ကမ္ဘာ့ အလိုအရှိဆုံး ရုရှား သန်းကြွယ်သူဌေးဟက်ကာများကို ခြေရာခံခြင်း

ရုရှားဟက်ကာတွေ အလိုရှိကြောင်း FBI ကြေညာထားတဲ့ ဓာတ်ပုံတွေ
ဓာတ်ပုံ ပုံစာ, ရုရှားဟက်ကာတွေ အလိုရှိကြောင်း FBI ကြေညာထားတဲ့ ဓာတ်ပုံတွေ
    • ရေးသားသူ, ဂျိုးတိုင်ဒီ
    • ရာထူးတာဝန်, ဆိုင်ဘာသတင်းထောက်

အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေး ဌာန FBI က အလိုရှိနေသူတွေရဲ့ စာရင်းမှာ ရုရှားလူမျိုးတွေ အများဆုံး ပါဝင်ပါတယ်။

တချို့က အစိုးရဆီမှာ လခစားလုပ်တယ်လို့ ဆိုပေမယ့် တချို့ကိုတော့ ransomware နဲ့ အွန်လိုင်းပေါ်က ခိုးယူမှုတွေ လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲထားပါတယ်။ အဲဒီလူတွေ ရုရှားမြေက ခွာပြီဆိုတာနဲ့ အဖမ်းခံရမှာပါ။ ဒါပေမယ့် အဲဒီထဲမှာ လွတ်လွတ်လပ်လပ်ပဲ လှုပ်ရှားနေသူတွေလည်း ရှိပါတယ်။

ပစ်ထားတဲ့ ကြက်ရိုးကို စားနေတဲ့ ကြောင်ကို ကြည့်ရင်း အချိန်ဖြုန်းသလို ဖြစ်နေပြီလို့ တွေးမိပါတယ်။ မော်စကိုမြို့ရဲ့ အရှေ့ဘက် ကီလိုမီတာ ၇၀၀ အကွာက အိမ်ဟောင်းတလုံးမှာ နေတယ်ဆိုတဲ့ သန်းကြွယ်သူဌေး ဆိုင်ဘာ ရာဇဝတ်သားဟာ ခုလောက်ဆို ခြေရာတွေ ဖျောက်သွားလောက်ပါပြီ။

ဒါပေမယ့်လည်း ကြောင်ကို စိတ်ဝင်စားနေကြတဲ့ စကားပြန်နဲ့ ကင်မရာ ဆရာကို ခေါ်ပြီး အခန်းတခု ရှေ့မှာ ရပ် တံခါးကို ခေါက်လိုက်ပါတယ်။

တံခါးဖွင့်လာသူက လူငယ်တယောက်ပါ။ သူ့နောက် မီးဖိုချောင် ထောင့်တနေရာက အသက်ကြီးကြီး အမျိုးသမီးကြီး တဦးကလည်း စူးစမ်းတဲ့ မျက်လုံးအစုံနဲ့ ကြည့်နေပါတယ်။

အီဂေါ် တူရာရှဗ်လားလို့ မေးတော့ လူငယ်က ဒီနာမည် သူမကြားဖူးဘူးလို့ ဖြေပါတယ်။

ဒီအခန်းက သူ့မိသားစု နာမည်နဲ့ ဆိုတော့ မင်းက ဘယ်သူလဲလို့ မေးလိုက်ပါတယ်။

အဲဒီနောက် ရင်းရင်းနှီးနှီးပဲ စကားအနည်းငယ်ပြောဖြစ်ကြပါတယ်။

ဒါပေမယ့် ဘီဘီစီက ပါလို့ ပြောလိုက်တယ်ဆိုရင်ပဲ အခြေအနေတွေက ရုတ်ချည်းပြောင်းလဲသွားပါတော့တယ်။

သူဘယ်မှာလဲ ဆိုတာ ခင်ဗျားတို့ကို မပြောနိုင်ဘူး။ သူ့ကို ရှာဖို့လည်း မကြိုးစားကြပါနဲ့။ ဒီနေရာကိုတောင် မလာခဲ့ကြရင် ကောင်းမယ်လို့ အဲဒီလူငယ်က စိတ်ဆိုးမာန်ဆိုးနဲ့ တုံ့ပြန်လာပါတယ်။

အဲဒီနောက်မှာတော့ လုံခြုံရေး ဌာနတွေက လူတွေရဲ့ ဝိရောဓိ ဖြစ်စရာ အကြံပေးချက်တွေကို စဥ်းစားရင်း အဲဒီညက အိပ်မရခဲ့ပါဘူး။

တချို့က ဝရမ်းထုတ်ခံထားရတဲ့ ဆိုင်ဘာ ရာဇဝတ်ကောင်တွေကို သူတို့ မြေပေါ်မှာ လိုက်ရှာဖွေတာဟာ အန္တရာယ်များလွန်းတယ်လို့ ဆိုကြပါတယ်။

ဒီလူတွေဆီမှ လက်နက်ကိုင် ကိုယ်ရံတော်တွေနဲ့လို့ သတိပေးသူလည်း ရှိသလို ခင်ဗျားကို တခုခုလုပ်ပြီး တနေရာရာမှာ ပစ်ထားခဲ့ကြမှာနော်လို့ သတိပေးလာသူလည်း ရှိပါတယ်။

