ဝန်ထမ်းတွေကို တစ်တော့ မသုံးဖို့ အမေရိကန်တားမြစ်မှု ပုံကြီးချဲ့နေတာလို့ တရုတ်တုံ့ပြန်
မတ်မာဖီ၊ဘီဘီစီ သတင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစိုးရဌာနကလူတွေ အသုံးပြုနေတဲ့ ဖုန်းတွေကနေ ဗီဒီယိုအက်ပလီကေးရှင်း တစ်တော့ကို ဖယ်ရှားပစ်ဖို့ အမေရိကန်အစိုးရက အမိန့်ထုတ်ပြန်လိုက်ပြီးနောက် အမေရိကန်ရဲ့ လုပ်ဆောင်မှုဟာ လိုအပ်တာထက်ပိုလုပ်နေတာဖြစ်တယ်လို့ တရုတ်က တုံ့ပြန်စွပ်စွဲလိုက်ပါတယ်။
အမေရိကန် အစိုးရလက်အောက်ခံ အေဂျင်စီတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ ကိုင်တဲ့ ဖုန်းတွေထဲက တရုတ်ပိုင် TikTok တစ်တော့အက်ပ်ကို ရက်ပေါင်း၃၀ အတွင်း အပြီးဖယ်ရှားပစ်ကြဖို့ အိမ်ဖြူတော်က တနင်္လာနေ့က အမိန့်ထုတ်ပြန် လိုက်ပါတယ်။
အဲဒီအမိန့်ထုတ်ပြန်ချက်ဟာ လတ်တလော ရက်သတ္တပတ်အတွင်း ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့က အမိန့်ထုတ်ပြန်အပြီးမှာ ဆက်ထုတ်ပြန်တာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရက နိုင်ငံခြားကုမ္ပဏီတွေကို ဖိနှိပ်ဖို့ အစိုးရအာဏာကို အလွဲသုံးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပါတယ်။
“အဲ့ဒီမှားယွင်းတဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်”လို့ တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Mao Ning က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
"အမေရိကန်အစိုးရအနေနဲ့ စျေးကွက်စီးပွားရေးနဲ့ တရားမျှတတဲ့ ပြိုင်ဆိုင်မှုဆိုင်ရာ အခြေခံမူတွေကို လေးစားသင့်သလို၊ ကုမ္ပဏီတွေကို ဖိနှိပ်အနိုင်ကျင့်တာတွေကို ရပ်တန့်ပြီး၊ အမေရိကန်မှာရှိတဲ့ နိုင်ငံခြားကုမ္ပဏီတွေအတွက် ပွင့်လင်းမျှတပြီး ခွဲခြားဆက်ဆံမှုကင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးသင့်ပါတယ်။"
အမေရိကန်လို ကမ္ဘာ့ထိပ်တန်း စူပါပါဝါနိုင်ငံက လူငယ်တွေ အကြိုက်အနှစ်သက်ဆုံး အက်ပ်တစ်ခုကို ဘာလို့ ကြောက်နေရတာလဲဆိုတာစဥ်းစားလို့မရဘူးလို့ သူက ထပ်ဖြည့်ပြောလိုက်ပါသေးတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လတ်တလောလတွေအတွင်းမှာလည်း တရုတ်ကုမ္ပဏီ ByteDance ပိုင် ဗီဒီယိုတွေ ရှယ်တဲ့ အပ်ပ်နဲ့ပတ်သက်ပြီး အနောက်နိုင်ငံအစိုးရတွေမှာ စိုးရိမ်မှုတွေ ပိုတိုးလာနေပါတယ်။
တစ်တော့ကုမ္ပဏီဟာ သူ့အက်ပ်ကို အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားပြီး တရုတ်အစိုးရကို ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
အစိုးရနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေ အသုံးပြုနေတဲ့ ဖုန်းတွေထဲကို တစ်တော့ အက်ပ်ကို ဒေါင်းလုပ်လုပ်လိုက်ရင် အဲဒီထဲကအရေးကြီးတဲ့အချက်အလက်တွေ ပါသွားမှာကို တချို့ ထောက်လှမ်းရေးအေဂျင်စီတွေက စိုးရိမ်နေကြပါတယ်။
သူတို့ အက်ပ်ကို အသုံးပြုနေသူတွေရဲ့ အချက်အလက်တွေကို မျှဝေဖို့ ဘယ်အမိန့် ဖိအားပေးမှုကိုမှ လက်ခံလိုက်နာမှာမဟုတ်ဘူးလို့ တစ်တော့ကုမ္ပဏီက တုံ့ပြန်ပြောကြားထားပါတယ်။ ပြီးတော့ သူတို့အပ်ပ်ရဲ့ လုပ်ဆောင်မှုက တခြားဆိုရှယ်မီဒီယာကုမ္ပဏီက အက်ပ်နဲ့ အတူတူပဲလို့ ပြောပါတယ်။
လျှို့ဝှက်အချက်အလက်တွေကို ကာကွယ်တဲ့အနေနဲ့ အစိုးရက အသုံးပြုနေတဲ့ ဖုန်းတွေအားလုံးထဲကနေ တစ်တော့အက်ပ်ကို ဖယ်ထုတ်ပစ်ရမယ်လို့ US Management and Budget Office (OMB) ရဲ့ ညွှန်ကြားရေးမှူး ရှာလာဒါယန်းက အေဂျင်စီတွေကို ပြောခဲ့ပါတယ်။
