IMEI မှတ်ပုံတင်စနစ် - နိုင်ငံသားတွေအတွက် ဒစ်ဂျစ်တယ်ထိန်းချုပ်မှု နောက်တစ်ခုလား

ဆိုက်ဘာသူလျှိုနည်းပညာ ဟိုလိုဂရမ်နဲ့ လက်ကိုင်မိုဘိုင်းဖုန်းကို ကိုင်ဆောင်ထားတဲ့အမျိုးသား၊ အင်တာနက် ထိန်းချုပ်မှုကို မျက််လုံးအတုနဲ့ စောင့်ကြည့်နေတဲ့ သရုပ်ဖော်ပုံအဟောင်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဖတ်ရန်အချိန်: မိနစ် ၁၀

နိုင်ငံ့လူဦးရေထက် သန်းနဲ့ချီပြီး ဖုန်းအသုံးပြုတာ ပိုများတဲ့မြန်မာမှာ မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုသူရဲ့အချက်အလက်တွေကို စောင့်ကြည့်နိုင်တဲ့နေရာမှာ အခရာအကျဆုံးဖြစ်တဲ့ IMEI ကုတ် နံပါတ်ကို မှတ်ပုံတင်ကြဖို့ စစ်ကော်မရှင်က ပြောလာပါတယ်။

မြန်မာ့လူဦးရေ သန်း ၅၀ ကျော်မှာ ဖုန်းအသုံးပြုသူက သန်း ၆၀ ကျော်အထိရှိနေတယ်လို့ ဒစ်ဂျစ်တယ်နဲ့ ဖုန်းဆက်သွယ်ရေးအဖွဲ့တွေရဲ့အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။

ဒီအချိန်မှာပဲ စစ်ကော်မရှင်က မိုဘိုင်းဖုန်းတွေကို အခွန်ကောက်နိုင်ဖို့နဲ့ ဖုန်းတွေကို တရားမဝင်တင်သွင်းတာ မဖြစ်တော့အောင် ဖုန်းမှာပါတဲ့ နိုင်ငံတကာသက်သေခံ ကုတ် (IMEI Code)ကို မှတ်ပုံတင်ဖို့ ပြောလာတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကုတ်ကို မှတ်ပုံတင်လိုက်ရင် ဖုန်းပိုင်ရှင် ဘယ်နေရာမှာ ရောက်နေတယ်၊ ဘာတွေအတွက် ဖုန်းကို အသုံးပြုနိုင်တယ်ဆိုတာမျိုးကို နည်းပညာပိုင်းအရ အာဏာပိုင်တွေလည်း သိနိုင်တာမို့ ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှုအပိုင်းကို စိုးရိမ်ကြောင်း ပြည်တွင်းက မိုဘိုင်းဖုန်းသုံးစွဲသူတွေက ပြောကြပါတယ်။

အာဏာသိမ်းမှုစတင်ကတည်းက မြန်မာက နည်းပညာအဆင့်ဆင့် တင်းကျပ်မှုကို စောင့်ကြည့်သုတေသနပြုတဲ့နွေဦးလုံခြုံရေး(Spring Revolution Security)ကတော့ IMEI ကုတ် မှတ်ပုံတင်ခိုင်းတဲ့အစီအစဉ်ကြောင့် အာဏာပိုင်တွေဟာ နိုင်ငံသားတွေအပေါ် စောင့်ကြည့်ရေးယန္တရားတွေကို နောက်ကွယ်ကနေ ဖော်ဆောင်နိုင်လိမ့်မယ်လို့ သတိပေးပါတယ်။

IMEI ဆိုတာဘာလဲ

IMEI ကို စစ်ဆေးနိုင်တဲ့ ကုဒ်နံပါတ်

ဓာတ်ပုံ ရင်းမြစ်, PhoneArena

ဓာတ်ပုံ ပုံစာ, IMEI ကို စစ်ဆေးနိုင်တဲ့ ကုဒ်နံပါတ်

ဖုန်းတစ်လုံးရဲ့ IMEI နံပါတ်ကို ရပြီဆိုရင် အဲဒီဖုန်းဟာ လူမှုကွန်ရက်ပေါ်မှာ ဘယ်လိုအကြောင်းအရာတွေကို ရှာဖွေကြည့်ရှုထားတယ်ဆိုတဲ့အချက်တွေအထိ သိနိုင်တယ်လို့ နည်းပညာရှင်တချို့က ထောက်ပြပါတယ်။

