မြောက်ကိုရီးယား ဟက်ကာတွေ စံချိန်တင် ခိုးယူခဲ့တယ်လို့ သုတေသီတွေပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျိုးတိုက်ဒီ
- ရာထူးတာဝန်, ဆိုက်ဘာ သတင်းထောက်၊ ဘီဘီစီ ကမ္ဘာတလွှား
မြောက်ကိုရီးယားအစိုးရနဲ့ ဆက်စပ်တဲ့ ဟက်ကာတွေက ဒေါ်လာ နှစ်ဘီလျံကျော် ခိုးယူခဲ့ကြောင်း သုတေသီတွေက ဆိုပါတယ်။ ၂၀၂၅ ဟာ မြောက်ကိုရီးယား ဆိုက်ဘာ ရာဇဝတ်သားတွေရဲ့ စံချိန်တင် အခိုးယူဆုံး နှစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီခိုးယူမှုတွေဟာ မြောက်ကိုရီးယား စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးရဲ့ ၁၃ ရာခိုင်နှုန်းလောက် ရှိတယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းပါတယ်။
ဒီငွေတွေကို မြောက်ကိုရီးယားရဲ့ အဏုမြူလက်နက်နဲ့ ဒုံးကျည်ထုတ်လုပ်ရေး စီမံကိန်းတွေမှာ သုံးစွဲလေ့ရှိကြောင်း အနောက်တိုင်း လုံခြုံရေး အေဂျင်စီတွေက ပြောပါတယ်။
ဒီဂျစ်တယ်ငွေ အများအပြား ခိုးဖို့အတွက် ခရစ်ပတိုကုမ္ပဏီတွေကို တိုက်ခိုက်ဖို့ လာဇရုအုပ်စုလို ဟက်ကာအဖွဲ့ တွေက ဒီနှစ်ပိုင်းအတွင်း ပို အာရုံစိုက်လာကြပါတယ်။
အဆိုးဆုံးတိုက်ခိုက်မှုကတော့ ဒီနှစ် ဖေဖော်ဝါရီလက ByBit ခရစ်ပတို အိပ်ချိန်းကနေ ဒေါ်လာ ၁.၄ ဘီလျံကို ဟက်ကာတွေ ယူသွားတဲ့ ကိစ္စ ဖြစ်ပါတယ်။
ခရစ်ပတိုငွေတွေ အများကြီး ကိုင်ထားသူတွေကို ဆိုက်ဘာ ရာဇဝတ်သားတွေက ပိုပြီး ပစ်မှတ်ထားလာကြောင်းလည်း Elliptic သုတေသန အဖွဲ့က ပြုစုတဲ့ သုတေသန စစ်တမ်းအသစ်က သတိပေးထားပါတယ်။
ဒီလို ခရစ်ပတိုငွေ အများအပြား ပိုင်ဆိုင်သူတွေဟာ စီးပွားရေး လုပ်ငန်းတွေမှာ ထားမြဲ ဖြစ်တဲ့ လုံခြုံရေးအစီအမံတွေ လစ်ဟင်းတတ်လို့ ပိုပြီး ပစ်မှတ်ထားခံလာရတယ်ဆိုပြီး သုတေသီတွေက သတိပေးပါတယ်။
တဦးချင်းကို ပစ်မှတ်ထားတာက ပိုပြီး သိရဖို့ ခက်နိုင်ကြောင်း Elliptic က သိပ္ပံ ပညာရှင် ဒေါက်တာ တွမ် ရော်ဘင်ဆင်က ပြောပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား ဟက်ကာတွေ ခိုးသွားတဲ့ ပမာဏအစစ်အမှန်က ပိုပြီး များနိုင်ပါတယ်။
