တရုတ်ပတ်သက်နေတဲ့ ဆိုင်ဘာတိုက်ခိုက်မှု ထရမ့်နဲ့ ဗဲန့်စ်ကို ပစ်မှတ်ထားနိုင်ဖွယ်ရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
- ရေးသားသူ, အယ်လစ်စ် ဒေးဗီးစ်
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန၊ ဝါရှင်တန်ဒီစီမြို့
တရုတ်နဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ ဆိုင်ဘာတိုက်ခိုက်သူတွေဟာ သမ္မတဟောင်း ဒေါ်နယ် ထရမ့်နဲ့ သူ့ရဲ့ ဒုသမ္မတလောင်း ဆီးနိတ်အမတ် ဂျေဒီ ဗဲန့်စ်တို့ အသုံးပြုတဲ့ ဖုန်းတွေ၊ ကွန်ရက်တွေထဲ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့ပုံ ရတယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ ဒီကိစ္စအကြောင်း သိထားတဲ့ သတင်းရင်းမြစ် အတော်များများကလည်း ဘီဘီစီရဲ့ မိတ်ဖက်သတင်းဌာန CBS News ကို အတည်ပြုပြောပါတယ်။
ပိုကျယ်ပြန့်တဲ့ ဆိုင်ဘာတိုက်ခိုက်မှုတစ်ခုရဲ့ ပစ်မှတ်တွေထဲမှာ ထရမ့်နဲ့ ဗဲန့်စ်တို့လည်း ပါဝင်ဖွယ် ရှိကြောင်း သူတို့ရဲ့ မဲဆွယ်အဖွဲ့ သတိပေးခံထားရတယ်လို့ အဲဒီ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဟဲရစ်စ်နဲ့ ဝေါလ်ဇ် မဲဆွယ်အဖွဲ့နဲ့ ဆက်နွယ်နေသူတွေကိုလည်း အလားတူ ပစ်မှတ်ထားခံရတယ်လို့ ဒီအကြောင်း သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
အမေရိကန် တရားရေးဌာနနဲ့ FBI ထောက်လှမ်းရေးအဖွဲ့ကတော့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်သူတွေ အခုလို ပစ်မှတ်ထား ခံရသလားဆိုတာအပေါ် မှတ်ချက်တစ်စုံတရာ ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
FBI နဲ့ အခြေခံအဆောက်အအုံ လုံခြုံရေး အေဂျင်စီ (CISA) ဌာနက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ "ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ဆက်သွယ်ရေးအခြေခံအဆောက်အအုံထဲ ခွင့်ပြုချက်မရှိဘဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့လူတွေ ဝင်ရောက်မှုအပေါ် " အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။
အန္တရာယ်ရှိတဲ့ လုပ်ရပ်ကို တွေ့ရှိခဲ့အပြီးမှာ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ချက်ချင်းအကြောင်းကြားခဲ့ပြီး နည်းပညာအကူအညီ ပေးတာတွေ လုပ်ခဲ့သလို ဒီလို တိုက်ခိုက်ခံရဖွယ် ရှိတဲ့ တခြားသူတွေကို ကူညီနိုင်ရေး သတင်းအချက်အလက်တွေ အမြန်ဆုံး ဝေမျှပေးတာတွေ လုပ်ခဲ့တယ်လို့ FBI ကပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲပဲလို့လည်း ဆိုပါတယ်။
ဒီအန္တရာယ်ကို အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် အမေရိကန်အစိုးရအဖွဲ့တွင်းက အေဂျင်စီတွေ ပူးပေါင်းဆောင်ရွက်နေကြပြီး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆက်သွယ်ရေးကဏ္ဍအတွင်း ဆိုင်ဘာ ကာကွယ်မှုတွေ ပိုခိုင်မာအောင် လုပ်ဖို့ မိတ်ဖက်လုပ်ငန်းစုတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ လည်း ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထရမ့် မဲဆွယ်အဖွဲ့ကတော့ ဒီဆိုင်ဘာတိုက်ခိုက်မှု ဟာ ဒီမိုကရက်တွေရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး အပြစ်ပုံချခဲ့ပါတယ်။ ဒါဟာ ထရမ့်ကို အိမ်ဖြူတော်ဆီ ပြန်မလာနိုင်အောင် တားဆီးဖို့ ကြိုးပမ်းတာ ဖြစ်တယ်ဆိုပြီး အထောက်အထား တစ်စုံတရာ မပြနိုင်ဘဲ စွပ်စွဲပြောဆိုခဲ့ပါတယ်။
