တရုတ်ကို အပြစ်ဖို့တဲ့ အမေရိကန်က အဟတ်ခံရမှုတွေအကြောင်း သိရသမျှ

တရုတ်လံနောက်ခံနဲ့ ကွန်ပြူတာ လက်နှိပ်စက် ရိုက်နေသူ တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, မိုက်ခ် ဝမ်းဒလင်း
    • ရာထူးတာဝန်, ဘီဘီစီသတင်း

အမေရိကန်အစိုးရအေဂျင်စီတွေနဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီးတွေရဲ့ လုံခြုံရေးကျိုးပေါက်မှု လက်သည်ဟာ တရုတ်အစိုးရနဲ့ ဆက်နွှယ်တဲ့ ဟတ်ကာတွေလို့ဆိုပြီး အမေရိကန်အရာရှိတွေက ပြောပါတယ်။

နောက်ဆုံးဖြစ်ထားတဲ့ အဟတ်ခံရမှုက တနင်္လာနေ့တုန်းဖြစ်ပြီး ပစ်မှတ်ထားခံရတာဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဖြစ်ပါတယ်။ ဝန်ကြီးဌာနဘက်ကတော့ ဒီအဟတ်ခံရမှုဟာ ''ကြီးကြီးမားမား စိမ့်ဝင်ထိုးဖောက်ခံရမှုလို့ သုံးနှုန်းပါတယ်။

ဟတ်ကာတွေဟာ ဝန်ထမ်းတွေရဲ့ လုပ်ငန်းသုံးကွန်ပြူတာတွေနဲ့ လျှို့ဝှက်အဆင့်မဟုတ်တဲ့စာရွက်စာတမ်းတချို့ကို ဝင်ရောက်ကြည့်ရှုခွင့်ရသွားခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဒါဟာ အမေရိကန်နဲ့ တခြားအနောက် ပစ်မှတ်တွေကို ပြီးခဲ့တဲ့လတွေအတွင်းမှာ ပြုလုပ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေထဲက နောက်ဆုံးဖြစ်ရပ်ဖြစ်လာပါတယ်။

ဘာတွေ အဟတ်ခံခဲ့ရလဲ

အောက်တိုဘာလတုန်းက အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုကြီး ၂ ခု ပစ်မှတ်ထားခံရအပြီးမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အခုသတင်းထွက်ပေါ်လာတာပါ။

အမေရိကန်ဗဟိုထောက်လှမ်းရေးဌာန(FBI)၊ ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံလုံခြုံရေးအေဂျင်စီ(Cisa) တို့ကတော့ သမ္မတရွေးကောက်ပွဲမဲဆွယ်မှုတွေကို ပစ်မှတ်ထား ဟတ်မှုကို ''တရုတ်ပြည်သူသမ္မတနိုင်ငံနဲ့ပေါင်းစည်းဆက်နွှယ်တဲ့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ'' က လုပ်ခဲ့တာလို့ ပြောပါတယ်။

စက်တင်ဘာလမှာတော့ ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီကြီးတွေမှာ လုံခြုံရေးကျိုးပေါက်မှုကို စီမံ နိုင်ခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

အိမ်ဖြူတော်ကတော့ ကုမ္ပဏီ ၉ ခုထက်မနည်း မကြာသေးခင်တုန်းက တိုက်ခိုက်ခံရပြီး အဲဒီထဲမှာ At&T နဲ့ Verizon တို့လည်း ပါဝင်ပါတယ်။

၂၀၂၄ ခုနှစ်အစောပိုင်း မတ်လတုန်းကလည်း တရုတ်နိုင်ငံသား ၇ ဦးဟာ ပြည်ပက တရုတ်ကို ဝေဖန်သူတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံရေးသမားတွေကို ပစ်မှတ်ထားတဲ့ ဟတ်တဲ့စစ်ဆင်ရေးတစ်ခုကို ၁၄ နှစ်ထက်နည်း စီမံမှုနဲ့ တရားစွဲခံရပါတယ်။

အနောက်အစိုးရတွေနဲ့ တရုတ်ကြား ချိတ်ဆက်နေတဲ့ အော်ပရေးရင်းတွေဟာ ဗြိတိန်ရွေးကောက်ပွဲ ကော်မရှင်၊ ဗြိတိန်လွှတ်တော်၊ နယူးဇီလန်လွှတ်တော် တွေကို ပစ်မှတ်ထားခဲ့ပါတယ်။

ဟက်ကာတွေက ဘယ်သူတွေလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အသေးစိတ်အချက်အလက် ပြည့်ပြည့်စုံစုံကတော့ မထွက်လာသေးပေမဲ့ ဟတ်တဲ့ဖြစ်ရပ်တွေကတော့ တစု တစုချင်းစီကနေ လုပ်တာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ဆက်နွှယ်တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။