"တခြားခိုးယူမှုတွေကို သတင်းမပို့တာနဲ့ မသိတာတွေ ဖြစ်နိုင်တဲ့အတွက် မြောက်ကိုရီးယားရဲ့ ဆိုက်ဘာ ခိုးယူမှုတွေက အတိအကျ မသိနိုင်ပါဘူး။ ခိုးယူမှု တော်တော်များများမှာ မြောက်ကိုရီးယားနဲ့ ဆက်စပ်တဲ့ လှုပ်ရှားမှုတွေ ပါနေတာကို သတိထားမိပေမယ့် သက်သေအလုံအလောက် မပြနိုင်ဘူး" လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လန်ဒန်က မြောက်ကိုရီးယား သံရုံးကို မှတ်ချက်ပေးဖို့ ချဉ်းကပ်ခဲ့ပေမယ့် ချက်ချင်း တုံ့ပြန်တာ မရှိပါဘူး။ အရင်ကလည်း ဒီလို ဆိုက်ဘာ ဖောက်ထွင်းမှုတွေ မလုပ်ဘူးလို့ မြောက်ကိုရီးယားအစိုးရက ငြင်းဆိုခဲ့ဖူးပါတယ်။
Bitcoin နဲ့ Ethereum လို ခိုးသွားတဲ့ ခရစ်ပတိုငွေတွေ အပြောင်းအရွှေ့ကို Elliptic နဲ့ Chainalysis လို တခြားကုမ္ပဏီတွေက blockchain အင်တာနက် ငွေဝင်ငွေထွက်စာရင်းတွေကနေ ခြေရာခံ လိုက်နိုင်ကြပါတယ်။
နှစ်တွေချီ လေ့လာခဲ့ပြီးနောက် မြောက်ကိုရီးယား ဟက်ကာတွေ သုံးစွဲတဲ့ နည်းလမ်းတွေအကြောင်း သုတေသီတွေ သတိထားမိခဲ့ပါတယ်။
၂၀၂၅ တနှစ်တည်းမှာ ဆူဆူဖြိုးဖြိုး ရလိုက်တဲ့ မြောက်ကိုရီးယား အစိုးရရဲ့ ခရစ်ပတိုငွေ ခိုးယူမှု စုစုပေါင်းက ခြောက်ဘီလျံကျော် ရှိလာနိုင်ကြောင်း Elliptic က ခန့်မှန်းပါတယ်။
ByBit ကို ဖေဖော်ဝါရီလက ဖောက်ထွင်းသလိုပဲ တခြား ဖောက်ထွင်းမှု ၃၀ ကျော်ကိုလည်း မြောက်ကိုရီးယားက ဒီနှစ်ထဲမှာ လုပ်ခဲ့ကြောင်း Elliptic က လေ့လာသူတွေက ပြောပါတယ်။
WOO X ခရစ်ပတို အိပ်ချိန်းကို ဇူလိုင်လက တိုက်ခိုက်မှုကြောင့် သုံးစွဲသူ ကိုးဦးဆီကနေ ဒေါ်လာ ၁၄ သန်း အခိုးခံရပါတယ်။
နောက်တမှုမှာတော့ Seedify ကနေ ဒေါ်လာ ၁ ၂ သန်းဖိုး ဒီဂျစ်တယ်ငွေတွေ ခိုးသွားခဲ့ပါတယ်။
ဒီနှစ် စံချိန်တင် ခိုးမှုကြောင့်လည်း ၂၀၂၂ တုန်းက မြောက်ကိုရီးယားအစိုးရ ခိုးခဲ့တယ်လို့ စွပ်စွဲခံရတဲ့စံချိန် ဒေါ်လာ ၁.၃၅ ဘီလျံထက် အများကြီး ပိုသာ သွားခဲ့ပါတယ်။
ဆိုက်ဘာရာဇဝတ်မှုတွေ တွင်တွင်ကျယ်ကျယ် ကျူးလွန်နေတဲ့အပြင် နောက်ထပ် ငွေဝင်အောင်နဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့ မြောက်ကိုရီးယား အစိုးရက အိုင်တီ လုပ်သားအတုတွေ သုံးတယ်လို့လည်း ပိုတိုး စွပ်စွဲခံနေရပါတယ်။











