ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေကျန်မလဲ

တည်ဆဲပါတီ ၆၀ ကျော်ရှိပေမဲ့ အဲဒီပါတီတွေအားလုံး ရွေးကောက်ပွဲဝင်ခွင့်ရဖို့ မသေချာသေးသလို ပါတီဆက်လက်ရပ်တည်ပိုင်ခွင့်အတွက် ရုန်းကန်နေကြရပါတယ်။
အကြောင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်အင်အားနဲ့ ပါတီရုံးခန်း အရေအတွက်တွေ ပြည့်မီအောင်လုပ်ရမယ်လို့ ညွှန်ကြားထားလို့ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးပြိုင်မယ့် ပါတီတွေက ပါတီဝင်ဦးရေ အနည်းဆုံး ငါးသောင်း ရှိရမှာဖြစ်ပြီး မြို့နယ်အားလုံးရဲ့ ၃ ပုံ ၁ ပုံမှာ ပါတီရုံးခန်းဖွင့်နိုင်ရမယ်လို့ UEC က သတ်မှတ်ထားတာပါ။
စက်တင်ဘာ ၇ ရက်မှာ UEC ကို တင်ပြရမှာဖြစ်ပြီး အရေအတွက်မပြည့်မီရင် ပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး။
ဒါ့အပြင် ရွေးကောက်ပွဲမှာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မယ့်ပါတီဆိုရင် မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်အထိ ဝင်ပြိုင်ရဦးမှာပါ။
ဒီအချက်တွေဟာ ပါတီတွေအတွက် တိုတောင်းလွန်းတဲ့ ကာလသတ်မှတ်ချက်ဖြစ်တာကြောင့် အခက်အခဲတွေရှိတယ်လို့ ဘီဘီစီက ဆက်သွယ် မေးမြန်းခဲ့တဲ့ တစ်နိုင်ငံလုံးပြိုင်မယ့် ပါတီတချို့ရဲ့ခေါင်းဆောင်တွေက ဆိုကြပါတယ်။
ပါတီဝင်နဲ့ ရုံးခန်းအရေအတွက် သတ်မှတ်ရက်အတွင်း တင်ပြနိုင်မလား

ဓာတ်ပုံ ရင်းမြစ်, USDP
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မယ်လို့ ကြေညာထားတဲ့ ပါတီ ၉ ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ USDP ကလွဲရင် ကျန်ပါတီ တွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နေရာမှာမှ အနိုင်မရခဲ့တဲ့ ပါတီတွေဖြစ်ပါတယ်။
- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
- ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)
- အမျိုးသားနိုင်ငံရေး ဒီမိုကရက် တစ်ပါတီ(DNP)
- မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ(MFDP)
- ရှမ်းနဲ့တိုင်းရင်း သားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)
- အမျိုးသမီးပါတီ(မွန်)
- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)
- ပြည်သူ့ပါတီ(PP)တို့က USDP အပြင် ပါဝင်ယှဥ်ပြိုင်မယ့် ပါတီတွေ ဖြစ်ပါတယ်။
USDP မှာ ပါတီဝင်အင်အားသန်းချီရှိပြီး ပါတီရုံးခန်းကလည်း တိုက်ပွဲနဲ့ ဗုံးဒဏ်ကြောင့် ပျက်စီးတာ အနည်းငယ်ပဲရှိတာကြောင့် UEC သတ်မှတ်ချက်နဲ့ ပြည့်မီနေပြီဖြစ်လို့ စက်တင်ဘာ ၅ ရက်ညနေပိုင်းမှာ တင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ USDP ရဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေက ဘီဘီစီကို ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
UEC ကိုတင်ပြဖို့ စိစစ်တဲ့အခါမှာ တခြားပါတီတချို့မှာလည်း USDP ပါတီဝင်နာမည်တွေ ထပ်နေတာ ထောင်ချီရှိတယ်လို့ ဦးလှဆွေက ပြောပါတယ်။
"ကျွန်တော်တို့ပါတီကနေ လူတွေလာဆွဲခေါ်နေတာ။ ကျွန်တော်တို့ပြန်ဆွဲထုတ်ရင် သူတို့ဘက်က လူပြတ်လပ်တာတွေ ဖြစ်လာမှာ" လို့ သူက ပြောပါတယ်။