IMEI နံပါတ်က "ဖုန်းတစ်လုံးချင်းစီတိုင်းရဲ့ တည်နေရာ၊ ဘာတွေသုံးနေလဲဆိုတာတွေပါ စောင့်ကြည့်နိုင်တာပေါ့" လို့ နည်းပညာရှင်တစ်ဦးက ဆိုပါတယ်။

ဖုန်းတစ်လုံးစီတိုင်းမှာ မတူညီတဲ့ IMEI (International Mobile Equipment Identity) တစ်ခုစီ ရှိပါတယ်။ ပုံမှန် IMEI နံပါတ်တစ်ခုက ဂဏန်း ၁၅ လုံး ရှိပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တချို့ဖုန်းတွေမှာတော့ ဆော့ဖ်ဝဲဗားရှင်းအလိုက် ဖော်ပြပေးတဲ့ စာလုံးတစ်ခု အပိုပါဝင်တာကြောင့် ဂဏန်း ၁၆ လုံးအထိရှိနိုင်ပါတယ်။

ဖုန်းအော်ပရေတာ(ဆက်သွယ်‌ရေးကွန်ရက်) တွေကလည်း ဖုန်းရဲ့ IMEI နံပါတ်ကတဆင့် ဖုန်းရှိနေတဲ့ တည်နေရာကို ရှာဖွေထောက်လှမ်းတာတွေ လုပ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ဖုန်း ဆင်းကတ် မှတ်ပုံတင်ပြီးသားသူတွေဆိုရင် အခုလို IMEI နံပါတ်တွေကိုပါ ဆင်းကတ်နဲ့တွဲပြီး မှတ်ပုံတင်ထားရင်တော့ ဒီဖုန်းက ဘယ်သူသုံးနေသလဲ၊ ဘာတွေသုံးနေသလဲဆိုတာကို ချက်ချင်းသိနိုင်တဲ့သဘောလို့ နားလည်ရပါတယ်။

မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့ ဗဟိုမိုဘိုင်း စက်ပစ္စည်းမှတ်ပုံတင်စနစ်(CEIR) စနစ်ရဲ့ခွင့်ပြုစာရင်းထဲ IMEI နံပါတ်မရှိဘူးဆိုရင် ဆင်းကတ်ပိတ်ခံရတာအပြင် နိုင်ငံတော်လုံခြုံရေးအရဆိုတဲ့ခေါင်းစဉ်အောက်ကနေ စုံစမ်းစစ်ဆေးတာ၊ အရေးယူတာတွေအထိ ရှိလာနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

IMEI နံပါတ်တွေကို မှတ်ပုံတင်ရတဲ့ CEIR စနစ်မျိုးဟာ ပုံမှန်အုပ်ချုပ်ရေးကာလတွေမှာတော့ ရာဇဝတ်မှုနှိမ်ရင်းရေးလုပ်ငန်းတွေလိုမျိုး ကိစ္စရပ်တွေမှာ အသုံးဝင်နိုင်တယ်လို့ မြန်မာအင်တာနက်ပရောဂျက်(MIP)က ဒစ်ဂျစ်တယ်အခွင့်အရေး လေ့လာသုံးသပ်သူ ကိုသစ်ဉာဏ်က ပြောပါတယ်။

ဒါပေမဲ့ ''လက်ရှိ ဥပဒေနဲ့ ဥပဒေဖော်ဆောင်သူတွေရဲ့ရည်ရွယ်ချက်တွေအရ လုံခြုံတယ်လို့ ယုံကြည်လို့ မရတဲ့ စနစ်ပါ" လို့ သူက ထောက်ပြပါတယ်။

နိုင်ငံသားတွေရဲ့အချက်အလက်တွေကို National Database စနစ် တည်ဆောက်ရေးထဲ ထည့်သွင်းဖို့ စစ်ကောင်စီက ၂၀၂၃ ခုနှစ်က စတင်စီစဉ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်တုန်းကလည်း စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် လပိုင်းအတွင်းမှာပဲ စမတ်ကတ်လို့ခေါ်တဲ့ UID ကတ်ထုတ်ပေးတဲ့စနစ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။

ဒီစနစ်ကနေ ပြည်တွင်းမှာ နေထိုင်နေတဲ့သူတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်အပြင် ဇီဝအချက်အလက်တွေပါ ရယူခဲ့ပြီးဖြစ်ပါတယ်။