တခြားလူတွေကတော့ သူတို့က ကွန်ပျူတာပဲ သိတဲ့ သူတွေပါ ဘာမှ မဖြစ်နိုင်ပါဘူးလို့ ဆိုကြပါတယ်။ သူတို့ ပြောတဲ့ အထဲမှာ တူညီတာ တခုကတော့ သူတို့ကို တွေ့မှာ မဟုတ်ဘူးဆိုတာပါပဲ။

၂၀၁၉ ဒီဇင်ဘာလမှာ မာ့ခ်ဆင်မ် ယာကူဘက်စ်၊ အီဂေါ် တူရာရှက်ဖ် နဲ့ တခြား Evil Corp အဖွဲ့ဝင် ၇ ဦးကို စွဲချက်တင် ပိတ်ဆို့ အရေးယူမှုတွေ ပြဌာန်းခဲ့

ဓာတ်ပုံ ရင်းမြစ်, US Department of Justice

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ဒီဇင်ဘာလမှာ မာ့ခ်ဆင်မ် ယာကူဘက်စ်၊ အီဂေါ် တူရာရှက်ဖ် နဲ့ တခြား Evil Corp အဖွဲ့ဝင် ၇ ဦးကို စွဲချက်တင် ပိတ်ဆို့ အရေးယူမှုတွေ ပြဌာန်းခဲ့

လွန်ခဲ့တဲ့ ၂ နှစ်က FBI က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ရုရှားက ဟက်ကာ အဖွဲ့ Evil Corp ရဲ့ အဖွဲ့ဝင် ၉ ဦးကို နိုင်ငံပေါင်း ၄၀ ကျော်မှာ ဒေါ်လာသန်း ၁၀၀ ကျော် ခိုးယူမှုနဲ့ ပတ်သက်နေတယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ အီဂေါ် တူရာရှက်ဗ်နဲ့ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်လို့ ပြောကြတဲ့ မာ့ခ်ဆင်မ် ယာကူဘက်စ်တို့လည်း ပါဝင်ပါတယ်။

သူတို့ ခိုးယူတာ ခံခဲ့ရသူတွေထဲမှာ လုပ်ငန်းငယ်တွေကနေ Garmin လို နိုင်ငံတကာ ကုမ္ပဏီကြီးတွေလည်း ပါဝင်သလို ပရဟိတ အဖွဲ့တွေနဲ့ ကျောင်းတွေလည်း ပါဝင်ပါတယ်။ ဒါက သိထားသမျှ စာရင်းပါ။

အမေရိကန် တရားရေးဌာနက ဒီလူတွေဟာ အွန်လိုင်းက တိုက်နိုင်တဲ့ ဆိုင်ဘာ ဘဏ်ဓားပြတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘဏ် ငွေစာရင်းတွေထဲကို ဟက်လုပ်တာမျိုးနဲ့ ransomware တိုက်ခိုက်မှုတွေ လုပ်တာမျိုးတွေ ကျူးလွန်ပြီး ငွေတွေကို ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကြေညာချက်ကြောင့်ပဲ အသက် ၃၂ နှစ်အရွယ် မာ့ခ်ဆင်မ် ယာကူဘက်စ်ဟာ ရုရှား ဟက်ကာ လောကရဲ့ နာမည်ကြီးတယောက် ဖြစ်သွားခဲ့ပါတယ်။

ယူကေက National Crime Agency က ရခဲ့တဲ့ ဗီဒီယိုထဲမှာဆို သူ့ဟာ စိတ်ကြိုက်ဆင်ထားတဲ့ Lamborghini ပြိုင်ကားတွေ၊ ငွေအထပ်လိုက်သုံးနေတာမျိုးတွေသာမက ခြင်္သေ့ကိုတောင် အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးထားတာကိုပါ တွေ့ရပါတယ်။

ကားနံပါတ် ပြားပေါ်မှာ ရုရှားဘာသာနဲ့ သူခိုးဆိုတဲ့ စကားလုံးကို ဖော်ပြထားတဲ့ စိတ်တိုင်းကျ ဆင်ထားတဲ့ Lamborghini ပြိုင်ကားနဲ့ မာ့ခ်ဆင်မ် ယာကူဘက်စ်

ဓာတ်ပုံ ရင်းမြစ်, National Crime Agency

ဓာတ်ပုံ ပုံစာ, ကားနံပါတ် ပြားပေါ်မှာ ရုရှားဘာသာနဲ့ သူခိုးဆိုတဲ့ စကားလုံးကို ဖော်ပြထားတဲ့ စိတ်တိုင်းကျ ဆင်ထားတဲ့ Lamborghini ပြိုင်ကားနဲ့ မာ့ခ်ဆင်မ် ယာကူဘက်စ်

FBI က နှစ်ပေါင်းများစွာ စုံစမ်းခဲ့ပါတယ်။ အရင် ဂိုဏ်းဝင်တွေကို စုံစမ်းမေးမြန်းတာတွေအပြင် ဆိုင်ဘာ မှုခင်း ဖော်ထုတ်မှုတွေကိုပါ လုပ်ခဲ့အပြီး ဒီ လူ ၂ ယောက်ကို စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ တချို့အချက်တွေဆိုရင် လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်၊ ရုရှားရဲတပ်ဖွဲ့က အမေရိကန်ဘက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ပါနေစဥ်က အဖြစ်အပျက်တွေတောင် ပါဝင်ပါတယ်။

ဒါမျိုးတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ရုရှားအစိုးရကဆို သူ့နိုင်ငံသားတွေကို အမေရိကန်က ဟက်လုပ်ပါတယ်လို့ စွပ်စွဲလာရင် ပယ်ချပစ်နေတာ လုပ်ရိုး လုပ်စဥ်လိုတောင် ဖြစ်နေပါပြီ။

တကယ်တော့ ဒီလူတွေကို ဆက်ပြီး ဟက်လုပ်ခွင့် ပေးနေတာတင်မကဘဲ တချို့ကိုဆို လုံခြုံရေး တပ်ဖွဲ့တွေကတောင် ခေါ်ယူ သုံးစွဲနေပါတယ်။

Short presentational grey line

မာ့ခ်ဆင်မ် ယာကူဘက်စ်နဲ့ ပတ်သက်လို့ စုံစမ်းမှုတွေကိုတော့ မထင်ထားတဲ့ နေရာကပဲ စခဲ့ကြပါတယ်။ မော်စကိုက ၂ နာရီ ခရီးလောက်မှာ ရှိတဲ့ ဂေါက်ကွင်း တကွင်းက စခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေရာမှာပဲ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က သူ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။ အဲဒီပွဲ ဗီဒီယိုကို Radio Free Europe/Radio Liberty တို့က တွေ့ခဲ့ပြီးနောက် တော်တော်များများက ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီတခုက ရိုက်ကူးခဲ့တာ ဖြစ်ပြီး ယာကူဘက်စ်ရဲ့ မျက်နှာကိုတော့ မတွေ့ရပါဘူး။ ဒါပေမယ့် နာမည်ကျော် ရုရှား အဆိုတော်တယောက်က သီဆိုဖော်ဖြေနေစဥ်မှာ အလှဆင် မီးအလင်းရောင်တွေအောက်မှာ သူက နေတာကို တွေ့ကြရပါတယ်။

မာ့ခ်ဆင်မ် ယာကူဘက်စ်ရဲ့ မင်္ဂလာပွဲအတွက် ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျနိုင်

ဓာတ်ပုံ ရင်းမြစ်, National Crime Agency

ဓာတ်ပုံ ပုံစာ, မာ့ခ်ဆင်မ် ယာကူဘက်စ်ရဲ့ မင်္ဂလာပွဲအတွက် ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျနိုင်

ယာကူဘက်စ်ရဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်လို့ ပွဲစီစဥ်သူ နာတာလျာက အသေးစိတ် မပြောပြပေမယ့် ရေကန်အနီးက တောင်နံရံကို ဖောက်ပြီး ဆောက်ထားတဲ့ တိုင်ကြီးတွေနဲ့ အဆောက်အအုံ အပါအဝင် အရေးကြီး နေရာတွေကိုတော့ လိုက်ပြခဲ့ပါတယ်။

သီးသန့်ခန်းတခုကိုလည်း ပြသခဲ့ပါတယ်၊ ကြင်စဦး ဇနီးမောင်နှံတွေဟာ အဲဒီအထဲကို ဝင်ပြီး ဓာတ်ပုံရိုက်လေ့ ရှိကြတယ်လို့ သူက ဆိုပါတယ်။

ဂေါက်ကွင်းသုံးယာဥ်ပေါ်မှာ လိုက်ပါလာရင်း သိထားသမျှကို အခြေခံပြီး တွက်ကြည့်ပါတယ်။ ဒီလို ကြီးကျယ်တဲ့ မင်္ဂလာပွဲ တပွဲကျင်းပဖို့ ဆိုတာ အရင် ကြားထားတဲ့ ဒေါ်လာ ၂ သိန်းခွဲထက် ပိုမယ်ဆိုတာ မှန်းနိုင်ပါတယ်။ ဒေါ်လာ ၅ သိန်း၊ ၆ သိန်းလောက်တော့ ကုန်မှာ ဖြစ်ပါတယ်။

ဘယ်လောက် သုံးခဲ့သလဲဆိုတာတော့ မသိနိုင်ပါဘူး။ ယာကူဘက်စ်က ကျသမျှ ရှင်းပေးခဲ့တယ်ဆိုတာနဲ့တင် သူဘယ်လောက် ချမ်းသာသလဲ ဆိုတာ မှန်းကြည့်နိုင်ပါတယ်။

အီဂေါ် တူရာရှက်ဖ်ကို Evil Corp ရဲ့ စီမံအုပ်ချုပ်သူလို့ စွပ်စွဲထား

ဓာတ်ပုံ ရင်းမြစ်, US Department of Justice

ဓာတ်ပုံ ပုံစာ, အီဂေါ် တူရာရှက်ဖ်ကို Evil Corp ရဲ့ စီမံအုပ်ချုပ်သူလို့ စွပ်စွဲထား

အသက် ၄၀ အရွယ် အီဂေါ် တူရာရှက်ဖ်ကတော့ သိုသိုသိပ်သိပ် နေသူဖြစ်ပါတယ်။

ဘီဘီစီ ရုရှားဘာသာ ဌာနက ဆိုင်ဘာ သတင်းထောက် အန်ဒရေ ဇာခါရက်ဖ်က အများနဲ့ဆိုင်တဲ့မှတ်တမ်းတွေမှာ ရှာဖွေခဲ့ရာမှာ သူ့နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ၃ ခုကို တွေ့ခဲ့ရပါတယ်။