ဒေါက်တာသက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ဇူလိုင် ၂၄ ရက်ကတည်းက သတ်မှတ် ပါတီဝင်အင်အားနဲ့ ရုံးခန်းရှိတဲ့ ပါတီ ၃ ခုထဲမှာပါပြီးသားဖြစ်တယ်လို့ ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေးက ဘီဘီစီကို ပြောပါတယ်။
ဇူလိုင် ၂၄ ရက်အထိ ပါတီဝင်အင်အား ၉၃,၅၀၈ ဦးနဲ့ ပါတီရုံးခန်း ၁၃၄ နေရာရှိပြီး ထပ်တိုးတင်ထားဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဘီဘီစီကကြည့်ရှုခွင့်ရခဲ့တဲ့ စာရင်းတစ်ခုအရ မြို့နယ်ပါတီရုံးခန်း ပြည့်မီတဲ့ နိုင်ငံရေးပါတီဟာ ဇူလိုင် ၂၄ ရက်အထိ ၂၈ ပါတီသာရှိသေးပြီး ဒီထဲမှာ PPP အပါအဝင် တစ်နိုင်ငံလုံးဝင်ပြိုင်မယ့် ပါတီ ၃ ခုသာတွေ့ရပါတယ်။
အဲဒီအချိန်အထိ ပါတီဝင်အရေအတွက်ပြည့်မီတယ်လို့ ကြေညာထားတဲ့ ပါတီစာရင်းမှာ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီနဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ပါတီတို့ မပါသေးပါဘူး။
ဒါကြောင့် ဒီပါတီနှစ်ခုက တစ်လကျော်အတွင်းမှာ အရေအတွက်ပြည့်မီအောင် ရုန်းကန်ခဲ့ကြရပါတယ်။
"UEC အချိန်ပေးမှုအရမ်းနည်းတယ်၊ ထုတ်ပြန်ကြေညာမှုတွေကလည်း တချို့နေရာတွေမှာ ရှင်းလင်းမှု မရှိဘူး" လို့ PPP ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေးက ပြောပါတယ်။
ပါတီဝင်နဲ့ ရုံးခန်းအရေအတွက်ပြည့်မီ ကျော်လွန်နေပြီလို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သြဂုတ် ၂၃ ရက်မှာလုပ်တဲ့ ပါတီ ၇ နှစ်ပြည့်အခမ်းအနားမှာပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ
ရခိုင်၊ ကယားနဲ့ချင်း မှာ ပါတီဝင်မရှိတဲ့ ပါတီတွေ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ(MFDP)
NDF ပါတီ တွဲဖက်ဥက္ကဋ္ဌ ဦးထက်အောင်ကျော်ကတော့ ပါတီရုံးခန်းဖွင့်ဖို့ ရန်ပုံငွေအခက်အခဲရှိတယ်လို့ စက်တင်ဘာ ၃ ရက်မှာ ဘီဘီစီကို ဖြေထားပြီး ပါတီဝင်အရေအတွက်အခြေအနေကို မေးမြန်းဖို့ စက်တင်ဘာ ၅ ရက်မှာ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိသေးပါဘူး။
မွန်ပြည်နယ်က မိသန်းရှင်ဦးဆောင်တဲ့ အမျိုးသမီးပါတီ(မွန်)ကတော့ ပါတီဝင်နဲ့ ရုံးခန်းတွေ ပြည့်မီ ပြီး ဖြစ်တယ်လို့ မွန်သတင်းဌာနတစ်ခုဖြစ်တဲ့ သံလွင်တိုင်းမ်ကို စက်တင်ဘာ ၁ ရက်မှာဖြေထားပါတယ်။
ဒီပါတီဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာလည်း တစ်နေရာမှာ အနိုင်ရတာမရှိခဲ့ပါဘူး။
အခုရွေးကောက်ပွဲကို ပါတီတည်တံ့ရေးအတွက်ပဲဝင်ပြိုင်တာဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ မိသန်းရှင်က သံလွင်တိုင်းမ်သတင်းမှာ ဖြေထားပါတယ်။
မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ(MFDP) က ပါတီရုံး ၁၂၇ ရုံးနဲ့ ပါတီဝင်အင်အား တစ်သိန်းကျော်ရှိတယ်လို့ ပါတီရဲ့ ရန်ကုန်တိုင်းဥက္ကဋ္ဌဦးသက်ဇော်က ဘီဘီစီကို ပြောပါတယ်။
"ရခိုင်၊ ကယားနဲ့ ချင်းမှာတော့ ပါတီရုံးခန်းမရှိဘူး" လို့ ဦးသက်ဇော်က ပြောပါတယ်။
တစ်နိုင်ငံလုံးမှာ ဝင်ပြိုင်မယ့်နိုင်ငံစာရင်းထဲက ကျားဖြူပါတီကလည်း ရခိုင်၊ ကယားနဲ့ချင်းတို့မှာ ပါတီဝင်နဲ့ ပါတီရုံးခန်းမရှိသလို ယှဥ်ပြိုင်မှာ မဟုတ်ဘူးလို့ ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောပါတယ်။
"ပါတီက UEC ကိုတင်ပြခဲ့တဲ့ ပါတီဝင် ၁၈၀,၀၀၀ ကျော်မှာ ၁၀၇,၀၀၀လောက်က အသိအမှတ် ပြုထားပြီးပြီ။ ရုံးခန်းက ၁၄၆ နေရာရှိတယ်" လို့ သူကပြောပါတယ်။
