ဦးကိုကိုကြီး - လူထုနစ်နာချက်တွေ ကာကွယ်ဖို့ ပါတီထောင်တာပါ

၈၈ ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီး

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီဖေ့ဘုတ်

ဓာတ်ပုံ ပုံစာ, ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီး

ဘီဘီစီ။ ပြည်သူတွေ အများစု ၂၀၁၅ ရွေးကောက်ပွဲမှာ ထောက်ခံထားတဲ့ အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရှိတယ်၊ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ က လည်း ပါတီ ဝင် အင်အားအတော်များပါတယ်။ နောက် ရှစ်လေးလုံးအရေးတော်ပုံ က ပေါက်ဖွားလာတဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အရေး အဓိကထားလုပ်ဆောင်မယ့် ပါတီတွေ မြန်မာပြည်မှာ အများသားပါ။ ဒီ ပါတီတွေနဲ့ ဦးကိုကိုကြီးတို့ ပြည်သူ့ပါတီ က ဘာတွေ ကွဲပြားမှာပါလဲ။

ဦးကိုကိုကြီး။ ကျွန်တော်တို့က ၈၈ အရေးတော်ပုံက ပေါက်ဖွားခဲ့တဲ့ ကျောင်းသားခေါင်ဆောင်တွေ အများစု ပါတယ်၊ နောက် နယ်အသီးသီးက ရှစ်လေးလုံး ရဲဘော်တွေ အားလုံးစုစည်း ပြီးတော့ အခြား မျိုးဆက်အသီးသီး စုပေါင်းပြီး ဒါ ပါတီထောင်ဖို့ လုပ်ခဲ့ကြတာပါ။ အဲဒီတော့ နိုင်ငံရေး ပါတီတခု ထောင်ပြီဆိုတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက် သဘောထား တွေကို လွတ်လွတ်လပ်လပ် ပြောဆို စည်းရုံးနိုင်တဲ့ အခွင့်အလမ်း ရလာတာပေါ့။ အဲလိုမဟုတ်ရင် ကျွန်တော်တို့က ကိုယ်ကြိုက်တဲ့ပါတီ တခုခုကို ထောက်ခံတာ ဝန်းရံတာက လွဲပြီးတော့ ကိုယ့်ရဲ့ကိုယ်ပိုင် အယူအဆတွေ အသံတွေ ကို ထုတ်ဖော်ပြောကြားခွင့် မရဘူးပေါ့နော်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပါတီထောင်တာဟာ ကျွန်တော်တို့ အားလုံးရဲ့ အယူအဆ သဘောထားတွေ ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်စည်းရုံးပြီးတော့ ဒါ လူထုနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေ နစ်နာချက်တွေ ကို အကာအကွယ်ပေးနိုင်ဖို့ လုပ်ဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့ ပါတီထောင်တာပါ။

ဘီဘီစီ။ လူထုရဲ့လိုအပ်ချက်တွေကို လုပ်ဆောင်ပေးနိုင်အောင် ပါတီထောင်တယ်။ ဆိုတော့ လူထုရဲ့ နိုင်ငံမှာ ဦးစားပေးလိုအပ်ချက်က ဘာတွေ ပါလဲ။

ဦးကိုကိုကြီး။ သာမန်ပြည်သူတွေအတွက် နေ့စဉ်နိုင်ငံရေး ဆိုတာ သူတို့ရဲ့ စားဝတ်နေရေးပဲ။ အဲဒါ လူထုရဲ့ ရိုးစင်းတဲ့ နိုင်ငံရေးပါပဲ။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံရေးလုပ်တယ်ဆိုတာက သာမန်ပြည်သူတွေရဲ့ ဘဝ ကို ဘယ်လောက်ထင်ဟတ်နိုင်သလဲ၊ ဘယ်လောက်ထိ ပြောင်းလဲအောင် လုပ်ပေးနိုင်သလဲဆိုတာ က အခြေခံအကျဆုံးနဲ့ အရိုးရှင်းဆုံး နိုင်ငံရေး လို့ပဲမြင်ပါတယ်။ အဲဒီတော့ ကျန်တဲ့ နိုင်ငံရေး ဝေါဟာရတွေ စကားလုံးတွေ ဖြစ်တဲ့ ဒါ ကျွန်တော်တို့ ဖြေလည်းဖြေရှင်းရမယ့် ငြိမ်းချမ်းရေးကိစ္စတို့၊ ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေးတို့၊ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ စတဲ့ကိစ္စတွေ ကလည်း နိုင်ငံရေးအရ ဒါ က မဖြစ်မနေ ကျွန်တော်တို့ ပြောဆိုနေရမှာ ဆွေးနွေးနေရမှာ ဖြစ်ပေမယ့် နေ့စဉ်လူထုရဲ့ နိုင်ငံရေး က တော့ သူတို့ရဲ့ စားဝတ်နေရေးလို့ပဲ ကျွန်တော်တို့ နားလည်ပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင်တွေ အများစုနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ပါတီ

