လာဇရုစ်အဖွဲ့လို့ ခေါ်တဲ့ မြောက်ကိုရီးယား ဟက်ကာတွေ ဒေါ်လာ တစ်ဘီလီယံ နီးပါးကို ဘယ်လို ခိုး ထုတ်ခဲ့တာလဲ

၂၀၁၆ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်အမျိုးသားဘဏ်ကနေ မြောက်ကိုရီးယား ဟက်ကာတွေက ဒေါ်လာ တစ်ဘီလီယံကို ဖောက်ထွင်း ခိုးယူဖို့ ကြိုးစားခဲ့ကြပါတယ်။
အဲ့ဒီငွေတွေထဲက အများစုကို အပြင်မရောက်သွားအောင်တားဆီးနိုင်ခဲ့ပေမဲ့ ဒေါ်လာ၈၁သန်း ကတော့ ဟက်ကာတွေလက်ထဲရောက်သွားခဲ့ပါတယ်။
အဲ့ဒီအကြောင်းကို ဂျော့ချ်ဝိုက်နဲ့ ဂျင်းလီတို့ ၂ယောက်က ပူးပေါင်းပြီး ဒီဆောင်းပါးကို ရေးသားတင်ဆက် ထားတာဖြစ်ပါတယ်။
ဒါဆိုရင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ကမ္ဘာ့အသိုင်းအဝန်းနဲ့ အကင်းကွာဆုံး နိုင်ငံတစ်နိုင်က အွန်လိုင်း ဘဏ်ဖောက်ထွင်းတဲ့ အဖွဲ့ တစ်ဖွဲ့ကို ဘယ်လို လေ့ကျင့်ပေးခဲ့တာလဲ။
ဒီဇာတ်လမ်းရဲ့ အစက ပျက်နေတဲ့ ပရင်တာတစ်လုံးက စခဲ့တယ်လို့ပြောရမှာပါ။
ဘင်္ဂလားဒေ့ရှ်ဘဏ်မှာ အဲ့ဒီ ကိစ္စစကြုံခဲ့ရတုန်းက အလုပ်ခွင်တွေမှာ ကျွန်တော်တို့ ကြုံနေရသလို နည်းပညာ အခက်အခဲတစ်ခု လို့ပဲ ထင်ခဲ့ကြတာပါ။ တကယ့် ပြဿနာကြီးတစ်ခုကို ကြုံရမယ်လို့ မထင်ခဲ့ကြပါဘူး။
ဒါပေမယ့် ဒီကိစ္စက အခြားဘဏ်တွေမှာကြုံရတဲ့ ပရင်တာ ပြဿနာမျိုး မဟုတ်ပါဘူး။ဒါအပြင် ဘင်္ဂလားဒေ့ရှ်ဘဏ်ဟာ သာမန်ဘဏ်တစ်ခုလည်း မဟုတ်ပါဘူး။
ဘင်္ဂလားဒေ့ရှ် ဘဏ်ဟာ ဆင်းရဲသား သန်းပေါင်းများစွာနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဗဟိုဘဏ်ဖြစ်ပြီး အရန် နိုင်ငံခြားငွေတွေ ထိန်းသိမ်းထားတဲ့ ဘဏ်တစ်ခု ဖြစ်ပါတယ်။
ပြီးတော့ ဒီပရင်တာဟာ ဘဏ်ရဲ့ အရေးကြီးတဲ့ အလုပ်တွေကို လုပ်ဆောင်ပေးနေတာဖြစ်ပြီး ဘဏ် ဗဟိုရုံးချုပ်တည်ရှိတာ မြို့တော် ဒါကာမှာရှိတဲ့ အဆောက်အအုံ ၁၀ထပ်မှာ လုံခြုံရေးအပြည့်ရှိတဲ့ အခန်းထဲမှာ ရှိတာလည်းဖြစ် ပါတယ်။ သူ့ရဲ့ အလုပ်က ဘဏ်ရဲ့ ငွေ အဝင် အထွက် ဒေါ်လာသန်းပေါင်းများစွာ မှတ်တမ်းတွေကို ပုံနှိပ်ထုတ်ပေးရတာပါ။
၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၅ရက် သောကြာနေ့ မနက် ၈နာရီ၄၅မိနစ် အချိန်မှာ ပရင်တာပျက်နေတယ်၊ အလုပ်မလုပ်ဘူး ဆိုတာ ဝန်ထမ်းတစ်ယောက် စပြီးတွေ့ပါတယ်။