ဟတ်တဲ့အုပ်စုတွေကို လုံခြုံရေးကုမ္ပဏီတွေက နာမည်ဝှက်တွေ ပေးထားပါတယ်။ ဆက်သွယ်ရေးကုမ္ပဏီကြီးတွေကို ဟတ်တဲ့ အဖွဲ့ကိုဆိုရင် ဆား တိုင်ဖွန်းမုန်တိုင်း(Salt Typhoon) အဖြစ်မှည့်ထားပြီး ဒီနာမည်ကို မိုက်ခရိုဆော့ဖ် ကုမ္ပဏီကြီးက သုတေသီက မှည့်ပေးထားတာပါ။ တခြားကုမ္ပဏီတွေကတော့ အဲဒီအဖွဲ့ကို နာမည်ကျော်စာကလေး(Famous Sparrow)၊ တစ္ဆေဧကရာဇ်(Ghost Emperor)၊ မြေကမ္ဘာသွေးစုပ်ဖုတ်ကောင်(Earth Estrie) လိုနာမည်မှည့်ထားတာတွေလည်း ရှိပါတယ်။

ဆက်သွယ်ရေးကုမ္ပဏီတွေ အဟတ်ခံရမှုနောက်ကွယ်မှာ Salt Typhoon ရှိနေတယ်လို့ မှတ်ယူထားကြပါတယ်။ ဗို့အားပြင်း တိုင်ဖွန်းမုန်တိုင်း (Volt Typhoon)လို့ နာမည်ဝှက်ပေးထားတဲ့ နောက်ထပ် သီးခြားအဖွဲ့ဟာ အဖျက်အမှောင့်ဖြစ်တဲ့တိုက်ခိုက်မှုတွေဖြစ်လာအောင် အရေးကြီးတဲ့အခြေခံအဆောက်အဦပိုင်းဆိုင်ရာအဖွဲ့အစည်းတွေကို ထိုးဖောက်ဝင်ရောက်တယ်လို့ စွပ်စွဲခံရပါတယ်။

တရုတ်နိုင်ငံသား ၇ ဦးကိုတော့ ဇာကိုနီယံ(Zirconium) ဒါမှမဟုတ် တရားရှင်ပန်ဒါ(Judgment Panda) ဆိုလိုတဲ့ ဟတ်မှုတွေနဲ့ ဆက်နွှယ်လို့ အမေရိကန်တရားရေးဝန်ကြီးဌာန အရာရှိတွေက အချိတ်အဆက်ပြခဲ့တာပါ။

ဗြိတိန်အမျိုးသားဆိုက်ဘာ လုံခြုံရေးစင်တာကလည်း ဒီစစ်ဆင်ရေးကြောင့်ပဲ ဗြိတိန်လွှတ်တော် အီးမေးလ်တွေ ၂၀၂၁ ခုနှစ်မှာ ပစ်မှတ်ထားခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဟတ်မှုတွေအတွင်း ဘာတွေကို စုပြီး ယူသွားကြသလဲ

ဒေါ်နယ် ထရမ့်နဲ့ ဂျေဒီ ဗန့်စ်တို့ကို လုံခြုံရေးမှန် အနောက်မှာမြင်ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရွေးကောက်ခံ အမေရိကန်သမ္မတနဲ့ ရွေးကောက်ခံ ဒုတိယသမ္မတတို့ဟာ ဟတ်ကာတွေရဲ့ ပစ်မှတ်ထားခံခဲ့ရပါတယ်

မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဟတ်မှုတွေကတော့ သြဇာရှိတဲ့လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားပြီး တရုတ်အစိုးရအတွက် အကျိုးဖြစ်စေမယ် အချက်အလက်တွေ စုစည်းတာဖြစ်ဟန်ပေါ်ပါတယ်။

အဲဒီထဲမှာ ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ သူ သမ္မတဖြစ်ရင် ဒုတိယသမ္မတဖြစ်လာမယ့် ဂျေဒီ ဗန့်စ်နဲ့ ဒုတိယသမ္မတ ကာမလာ ဟဲရစ် အတွက်အလုပ်လုပ်နေသူတွေရဲ့ ဖုန်းတွေ ပစ်မှတ်ထားခံရပါတယ်။