ကုမ္ပဏီအားလုံးရဲ့ ရုံးခန်းတွေဟာ မော်စကို မြို့က Federation Tower မှာ ရှိပါတယ်။ အဲဒီ Federation Tower ဟာ မော်စကို မြို့က ဘဏ္ဍာရေး လုပ်ငန်းတွေ အခြေစိုက်ကြတဲ့ မြို့နယ်ထဲမှာ ရှိတာ ဖြစ်ပြီး Manhattan နဲ့ London က Canary Wharf မှာတောင် မျက်နှာမငယ်မယ့် အသွင်အပြင်နဲ့ လှပတဲ့ မိုးမျှော်တိုက်ကြီး ဖြစ်ပါတယ်။

အဲဒီမှာ ရုံးခန်းတွေရှိပေမယ့် ဖုန်းတလုံးမှ မရှိတာကြောင့် အဲဒီတာဝါက ဧည့်ကြိုဝန်ထမ်းတောင်မှ ဇဝေဇဝါ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ကုမ္ပဏီနာမည်နဲ့ ထားတဲ့ မိုဘိုင်းလ် ဖုန်းနံပါတ်တော့ ရှာတွေ့လို့ အဲဒီနံပါတ်ကိုပဲ ဆက်သွယ်ခဲ့ပါတယ်။

ဖုန်းဆက်လိုက်တော့ Frank Sinatra ရဲ့ သီချင်းကို ၅ မိနစ်လောက် နားထောင်လိုက်ရပြီးနောက်မှာ ဖုန်းဖြေသံကြားရပါတယ်။ လူစည်ကားတဲ့ လမ်းမပေါ်ရောက်နေတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် သတင်းထောက်တွေ ဆက်တာပါလို့ ပြောတဲ့အခါ ဖုန်းချသွားပါတယ်။

အန်ဒရေကတော့ တူရာရှက်ဖ်က ရုရှားမှာ အလိုရှိကြောင်း ဝရမ်းအထုတ်ခံထားရသူမဟုတ်တော့ ဒီလို ဈေးကြီးတဲ့ နေရာမှာ ရုံးခန်းဖွင့်လည်း ဘယ်သူကမှ တားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

နောက်ပြီး ဘဏ္ဍာရေး လုပ်ငန်းတွေ လုပ်နေတဲ့ ကုမ္ပဏီတွေအကြားမှာ ရုံးခန်းဖွင့်ထားရတာလည်း သူ့အတွက် အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီမှာ Bitcoin လို ခရစ်ပ်တို အွန်လိုင်းငွေကြေးတွေနဲ့ ရောင်းဝယ်နေတဲ့ ကုမ္ပဏီတွေလည်း ရှိနေပါတယ်။ Evil Corp ဟာ အဲဒီလို လုပ်ကိုင်နေသူတွေကို ransomware တိုက်ခိုက်မှုတွေ လုပ်နေကြတယ်။ အမှုတခုမှာဆို ဒေါ်လာ ၁၀ သန်းလောက် ခိုးယူခဲ့တယ်လို့ စွပ်စွဲထားကြပါတယ်။

Bitcoin က ကျွမ်းကျင်သူတွေပါတဲ့ Chainalysis ရဲ့ သုတေသန စာတမ်းမှာတော့ Federation Tower ဟာ ဆိုင်ဘာ ရာဇဝတ်သားတွေ အတွက် ငွေထုတ်စက်လို ဖြစ်နေတဲ့ ခရစ်ပ်တို ငွေကြေးနဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ ရုံးခန်းတွေ ရှိတယ်လို့ ဆိုထားကြောင်း Bloomberg ရဲ့ သတင်းထဲမှာ ဆိုပါတယ်။

တူရာရှက်ဖ်နဲ့ ဆက်နွယ်နေတဲ့ နောက်ထပ် လိပ်စာ ၂ ခုနဲ့ Evil Corp မှဦ အရေးပါတဲ့ ဒန်းနစ္စ ဂူဆက်ဖ်တို့ကို ဆက်သွယ်ဖို့ ဆက်ကြိုးစားခဲ့ကြပါတယ်။ ဖုန်း၊ အီးမေးလ် နည်းမျိုးစုံ သုံးခဲ့ပေမဘ့် တစုံတရာ ဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

မာ့ခ်ဆင်မ် ယာကူဘက်စ် အလုပ်လုပ်တဲ့ နေရာကို အန်ဒရေနဲ့ အချိန်အတော်ကြာကြာ ရှာခဲ့ကြရပါတယ်။ သူဟာ သူ့အမေရဲ့ နွားစာကုမ္ပဏီမှာ ဒါရိုက်တာ တယောက်အဖြစ် လုပ်ကိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အလုပ်ရှင်ရော လုပ်ငန်းပါ ဘာမှ မှတ်ပုံတင်ထားတာ မရှိတော့ပါဘူး။

သူနဲ့ပတ်သက်တာဆိုလို့ သူဆက်ပြီး နေထိုင်နေဦးမယ်လို့ ယူဆရတဲ့ လိပ်စာ တချို့ပဲ ဖြစ်ပါတယ်။ တညမှာတော့ လိုက်စုံစမ်းကြည့်ခဲ့ပါတယ်။