အရင်ရက်တွေတုန်းကလို ဖြစ်နေကျ ကိစ္စတစ်ခုလို့ ပရင်တာ ပျက်တာကို သူတို့ ထင်ခဲ့ကြတယ်လို့ ဂျုတီမန်နေဂျာ ဇူဘိုင်ဘင်ဟူဒါက ရဲကို နောက်ပိုင်းမှာ ပြန် ရှင်းပြခဲ့ပါတယ်။
တကယ်တော့ အဲ့ဒီ ပရင်တာပျက်တာက ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်မှာ ပြဿနာ အကြီးအကျယ် တက်နေပြီဆိုတာ ပထမဆုံး အချက်ပြခဲ့တာပါ။
ဟက်ကာတွေက ပရင်တာနဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်ရဲ့ ကွန်ပျုတာ ကွန်ရက်ထဲ ရဲရဲတင်းတင်း ထိုးဖောက်ဝင်ရောက်ပြီး ဒေါ်လာ တစ်ဘီလီယံကို ခိုးယူဖို့ ကြိုးစားခဲ့ကြပါတယ်။
အဲ့ဒီငွေတွေကို ခိုးထုတ်သွားဖို့ ဘဏ်အကောင့်အတုတွေ၊ ပရဟိတ အဖွဲ့က အကောင့်တွေ၊ ကာစီနိုတွေနဲ့ ကြံရာပါ အချိက်အဆက် ကွန်ရက်ကြီးတစ်ခုကိုလည်း သူတို့ အသုံးပြုခဲ့ကြပါတယ်။
ဒါဆိုရင် ဘဏ်ထဲကငွေတွေကို အွန်လိုင်းကနေ ဖောက်ထွင်းခိုးယူသွားတဲ့ ဟက်ကာတွေက ဘယ်သူတွေလဲ။ ဘယ်ကလာတဲ့ လူတွေလဲ။
ဒီကိစ္စဖြစ်ခဲ့တာကို ခြေရာခံလိုက်ပြီး စုံစမ်းထောက်လှမ်းတာတွေလုပ်ခဲ့ ပြီးနောက် လက်ညှိုးထိုး စွပ်စွဲကြတာက မြောက်ကိုရီးယားအစိုးရကိုပါ။
ဆိုက်ဘာ ရာဇဝတ်မှုတွေ အဓိက ကျုးလွန်သူအဖြစ် မြောက်ကိုရီးယားနိုင်ငံကို သံသယရှိနေတာနဲ့ ပတ်သက်လို့ တချို့က အံ့အားသင့်ကြပါတယ်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်နေတာရယ် ကမ္ဘာ့အသိုင်းအဝန်းရဲ့ နည်းပညာ စီးပွားရေးနဲ့ အခြားနယ်ပယ် တော်တော်များများ အဆက် ပြတ်နေတာရယ်ဆိုတဲ့ အချက်တွေက လူတွေကို အဓိက အံ့အားသင့်စေတာပါ။
ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ကို ဖောက်ထွင်းဖို့ မြောက်ကိုရီးယား အာဏာရှင်အစိုးရရဲ့ နောက်က အားပေးမှုနဲ့အတူ လျို့ဝှက် ဟက်ကာအဖွဲ့ နဲ့ အာရှတိုက်ထဲက လူအချို့ နှစ်နဲ့ ချီ စနစ်တကျ ပူးပေါင်းပြင်ဆင် ကြိုးစား ခဲ့ကြတာလို့ FBI အဖွဲ့က ပြောပါတယ်။
ဆိုက်ဘာလုံခြုံရေးလောကမှာ မြောက်ကိုရီးယားက ဟက်ကာတွေကို လာဇရုစ် အဖွဲ့ဆိုပြီး လူသိများကြပါတယ်။ လာဇရုစ်ရဲ့ အဓိပ္ပါယ်က ခရစ်ယာန်သမ္မာကျမ်းစာထဲမှာတော့ သေရွာက ပြန်လာတဲ့ သူလို့ ရည်ညွှန်းထားပါတယ်။