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ ဖေ့ဘုတ်

ဓာတ်ပုံ ပုံစာ, ၈၈ ကျောင်းသားခေါင်းဆောင်တွေ အများစုနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ပါတီ

ဘီဘီစီ။ လူထုရဲ့ စားဝတ်နေရေးကိစ္စတွေဖြေရှင်းနိုင်အောင် အတွက်ဆိုရင် ပြည်သူ့ပါတီ အနေနဲ့ ဘာတွေ လုပ်ရမယ်လို့ မြင်ထားလဲဗျ။

ဦးကိုကိုကြီး။ အဓိကကတော့ ကျွန်တော်တို့က မကြာခင်မှာလည်း အာဆီယံစီးပွားရေး အသိုင်းအဝိုင်း AEC (ASEAN Economic Community) အသိုင်းအဝိုင်း ကို ဝင်တော့မယ် ဆိုရင် ကိုယ့်နိုင်ငံ အတွင်းမှာ ထွက်ကုန်ဘာတွေ ရှိသလဲ၊ နောက်တခုက ကျွန်တော်တို့ နိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လောက်ဖန်တီးပေးနိုင်လဲ၊ ဒါတွေက အရေးကြီးတယ် လို့မြင်ပါတယ်၊ အထူးသဖြင့်တော့ အထူးသဖြင့်တော့ ၇၀ ရာခိုင်နှုန်းသော ကျွန်တော်တို့ ပြည်သူတွေ ဟာ လယ်ယာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မှီခိုနေကြတာဆိုတော့ ဒီစိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ စျေးကွက်ရဖို့၊ သီးနှံအာမခံချက်တွေ ရရှိဖို့ အစရှိသဖြင့် ဟာတွေကို ကျွန်တော်တို့က ဦးစားပေးဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ ဒါကတော့ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့အယူအဆတွေပါ။ နောက်တခုကတော့ မြို့ပြနဲ့ပတ်သက်ပြီး မြို့ပြဖွံ့ဖြိုးလာတာနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးလာတာ၊ နောက်တခါ ကျွမ်းကျင်လုပ်သားတွေ နည်းပါးလာတာ၊ ဒါဟာလည်းပဲ မြို့ပြ စက်မှုလက်မှုလုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်းတွေ၊ အသေးစားနဲ့အလတ်စား လုပ်ငန်းတွေ အဲဒါတွေ ဖွံ့ဖြိုးတိုးတက်အောင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်အောင် အဲဒါတွေ က လည်း အရေးတကြီး အာရုံစိုက်ရမယ့် ကိစ္စတွေလို့မြင်ပါတယ်။

ဘီဘီစီ။ စီးပွားရေးနဲ့ပတ်သက်ပြီးပြောရရင် နိုင်ငံရဲ့ ပုံရိပ်က အနောက်နိုင်ငံ အသိုင်းအဝိုင်းမှာ ကျနေတယ်လို့ မြင်လား၊ အဲဒါ က အရေးကြီးလား ဘယ်လို လုပ်ဖို့ လိုတယ်လို့ ထင်ပါလဲ။

