စစ်တပ်နဲ့မိတ်ဆွေမဖွဲ့ခင် ဖျက်သိမ်းခံလိုက်ရတဲ့ NDF

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊
ဦးမျိုးဇော်ဦး၊ဒေါ်စန္ဒာမင်း၊ NDF လူလတ်ပိုင်း နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ဦးထက်အောင်ကျော်နဲ့ ဒေါက်တာမျိုးဆက်သွေး တို့ကို သရုပ်ဖော်ထားပုံ
ဓာတ်ပုံ ပုံစာ, ဦးခင်မောင်ဆွေကနေ ဒေါ်စန္ဒာမင်းအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေက NDF မှာ ဦးဆောင်ခဲ့

"ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်မယ်" လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ရဲ့ တွဲဖက်ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပါတီဖျက်သိမ်းမခံရခင် ၆ ရက်အလိုတုန်းကမှ ဘီဘီစီကို ပြောခဲ့ပါတယ်။

စစ်တပ်ကလုပ်ပေးမယ့် ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲဟာ လူထုအတွက် ထွက်ပေါက်ဖြစ်ပြီး တိုင်းပြည်နိုင်မှ ဖြစ်မယ်လို့ NDF က ထုတ်ပြောခဲ့ပေမဲ့ ပွဲမစခင် လမ်းခရီးမှာတင် ဖျက်သိမ်းခံလိုက်ရပါတယ်။

သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေ ၅ သောင်းမ‌ပြည့်တဲ့အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲကော်မရှင်က ပါတီ ဖျက်သိမ်းကြောင်း စက်တင်ဘာ ၉ ရက်ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပါတီဝင်ဟောင်းတွေနဲ့ အားသစ်လောင်းပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ခဲ့တဲ့ NDF ရဲ့ အရွေ့ကြောင့် ၂၀၁၀ အခင်းအကျင်းကိုတကျော့ပြန်မြင်တွေ့ရနိုင်ခြေကို ခန့်မှန်းသံတွေ တိတ်ဆိတ်သွားခဲ့ရပါပြီ။

ရွေးကောက်ပွဲမကျင်းပမီ ၁၁၁ ရက်အလိုမှာပဲ ပါတီဖျက်သိမ်းခံခဲ့ရတဲ့အပေါ် NDF ပါတီကအသနားခံစာတင်ခဲ့ပါတယ်။

"ဒီနေ့ (စက်တင်ဘာ ၁၀ ရက်) အသနားခံစာတင်တယ်။ UEC ကိုရော ကာကွယ်ရေးဦးစီးချုပ်ဆီကိုပါ တင်တယ်" လို့ NDF အ‌ထွေထွေအတွင်းရေးမှူး ဦးကျော်ထက်က ပြောပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကြား စိုးရိမ်စိတ်မြင့်တက်နေပြီး ပြန်လည်ယှဉ်ပြိုင်ခွင့်ရရင်တောင် ကိုယ်စားလှယ်လောင်းအရေအတွက် ပြည့်မီဖို့ စိန်ခေါ်ချက် ပြန်ရှိနိုင်တယ်လို့ သူကပြောပါတယ်။

ပါတီဝင်အရေအတွက် ဘာကြောင့်မပြည့်မီ

၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက NDF က မဲဆွယ်စည်းရုံးနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက NDF က မဲဆွယ်စည်းရုံးနေတဲ့မြင်ကွင်း

ပြီးခဲ့တဲ့ ၁၂ ရက်တာဟာ NDF ပါတီအတွက် အတက်အကျကြမ်းတမ်းတဲ့ကာလလို့ ဆိုနိုင်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စက်တင်ဘာပထမအပတ်မှာ NDF ပါတီဆီကို ထင်ရှားတဲ့နိုင်ငံရေးသမားတချို့အကူးအပြောင်းဖြစ်လာတာကြောင့် ပြည်သူတွေကြားမှာပါ လူပြောများနေခဲ့ပါတယ်။

စက်တင်ဘာ ဒုတိယအပတ်မှာတော့ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီလို့ ဆိုပြီး ပါတီဖျက်သိမ်းခံရတာပါ။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် ၉ နဲ့ ၁၀ အရသတ်မှတ်ထားတဲ့ ပြဋ္ဌာန်းချက်ကြောင့် ဖြစ်ပါတယ်။