အဲဒီ လမ်းညွှန်ချက်ဟာ တစ်တော့အပ်ပ်ကနေ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖြေရှင်းဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
သမ္မတအိမ်ဖြူတော်၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမိမြေလုံခြုံရေးနဲ့ ပြည်နယ်တွေအပါအဝင် အစိုးရရုံးတချို့က အီလက်ထရွန်နစ်ပစ္စည်းတွေမှာ တစ်တော့ကို အသုံးမပြုဖို့ တားမြစ်ထားပြီး ဖြစ်ပါတယ်။
အဲဒီလှုပ်ရှားလုပ်ဆောင်မှုဟာ "ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ လုံခြုံမှုရစေဖို့နဲ့ အမေရိကန်ပြည်သူတွေရဲ့ လုံခြုံရေးနှင့် လျှို့ဝှက်ရေးတို့ကို ကာကွယ်ဖို့အတွက် ဆက်လက်လုပ်ဆောင်မယ့် ကတိကဝတ်ကို ဘိုင်ဒန်အစိုးရ က အလေးထားကြောင်း ဖော်ပြလိုက်တာလို့ အမေရိကန်အစိုးရ သတင်းလုံခြုံရေးဆိုင်ရာ အရာရှိ ခရစ်ဒီယူရှာက ပြောထားပါတယ်။
အစိုးရပိုင်ဖုန်းတွေမှာ တစ်တော့ကို အသုံးမပြုဖို့ နဲ့၊အစိုးရအေဂျင်စီတွေ အသုံးပြုနေတဲ့ဖုန်းတွေမှာ တစ်တော့ ကို ရက်ပေါင်း ၆၀အတွင်း ဖြုတ်ပစ်ဖို့ အမေရိကန် အောက်လွှတ်တော်ရဲ့ ဒီဇင်ဘာလက ဥပဒေပြဋ္ဌာန်းမှု နောက်ပိုင်းမှာ အင်္ဂါနေ့က ကြေငြာချက်ထပ် ထွက်လာတာပါ။
ရီပတ်ဘလစ်ကန်ပါတီက ကွန်ဂရက်လွှတ်တော်အမတ်တွေကလည်း မကြာခင်ရက် သတ္တပတ်တွေအတွင်း သမ္မတဂျိုးဘိုင်ဒန်က တစ်တော့အက်ပ်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ပင်ဖို့ နောက်ထပ်ဥပဒေတစ်ခုကို အတည်ပြုပေးဖို့ မျှော်လင့်နေကြပါတယ်။
အမေရိကန်အပြင် ကနေဒါမှာလည်း အင်္ဂါနေ့ကစပြီး အစိုးရအသုံးပြုနေတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေမှာ တစ်တော့ကို မသုံးဖို့ ပိတ်ပင်တားဆီးမှုအသစ်ကို ကနေဒါအစိုးရက ချမှတ်ခဲ့ပါတယ်။
တစ်တော့ဟာ "ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးအတွက် လက်သင့်မခံနိုင်တဲ့ အန္တ ရာယ်ရှိတဲ့အဆင့်" ကိုရောက်နေပြီလို့ ကနေဒါအစိုးရ သတင်းအချက်အလက် ဆိုင်ရာ အရာရှိချုပ်က တင်ပြအပြီးမှာ အဲဒီဆုံးဖြတ်ချက် ထွက်လာတာပါ။
ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးကလည်း တစ်တော့အက်ပ် အသုံးပြုတာဟာ လုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေကို ရောက်လာတဲ့အတွက် အပြောင်းအလဲ လုပ်ဖို့ လိုအပ်နေပြီလို့ ပြောခဲ့ပါတယ်။
"ဒါက ပထမအဆင့် ဖြစ်နိုင်သလို ဒါက ကျွန်တော်တို့ လုပ်ရမယ့် တစ်ခုတည်းသော ခြေလှမ်းလည်းဖြစ်နိုင်ပါတယ်" လို့ တိုရွန်တိုမြို့အနီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တနင်္လာနေ့က ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဥရောပကော်မရှင်နဲ့ ဥရောပကောင်စီတို့က ဝန်ထမ်းတွေ အသုံးပြုနေတဲ့ ဖုန်းတွေနဲ့ သူတို့ရဲ့ အီလက်ထရွန်နစ်ပစ္စည်း တွေမှာရှိနေတဲ့ တစ်တော့အက်ပ်တွေကို ဖယ်ရှားပစ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
“ဥရောပကော်မရှင်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ပတ်ဝန်းကျင်ကို ဆိုင်ဘာ တိုက်ခိုက်မှုတွေတိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့နဲ့ ဆိုင်ဘာ လုံခြုံ ရေး ခြိမ်းခြောက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး ဒီလုပ်ဆောင်မှုကို လုပ်ရတာပါ “လို့ ဥရောပကော်မရှင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။