ဦးကိုကိုကြီး။ နိုင်ငံတကာရဲ့အလယ်မှာ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ ထိန်းသိမ်းဖို့ ဆိုတာဟာ နိုင်ငံရေး ခေါင်းဆောင်အားလုံးရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ဆိုတော့ ဒီကိစ္စ က တနိုင်ငံလုံး အကျိုးစီးပွားအဖြစ်နဲ့ စုစည်းတဲ့ မူဝါဒမျိုးရှိဖို့လည်း လိုပါတယ်။ အဲသလိုမဟုတ်ပဲနဲ့ အချင်းချင်း အားပြိုင်မှုတွေနဲ့ ဆောင်ရွက်နေမယ်ဆိုရင် နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်တဲ့ ထိန်းသိမ်းတဲ့နေရာမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံရဲ့ပုံရိပ်ဆိုတာ နိုင်ငံတကာရဲ့ယုံကြည်ကိုးစားမှု နိုင်ငံတကာရဲ့ စီးပွားရေးဆိုင်ရာ ဆက်စပ်မှု ရင်းနှီးမြှုပ်နှံမှု အားလုံးနဲ့ ဆက်စပ်နေတာ ကြောင့် တဖက်ကလည်း ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားစဉ်းစားရမှာ ဖြစ်သလို တဖက်မှာလည်း နိုင်ငံတကာနဲ့ဆက်ဆံရေးကို ပုံရိပ်ကောင်းအောင်၊ကျွန်တော်တို့ပုံရိပ်ကို နိုင်ငံတကာက မှန်မှန်ကန်ကန် နားလည်နိုင်အောင် ကျွန်တော်တို့ ဝိုင်းဝန်းကြိုးပမ်းရမယ့်ကိစ္စလို့ မြင်ပါတယ်။

စုဖွဲ့ထားတဲ့ ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီး

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ ဖေ့ဘုတ်

ဓာတ်ပုံ ပုံစာ, ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီး

ဘီဘီစီ။ နိုင်ငံ့ပုံရိပ်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး အချင်းချင်းအားပြိုင်နေလို့ မကောင်းတဲ့သဘော ပြောပါတယ်။ ဘာကို ဆိုလိုတာပါလဲ။

ဦးကိုကိုကြီး။ အခုနိုင်ငံတကာမှာ မြန်မာလို့ပြောရင် ရခိုင်အရေးက ရှေ့တန်းရောက်နေတယ်၊ အဲဒီတော့ ရခိုင်အရေးနဲ့ပတ်သက်လို့ရှိရင် နိုင်ငံတကာက ရှုမြင်တဲ့ အခါမှာ သူတို့ရရှိတဲ့ သတင်းအချက်အလက်တွေ ကို မူတည်ပြီးတော့ ရှုမြင်ကြတာ သုံးသပ်ကြတာတွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့ဘက်ကလည်း စုစုစည်းစည်းနဲ့ ဟုတ်လား၊ အရပ်ဘက်စစ်ဘက်ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ နိုင်ငံရေး အင်အားစု တွေ အချင်းချင်းကြားထဲမှာပဲ ဖြစ်ဖြစ် ယေဘုယျတူညီတဲ့ သဘောထားတရပ်ဖြစ်ဖြစ်၊ စုစည်းတဲ့ သဘောထားတရပ် ချဖို့လိုတယ်၊ အဲဒီအတိုင်းလဲပဲ နိုင်ငံတကာကို နားလည်အောင် ကျွန်တော်တို့ အပေါ်မှာ၊ လက်ရှိအခြေအနေတွေ အပေါ်မှာ မှန်မှန်ကန်ကန် ရှုမြင်လာအောင် ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းသင့်တယ်လို့ မြင်ပါတယ်။

ဘီဘီစီ။ အခု ဦးကိုကိုကြီး ပြောပြတာက စီးပွားရေး အပိုင်းတွေ ပေါ့။ နိုင်ငံမှာက ငြိမ်းချမ်းရေးကလည်း လိုနေတယ်၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးကကော ဆက်စပ်မနေဘူးလား။