အဲ့ဒီအဖွဲ့အကြောင်းနည်းနည်း သိထားသလောက်အရဆိုရင် FBI က သံသယရှိသူ အဖြစ် စွပ်စွဲထားတဲ့ ပက်ဂျင်ဟက်နဲ့ ပက်ကွန်ဂျင် နာမည်တွေပါ အသုံးပြု ခဲ့တဲ့ ပက်ဂျင်ဟွတ်ခ်အကြောင်း ဖြစ်ပါတယ်။
သူဟာ မြောက်ကိုရီးယား ထိပ်တန်း တက္ကသိုလ်တစ်ခုက ဘွဲ့ရ ကွန်ပျုတာ ပရိုဂရမ်မာ တစ်ယောက် ဖြစ်ပြီး မြောက်ကိုရီးယား ကုမ္ပဏီ Chosun Expo အတွက် တရုတ်ဆိပ်ကမ်းမြို့ ဒါလီယန်မှာ အလုပ်သွားလုပ်ခဲ့သူဖြစ်ပါတယ်။
ပြီးတော့ ကမ္ဘာအနှံ့က ဖောက်သည်တွေ အတွက် အွန်လိုင်းဂိမ်းတွေ၊ လောင်းကစား ပရိုဂရမ် တွေလည်း ဖန်တီးရေးဆွဲပေးခဲ့တဲ့ သူလည်းဖြစ်ပါတယ်။
ဒါလီယန်မှာ သူရှိနေတုန်း အီးမေး လိပ်စာတစ်ခုနဲ့ ကိုယ်ရေးရာဇဝင်တစ်ခုကို ဖန်တီးခဲ့ပြီး အွန်လိုင်း မှာ အဆက်အသွယ် ကွန်ရက်တစ်ခုကို ဖန်တီးခဲ့ပါတယ်။
အွန်လိုင်းကနေ သူ့ကို ခြေရာခံကြည့်ရသလောက်က ဒါလီယန်မှာ သူ ရှိနေခဲ့တဲ့ အချိန်၂၀၀၂ခု နှစ်ကနေ ၂၀၁၃ သို့မဟုတ်၂၀၁၄ ထိဆိုတာ သိရပြီး အဲ့ဒီကာလ က မြောက်ကိုရီးယား မြို့တော်ပြုံယမ်းကနေ သူ အက်တာနက်လှုပ်ရှားမှုတွေ မလုပ်ခင်အချိန်ဆိုတာ FBI မှတ်တမ်းတွေ အရသိရပါတယ်။
အပြင်ဘက်က ဖောက်သည် တစ်ယောက်နဲ့ Chosun Expo မန်နေဂျာတစ်ယောက်က အီးမေးမှာ မိတ်ဆက်ပေးထားတဲ့ ပက်ရဲ့ ပုံ ကို FBI ကထုတ်ပြန်ထားပါတယ်။
အဲ့ဒီပုံထဲမှာတွေ့ရတာက သူဟာ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ အသက်၂၀နဲ့ ၃၀ကျော် ကိုရီးယား အမျိုးသားတစ်ယောက်ဆိုတာ တွေ့ရပါတယ်။ သူ့ကို ရုတ်တရက်ကြည့်လိုက်ရင်တော့ သာမန်လူတစ်ယောက်နဲ့ ဘာမှသိပ်မကွာ ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမယ့် FBI အဖွဲ့ရဲ့ အပြောအရ သူဟာ နေ့ဘက်မှာ ပရိုဂရမ်မာ တစ်ယောက် အနေနဲ့ အလုပ်လုပ်ပြီး ညဘက်မှာတော့ ဟက်ကာ တစ်ယောက် အသွင်ပြောင်းသွားသူ ဆိုတာ သိရပါတယ်။
၂၀၁၈ ဇွန်လထဲမှာ အမေရိကန်အာဏာပိုင်တွေက သူ့ကို ကွန်ပျုတာဖောက်ထွင်းမှု ၊ ၂၀၁၄ စက်တင်ဘာ နဲ့ ၂၀၁၇ သြဂုတ်လကြားမှာ ကျုးလွန်ခဲ့တဲ့ အီးမေးခိုးယူမှု သို့မဟုတ် အီလက်ထရောနစ် ဆက်သွယ်ရေး အလွဲသုံးစားလုပ်မှုစတဲ့ စွဲချက်တွေနဲ့ တရားစွဲထားပါတယ်။