UID ကတ်ပြုလုပ်ရာကနေ ရရှိလာတဲ့အချက်အလက်တွေကို စုစည်းပြီး လူပုဂ္ဂိုလ်စိစစ် စောင့်ကြည့်စနစ် (Person Scrutinization and Monitoring System)နဲ့ တိုက်ဆိုင်စစ်ဆေး ဖမ်းဆီးခံရမှုတွေလည်း ရှိခဲ့ပါတယ်။

အလားတူ မြန်မာစစ်တပ်က ဆင်းကတ်တွေ မှတ်ပုံတင်ဖို့ကိုလည်း အာဏာသိမ်းကာလအတွင်း ဖိအားပေးခဲ့ပြီး မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းကတ်တွေကိုလည်း ရောင်းချဖို့ တားမြစ်တာတွေလုပ်ခဲ့ပါတယ်။

လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းခံတာကို စစ်တပ်က နည်းပညာနဲ့ စနစ်တကျ အကောင်အထည်ဆက်ဖော်နေတယ်လို့ ကမ္ဘာတဝန်း ဒီဂျစ်တယ်နဲ့ ပြည်သူ့အခွင့်အရေးဆိုင်ရာ တိုးမြှင့်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ Access now ရဲ့တာဝန်ရှိသူတစ်ဦးက အစောပိုင်းနှစ်တွေကတည်းက ပြောထားပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်က ၂၀၂၆ ဧပြီ ၁ ရက်ကစပြီး ဗဟိုမိုဘိုင်း စက်ပစ္စည်းမှတ်ပုံတင်စနစ်(CEIR) ရဲ့ ခွင့်ပြုစာရင်းမှာ မပါတဲ့ မိုဘိုင်းဖုန်းတွေကို မိုဘိုင်းကွန်ရက်(ဖုန်းအော်ပရေတာ) တွေနဲ့ ချိတ်ဆက်အသုံးပြုချိန်ကစပြီး ရက်ပေါင်း ၃၀ အတွင်း ယာယီအသုံးပြုခွင့်သာ ရမယ်လို့ ကြေညာလိုက်ပါတယ်။

မိုဘိုင်းဖုန်းတွေကို ဆက်ပြီးသုံးမယ်ဆိုရင် အဲဒီကာလအတွင်း ကျသင့်တဲ့ အခွန်နဲ့ ဒဏ်ကြေးတွေပေးဆောင််မှ ဆက်ပြီးအသုံးပြုခွင့်ရမယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။

IMEI ကနေ ဘယ်လိုအချက်တွေကို စစ်တပ်ရနိုင်လဲ

ရန်ကုန်မြို့လယ်က မြင်ကွင်းတစ်ခု (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

IMEI နံပါတ်ကို မှတ်ပုံတင်လိုက်ပြီဆိုရင် ဆင်းကတ်နဲ့ မှတ်ပုံတင်နံပါတ်တို့ပါ တစ်ခုတည်း ပေါင်းစပ်မိသွားမှာဖြစ်တာကြောင့် ဘယ်သူဘယ်ဝါသုံးစွဲနေလဲဆိုတာကို တိတိကျကျသိနိုင်တယ်လို့ နွေဦးလုံခြုံရေးအဖွဲ့က ပြောပါတယ်။

ဖုန်းဆင်းကတ်တစ်ခုဟာ အနီးနားမှာရှိတဲ့ တာဝါတိုင် ၃ ခုနဲ့ အနည်းဆုံးချိတ်ဆက်နိုင်တာကြောင့် ဖုန်းပိုင်ရှင် ရောက်ရှိနေတဲ့အနီးစပ်ဆုံး တည်နေရာကိုလည်း ခြေရာခံနိုင်တယ်လို့ သိရပါတယ်။

နောက်တစ်ချက်အနေနဲ့ IMEI နံပါတ်တွေကနေ လူစုလူဝေးလုပ်နေတဲ့နေရာတွေအပြင် သုံးနေတဲ့ ဆင်းကတ်(ဖုန်းနံပါတ်)တွေကိုပါ ခြေရာကောက်နိုင်တယ်လို့ နည်းပညာရှင်တစ်ဦးက ထောက်ပြပါတယ်။