ဦးကိုကိုကြီး။ ငြိမ်းချမ်းရေး ကိစ္စကတော့ ဒါက တကယ့်ကို နိုင်ငံရဲ့ ထိပ်တန်းဦးစားပေး ကိစ္စတခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ငြိမ်းချမ်းရေးကိစ္စတွေမှာ တကယ့်ကို ထဲထဲဝင်ဝင် ညှိနှိုင်းခဲ့တာတွေ ဆွေးနွေးနေတာတွေ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို အရေးကြီးတယ်လို့ ဆောင်ရွက်နေတဲ့ တချိန်တည်းမှာ အခုနက စီးပွားရေးကိစ္စ၊ ဖွံ့ဖြိုးရေး ကိစ္စတွေ ကို ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုလိုတဲ့ သဘောပါ။ ငြိမ်းချမ်းရေး ဆိုတာက နိုင်ငံရေး ပြဿနာ၊ နိုင်ငံရေး အရဖြေရှင်းရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ဆိုတာ က ခွဲခြားလို့မရဘူး၊ ဒါက တဆက်တစပ်တည်း ကိုင်တွယ်ဖြေရှင်း ရမယ့် ကိစ္စလို့ မြင်ပါတယ်။ ငြိမ်းချမ်းရေး အရေးကြီးသလို တဘက်ကလည်း စီးပွားရေး ဖွံ့ဖြိုးရေး ကိစ္စတွေ ကို ဖြေရှင်းရမယ် ဆိုတဲ့အယူအဆပါ။

ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီး

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ ဖေ့ဘုတ်

ဓာတ်ပုံ ပုံစာ, ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီး

ဘီဘီစီ။ ဆိုတော့ စီးပွားရေးကို အဓိကထားလုပ်မယ်၊ ငြိမ်းချမ်းရေးကို ဆောင်ရွက်မယ်၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တာတို့၊ တပ်မတော်နဲ့ အရပ်သား ဆက်ဆံရေးတို့ ဆိုတာတွေ က နောက်ပိုင်း မှ ဆက်ပြီး စဉ်းစားရမယ့် ကိစ္စတွေလို့ ပြောတဲ့ သဘောပေါ့။

ဦးကိုကိုကြီး။ ဟုတ်ပါတယ်ခင်ဗျာ။ တကယ်တော့ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေဟာ တခုစီ ကောက်ပြီး ဖြေရှင်းလို့မရပါဘူး၊ တခုနဲ့ တခု ဆက်စပ်နေပါတယ်။ နိုင်ငံရေး ပြဿနာ၊ အရပ်ဘက် စစ်ဘက် ပြဿနာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဿနာ၊ ငြိမ်းချမ်းရေး ပြ၏နာ၊ စီးပွားရေး ပြဿနာ ဒါတွေဟာ တခုနဲ့တခု ဆက်စပ်နေတာ ဖြစ်တဲ့ အတွက်ကြောင့် ဦးစားပေး အစီအစဉ်ရွေးချယ်တဲ့အခါမှာ ငြိမ်းချမ်းရေး ကိစ္စလိုပဲ စီးပွားရေး၊ ဖွံ့ဖြိုးရေး ကိစ္စတွေ ကို လည်း အဓိက ထားပြီး ဆောင်ရွက်သင့်တယ်၊ ဘယ်ဟာပြီးတော့ ဘယ်ဟာ လုပ်ရမယ် ဆိုတာမျိုးထက် ယှဉ်တွဲပြီးတော့ ဆောင်ရွက်သင့်တဲ့ ကိစ္စတွေလို့ မြင်ပါတယ်။

ဘီဘီစီ။ ဦးကိုကိုကြီးတို့ ပါတီ က နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေ ပဲ ခေါင်းဆောင်ကြတာလို့မြင်ပါတယ်။ အခုနပြောတဲ့ စီးပွားရေးတွေ၊ ဖွံ့ဖြိုးရေးတွေ ငြိမ်းချမ်းရေးတွေ အရေး က နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေ က ပဲ လုပ်ဆောင်သွား မယ်ဆိုရင် ရ နိုင်တယ် ဆိုတဲ့ သဘောလား။