ဟတ်ကာတွေဟာ အမေရိကန် ရဲတပ်ဖွဲ့လို တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ဆက်သွယ်ချိတ်ဆက်မှုနဲ့ဆက်နွှယ်တဲ့ ဖုန်းနံပါတ်တွေကို ရရှိသွားပါတယ်။ ပညာရှင်တွေကတော့ နိုင်ငံခြားစုံထောက်တွေက ဘာတွေကို စောင့်ကြည့်နေလဲဆိုတာကို သိအောင်လုပ်ဖို့ ဒီဖုန်းအချက်အလက်တွေကို အသုံးချနိုင်တယ်လို့ သုံးသပ်ပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေးကုမ္ပဏီကြီးတွေ အဟတ်ခံရတာကြောင့် သန်းနဲ့ချီတဲ့အမေရိကန်တွေရဲ့ အချက်အလက်တွေလည်း ချိုးဖောက်ခံရမှုဖြစ်နိုင်ခြေရှိပါတယ်။

ဘော်တီမိုး ကောင်တီ ဆိုက်ဘာလုံခြုံရေးအင်စတီကျူ့၊ မေရီလင်းတက္ကသိုလ်က ဒုတိယညွှန်ကြားရေးမှူး ရစ်ချက် ဖော်နိုကတော့ တရုတ်ရဲ့ အားထုတ်မှုတွေဟာ ပစ်မှတ်အမျိုးမျိုးကို ဦးတည်နေခဲ့တယ်လို့ ပြောပါတယ်။

''ပုံမှန် သတင်းအချက်အလက်စုတာမျိုးထက် ပိုတယ်။ ဝင်ကြည့်လိုက်မယ်၊ ဘာရမလဲပေါ့။ ပြီးတော့ ဘာဆက်ရမလဲ ဆက်ကြည့်တာပေါ့ ဆိုတာမျိုး'' လို့ သူက ပြောပါတယ်။

အမေရိကန် အရာရှိတွေ ဘယ်လောက် စိုးရိမ်နေကြလဲ

အမေရိကန်က ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်ပါတီ နှစ်ပါတီစလုံးက အမတ်တွေကတော့ အခုဟတ်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းပြောနေကြပါတယ်။

ဒီမိုကရက် အထက်လွှတ်တော် အမတ် မာ့ခ် ဝါနာကဆိုရင် Salt Typhoon ရဲ့ ခြေစ လက်စ တွေဟာ ''ကျွန်တော်တို့ နိုင်ငံသမိုင်းမှာ ဆက်သွယ်ရေးကုမ္ပဏီတွေ အဟတ်ခံရမှုထဲ အဆိုးဆုံးပဲ'' လို့ ပြောပါတယ်။

ဖက်ဒရယ်အဆင့် ဆက်သွယ်ရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌနေရာအတွက် ထရမ့်က ရွေးထားတဲ့ ဘရန်ဒန် ကားကလည်း ''အတော်လေးကိုမှ စိုးရိမ်ဖို့ကောင်းတယ်'' လို့ ထောက်လှမ်းရရှိတဲ့သတင်းအချက်အလက်ကို အကျဥ်းရုံးအစီရင်ခံမှုအတွင်း ပြောသွားပါတယ်။

''ကျွန်တော် ကြားတဲ့သတင်းအရဆိုရင် နောက်ဆုံးမှာ ကိုယ့်ဖုန်းကို ကိုယ်ရိုက်ခွဲချင်စိတ်တောင် ပေါက်သွားတယ်'' လို့ သူက CNBC သတင်းကို ပြောပါတယ်။

FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာ ရေးကလည်း Salt Typhoon ဟတ်ကာအဖွဲ့ရဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ဟတ်မှုဟာ ''ဆိုက်ဘာသူလျှိုလုပ်မှုသမိုင်းမှာ သိသိသာသာဖြစ်သွားတဲ့ကိစ္စ'' လို့ ပြောပါတယ်။

တရုတ်ရဲ့ ဟတ်တဲ့ပရိုဂရမ်တွေဟာ ''တခြား(ဒီလို) နိုင်ငံကြီးတွေပေါင်းထားထက်တောင်'' ပိုကြီးမားတယ်လို့ သူက အရင်တုန်းကလည်း ပြောဖူးပါတယ်။

ရာထူးကနေ ပြီးဆုံးတော့မယ် FBI ညွှန်ကြားရေးမှူးကတော့ နောက်ဆုံးပြောတဲ့သူ့ရဲ့ နုတ်ဆက်ပွဲမိန့်ခွန်းမှာ တရုတ်ရဲ့ ဟတ်မှု အရေးအလေးထား ပြောသွားပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရာထူးကနေ ပြီးဆုံးတော့မယ် FBI ညွှန်ကြားရေးမှူးကတော့ နောက်ဆုံးပြောတဲ့သူ့ရဲ့ နုတ်ဆက်ပွဲမိန့်ခွန်းမှာ တရုတ်ရဲ့ ဟတ်မှု အရေးအလေးထား ပြောသွားပါတယ်