တနေရာမှာတော့ လူတယောက်က လူခေါ် စကားပြောစက်ကနေ ဖြေပါတယ်။ ဘယ်ကပါလို့ ပြောတဲ့ အခါ ရယ်ပါတယ်။ သူက မာ့ခ်ဆင်မ် ယာကူဘက်စ် ဒီမှာမနေဘူး။ သူဒီမှာ မနေတော့တာ ၁၅ နှစ်လောက် ရှိပြီ။ ကျွန်တော်က သူ့အဖေပါလို့ ဆိုပါတယ်။

အံ့သြစရာ ကောင်းတာက ဖခင် ယာကူဘက်စ် ထွက်တွေ့ပြီး မိနစ် ၂၀ လောက် ကင်မရာရှေ့မှာ အင်တာဗျူး ပေးတာပဲ ဖြစ်ပါတယ်။ သူက အမေရိကန် အာဏာပိုင်တွေက သူ့သားအပေါ် စွဲဆိုချက်တွေနဲ့ ပတ်သက်လို့ ဒေါသတကြီး ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

မာ့ခ်ဆင်မ် ယာကူဘက်စ် က ဖုန်းနဲ့ အီးမေးလ်တွေကို အကြောင်းမပြန်ပေမယ့် ဂျိုး တိုင်ဒီနဲ့ အဖွဲ့က တချိန်က သူနေခဲ့တဲ့ အိမ်ကို သွား တံခါးခေါက်ပြီး ဖခင်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ကြ
ဓာတ်ပုံ ပုံစာ, မာ့ခ်ဆင်မ် ယာကူဘက်စ် က ဖုန်းနဲ့ အီးမေးလ်တွေကို အကြောင်းမပြန်ပေမယ့် ဂျိုး တိုင်ဒီနဲ့ အဖွဲ့က တချိန်က သူနေခဲ့တဲ့ အိမ်ကို သွား တံခါးခေါက်ပြီး ဖခင်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ကြ

သူ့သားနဲ့ ပတ်သက်လို့ သတင်းပေးသူကို ဒေါ်လာ ၅ သန်းပေးမယ်လို့ အမေရိကန်က ဆုငွေထုတ်ထားတာကြောင့် သူတို့ မိသားစုမှာ တိုက်ခိုက်ခံရမှာကို ကြောက်နေကြရတယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ ဆိုင်ဘာ ရာဇဝတ်သား တယောက်အတွက် ထုတ်တဲ့ အထဲ အများဆုံးဆုကြေးငွေလည်း ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း မစ္စတာ ယာကူဘက်စ် က သူပြောတာတွေကို ဖော်ပြပေးပါလို့ တောင်းဆိုခဲ့ပါတယ်။

"အမေရိကန်တွေက သူ့မိသားစု၊ မိတ်ဆွေတွေနဲ့ ဆွေမျိုးသားချင်းတွေကို ပြဿနာမီးမွှေးပေးခဲ့တယ်။ ဘာအတွက်လုပ်တာလဲ။ အမေရိကန် တရားစီရင်ရေးက ဆိုဗီယက်ခေတ် တရားစီရင်ရေး ဖြစ်သွားပြီ။ မမေးမြန်း၊ မစစ်ဆေး၊ ဘာလုပ်ထုံးလုပ်နည်းကိုမှ မလိုက်နာဘဲ အပြစ်ရှိတယ်လို့ ဘယ်လို သက်သေပြမလဲ" လို့ မစ္စတာ ယာကူဘက်စ် က ပြောခဲ့ပါတယ်။

သူ့သားဟာ ဆိုင်ဘာ ရာဇဝတ်သား တယောက် ဖြစ်တယ်ဆိုတာကိုလည်း ငြင်းဆန်ပါတယ်။ ဒါဆို ခင်ဗျားသား ဘယ်လို ချမ်းသာလာသလဲဆို ပြန်ထောက်ပေးလိုက်တော့ ရယ်ပြီး မင်္ဂလာပွဲ ကုန်ကျစရိတ်ကိုပုံကြီးချဲ့ ပြောနေတာ၊ ဇိမ်ခံကားတွေကလည်း ငှားစီးတာလို့ ဆိုပါတယ်။ မာ့ခ်ဆင်မ်ရဲ့ လခက ပုံမှန်ထက် များနေတာကလည်း သူ့မှာ အလုပ်ရှိတယ်၊ အလုပ်လုပ်တော့ လုပ်ခလစာရတာပေါ့လို့ ဆိုပါတယ်။

ဒါဆို သူဘယ်မှာ လုပ်နေသလဲလို့ မေးတော့ ခင်ဗျားကို ဘာလို့ ပြောရမလဲ၊ ဒါ ကျုပ်တို့ရဲ့ ကိုယ်ရေးကိုယ်တာပါလို့ ဖြေပါတယ်။ သူ့သားအပေါ် စွဲချက်ထွက်လာခဲ့တဲ့ နောက်ပိုင်းကတည်းက အဆက်အသွယ် မရတော့ဘူး။ သူ့သားနဲ့ ဆက်သွယ်ပေးဖို့ မဖြစ်နိုင်ပါဘူးလို့ မစ္စတာ ယာကူဘက်စ်က ဆိုပါတယ်။