ဦးကိုကိုကြီး။ နိုင်ငံရေးအရကတော့ ရှစ်လေးလုံး မျိုးဆက်တွေကော၊ ရှစ်လေးလုံးမတိုင်ခင်က နိုင်ငံရေး ပုဂ္ဂိုလ် တွေ ကော၊ ရှစ်လေးလုံးနောက်ပိုင်း မျိုးဆက်တွေ ကိုကော အခြေခံ ကျောရိုး အရ စုစည်းထားတာပါ။ သို့သော်လည်းပဲ နိုင်ငံရဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေ အခြားကျွမ်းကျင်မှု ဆိုင်ရာ လိုအပ်ချက် ကိစ္စတွေ မှာတော့ သက်ဆိုင်ရာ ပညာရှင်များ ကျွမ်းကျင်သူများရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့်လည်း ပါတီ တည်ဆောက်ရေး စဉ်းစားတဲ့ အခါမှာ ကျွန်တော်တို့ ရှစ်လေးလုံး ရဲဘော်တွေတင်သာမကပဲ စီးပွားရေးနယ်ပယ် က ပုဂ္ဂိုလ်တွေ အခြား ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ ကိုလည်း စုစည်းထားတာ ဖြစ်ပါတယ်။

ဘီဘီစီ။ ပြည်သူ့ပါတီ အနေနဲ့ ဗမာ အများစုနေတဲ့ တိုင်းဒေသကြီးတွေမှာလည်း ပါတီကို စုစည်းတည်ဆောက်မှာလား၊ အခြားတိုင်းရင်းသားတွေ နေထိုင်တဲ့ ပြည်နယ်တွေ ဘက်မှာ ကော စုစည်းသွားမှာလား။

ဦးကိုကိုကြီး။ ကျွန်တော်တို့ တနိုင်ငံလုံးအတိုင်းအတာ နဲ့ ဖွဲ့စည်းမယ့် ပါတီ အဖြစ် မှတ်ပုံတင်ထားတာပါ။ တိုင်းဒေသကြီးကကော၊ ပြည်နယ် ကကော ပါတီဝင်တွေ ကို ပြပြီး ရွေးကောက်ပွဲ ကော်မရှင်မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ တိုင်းရင်းသား နိုင်ငံရေး ပါတီ တွေရဲ့အခန်းကဏ္ဍ က တကယ်အရေးကြီးပါတယ်။ ဒါက လွှတ်တော် ဘောင်ထဲမှာ စဉ်းစားတဲ့အပိုင်းပါ။ လွှတ်တော်ဘောင်ထဲကို မရောက်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပါ စုစည်းဖို့ ကြိုးစားတဲ့နေရာမှာ မဟာမိတ် ဆက်ဆံရေး က အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု အရေးနဲ့ ပတ်သက်ပြီး ယုံကြည်ချက် ခံယူချက် တူတဲ့ နိုင်ငံရေး ပါတီတွေ အင်အားစုတွေ နဲ့ မဟာမိတ်ပြုမယ်၊ အထူးသဖြင့် တိုင်းရင်းသားဒေသများမှာ ဒေသခံ နိုင်ငံရေး ပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်၊ မဟာမိတ် လုပ်သွားမယ် ဆိုတာ ကျွန်တော်တို့ အတိအလင်း ပြောကြားထားပြီး ဖြစ်ပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင်တွေ အများစုနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ပါတီ

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ ဖေ့ဘုတ်

ဓာတ်ပုံ ပုံစာ, ၈၈ ကျောင်းသားခေါင်းဆောင်တွေ အများစုနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ပါတီ

ဘီဘီစီ။ မြန်မာနိုင်ငံမှာ ပါတီခေါင်းဆောင် ရဲ့ ပုံရိပ် ကို အဓိက ထားပြီး ပြည်သူက ယုံကြည်ကိုးစားကြတာလား၊ ဒါမှမဟုတ် ပါတီ ရဲ့ မူဝါဒတွေ လုပ်ဆောင်ချက်တွေ ကို ပြည်သူက ပိုကြည့်ကြတာလား ၊ အခု ပါတီ ရဲ့ပုံရိပ် က ဦးကိုကိုကြီး ပါတီ လို့ ပုံရိပ်ထွက်လာမှာ လား။