ကျားဖြူပါတီဟာ အရင်ရွေးကောက်ပွဲတွေတုန်းနဲ့ ရှမ်းနဲ့ကချင်မှာသာ ပြိုင်နေရာကနေ လာမယ့်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးပြိုင်မှာဖြစ်ပါတယ်။
နိုင်ငံရေးပါတီ ၉ ခုမှာ တချို့ပါတီတွေက ရွေးကောက်ပွဲဝင်ခွင့်မရဘဲ ကျန်ခဲ့နိုင်တယ်လို့ ဘီဘီစီက မေး ခဲ့တဲ့ ပါတီ ၄ ခုက ခေါင်းဆောင်တွေက ဆိုပါတယ်။
USDP ပါတီက ဦးလှဆွေကတော့ " ကျွန်တော်မှန်းတာ ၃ ပါတီလောက်ပဲကျန်မှာ" လို့ ဆိုပါတယ်။
မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်အတွက် အမတ်လောင်းရှာနိုင်မလား

ဓာတ်ပုံ ရင်းမြစ်, PPP
တစ်နိုင်ငံလုံးမှာဝင်ပြိုင်မယ့်ပါတီတွေဟာ လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ဒီနှစ် ဇူလိုင် ၂၈ ရက်မှာ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ် ပုံတင်ခြင်းဥပဒေရဲ့ ပုဒ်မ ၁၂(က)အရ မဲဆန္ဒနယ်ထက်ဝက်မှာ မပြိုင်နိုင်ရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
မဲဆန္ဒနယ်ပေါင်း ၈၃၃ ခုရှိတာကြောင့် တစ်ပါတီမှာ အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် ၄၁၇ ဦး ပါ ဝင်ယှဥ်ပြိုင်နိုင်ဖို့ လိုအပ်တယ်လို့ နားလည်ရပါတယ်။
ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းအရေအတွက်ကိုလည်း စက်တင်ဘာ ၈ ရက်မှာ တင်ရမှာ ဖြစ်ပါတယ်။
USDP ပါတီ၊ ကျားဖြူပါတီနဲ့ PPP ပါတီတို့က အစောပိုင်းကတည်းကလွှတ်တော်ကိုယ်စားလှယ်ဦးရေ ပြည့်မီတယ်လို့ ပြောပေမဲ့ ပါတီတချို့က လိုအပ်နေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ(MFDP)ရဲ့ ရန်ကုန်တိုင်းဥက္ကဋ္ဌဦးသက်ဇော်က လွှတ်တော်ကိုယ်စားလှယ် ဆယ်ဂဏန်းလိုနေသေးတယ်လို့ ဆိုပါတယ်။
"UEC က ပေးတဲ့အချိန်၊ လုပ်ခိုင်းတဲ့တာဝန်နဲ့ သတ်မှတ်ချက်တွေက တင်းကျပ်လွန်းတယ်။ ကိုယ်စားလှယ်လောင်းတင်သွင်းတဲ့ အချိန်က တစ်လလောက်ပေးသင့်တယ်" လို့ ဆိုပါတယ်။
သူက "လျှောက်လွှာမှာ မဲစာရင်းအမှတ်ပါရမယ်ဆို အခုချိန်ထိ မဲစာရင်းမထွက်တော့ ၈ ရက်ကို ကျွန်တော်တို့ ဘယ်လိုတင်မလဲ" ဖြည့်စွက်ထောက်ပြပါတယ်။
NDF ပါတီကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်နေဆဲဖြစ်တယ်လို့ဆိုပေမဲ့ အရေအတွက် ပြည့်ပြီလားဆိုတာကိုတော့ အတိအကျဖြေဆိုတာမရှိပါဘူး။
ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့လွှတ်တော်အတွက် အသက်(၂၅)နှစ် ပြည့်ပြီးသူ၊ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ရမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရတဲ့အချိန်နဲ့ တစ်ဆက်တည်း မြန်မာနိုင်ငံမှာအနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေမှာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူဖြစ်ရပါမယ်။
အမျိုးသားလွှတ်တော်အတွက်က အသက် (၃၀) နှစ် ပြည့်ပြီးသူဖြစ်ရမှာပါ။
အခုနှစ်မှ ထပ်ဖြည့်လိုက်တဲ့ အချက်ကတော့ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူဖြစ်ရ မယ့်အချက်ဖြစ်ပါတယ်။
အထက်တန်းအဆင့် ဘာသာရပ်အားလုံးကို သင်ယူပြီးမြောက်သူလို့ လွှတ်တော်ဥပဒေတွေမှာ ဆိုထားတာကြောင့် အခြေခံပညာအထက်တန်းအောင်စရာတော့ မလိုဘူးလို့ နားလည်ရပါတယ်။