Short presentational grey line

အနောက်နိုင်ငံတွေဟာ ဆိုင်ဘာတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ရုန်းကန်နေရတာနဲ့ အမျှ ယာကူဘက်စ်နဲ့ တူရာရှက်ဗ်တို့လို ဆိုင်ဘာ ပိတ်ဆို့ အရေးယူခံရတဲ့ ရုရှားနိုင်ငံသားတွေ ကလည်း တိုးလို့လာနေပါတယ်။

ဆိုင်ဘာ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စွဲချက်တင် ပိတ်ဆို့ အရေးယူခံရတဲ့ ရုရှား နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေဟာ တခြား နိုင်ငံသားတွေထက် ပိုများပါတယ်။

စွဲချက်တွေကြောင့် ဟက်ကာတွေအနေနဲ့ ပြည်ပကို ခရီးသွားလို့ မရပါဘူး။ ပိတ်ဆို့ အရေးယူမှုတွေကလည်း အနောက်နိုင်ငံတွေမှာ ရှိတဲ့ သူတို့ ပိုင်ဆိုင်သမျှကို ထိန်းချုပ်ထားတာဖြစ်ပြီး ဘယ်အနောက်နိုင်ငံတွေက ကုမ္ပဏီတွေနဲ့မှ အလုပ်လုပ်လို့လည်း မရတော့ပါဘူး။

ပြီးခဲ့တဲ့ နှစ်က ဥရောပ သမဂ္ဂက အမေရိကန်ရဲ့ ခြေရာနင်းပြီး ဆိုင်ဘာ ပိတ်ဆို့ အရေးယူမှုတွေကို စတင်ပြဌာန်း သတ်မှတ်ခဲ့ပါတယ်။ အဲဒီ အမည်နဲ့ တကွဖော်ပြ အရေးယူခံရတဲ့ စာရင်းထဲမှာ ရုရှား လူမျိုးတွေက အများစု ဖြစ်ပါတယ်။

အဲဒီ စာရင်းထဲက အများစုကလည်း ရုရှားနိုင်ငံတော် အဆင့်အထိကို ပတ်သက်မှု ရှိနေတယ်၊ ဒီလူတွေက ရုရှားအတွက် သူလျှိုလုပ် ထောက်လှမ်းဖို့၊ သြဇာသက်ရောက်နိုင်ဖို့နဲ့ ဖိအားပေးနိုင်ဖို့ အတွက် ဟက်ကင်းလုပ်ပေးတယ်လို့ ဆိုပါတယ်။

နိုင်ငံတွေ တနိုင်ငံနဲ့ တနိုင်ငံ အကြား ဟက်လုပ် တိုက်ခိုက်ကြတယ်ဆိုပေမယ့် ရုရှားဘက်က ဟက်လုပ်တာတွေက စည်းကျော်တယ်၊ လက်ခံနိုင်တဲ့ အတိုင်းအတာထက် ပိုနေတယ်လို့ အမေရိကန်၊ အီးယူနဲ့ တခြား မဟာမိတ် နိုင်ငံတွေက ပြောကြပါတယ်။

စွပ်စွဲခံရသူတွေထဲမှာ ယူကရိန်းမှာ နေရာအနှံ့ မီးပြတ်သွားစေအောင် ဓာတ်အားလိုင်း စနစ်တွေကို ဟက်လုပ်သူတွေလည်း ပါသလို ယူကေက ဆောလ်စ်ဘရီ အဆိပ်ခတ်မှု ဖြစ်ပြီး မကြာခင်လေးမှာ ဓာတုလက်နက် စမ်းသပ်တဲ့ စက်ရုံတွေကို ဟက်လုပ်သူတွေလည်း ပါဝင်ပါတယ်။

ရရှားကတော့ ဒီစွပ်စွဲမှုတွေအားလုံးကို ငြင်းဆိုပါတယ်။ ဒါဟာ အနောက်အုပ်စုတွေ စိတ်ခြောက်ခြားနေတာ၊ Russophobia လို့ ခေါ်တဲ့ ရုရှားကြောက် ရောဂါ ထနေကြတာဆိုပြီး ပြက်ရယ်ပြုပါတယ်။

တကယ်တော့ တနိုင်ငံနဲ့ တနိုင်ငံအကြား ဟက်ခ်လုပ်ကြတာနဲ့ ပတ်သက်လို့ ဘယ်ရွေ့ဘယ်မျှအထိ လက်ခံနိုင်တယ်ဆိုပြီး စည်းမျဥ်းတွေ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါကြောင့်လည်း အခု စုံစမ်းမှုတွေမှာ ကိုယ့်အကျိုးစီးပွားအတွက် အမြတ်ထုတ်ဖို့ လုပ်ခဲ့ကြတယ်လို့ စွပ်စွဲခံရတဲ့ ဟက်ကာတွေကိုပဲ လိုက်လံ စုံစမ်းခဲ့တာ ဖြစ်ပါတယ်။

ငွေအထပ်လိုက် ကိုင်ပြနေတဲ့ Evil Corp အဖွဲ့ဝင်လို့ ဆိုသူတဦး

ဓာတ်ပုံ ရင်းမြစ်, National Crime Agency

ဓာတ်ပုံ ပုံစာ, ငွေအထပ်လိုက် ကိုင်ပြနေတဲ့ Evil Corp အဖွဲ့ဝင်လို့ ဆိုသူတဦး

ဆိုတော့ ဆိုင်ဘာ ပိတ်ဆို့ အရေးယူမှု ဆိုတာတွေဟာ ဆိုင်ဘာ ရာဇဝတ်ကောင်ဟက်ကာ တွေအပေါ် တကယ်ကော ထိရောက်မှု ရှိပါသလား။