"ပစ်မှတ်ထားခံရသူနဲ့ ဘယ် IMEI နံပါတ်တွေက အတူရှိခဲ့လဲ။ ဘယ်နေရာမှာ ဘယ်လောက်ကြာအောင်ရှိခဲ့လဲ။ ပစ်မှတ်နဲ့အတူရှိခဲ့တဲ့သူတွေက ဘယ်သူလဲ" ဆိုတာတွေကို လွယ်လွယ်ကူကူထောက်လှမ်းနိုင်မှာဖြစ်တဲ့အကြောင်း သူက သတိပေးပါတယ်။

IMEI မှတ်ပုံတင်စနစ်မတိုင်ခင် ဆင်းကတ်မှတ်ပုံတင်ခိုင်းတဲ့စနစ်မှာတော့ ဆင်းကတ်ပိတ်ခံရတဲ့ အသုံးပြုသူတစ်ဦးဟာ နောက်ထပ်ဆင်းကတ်အသစ် တစ်ကတ် ဝယ်ယူ သုံးနိုင်ပါတယ်။

အင်တာနက်ကိုလည်း နီးစပ်ရာ ဝိုင်ဖိုင်၊ စတားလင့်အင်တာနက်တို့နဲ့ ချိတ်ဆက်သုံးနိုင်ပါတယ်။

IMEI စနစ်မှာတော့ ဒီနံပါတ်တွေကို ပိတ်ပစ်လိုက်ပြီဆိုရင် အပိတ်ခံရတဲ့ဖုန်းဟာ သတ်မှတ်ကွန်ရက်အတွင်းမှာ ဘယ်ဆင်းကတ်ထည့်ထည့် အသုံးပြုလို့မရတဲ့အခြေအနေ ရောက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် ဖုန်းတစ်လုံးဝယ်ယူပြီး မြန်မာပြည်တွင်းက ဆင်းကတ်တွေ ထည့်သုံးမယ်ဆိုရင်လည်း မှတ်ပုံမတင်ထားတဲ့အတွက် ဖုန်းအသစ်လည်း IMEI နံပါတ်လည်း ထပ်မံပိတ်ပင်တာခံရနိုင်တယ်လို့ နွေဦးလုံခြုံရေးအဖွဲ့က ပြောပါတယ်။

IMEI ကနေ ဖုန်းအသုံးပြုသူ လူတစ်ဦးချင်းစီရဲ့ကိုယ်ရေးအချက်အလက်နဲ့ ဇီဝအချက်အလက်တွေသိမ်းဆည်းထားတဲ့ ဒေတာဘေ့စ်(Database)ဖြစ်တာကြောင့် ဟက်ကာတွေရဲ့ပစ်မှတ် လာနိုင်တယ်လို့ နွေဦးလုံခြုံရေးအဖွဲ့က သတိပေးပါတယ်။

ဆိုလိုတာကတော့ လုံခြုံရေးအားနည်းမှုကြောင့် ဖောက်ထွင်းဝင်ရောက်ခံရရင် အချက်အလက်တွေက မှောင်ခိုစျေးကွက်ထဲ ရောက်သွားပြီး ငွေကြေးလိမ်လည်ခံရမှု(ကျားဖြန့်)နဲ့ ကိုယ်ရေးအချက်အလက်ခိုးယူခံရမှုတွေ ဖြစ်လာနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်အနေနဲ့ ဒီလိုနိုင်ငံတကာသက်သေခံ နံပါတ် (IMEI) မှတ်ပုံတင်စနစ်ဖြစ်လာဖို့ ၂၀၂၂ ခုနှစ်ကတည်းက ပြင်ဆင်နေခဲ့ပါတယ်။

စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်ပက ဖုန်းတွေ အခွန်မပေးဘဲ ဝင်လာတာကြောင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနေတယ်လို့ ၂၀၂၂ မေလမှာ လုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ပြောခဲ့ပါတယ်။

ဒီလို အခွန်နစ်နာနေရတာတွေကို တားဆီးဖို့နဲ့ အခွန်ရဖို့ IMEI မှတ်ပုံတင်မယ့်စနစ်ကို အကောင်အထည်ဖော်ဖို့ ကိုင်တွယ်နေတယ်လို့ သူက တစ်ဆက်တည်း ဆက်ပြောခဲ့တာပါ။