အဲဒီဥပဒေပုဒ်မအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်ပြီး ပါတီဝင်ဦးရေ "အနည်းဆုံး ငါးသောင်း" ရှိရမှာဖြစ်ပါတယ်။

NDF ပါတီရဲ့ပြောကြားချက်အရတော့ စက်တင်ဘာ ၆ ရက် အထိ ပါတီဝင်အရေအတွက် ၈ သောင်း ၉ ထောင်နီးပါးရဲ့ စာရင်းကို ရွေး/ ကော်ဆီ ပေးပို့ထားခဲ့တယ်လို့ ဆိုပါတယ်။

ပါတီဝင်တွေရဲ့ စာရင်းကိုပြန်လည်စိစစ်ချိန်မှာ တခြားပါတီမှာလည်း လူစာရင်းပါနေတာကြောင့်ဆိုပြီး အခုလိုပါတီပယ်ဖျက်ခံရတယ်လို့ NDF အ‌ထွေထွေအတွင်းရေးမှူး ဦးကျော်ထက် က ပြောပါတယ်။

"ကျွန်တော်တို့ ပါတီဝင်စာရင်းကို ကွန်ပျူတာဒေတာသွင်းပေးတဲ့သူက တခြားပါတီမှာသွားရောင်းလိုက်တာလည်း ကြုံလိုက်ရတယ်။ အဲဒီပါတီက ကျွန်တော်တို့ထက်အရင် အဲဒီစာရင်းပေးထားတော့ အဲဒီလူစာရင်းတွေ ဖြတ်ခံထိတာပေါ့" လို့ သူက ပြောပါတယ်။

"ဒီလိုလူစာရင်းထပ်တာလည်း ကြိုမသိရဘူး။ ၇ ရက်နေ့မှာ သိရင် လက်ထဲအသစ်ထပ်ရှိထားတဲ့ ပါတီဝင်စာရင်း ထပ်ပို့ပေးလို့ရပါတယ်။ မပြည့်နေကြောင်း ကြိုသတိပေးချက်လည်း မရှိပါဘူး" လို့ ဦးကျော်ထက်က စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ ဘီဘီစီကို ဖြေကြားခဲ့ပါတယ်။

စစ်တပ်ကလုပ်မယ့် အပိုင်းလိုက်ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီစာရင်းထွက်လာပြီးတဲ့နောက် NDF ပါတီဟာ လွှတ်တော်ထဲမှာအတိုက်အခံအနေနဲ့ ရှိလာနိုင်မယ့်အနေအထားပေါ်လွင်လာတာကြောင့် အခုလိုကြုံရတာလို့လည်း သူက မှတ်ချက်ပြုပါတယ်။

NLD ကနေပြောင်းလာပြီး NDF ရဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားတဲ့ဒေါ်စန္ဒာမင်းကလည်း "ပါတီနာယက လက်ရှိ စစ်ကော်မရှင်ဗဟိုအကြံပေး ဦးခင်မောင်ဆွေဆီကလည်း အကူအညီရဖို့အတွက် စက်တင်ဘာ ၁၁ ရက် ကျရင် ပါတီတာဝန်ရှိသူတွေ နေပြည်တော်ကိုသွားဖို့ရှိတယ်" လို့ စက်တင်ဘာ ၁၀ ရက် ညပိုင်းမှာ ဘီဘီစီကို ဖြေကြားပါတယ်။

ဦးခင်မောင်ဆွေဘက်က တစုံတရာတုံ့ပြန်မှုကို မသိရသေးဘူးလို့ သူကပြောပါတယ်။

သြဂုတ်နောက်ဆုံးအပတ်ကစလို့ ဖျက်သိမ်းမခံရင် နာရီပိုင်းအလိုအထိ NDF ပါတီရဲ့တာဝန်ရှိသူတွေနဲ့ ဘီဘီစီက စကားပြောခွင့်ရခဲ့တဲ့ အချိန်တွေမှာ ရွေးကောက်ပွဲဝင်ဖို့ စိတ်အားထက်သန်စွာပြောဆိုခဲ့ကြပါတယ်။