ယာကူဘက်စ်ရဲ့ ဖခင် ဖြစ်သူနဲ့ စကားပြောကြည့်ရသလောက် အတိုင်းအတာ တခုအထိတော့ သက်ရောက်မှု ရှိနေပါတယ်။ အနိမ့်ဆုံး အဆင့်အနေနဲ့ စိတ်ဆိုး ဒေါသဖြစ်စေပါတယ်။

ဒါပေမယ့် Evil Corp အပေါ်မှာတော့ ထိရောက်မှု ရှိဟန် မပြပါဘူး။

ဆိုင်ဘာ လုံခြုံရေးဆိုင်ရာ လေ့လာသူတွေက အဲဒီ အဖွဲ့ဟာ အခုထက်ထိ အကျိုးအမြတ် များများရမယ့် တိုက်ခိုက်မှုတွေ လုပ်နိုင်နေဆဲဖြစ်ပြီး အနောက်နိုင်ငံတွေက ပစ်မှတ်တွေ အများစုဖြစ်တယ်လို့ ဆိုပါတယ်။

လေ့လာသူတွေနဲ့ အရင် ဟက်ကာ ဟောင်းတွေရဲ့ အဆိုအရ ရှရှားဟက်ကာ လောကမှာ ရွှေစည်းကမ်း ဆိုတာ ရှိပါတယ်။ ဒါကတော့ နိုင်ငံတော် အဆင့် လှုပ်ရှားနေတာမျိုးမဟုတ်တဲ့ ဟက်ကာ ရာဇဝတ်ကောင်တွေအနေနဲ့ ရုရှား ဘာသာ သုံးစွဲနေသူတွေနဲ့ တချိန်က ဆိုဗီယက် နယ်မြေတွေထဲက ပစ်မှတ်တွေကို မဟုတ်ဘူးဆိုရင် ဘယ်နေရာကိုမဆို ပစ်မှတ်ထား ဟက်လုပ်နိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဒီစည်းကမ်းက အလုပ်ဖြစ်ပုံ ရပါတယ်။ ဆိုင်ဘာ သုတေသီတွေရဲ့ အဆိုအရ အဲဒီ နိုင်ငံတွေဘက်မှာ ဆိုင်ဘာ တိုက်ခိုက်မှုတွေ နည်းသွားတာ နှစ်ပေါင်းမနည်းတော့ဘူးလို့ ဆိုပါတယ်။ တချို့ malware တွေဆိုရင် ရုရှား ဘာသာသုံးတဲ့ ကွန်ပျူတာတွေကို ရှောင်ကွင်းသွားဖို့တောင် ဒီဇိုင်းထုတ်ထားတယ်လို့ သူတို့က ပြောပါတယ်။

Meduza လို့ခေါ်တဲ့ လွတ်လပ်တဲ့ သတင်းဌာန တခုက စုံစမ်းလေ့လာရေး သတင်းထောက် လီလီယာ ယပ်ပါရိုဗာ ကတော့ ဒီ ရ္ဗေစည်းကမ်းက ထောက်လှမ်းရေး ဌာနတွေအတွက် တော်တော် အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဟက်ကာတွေမှာ ထပ်တိုး သိရှိ ပိုင်ဆိုင်လာကြတဲ့ အရည်အသွေးတွေကို သူတို့ပါ အသုံးချနိုင်ကြမှာ ဖြစ်တဲ့ အတွက်လို့ ဆိုပါတယ်။

ရုရှား ထောက်လှမ်းရေး FSB အတွက် ရုရှားထဲက ဟက်ကာတွေကို ထောင်ထဲ လိုက်ထည့်နေတာထက် သိမ်းသွင်းရတာ ပိုအကျိုးဖြစ်စေပါတယ်။ သူ့ မိတ်ဆွေ အရင် FSB အရာရှိဟောင်း တယောက်ဆိုရင် သူကိုယ်တိုင် Evil Corp က လူတချို့ကို ခေါ်ပြီး အလုပ်လုပ်ခိုင်းခဲ့ဖူးကြောင်း ပြောပြတယ်လို့ ယပ်ပါရိုဗာက ပြောပါတယ်။

အမေရိကန်တွေက မာ့ခ်ဆင်မ် ယာကူဘက်စ်နဲ့ ဒေါ်လာ ၃ သန်း ဝရမ်း ထုတ်ခံထားရတဲ့ ယဗ်ဂျန်နီ ဘိုဂါချက်ဗ် တို့ အပါအဝင် အလိုရှိနေတဲ့ ဟက်ကာ တော်တော်များများဟာ ထောက်လှမ်းရေး တွေအတွက် အလုပ်လုပ်ပေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဗီဒီယိုထဲမှာ မြင်ခဲ့ရတဲ့ ယာကူဘက်စ်ရဲ့ ယောက္ခမကိုယ်တိုင်က အရင် FSB အရာရှိဟောင်းကြီး ဆိုတော့ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူးလို့ မဆိုနိုင်ပါဘူး။