သူ့ကို ဖမ်းမိခဲ့ပြီး ဒီအမှုတွေနဲ့သာ တရားစွဲခံရရင် ထောင်နှစ်၂၀လောက် ကျခံရဖို့ရှိပါတယ်။
ဒါပေမယ့် သူ့ကို တရားစွဲဖို့ အမှုမဖွင့်ခင် လေးနှစ်လောက်ကတည်းက မြောက်ကိုရီးယားကို သူပြန်ရောက်သွားပါပြီ။
ဒါပေမယ့် သူ့ လိုမျိုး လူငယ်တစ်ယောက်အတွက် အစိုးရကို အလုပ် လုပ်ပေးတဲ့ ဟက်ကာ တစ်ယောက် ဖြစ်လာဖို့ နေ့ချင်းညချင်း ဖြစ်လာတာတော့ မဟုတ်ပါဘူး။
ဒီလိုမျိုး ဆိုက်ဘာ လူစွမ်းကောင်း တစ်ယောက်ဖြစ်လာဖို့ ကလေးဘဝကတည်းက စနစ်တကျ သိမ်းသွင်း စုဆောင်းခံခဲ့ရတာဖြစ်ပြီးသူဟာ အဲ့ဒီ မြောက်ကိုရီးယား ပညာတတ်လူငယ် ထောင်နဲ့ ချီထဲက တစ်ယောက် ဖြစ်ပါတယ်။
အသက်၁၂နှစ်ပတ်ဝန်းကျင် သင်္ချာပါရမီရှင် လူငယ်တွေကို ကျောင်းတွေကနေ ခေါ်ပြီး ပြုံယမ်းကို လွှတ်၊ အဲ့ဒီမှာ နေ့ရာညပါ ကျူရှင်တွေပေးပြီး အနီးကပ် သင်ကြားမှုတွေ လုပ်ပေးခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်ဘဏ်က ဝန်ထမ်းက ပရင်တာကို ပြန်လည်ပတ်တဲ့အချိန် အရမ်း စိုးရိမ်စရာကောင်းတဲ့ သတင်းအချို့ကိုရခဲ့ပါတယ်။
အဲ့ဒီထဲမှာ ဘင်္ဂလားဒေ့ရှ်က အမေရိကန်ဒေါ်လာတွေ အပ်ထားတဲ့ နယူးယောက် Federal Reserve Bankက အရေးပေါ် သတင်းစကားတွေကိုလည်း ပါ ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘဏ်ဘက်ကနေ တစ်ဆင့် ဒေါ်လာ တစ်ဘီလီယံနီးပါးကို ထုတ်ယူဖို့ ကြိုးစားနေတယ်ဆိုတာကို အမေရိကန်ဘဏ်ကနေ ညွှန်ကြားချက်တွေ ရထားတာတဲ့ သတင်းစကားတွေပါ။
အဲ့ဒီကိစ္စဘယ်လိုလဲဆိုတာ အသေအချာသိဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က အမေရိကန်ဘဏ်ဘက်ကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ ဟက်ကာတွေက အချိန်ကွာခြားမှုကို အသေအချာ ချိန်သားကိုက် လုပ်ဆောင်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဘဏ်အကောင့်ထဲကငွေတွေ စခိုးထုတ်ခံရတဲ့ အချိန်က ဖေဖော်ဝါရီ ၄ရက် ကြာသာပတေးနေ့ ဘင်္ဂလားဒေ့ရှ်အချိန် ည၁၀နာရီ ဝန်းကျင်ပါ။