ဦးကိုကိုကြီး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း စုပေါင်းပြီးတော့ ဦးဆောင်တဲ့ ဆုံးဖြတ်တဲ့ အလေ့အထ၊ ယဉ်ကျေးမှု ကို လေ့ကျင့်နေတာ ပျိုးထောင်နေတာ ဖြစ်ပါတယ်။ လတ်တလော ကာလမှာတော့ ဘယ်သူဦးဆောင်တယ်၊ ဘယ်ပါတီ က ဖြင့် ဘယ်သူတွေ ကို လူသိများတယ် ဆိုတာကတော့ အရှိတရားအရ ရှိနေတာ ဖြစ်ပေမယ့်လို့ ရေရှည်မှာ ကတော့ ဒီမိုကရေစီနည်းအရ ဆွေးနွေး ဆုံးဖြတ်တဲ့ ဦးဆောင်တဲ့ နိုင်ငံရေး ပါတီ မျိုးကိုပဲ ကျွန်တော်တို့ မျှော်လင့် ပါတယ်။ လူပုဂ္ဂိုလ် ဗဟိုပြုတဲ့ ပါတီမျိုးဟာ အဲဒီ လူပုဂ္ဂိုလ်ရဲ့ ကျန်းမာရေး၊ လူမှုရေး အကြောင်းကြောင်းတွေ ကြောင့် ပါတီရဲ့ စုဖွဲ့မှု ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်မို့ အားလုံး စုပေါင်းဦးဆောင်တဲ့နိုင်ငံရေး ပါတီတခု၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့အတူ ဆုံးဖြတ်တဲ့ နိုင်ငံရေး ပါတီ တခုဖြစ်အောင် လုပ်ဖို့ သန္နိဌာန် ချမှတ်ထားပါတယ်။

ဘီဘီစီ။ လက်တွေ့အရတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လူထုကြားမှာ ရေပန်းအစားဆုံး ပါတီ ဖြစ်တယ်၊ အာဏာရပါတီ ဖြစ်တယ်၊ နိုင်ငံရေးပါတီ တခုလုပ်ပြီ ဆိုရင် ဒီပါတီနဲ့ ယှဉ်ပြိုင်ရမှာ မျိုးတွေ ဖြစ်လာပြီ။ အဓိက စိန်ခေါ်ချက်တွေ က ဘာတွေ ဖြစ်မယ်လို့ မြင်ထားလဲဗျ။

ဦးကိုကိုကြီး။ တခုကတော့ နိုင်ငံရေး ပါတီ ဆိုတာက သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်၊ ရပ်တည်ချက်၊ မူဝါဒတွေ အပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံရေး ပါတီအချင်းချင်း ယှဉ်ပြိုင်ကြတယ်၊ ဒါက ဒီမိုကရေစီမှာ ဖြစ်ရိုးဖြစ်စဉ် တခု ပါပဲ။ တချိန်တည်းမှာပဲ တူညီတဲ့ ကိစ္စတွေ မှာ လက်တွဲဆောင်ရွက်တာတွေ မတူညီတဲ့ ဟာတွေမှာ ထောက်ပြတာ ဝေဖန်တာ အကြံပြုတာတွေ ကို နိုင်ငံရေးပါတီ တခုအနေနဲ့ မဖြစ်မနေ ဆောင်ရွက်သွားရမယ့် ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် ဘယ်ပါတီနဲ့တော့ ဖြင့်ရင် ကျွန်တော်တို့က ဘာလုပ်လုပ်ထောက်ခံမယ်၊ ဘာလုပ်လုပ် ကန့်ကွက်မယ် ဆိုတာမျိုးက တော့ ကျွန်တော်တို့ စိတ်ထဲမှာ မရှိဘူး။ အကြောင်းအရာ အလိုက်မူဝါဒ အလိုက်ပဲ ကျွန်တော်တို့ ပါတီရဲ့ ရပ်တည်ချက် အပေါ်မှာ မူတည်ပြီးတော့ မဟာမိတ်ဖွဲ့စည်းတာ ပူးပေါင်းဆောင်ရွက်တာ ဝေဖန်ထောက်ပြတာ အကြံပြုဆောင်ရွက်တာ တွေ ကျွန်တော်တို့ ဆောင်ရွက်သွား မှာပါ။