"ကျွန်မတို့က Revolution (တော်လှန်ရေး) မလုပ်ဘူး။ Evolution (အဆင့်ဆင့်ပြုပြင်ပြောင်းလဲရေး) လုပ်မှာပါ" လို့ NDF ရဲ့ ပူပူနွေးနွေး ဒုတိယဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက စက်တင်ဘာ ၄ ရက်နေ့ကမှ ဘီဘီစီကို ဖြေကြားခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက် UEC ရဲ့ ထုတ်ပြန်ချက်အပြီးမှာတော့ အခြေအနေတွေ ခြားနားခဲ့ပါပြီ။

ပါတီဖျက်သိမ်းခံရတဲ့အခြေအနေကြောင့် "တသီးပုဂ္ဂလလည်း ဝင်ပြိုင်မှာမဟုတ်သလို ဘာမှဆက်မလုပ်နိုင်တော့အောင် စိတ်ခွန်အားလည်းမရှိတော့ဘူး" လို့ ဒေါ်စန္ဒာမင်းက ဘီဘီစီကို ပြောပါတယ်။

NLD လူဟောင်းတွေရဲ့ စုရပ်

ရွှေဂုံတိုင် NLD ရုံးချုပ်မှာတွေ့ရတဲ့ ဒေါ်စန္ဒာမင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, NLD

ဓာတ်ပုံ ပုံစာ, ရွှေဂုံတိုင် NLD ရုံးချုပ်မှာတွေ့ရတဲ့ ဒေါ်စန္ဒာမင်း (ပုံဟောင်း)

NLD ရဲ့ ဗဟိုကော်မတီဝင်ဟောင်းဖြစ်တဲ့ ဒေါ်စန္ဒာမင်းအပါအဝင် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုအနိုင်ရခဲ့တဲ့ ဒေါက်တာအောင်ခင်၊ ဦးမျိုးဇော်ဦးတို့သာမက ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ဒေါက်တာမျိုးဆက်သွေးပါ NDF ပါတီဝင်ခဲ့ပြီး ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းခဲ့ပါတယ်။

ဒေါ်စန္ဒာမင်းက ဒုတိယဥက္ကဋ္ဌဖြစ်လာသလို အလုပ်သမားရေးရာလှုပ်ရှားတဲ့ ဒေါက်တာမင်းညိုကလည်း NDF ပါတီရဲ့ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူပါတယ်။ဒေါက်တာမျိုးဆက်သွေးကတော့ NDF ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ပါ။

ဒေါ်စန္ဒာမင်းနဲ့အတူ NLD ပါတီဝင်ဟောင်း အယောက် ၅၀ ကျော်ဟာ NDF ပါတီဝင်အဖြစ် ကူးပြောင်းခဲ့ကြပါတယ်။

NDF ပါတီကိုဝင်ရောက်ခဲ့တဲ့ ဒေါ်စန္ဒာမင်းနဲ့ ဒေါက်တာအောင်ခင်တို့ကို ဘီဘီစီကမေးမြန်းခွင့်ရခဲ့ချိန်မှာတော့ သူတို့နှစ်ဦးစလုံးဟာ NDF နဲ့ NLD ဟာ ကွာခြားချက်သိပ်မရှိတာကြောင့်ဆိုတဲ့ တူညီတဲ့အဖြေတွေ ဖြေခဲ့ကြပါတယ်။

ဒေါ်စန္ဒာမင်းရဲ့ စက်တင်ဘာ ၄ ရက်တုန်းက ပြောပြချက်အရ နိုင်ငံရေးဆက်လုပ်ဖို့ ပလက်ဖောင်းရှိနိုင်ဖို့ အတွက်ရွေးချယ်ရာမှာ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ (PP) နဲ့ NDF ကြားစဉ်းစားခဲ့ရတယ်လို့ ဆိုပါတယ်။