အမေရိကန် တရားဥပဒေ စိုးမိုးရေးအဖွဲ့ကတော့ ဒီဆိုင်ဘာတိုက်ခိုက်မှုကို မဲဆွယ်စည်းရုံးမှုထဲဝင်စွက်ဖို့ ကြိုးစားမှုအဖြစ် မယူဆဘဲ သူလျှိုထောက်လှမ်းမှုအဖြစ် လောလောဆယ် ယူဆထားတယ်လို့ သတင်းရင်းမြစ်တစ်ခုက CBS ကို ပြောပါတယ်။
အခုလ အစောပိုင်းတုန်းကလည်း အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ဆိုင်ဘာတိုက်ခိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။
ဆိုင်ဘာတိုက်ခိုက်ခံခဲ့ရတဲ့ ကုမ္ပဏီတွေထဲက တစ်ခုက Verizon ကုမ္ပဏီ ဖြစ်ပြီး အဲဒီကုမ္ပဏီကနေတဆင့် ထရမ့်နဲ့ ဗဲန့်စ်တို့ရဲ့ အချက်အလက်တွေကို ပစ်မှတ်ထား ထိုးဖောက်ခဲ့တယ်လို့ ယူဆရကြောင်း ဒီသတင်းကို ပထမဆုံး ဖော်ပြခဲ့တဲ့ New York Times သတင်းဌာနရဲ အဆိုအရ သိရပါတယ်။
ခေတ်မီအဆင့်မြင့်ပြီး အစိုးရအဖွဲ့တစ်ဖွဲ့ကို အလုပ်လုပ်ပေးနေတဲ့ ဟက်ကာအဖွဲ့က အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီ အများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းကို Verizon ကုမ္ပဏီက သိထားကြောင်းVerizon ကုမ္ပဏီ ပြောခွင့်ရသူ ရစ်ချ် ယန်းက ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
ဒီကိစ္စအကြောင်း စုံစမ်းစစ်ဆေးမှုတွေမှာ တရားဥပဒေစိုးမိုးရေးအဖွဲ့နဲ့အတူ Verizon ကုမ္ပဏီက ကူညီဆောင်ရွက်နေပြီး နောက်ထပ်ပြဿနာတွေ ထပ်ဖြစ်မလာစေရေး နည်းလမ်းရှာဖို့ ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။
ထရမ့်မဲဆွယ်အဖွဲ့ဟာ အခုနှစ်အစောပိုင်းကလည်း ဟက်ကာအဖွဲ့တစ်ဖွဲ့ရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရပြီး ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေကို ထိခိုက်အောင် တမင်လုပ်ခဲ့မှုနဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ အီရန်လူမျိုး ၃ ဦး စက်တင်ဘာလက တရားစွဲဆိုခံခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ပွဲတွေအပါအဝင် အမေရိကန်နိုင်ငံထဲ ပြည်ပက ဝင်ရောက်စွက်ဖက်မယ့် အန္တရာယ် ရှိနေတယ်ဆိုတာကို အမေရိကန် အစိုးရအေဂျင်စီဌာနတွေနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေက ဟိုးကတည်းက သတိပေးထားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ဒီမိုကရေစီစနစ်အပေါ် ပြည်သူတွေရဲ့ ယုံကြည်စိတ်ချမှု ထိခိုက် ပျက်ပြားအောင် လုပ်နိုင်မယ့် နေရာအဖြစ် အမေရိကန် ရွေးကောက်ပွဲတွေကို ပြိုင်ဘက်ရန်သူတွေက ရှုမြင်ကြတယ်လို့ အမေရိကန် လုံခြုံရေးဌာန အကြံပေး ဂျိတ်ခ် ဆူလစ်ဗန်က ပြီးခဲ့တဲ့ နွေရာသီက ပြောခဲ့ပါတယ်။ "ဒါကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိထားပါတယ်။ ဒါ့ကြောင့် ဒီလိုမဖြစ်အောင် တွန်းလှန်ကာကွယ်ဖို့ အများကြီး လုပ်ဆောင်နေပါတယ်"
ဇန်နဝါရီလတုန်းက ဒီကိစ္စအကြောင်း ကွန်ဂရက်လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ကြပြီး FBI ညွှန်ကြားရေးမှူး ခရစ်တိုဖာ ရေးက တရုတ်ဟက်ကာတွေဟာ "အမေရိကန်နိုင်ငံ ထိခိုက်ပျက်စီးအောင်နဲ့ တကယ့်ကို အန္တရာယ်ဖြစ်လာအောင် လုပ်ဖို့ ပြင်နေကြတယ်" လို့ သတိပေးခဲ့ပါတယ်။








