တာပဲဖြစ်ပါတယ်။ ပါတီနှစ်ခုကို သြဂုတ် ၂၃ မှာ စတင်စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာတည်ထောင်ခဲ့တဲ့ ပါတီတွေအနေနဲ့ ဆယ်နှစ်ကျော်အတွင်း ပါတီဘဏ္ဍာရေးနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် စစ်ဆေးခံရမှာလည်းဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေအရ အခုလိုစစ်ဆေးပိုင်ခွင့်ရှိပေမယ့်လို့ အရင်ရွေးကောက်ပွဲကော်မရှင်တွေက စစ်ဆေးခဲ့တာမရှိပါခဲ့ဘူး။
အခုလို ပါတီ ဘဏ္ဍာရေးကို ဝင်စစ်ဖို့လုပ်တာဟာလည်း NLD ကိုဖျက်သိမ်းဖို့ အကြောင်းရှာတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်တာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
'တစ်ဖက်မှာ ခေါင်းဆောင်ပိုင်းတွေကို ဖမ်းထားပြီး တစ်ဖက်မှာ ပါတီကို ပြည်နယ်၊တိုင်းနဲ့ မြို့နယ်အဆင့်အထိ အဆင့်ဆင့်ဖျက်သိမ်းဖို့ အကြောင်းရှာတာ' လို့ သူကသုံးသပ်ပါတယ်။
အခုလိုစစ်ဆေးဖို့စီစဥ်လာမှုဟာ NLD ပါတီကို ရည်ရွယ်တာထက် တခြားပါတီတွေကိုပါ ထိန်းချုပ်ဖို့ရည်ရွယ်တာလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေက သုံးသပ်မှုပါတယ်။
ဦးသိန်းစိုးလက်ထက်မှာ ကြံ့ခိုင်ရေးလည်း ချောင်မှာမဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပါတယ်။
'သူ့ကို ခုံရုံးဥက္ကဋ္ဌကနေ ဖြုတ်ခဲ့တဲ့ပါတီလေ။ ဘောင်ထဲကနေ သူက ပြန်ကြပ်မှာပဲ' လို့ သူက ပြောပါတယ်။
ဒါ့အပြင် ခုံရုံးကိစ္စတုန်းက ထိပ်တိုက်တွေ့ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဟောင်း သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီလည်း အမှားမလုပ်မိအောင် သတိထားရလိမ့်မယ်လို့ သူကသုံးသပ်ပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ ပါတီကြီးတွေကို အနိုင်ရဖို့ ပါတီငယ်တွေစုပေါင်းပြီး ပြိုင်ကြဖို့ မေလက နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ဦးသိန်းစိုးကပြောခဲ့တယ်လို့ အဲ့ဒီပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တချို့က ပြောပါတယ်။
'ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ်ကိုသုံးလို့ မဲဆန္ဒနယ်တွေ ကျယ်သွားရင် ပါတီလေးတွေအနေနဲ့ပါတီကြီးတွေကို ယှဥ်ဖို့မလွယ်ဘူးပေါ့။ အဲ့ဒါကြောင့် ပေါင်းပြိုင်ကြဖို့အကြံပေးသွားတာ' လို့ ပါတီခေါင်းဆောင်တစ်ဦးက ပြန်ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်နဲ့ပြောင်းလဲကျင်းပဖို့ ကော်မရှင်က စီစဥ်နေပြီး ပါတီကြီးတစ်ခုကပဲ အမြဲနိုင်နေတဲ့ မြန်မာ့နိုင်ငံရေးဓလေ့ကို စနစ်နဲ့အတင်းပြောင်းမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုဖျက်ခဲ့သူ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ထိုင်ခုံဟာ စောင့်ကြည့် ဝေဖန်မှုအများဆုံး ခံရလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။
ဦးသိန်းစိုး ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ လွတ်လပ်တရားမျှတမှုအပေါ် အခုချိန်အထိ မေးခွန်းထုတ်နေကြဆဲဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပပေးနိုင်ခဲ့ပေမယ့် ဦးတင်အေး ကော်မရှင်ဟာလည်း သက်တမ်းတစ်လျှောက်လုံး စောင့်ကြည့်ဝေဖန်ခံရပါတယ်။
၂၀၂၀ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ဦးလှသိန်း ကော်မရှင် ဆိုရင်လည်း တပ်မတော်ရဲ့ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းတဲ့အထိအခြေစိုက်ခဲ့ပါတယ်။
ဒါပေမဲ့ ကော်မရှင်ဥက္ကဋ္ဌ ရာထူးကို တစ်ကျော့ပြန်လာတဲ့အချိန် ဦးသိန်းစိုး ကတော့ တခြားကော်မရှင်ဥက္ကဋ္ဌ တွေထက် သူ့ကို အမှတ်ရနေစေမယ့် လုပ်ရပ် တစ်ခုကို လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်တယ်လို့ ဇူလိုင် ၂၆ မှာ ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။
NLD ပါတီဟာ အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားလုပ်ပြီး အာဏာရယူဖို့ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့သလို ကော်မရှင်ဟာလည်း လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့လို့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်တာလို့ ဦးသိန်းစိုးက လက်မှတ်ထိုးပြီးထုတ်ပြန်ပါတယ်။
စစ်အစိုးရက NLD ကို အာဏာမလွှဲပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်တောင် အခုလို စာထုတ်ပြီး အဖျက်မခံခဲ့ရပါဘူး။
'ဘောလုံးစကားနဲ့ပြောရရင် နိုင်ပွဲရလဒ်ကို ဖျက်ပြီးတဲ့အပြင် အသင်းကိုပါဖျက်ဖို့လုပ်နေတာ။ သူတို့လုပ်မယ့်ရွေးကောက်ပွဲလည်း အယုံအကြည်မရှိဘူး' လို့
၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတစ်ဦးကပြောပါတယ်။