"၈၈ ဆိုလည်း အတူတူအလုပ်လုပ်ခဲ့တဲ့ ကျွန်မတို့ရဲဘော်တွေပါပဲ၊ သို့သော်လည်း သူတို့နဲ့ကျွန်မတို့က နည်းနည်းခံယူချက်ကွာတယ်။ သူတို့လုပ်ရပ်က နည်းနည်း activists (တက်ကြွ လှုပ်ရှားသူ) ဆန်တယ်" သူကပြောခဲ့ပါတယ်။

"NDF ကျတော့ former NLD (NLD အဟောင်း) တွေလို့ ပြောလို့ရတယ်၊ NLD နဲ့ မူဝါဒလည်းမကွာခြားဘူး။ နဂိုထဲကလည်း တစ်ပါတီတည်းကနေ ခွဲထွက်ထားတာလေ။ NLD ပါတီမှတ်ပုံမတင်ထားလို့ NDF ကွဲထွက်ထားတာဖြစ်လို့ ဘာမှကွဲပြားတာမရှိဘူး" လို့ သူ့ရဲ့ ရွေးချယ်မှုအကြောင်း ဒေါ်စန္ဒာမင်းက ပြောပါတယ်။

၁၉၉၀ ပြည့်ရွေး‌ကောက်ပွဲတုန်းက NLD ရဲ့ သင်္ကေတ ခမောက်အနီတွေကို ဆောင်းထားတဲ့ အမျိုးသားအုပ်စု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၉၀ ပြည့်ရွေး‌ကောက်ပွဲတုန်းက ခမောက်တံဆိပ်အသုံးပြုခဲ့တဲ့ NLD

၂၀၁၅ ရော ၂၀၂၀ ရွေးကောက်ပွဲမှာပါ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ခံခဲ့ရတဲ့ မကွေးတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်ခင်ကတော့ သြဂုတ် ၁၈ ရက်ကမှ NDF ပါတီကို ဝင်ရောက်ခဲ့ပါတယ်။

NDF ပါတီတာဝန်ရှိသူတွေက နေအိမ်ကိုလာရောက် ဖိတ်ခေါ်ချိန်မှာ ပါတီဖောင်ဖြည့်ပြီး ရွေးကောက်ပွဲဝင်ဖို့ပါ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

"မီးမရှိချိန်မှာ ဖယောင်းတိုင်အလင်းနဲ့ပဲ ရှိတာလေးနဲ့လုပ်တဲ့သဘောပါပဲ" လို့ ဒေါက်တာအောင်ခင်ကလည်း စက်တင်ဘာ ၄ ရက်က ဘီဘီစီကို ဖြေခဲ့ပါတယ်။

ဒီလိုအကူးအပြောင်းတွေကြောင့် NLD မပါဝင်နိုင်တဲ့ ၂၀၂၅ ရွေးကောက်ပွဲကနေ ရွေးချယ်မယ့် လွှတ်တော်မှာ NDF က အတိုက်အခံအနေနဲ့ရှိမယ့်သဘောလို့ နားလည်ရပါတယ်။

NLD လူဟောင်းတွေနဲ့စတင်ဖွဲ့စည်းခဲ့တဲ့ NDF ဟာစစ်တပ်ကနေ အရပ်သားအစိုးရအပြောင်းအလဲလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ နေရာအတော်များများအနိုင်ရခဲ့တဲ့အခင်းအကျင်းကို တကျော့ပြန်မြင်ယောင်စေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ခဲ့ကြပါတယ်။

အတိုက်အခံကောင်းကောင်းလုပ်ပြီး နိုင်ငံရေးပြုပြင်ရေးလုပ်ဖို့ စဉ်းစားထားခဲ့တဲ့အကြောင်း ဦးကျော်ထက်က ပါတီဖျက်သိမ်းခံရပြီးနောက်မှာ စိတ်ပျက်လက်ပျက် ပြောပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ လွှတ်တော်ထဲရောက်လာခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ လွှတ်တော်ထဲရောက်လာခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဒါပေမဲ့လည်း NDF ဟာ ၂၀၁၀ ကာလနဲ့ နှိုင်းယှဉ်ရင် ၂၀၂၅ အခင်းအကျင်းမှာ တပ်နဲ့ပတ်သက်ရင် ခပ်တင်းတင်းမတုံ့ပြန်နိုင်ဘူးလို့ ဝေဖန်ချက်တွေရှိခဲ့တာပါ။

"NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေလက်ထက်တုန်းက အခြေခံဥပဒေမှာ တပ်ကချုပ်ကိုင်ထားတာကို ဖြည်းဖြည်းချင်းလုပ်သွားဖို့ဆိုတဲ့ ရည်မှန်းချက်ရှိတယ်။ အခုတော့ အဲဒါကိုပြောတာမကြားရဘူး။ NDF ရဲ့ နိုင်ငံရေးပါတီရည်မှန်းချက်မှာ ဒါကိုကြိုးစားမယ်ဆိုရင် တပ်နဲ့ အဆင်မပြေဖြစ်မှာဆိုတော့ ဒီ Agenda (အစီအစဉ်) ကို တင်မယ်မထင်ဘူး" လို့ ပါတီပယ်ဖျက်မခံရခင် အခြေအနေတုန်းက ပြည်သူ့လွှတ်တော်အမတ်ဟောင်းတစ်ဦးက သုံးသပ်ခဲ့ပါတယ်။

စစ်တပ်နဲ့ ဆက်ဆံရေးဘယ်လိုရှိမလဲ၊ တပ်နဲ့ ညွန့်ပေါင်းဖွဲ့ဖို့ရှိနေသလားဆိုတဲ့မေးခွန်းတွေကို NDF ပါတီ တာဝန်ရှိသူတွေကို ဘီဘီစီကမေးမြန်းကြည့်ရာမှာတော့ "ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်မယ်" လို့ တွဲဖက်ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က စက်တင်ဘာ ၃ ရက်မှာ ဖြေခဲ့ပါတယ်။

"ဘက်အသီးသီးကလူတွေမှာ တိုင်းပြည်ကိုဖျက်ဆီးမယ်ဆိုတဲ့စိတ်မရှိဘူးလို့ ထင်တယ်။ အားလုံးနဲ့ လက်တွဲဆောင်ရွက်ရမယ်" လို့ သူက ပြောခဲ့တာပါ။

တပ်နဲ့ မိတ်ဆွေမဖွဲ့ခင်မှာပဲ ပါတီဖျက်သိမ်းကြောင်း ကြေညာခံခဲ့ရတာကြောင့် ၂၀၂၅ ရွေးကောက်ပွဲကို တစ်နိုင်ငံအလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်စာရင်းထဲ ပါတီ ၆ ခုသာ ကျန်ရစ်ပါတော့တယ်။

NDF နဲ့အတူ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ နဲ့ အမျိုးသမီးပါတီ (မွန်) တို့ကိုလည်း သတ်မှတ်ထားတဲ့ပါတီရုံးခန်းအရေအတွက်ကို မဖွင့်လှစ်နိုင်လို့ဆိုပြီး ဖျက်သိမ်းလိုက်ပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ယှဉ်ပြိုင်မယ့်စာရင်းထဲမှာ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေစုရပ် ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အပြင် ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ (PP) ၊ စီးပွားရေးလုပ်ငန်းရှင် ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရပ်တစ်ပါတီနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့သာ ကျန်ရှိပါတော့တယ်။

NLD နဲ့ NDF ၊ ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ ခမောက်

၂၀၂၅ ခုနှစ် NDF အဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, NDF

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် NDF အဖွဲ့ဝင်တွေ

ရွေးကောက်ပွဲသမိုင်းကိုပြန်ကြည့်ရင် NLD နဲ့ NDF ကို မဲဆန္ဒရှင်ပြည်သူတွေကွဲကွဲပြားပြားမသိခဲ့တဲ့ ကာလတစ်ခုရှိခဲ့ ပါတယ်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရအပြီးဖိနှိပ်ခံခဲ့ရတဲ့ NLD ပါတီဟာ ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့အတူ ၂၀၁၀ ရွေးကောက်ပွဲကိုဝင်မလာခဲ့ချိန်မှာ "ခမောက်" ကိုပါတီအမှတ်တံဆိပ်အဖြစ်မှတ်ပုံတင်ပြီး NDF က ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။