IMEI မှတ်ပုံစနစ်သုံးနေတဲ့နိုင်ငံတွေ

IMEI နံပါတ် ဖုန်းစခရင်ပေါ်မှာ မြင်တွေ့နေရတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, KNNIndia

ကာဇက်စတန်၊ ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တူရကီ၊ လက်ဘနွန်၊ အဇာဘိုင်ဂျန်၊ အီရန် တို့လို နိုင်ငံတွေမှာ သုံးစွဲသူတွေရဲ့မိုဘိုင်းဖုန်း IMEI နံပါတ်တွေကို မှတ်ပုံတင်ခိုင်းထားပါတယ်။

အာဆီယံထဲက အင်ဒိုနီးရှားနိုင်ငံမှာလည်း ဒီလိုစနစ်ကျင့်သုံးနေဆဲဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းကတော့ နိုင်ငံသားတွေရဲ့ဆန့်ကျင်ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။

မြန်မာရဲ့ အိမ်နီးချင်နိုင်ငံတချို့ဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ တရုတ်တို့မှာလည်း ဒီစနစ်ကို သုံးနေကြပြီး တရုတ်မှာတော့ ထိန်းချုပ်မှုအမြင့်ဆုံး ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ဖုန်းခိုးမှုတွေ တားဆီးဖို့ ဖုန်းရဲ့တည်နေရာကို ခြေရာခံနိုင်တဲ့ ဒီစနစ်ကို စနစ်တကျသုံးတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

အင်တာနက်သုံးစွဲမှုတွေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ကန့်သတ်မှုတွေလုပ်နေတဲ့ တရုတ်မှာတော့ IMEI မှတ်ပုံတင်စနစ်ကနေ မိုဘိုင်းဖုန်းသုံးသူတွေရဲ့ လူမှုကွန်ရက်တွေကို ထိန်းချုပ်စောင့်ကြည့်ဖို့ သုံးနေတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာမှာလည်း နိုင်ငံသားတွေအနေနဲ့ ဖုန်း IMEI မှတ်ပုံတင်မှုကနေ ကိုယ်ရေးအချက်အလက်ပေါက်ကြားမှုနဲ့ လုံခြုံရေးအခြေအနေတွေအတွက် သတိထားကြဖို့ နည်းပညာရှင်တချို့က သတိပေးနေပါတယ်။

နွေဦးလုံခြုံရေးအဖွဲ့ကတော့ ဆင်းကတ်နဲ့ တိုက်ရိုက်ဖုန်းခေါ်ဆိုတာတွေကို ရှောင်ပြီး ဖုန်းထဲမှာ အရေးကြီးတဲ့ ဓာတ်ပုံနဲ့စာတွေကို သိမ်းမထားဖို့ ပြောပါတယ်။

အလားတူ IMEI မှတ်ပုံမတင်ခင် သုံးစွဲသူရဲ့ ဖုန်းထဲက အရေးကြီးအချက်အလက်တွေကို လုံခြုံတဲ့နေရာမှာ ပြောင်းလဲသိမ်းဆည်းပြီး ဖုန်းထဲက ဒေတာတွေကို အပြီးဖျက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

နည်းပညာရှင်တစ်ဦးကလည်း အရေးကြီးတဲ့ ဖုန်းခေါ်ဆိုမှုတွေအတွက် စမတ်ဖုန်းတွေအစား အင်တာနက်သုံးလို့မရတဲ့ ခလုတ်ဖုန်း(ကီးပတ်)ဖုန်းတွေကို အစားထိုးသုံးဖို့ မှတ်ချက်ပြုထားပါတယ်။

IMEI မှတ်ပုံတင်တဲ့စနစ်ကနေ စစ်တပ်က သာမန်အရပ်သားတွေအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့တွေကို ထောက်ပို့နေတဲ့သူတွေ အားလုံးကို ပစ်မှတ်ထားစောင့်ကြည့်တာတွေ လုပ်လာနိုင်တယ်လို့ နည်းပညာရှင်တစ်ဦးက ထောက်ပြပါတယ်။

"ပစ်မှတ်က IMEI မှတ်ပုံတင်ထားရင် သွားတဲ့လမ်းကြောင်း အကုန်လုံးကို ထောက်လှမ်းလို့ရတယ်။ အချက်အလက်တော်တော်များများကို ခြေရာခံနိုင်စွမ်းမြင့်လို့ အဖမ်းအဆီးတွေ ကြမ်းလာနိုင်တယ်"