နောက်ရွေးကောက်ပွဲတွေမှာ ဘွဲ့ရသူတွေကိုသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင် ခွင့်ပြုမယ်လို့ စစ်ကော်မရှင်ခန့် UEC ဥက္ကဋ္ဌဦးသန်းစိုးက သြဂုတ် ၂၆ ရက်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ချိန်မှာ ပြောခဲ့ပါတယ်။
ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ဆယ်တန်းမအောင်သူ ၄၂ ဦးနဲ့ ဘွဲ့မရသူ ၉၉ ဦး ပါဝင်ခဲ့ပါတယ်။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာတော့ ဆယ်တန်းမအောင်သူ ၂၉ ဦးနဲ့ ဘွဲ့မရသူ ၇၇ ဦး ပါခဲ့တာပါ။
အွန်လိုင်းကမဲဆွယ်မယ်

ဓာတ်ပုံ ရင်းမြစ်, Shan & Nationalities Democratic Party
ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်လို့တော့ ပါတီကြီးကလွဲရင် ပါတီငယ်တွေက ကိုယ်စား လှယ်လောင်းတွေရဲ့ ဓာတ်ပုံကို မဖော်ပြဘဲ မဲဆွယ်ဖို့ များနေတာပါ။
ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက "အွန်လိုင်းကပဲလုပ်မယ်။ တစ်မြို့ဝင် တစ်မြို့ထွက်က ခေတ်မရှိတော့ဘူးထင်တယ်။ ရွာတွေမှာလည်း TikTok ကိုပိုကြည့်ကြတယ်။ ကျွန်တော်တို့လည်း TikTok၊ Youtube၊ Telegramနဲ့ facebook က သွားမယ်" လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ် ၁၀၂ ခုမှာ ကျင်းပမယ်လို့ ထုတ်ပြန်ထားတဲ့ စစ်ကောင်စီဟာ မြို့နယ် ၆၃ မြို့နယ်ကိုတော့ စစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။
MFDP ရဲ့ ရန်ကုန်တိုင်းဥက္ကဋ္ဌဦးသက်ဇော်က" ကိုယ့်လုံခြုံရေး ကိုယ်ယူရမှာပဲ။ တစ်ယောက်ချင်းကတော့ လုံခြုံရေးလိုက်ပေးနိုင်မှာမဟုတ်ဘူးထင်တယ်။ အရင်လိုပုံစံသိပ်မြင်ရမှာမဟုတ်ဘူး။ ပါတီကြော်ငြာပဲလောက်ပဲလုပ်ဖို့များမယ်" လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နယ်အတွက် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) စနစ် ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်ကို စနစ် ၂ မျိုးခွဲထားပြီး မဲအများဆုံးရသူအနိုင်ယူ စနစ် (FPTP) မဲဆန္ဒနယ် ၈၄ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ် စုစုပေါင်းမဲဆန္ဒနယ် ၁၁၀ နယ် လို့ ဖော်ပြထားပါတယ်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှာလည်း မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၃၂၂ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ် စုစုပေါင်းမဲဆန္ဒနယ် ၃၆၄ နယ်လို့ ဆိုပါတယ်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်ကတော့ ၂၉ နယ် ဖြစ်တယ်လို့ ကြေညာထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ " USDP, PP, PPP, NDF လောက်ပဲ လူရမယ် ထင်တယ်။ တစညလို စစ်တပ်ပါတီလည်း ငုပ်သွားပြီ ဘာမှမလုပ်နိုင်ဘူး" လို့ ဆိုပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) တစည ဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီကနေ အမွေဆက်ခံတဲ့ပါတီဖြစ်လို့ ပါတီရုံးခန်းရာဂဏန်းအထိ ဖွင့်နိုင်တဲ့ပါတီဖြစ်ပါတယ်။
ပါတီကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
"ဒီရွေးကောက်ပွဲကိုက စစ်အုပ်စုအကျိုးစီးပွားကာဖို့အတွက်ပဲဆိုတော့ သူတို့ကို ကာပေးဖို့ သူတို့ကိုယ်တိုင် ဝင်လုပ်လို့ရတဲ့ ပါတီကပဲ စီးသွားမယ်လို့ ယူဆတယ်" လို့ အဆိုပါ နိုင်ငံရေးအကဲခတ်က ပြောပါတယ်။