NLD ရဲ့ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်ခဲ့တဲ့ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်နဲ့ ဦးသိန်းညွန့်တို့က ခွဲထွက်ကာ NDF ကိုတည်ထောင်ခဲ့တာပါ။

"NLD နဲ့ ခမောက်" ကို မြန်မာပြည်သူတွေကို နှစ်ဆယ်ချီတွဲမြင်ခဲ့ရတာကြောင့် NLD က ကန့်ကွက်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ပြီး NDF ရဲ့ တရားဝင်အမှတ်တံဆိပ် ဖြစ်ခဲ့ပါတယ်။

NLD အဟောင်းတွေစုရပ်ဖြစ်လာတဲ့ NDF ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ နေရာအတော်များများအနိုင်ရခဲ့ပြီး ပထမအကြိမ်လွှတ်တော်ထဲကို ရောက်လာခဲ့ပါတယ်။

လူသိများတဲ့ ရှေ့နေ ဦးသိန်းညွန့်၊ ဒေါက်တာမြတ်ဥာဏစိုး၊ ဦးခိုင်မောင်ရည်၊ ဦးအောင်ဇင်နဲ့ ဒေါ်ခင်ဝိုင်းကြည်တို့က NDF အမတ်တွေ ဖြစ်ကြပါတယ်။

နောက်ပိုင်းမှာ ဦးသိန်းညွန့်က အမျိုးသားဒီမိုကရေစီပါတီသစ်ကို ထူထောင်သလို ဒေါက်တာမြတ်ဥာဏစိုးကလည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ရောက်လာတဲ့ NLD ပါတီကိုပြန်ကူးပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းစ စစ်ကောင်စီအစည်းအဝေးမှာတွေ့ရတဲ့ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ (ဘယ်ဘက်ခြမ်း ငါးဦးမြောက်)

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် အာဏာသိမ်းစ စစ်ကောင်စီအစည်းအဝေးမှာတွေ့ရတဲ့ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ (ဘယ်ဘက်ခြမ်း ငါးဦးမြောက်)

NLD ဝင်ပြိုင်တဲ့၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ NDF က အောင်မြင်မှုကြီးကြီးမားမားမရှိခဲ့ပေမဲ့ ပါတီခေါင်းဆောင်က ၂၀၂၅ အာဏာသိမ်းစစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တာက ဝေဖန်မေးခွန်းထုတ်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။

တချိန်က NLD ဗဟိုအလုပ်အမှုဆောင်ဟောင်း၊ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက စစ်ကောင်စီအဖွဲ့ဝင်အဖြစ် အာဏာသိမ်းအစောပိုင်းကာလတွေမှာ ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ ကောင်စီဝင်အဖြစ်ကရော ပါတီဥက္ကဋ္ဌ အဖြစ်ကပါ အနားယူသွားပြီဖြစ်ပါတယ်။

စစ်တပ်က ဦးဆောင်ပြုလုပ်တဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ NDF ပါတီက ဆက်တိုက်ပါဝင်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ က ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေကြောင်းပါ ၂၀၂၄ သြဂုတ်မှာ ပါတီက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

"မြောက်ပိုင်းသုံးဖွဲ့နဲ့ သူတို့ကို အထောက်အပံ့ပေးနေတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေကို အချိန်မဆွဲဘဲ ပြတ်ပြတ်သားသား ကန့်ကွက်အရေးယူပါ" ဆိုပြီးထုတ်ပြန်စာမှာဖော်ပြခဲ့တာပါ။

ဒီလို တပ်နဲ့ ဆက်ဆံရေးတည်ဆောက်ထားတဲ့ NDF ပါတီဟာ ၂၀၂၅ ရွေးကောက်ပွဲက "လူထုအတွက် ထွက်ပေါက်" လို့လည်း ထုတ်ပြောထားပါတယ်။

စီးပွားရေးကျပ်တည်းမှုတွေအပြင် ပညာရေး၊ လူမှုရေးစိန်ခေါ်ချက်တွေများနေပြီး လွှတ်တော်မှာဆွေးနွေးဖို့ အတွက် ကဏ္ဍအစုံဟာ အရေးတကြီးဖြစ်နေတယ်လို့ တွဲဖက်ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ဘီဘီစီကို ပြောခဲ့ပါတယ်။