ဒါပေမယ့် အဲ့ဒီအချိန်က နယူးယောက်မှာ ကြသာပတေးမနက်ပိုင်းအချိန် ပဲရှိသေးလို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလူတွေ အိပ်နေတဲ့ အချိန်ကို ဟက်ကာတွေက ချိန်ကိုက်လုပ်တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးတော့ နောက်နေ့ သောကြာနေ့ကလည်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ သီတင်းပတ်ကုန်တဲ့ နေ့ဖြစ်လို့ ဒါကာမြို့က ဗဟိုဘဏ်ရုံးချုပ်က သောကြာနဲ့ စနေနေ့တွေ ပိတ်ပါတယ်။
သူတို့ငွေတွေ အခိုးခံရပြီဆို တာ ဘင်္ဂလားဒေ့ရှ်ဘက်က စသိတဲ့အချိန် စနေနေ့က နယူးယောက်မှာ သီတင်းပတ်ကုန် ရုံးပိတ်ရက် ဖြစ်နေပါပြီ။
"ဘယ်လောက် သပ်သပ်ရပ်ရပ် လုပ်သွားလဲဆိုတာ တွေ့ရပါတယ်။ ကြာသာပတေးညပိုင်းကို ဦးတည်လုပ်တယ်ဆိုတာ သိသာတယ်။ သောကြာနေ့ နယူးယောက်မှာ အလုပ်လုပ်နေတဲ့ အချိန် ဘင်္ဂလားဒေ့ရှ်ဘဏ်က ပိတ်နေပြီ။ ဘင်္ဂလားဒေ့ရှ်ဘဏ်က ပြန်အလုပ်လုပ်ချိန်မှာ အမေရိကန်ဘက်မှာ ပိတ်ရက်ဖြစ်သွားပြီ ၊ဒါကြောင့် ငွေတွေ ခိုးခံရတာကို သိဖို့ ၃ရက်လောက် နှောင့်နှေးသွားတယ်" လို့ အမေရိကန် အခြေစိုက် ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ ရာကက်စ် အက်စ်သာနာက ပြောပါတယ်။
ပြီးတော့ ဟက်ကာတွေက သူတို့ငွေတွေကို ထုတ်ချိန်ပိုရအောင် နောက်တစ်ခု လုပ်သွားခဲ့ပါသေးတယ်။၂၀၁၆ ဖေဖော်ဝါရီ ၈ရက် တနင်္လာနေ့ဟာ အာရှတစ်လွှားမှာ တရုတ်နှစ်သစ်ကူး အစနေ့ ဖြစ်ပြီး ရုံးပိတ်ရက်တစ်ရက်လည်း ဖြစ်ပါတယ်။ဒါကြောင့် Fed ဘဏ်ထဲက ငွေတွေကို သူတို့ပို့ချင်တဲ့ နေရာ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ သူတို့ဆင်ထားတဲ့ အကောင့်တွေဆီ လွှဲဖို့အချိန်ကလည်း ရသွားပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်၊နယူးယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံ ၃ နိုင်ငံ ကြားက အချိန်ကွာခြားမှု တွေက ဟက်ကာတွေအတွက် ဘဏ်အကောင့်ထဲကနေ ငွေတွေ ခိုးထုတ် သွားဖို့ ၅ရက်တောင် အချိန်ရသလို ဖြစ်သွားပါတယ်။
ဒီလို ငွေတွေခိုးယူသွားဖို့ အတွက်ကိုလည်း လာဇရုစ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ဘဏ်ရဲ့ ကွန်ပျုတာစနစ်ထဲကို တစ်နှစ်ကြာ ကတည်းက ထိုးဖောက်ဝင်ရောက်ထားပြီး အချိန်ယူ ပြင်ဆင်ခဲ့ပါတယ်။