ရုရှား အစိုးရကလည်း ရုရှားထဲမှာ ဟက်ကာတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးထားသလား ဆိုတာကို မေးမြန်းခဲ့ပေမယ့် ဘာမှ တုံ့ပြန်ပြောကြားတာမျိုး မရှိပါဘူး။

ပြီးခဲ့တဲ့ နွေရာသီအတွင်းက ဂျနီဗာမှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကို ဒီကိစ္စနဲ့ ပတ်သက်လို့ မေးခဲ့တော့ အဆင့်မြင့် ဆိုင်ဘာ တိုက်ခိုက်မှုကြီးတွေဟာ သူ့နိုင်ငံထဲမှာ စခဲ့တယ်ဆိုတာကို ငြင်းဆိုပါတယ်။ သူက ဆိုင်ဘာ တိုက်ခိုက်မှု တော်တော်များများက အမေရိကန်ထဲမှာ စခဲ့တာလို့တောင် ပြောခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေတွေကို ထိန်းနိုင်ဖို့ အမေရိကန်နဲ့ လက်တွဲ လုပ်မှာပါလို့ သူက ဆိုခဲ့ပါတယ်။

Presentational grey line

Evil Corp ရဲ့သမိုင်းအစ

၂၀၀၉ မှာ Cridex၊ Dridex၊ Bugat နဲ့ Zeus လို့ ခေါ်တဲ့ malware တွေနဲ့ ဘဏ်တွေရဲ့ login တွေနဲ့ ဘဏ်ထဲက စုဆောင်းငွေတွေကို Evil Corp စတင် ခိုးယူ

၂၀၁၂ မှာ Nebraska ပြည်နယ် တရားရုံးမှာ Evil Corp ကို စတင် စွဲချက်တင်

၂၀၁၇ မှာ Evil Corp အဖွဲ့ဝင်တွေကို တခြား ဟက်ကာတွေဆီက သူတို့ရဲ့ ransomware ဖြစ်တဲ့ BitPaymer ကို သုံးဖို့ အခကြေးငွေ တောင်းတဲ့ RaaS ကို စတင်တယ်လို့ စွပ်စွဲ

၂၀၁၉ မှာ ယာကူဘက်စ်နဲ့ တူရာရှက်ဖ် အပါအဝင် ၇ ယောက်ကို စွဲချက်တင်၊ အမေရိကန်ထဲမှာ ပိတ်ဆို့ အရေးယူ၊ ယာကူဘက်စ်ကို ဖမ်းမိဖို့ သတင်းပေးနိုင်ရင် ဒေါ်လာ ၅ သန်းပေးမယ်လို့ ဆုငွေထုတ်

၂၀၁၉ နောက်ပိုင်းက စပြီး Evil Corp ဟာ DoppelPaymer၊ Grief၊ WastedLocker၊ Hades၊ Phoenix နဲ့ Macaw စတဲ့ နာမည်တွေနဲ့ ransomware မျိုးစုကို သုံးစွဲခဲ့

Presentational grey line

ပြီးခဲ့တဲ့ ၆ လအတွင်းမှာ အမေရိကန်နဲ့ မဟာမိတ်တွေဘက်က ဆိုင်ဘာ ပိတ်ဆို့ အရေးယူမှုတွေ အပြင် ပိုပြီး ပြင်းထန်ထိရောက်တဲ့ ဗျူဟာတွေကို သုံးစွဲလာကြပါတယ်။

သူတို့က ဆိုင်ဘာ ရာဇဝတ်ဂိုဏ်းတွေကို ပြန်ပြီး ဟက်တာမျိုးတွေ လုပ်လာကြသလို တချို့ကိုဆို အွန်လိုင်းပေါ်ကနေပါ ခေတ္တခဏပဲ ဖြစ်ဖြစ် ဖြုတ်ချပစ်နိုင်ခဲ့ကြပါတယ်။

REvil နဲ့ DarkSide တို့ဆို အွန်လိုင်းဖိုရမ် တွေမှာ တရားဥပဒေဘက်က အရေးယူမှုတွေကြောင့် သူတို့ ဆက်ပြီး မလည်ပတ်နိုင်တော့ကြောင်း ကြေညာခဲ့ကြပါတယ်။

Bitcoin သုံးစွဲသူတွေဆီက အခိုးခံထားရတဲ့ ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ Bitcoin တွေကိုလည်း အမေရိကန်အစိုးရဘက်က ဟက်ကာတွေက ၂ ကြိမ်တိုင်တိုင် ပြန်လည် ရယူပေးနိုင်ခဲ့ကြပါတယ်။

Europol နဲ့ အမေရိကန် တရားရေး ဌာနတို့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက တောင်ကိုရီးယား၊ ကူဝိတ်၊ ရိုမေးနီးယားနဲ့ ယူကရိန်းတို့က ဟက်ကာလို့ နာမည်ထွက်နေသူတွေကို ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် ဆိုင်ဘာ လုံခြုံရေးဆိုင်ရာ လေ့လာသူတွေကတော့ ဟက်ကာ အဖွဲ့သစ်တွေ ထပ်ပေါ်လာနေပြီး သီတင်းပတ်တိုင်းမှာ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

ရုရှားမှာ ဒီလို အဖွဲ့တွေ လွတ်လွတ်လပ်လပ် ရှင်သန် လှုပ်ရှားနေနိုင်သရွေ့ ဒီပြဿနာကြီး ပြီးသွားမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။