အတိုက်အခံနည်းသွားတဲ့ စစ်တပ်ရွေးကောက်ပွဲ

၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလ NLD နဲ့ USDP

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလ NLD နဲ့ USDP

၂၀၂၅ ရွေးကောက်ပွဲမှာ စစ်တပ်က ပြင်ဆင်လိုက်တဲ့ PR (အချိုးကျ) နဲ့ FPTP (နိုင်သူအကုန်ယူ) စနစ်နှစ်ခုလုံး ကျင့်သုံးမှာကြောင့် ကိုယ်စားလှယ် လောင်းအရေအတွက် ၄၀၀ ကျော်လိုအပ်မှာဖြစ်ပါတယ်။

ဒါကြောင့် NLD အဟောင်းတွေဖြစ်တဲ့ NDF ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ FPTP စနစ်ကျင့်သုံးတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရည်ရွယ်ခဲ့ကြပါတယ်။

NDF ပါတီကနေ ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်းအရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်က NLD အဟောင်းတွေလို့ ပါတီတွဲဖက်ဥက္ကဋ္ဌ ဦးထက်အောင်‌ကျော်ဆီက သိခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်မှာ NLD ပါတီဝင် ဖြစ်လာပြီး ကြားဖြတ်ရွေးကောက်ပွဲကတဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဇဗ္ဗူသီရိမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကို တက်ခဲ့သလို ၂၀၁၅ ခုနှစ်မှာလည်း ရန်ကုန်တိုင်းလွှတ်တော်အမတ်ဖြစ်ခဲ့တဲ့ ဒေါ်စန္ဒာမင်းဟာ အခုရွေးကောက်ပွဲမှာ ရန်ကုန် ဗဟန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုဝင်ပြိုင်ဖို့လျာထားခဲ့တာပါ။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ၂၀၁၅ ရော ၂၀၂၀ ရွေးကောက်ပွဲမှာပါ အနိုင်ရ NLD အမတ်ဖြစ်တဲ့ ဒေါက်တာအောင်ခင်ကလည်း NDF ကိုယ်စားပြုအနေနဲ့ ပြင်ဦးလွင်ကနေပဲ ဝင်ပြိုင်ဖို့စီစဉ်ခဲ့ကြပါတယ်။

"ဒါဟာစာမေးပွဲတစ်ခုဖြစ်တယ်။ စာမေးပွဲအောင်နိုင်မယ်လို့ ထင်ပါတယ်။ ထင်လို့လည်းဝင်ပြိုင်တာပါ" လို့ ဒေါက်တာအောင်ခင်က ပါတီဖျက်သိမ်းမခံရခင်က ဘီဘီစီကို ဖြေခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ စက်တင်ဘာ ၉ ရက် ကြေညာချက်ကြောင့် စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲအခင်းအကျင်းအရ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအဆင်သင့်ရှိနေဆဲဖြစ်နေပေမဲ့ ရွေးချယ်စရာပါတီနဲ့ အတိုက်အခံနည်းသွားတာကိုမြင်သာစေပါတယ်။

၂၀၂၅ ရွေးကောက်ပွဲမှာအသုံးပြုမယ့် အီလက်ထရောနစ်မဲပေးစက်အသုံးပြုနေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်နဲ့ ပထမဆုံးအကြိမ်မဲပေးရမယ်

စစ်တပ်အနေနဲ့ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်နိုင်တဲ့ပါတီအရေအတွက်ကို လျှော့ချနေတာလို့ သုံးသပ်တဲ့ နိုင်ငံရေးလေ့လာသူတချို့လည်း ရှိပါတယ်။