အနောက်မဟာမိတ်တွေက ဘယ်လိုတုံ့ပြန်ကြလဲ

တရုတ်နိုင်ငံသား ၇ ဦးကို တရားစွဲဆိုတာအပြင် အခုလ အစောပိုင်းတုန်းကလည်း အမေရိကန်အာဏာပိုင်တွေဟာ တရုတ်ရဲ့ အကြီးမားဆုံးဆက်သွယ်ရေးကုမ္ပဏီကြီးတွေထဲက တစ်ခုရဲ့ အမေရိကန်လုပ်ငန်းခွဲ တရုတ်တယ်လီကွန် အမေရိကားကို အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုဆိုတဲ့ခေါင်းစဥ်အောက်ကနေ သတိပေးဖူးတာ ရှိခဲ့ဖူးပါတယ်။

ကုမ္ပဏီအနေနဲ့ ပြန်လည်တုံ့ပြန်ဖို့ ရက်ပေါင်း ၃၀ ရရှိထားပြီး လုပ်ငန်းလည်ပတ်ခွင့် တားမြစ်ခံရတာမျိုးအထိတောင် ဖြစ်နိုင်ပါတယ်။

မေလတုန်းကတော့ ဗြိတိန်ဟာ ဝူဟန် ရှောင်းရိကျီ သိပ္ပံနဲ့နည်းပညာကုမ္ပဏီ လီမိတက်နဲ့ နောက်ထပ် လူပုဂ္ဂိုလ် ၂ ဦးကို အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့ပါတယ်။ Judgment Panda ဟတ်ကာအဖွဲ့နဲ့ ဆက်နွှယ်တယ်ဆိုပြီး ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်တာဖြစ်ပါတယ်။

ထရမ့် သမ္မတဖြစ်လာရင် အမျိုးသားလုံခြုံရေးအကြံပေးဖြစ်လာမယ့် မိုက်ခ် ဝေါ့ဇ်ကတော့ ပြည်ပ ဟတ်ကာတွေဟာ ''ပိုကြီးမားတဲ့အကြိုးဆက်နဲ့ ပေးဆပ်ရမှုတွေကြုံရမယ်'' လို့ ပြောထားပါတယ်။

MUBC ဆိုက်ဘာလုံခြုံရေး အင်စတီကျူ့က မစ္စတာ ဖော်နိုကတော့ ဟတ်တာတွေဟာ နှစ်နဲ့ချီကြာအောင် အချိန်ယူခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

''အစဥ်အလာအားဖြင့် တရုတ်ဟာ အချိန်ယူတယ် ဘယ်လိုထောက်လှမ်းမယ်၊ ဘယ်လိုသတင်းယူမလဲဆိုတာမျိုးကို ဗျူဟာကျကျမြင်ပြီးမှ လုပ်တယ်'' လို့ သူက ပြောပါတယ်။ ''အမေရိကန် ဘက်ကတော့ ပိုပြီး ခပ်မြန်မြန်တုံ့ပြန်ပြီး ချက်ချင်းမြင်နိုင်တဲ့ရလဒ်တွေအပေါ်မှာ ပိုစိတ်ဝင်စားတယ်''

တရုတ်ဘက်က ဘာပြောလဲ

တရုတ်နိုင်ငံခြားရေးဝန်ကြီး မော်နင်းကတော့ ဒီစွပ်စွဲချက်တွေဟာ ''အခြေအမြစ်မရှိ'' သလို ''သက်သေလည်းမရှိဘူး'' လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

''တရုတ်နိုင်ငံဟာ ဘယ်လို ဟတ်တာမျိုးကိုမဆုံ မပြတ်ဆန့်ကျင်ပါတယ်။ နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် တရုတ်ကို ပစ်မှတ်ထားပြီး သတင်းအချက်အလက်အမှားတွေ ဖြန့်တာကိုလည်း အခိုင်အမာ ပယ်ချပါတယ်'' လို့ မောင်က ပြောပါတယ်။

တရုတ်သံရုံးပြောခွင့်ရသူတစ်ဦးကတော့ ''အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်ကို အပုတ်ချဖို့ ဆိုက်ဘာလုံခြုံရေးဆိုတဲ့စကားလုံးကို သုံးတာရပ်တန့်သင့်ပါပြီ။ ပြောပြောနေတဲ့ တရုတ် ဟတ်မှု အန္တရာယ်တွေဆိုတဲ့ သတင်းအမှားမျိုးစုံ ဖြန့်တာကိုလည်း ရပ်ဖို့ သင့်ပါပြီ'' လို့ပြောပါတယ်။