"ကြံ့ခိုင်ရေးက အများစုအနိုင်ရအောင် ဖန်တီးထားတဲ့အခင်းအကျင်းဆိုတော့ ကျန်တဲ့ပါတီတွေက coalition (ညွန့်ပေါင်း) ပြီး စိန်ခေါ်မှာကို သူတို့ကြောက်မှာပေါ့လေ။ ပါတီနည်းနေရင် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခြေနည်း အောင်လို့ အခုကတည်းက သေချာပေါက် ပြင်ဆင်ထားတဲ့သဘောမျိုးပါ" လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီ ၆ ခုနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ပြိုင်မယ့်ပါတီဆယ်နဲ့ချီကျန်ရှိပေမဲ့ all inclusive (အဖွဲ့အစည်းအစုံ) ပါဝင်တဲ့ရွေးကောက်ပွဲ မဖြစ်နေဘူးလို့ ပြည်သူ့လွှတ်တော်အမတ်ဟောင်းတစ်ဦးက ထောက်ပြပါတယ်။

"All inclusive ရွေးကောက်ပွဲ မဖြစ်တာတော့သေချာတယ်လေ။ အထူးသဖြင့် ပြည်သူက တခဲနက်မဲပေးတဲ့ NLD ပါဝင်ခွင့်မရတာကိုက ချို့ယွင်းချက်ပဲ။ နောက်ထပ် ပါတီပေါင်း ဘယ်လောက်ပဲများများပြိုင်နေလဲ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးတာ၊ NLD မပါနိုင်တာကိုက all inclusive မဖြစ်ဘူး" လို့ သူက ရှင်းပြပါတယ်။

ပါတီမစုံအောင်လုပ်နေသလားဆိုတဲ့မေးခွန်းကို ရွေး/ ကော်ကို ပြည်တွင်းမီဒီယာတချို့က မေးခွန်းထုတ်ခဲ့ကြပြီး "ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ အခါအားလျော်စွာတွေ့ဆုံပြီး နိုင်ငံရေးပါတီတွေက တင်ပြချက်တွေကိုလည်း ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးနေတယ်" လို့ စက်တင်ဘာ ၁၀ ရက်မှာ ကော်မရှင်က တုံ့ပြန်ဖြေကြားပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်တွေဆောင်ရွက်ရာမှာလွယ်ကူအဆင်ပြေစေဖို့အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေကိုပြင်ဆင်ပြီး သတ်မှတ်ချက်တွေကို ဖြေလျှော့ပေးထားတာလို့ ရွေး/ ကော်က ဆိုပါတယ်။

ဒီတုံ့ပြန်ချက်အရ ဆက်တည်ရှိနေတဲ့ ၅၇ ပါတီဟာ နိုင်ငံရေးပါတီတွေနဲ့ဆက်စပ်တဲ့ဥပဒေတွေအပြင် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွေရဲ့ သတ်မှတ်ချက်အတိုင်းဆောင်ရွက်ရမှာပါ။

စစ်တပ်လုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ NLD အမတ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ CRPH အပါအဝင် အမျိုးသား အတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်အစိုးရ (NUG) တို့က စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ပြီး "ထောင်ချောက်" လို့ဆိုကာ ကန့်ကွက်ထားကြပါတယ်။

အရပ်ဖက်အဖွဲ့အစည်း ၂၀၆ ဖွဲ့ကလည်း စက်တင်ဘာလကုန်ပိုင်းကျင်းပမယ့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီရွေးကောက်ပွဲဟာအတုအယောင်ဖြစ်ပြီး ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီကြိုးပမ်းမှုတွေကိုထောက်ခံကြောင်း ထုတ်ဖော်ပြောဖို့ တိုက်တွန်းထားပါ တယ်။

၂၀၂၅ ရွေးကောက်ပွဲမှာ ပါတီတစ်ခုခုကအနိုင်ရတာထက် "တိုင်းပြည်နိုင်ဖို့လိုတယ်" လို့ပြောထားတဲ့ NDF ကတော့ ပါဝင်ယှဉ်ပြိုင်ခွင့်အခွင့်အရေး ဆုံးရှုံးတဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေကိုတောင်းပန်တယ်လို့ စက်တင်ဘာ ၁၀ ရက်ညနေပိုင်းမှာ စာထုတ်ပြန်ပါတယ်။

ဒါကြောင့် NDF ပါတီဝင်တွေအနေနဲ့ တသီးပုဂ္ဂလ (ဒါမှမဟုတ်) နိုင်ငံရေးယုံကြည်ချက်တူညီတဲ့ နိုင်ငံရေးပါတီတွေမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။