၂၀၁၅ခုနှစ် ဇန်နဝါရီလတုန်းက ဘင်္ဂလားဒေ့ရှ်ဘဏ်က ဝန်ထမ်းတွေရဲ့ အီးမေးတွေထဲကို သာမန်လိုပဲ သိပ်မထူးခြားတဲ့ အီးမေးတစ်စောင် ရောက်လာ ခဲ့ပါတယ်။
အဲ့ဒီအီးမေးမှာ သူ့ကိုယ်သူ ရာဆယ်အာလမ်လို့ မိတ်ဆက်ထားပြီး အလုပ်ရှာနေတဲ့ လူတစ်ယောက်ရဲ့ အီးမေးဖြစ်ပါတယ် ။
သူ့အီးမေးမှာ ဝက်ဘ်ဆိုက်တစ်ခုက စာတစ်စောင်နဲ့ ဒေါင်းလုပ် လုပ်ရမယ့် သူ့ CV ကိုယ်ရေးရာဇဝင် ကိုလည်း တွဲထားပါတယ်။
တကယ်တမ်းဆို ရာဆယ်ဆိုတဲ့ လူကလည်း အပြင်မှာ တကယ်မရှိပါဘူး။ လာဇရုစ်အဖွဲ့ က ဖန်တီးပြီး အဲ့ဒီ နာမည်သုံးထားတာလို့ FBIအဖွဲ့က စစ်ဆေးရေးမှုးတွေက ပြောပါတယ်။
ဘဏ်ထဲက တစ်ယောက် ယောက်က ဒီလှည့်စားမှုထဲရောက်သွားပြီး သူ့ရဲ့ မှတ်တမ်းတွေကို ဒေါင်းလုပ်လိုက်တဲ့ အချိန်မှာတော့ ဗိုင်းရပ်စ်တွေက ကွန်ပျုတာထဲကို ရောက်သွားပါတယ်။
အဲ့ဒီ ကွန်ပျုတာကနေတစ်ဆင့် ဘဏ်စနစ်ထဲကို ရောက်သွားပြီး ကွန်ပျုတာ တစ်လုံးကနေ တစ်လုံး ဆက် ဝင်နိုင်သွားပြီး ဒေါ်လာ ဘီလီယံနဲ့ချီကို ထိန်းချုပ်နိုင်တဲ့ အဆင့်ကိုရသွားပါတယ်။
အဲ့ဒီအခြေအနေရောက်သွားပြီးတော့ ဘာမှ ဆက်မလုပ်ဘဲ ဒီတိုင်း ရပ်ထားလိုက်ကြပါတယ်။
ဒါဆိုရင် ဟက်ကာတွေက ဘဏ်စနစ်ထဲကို သူတို့ အီးမေးရောက်ပြီး တစ်နှစ်ကြာမှ ဘာကြောင့် ငွေတွေခိုးယူခဲ့တာလဲ။ဘဏ်စနစ်ထဲမှာ ပုန်းခိုနေတဲ့အချိန် တွေ့သွားနိုင်တယ်ဆိုတဲ့ စွန့်စားမှုကို ဘာကြောင့်လုပ်ခဲ့တာလဲ။ တကယ်တော့ သူတို့ ခိုးထုတ်သွားမယ့် ငွေတွေ အပြင်ကိုရောက်သွားဖို့ ဆိုတာက သူတို့မှာ အချိန်ယူ လုပ်ဆောင်ဖို့ လိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Google
ဂျုပီတာလမ်းဟာ မနီလာမြို့က ရုံးတွေနဲ့ လူတွေ စည်ကားရှုပ်ထွေးတဲ့ လမ်းမကြီးတစ်ခုပါ။
အဲ့ဒီလမ်းပေါ်က eco-hotelနဲ့ သွားဆေးခန်းတစ်ခုအနီးမှာ ဖိလစ်ပိုင် နိုင်ငံရဲ့ အကြီးဆုံးဘဏ်တွေထဲက RCBCဘဏ်ရဲ့ ဘဏ်ခွဲ တစ်ခုလည်း ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘဏ် စနစ်ထဲကို ဟက်ကာတွေ ထိုးဖောက်ဝင် ရောက်နိုင်အပြီး လအနည်း ငယ်အကြာမှာ သူတို့ရဲ့ ကြံရာပါတွေက အဲ့ဒီဘဏ်မှာ ဘဏ့်အကောင့် ၄ခု သွား ဖွင့်ခဲ့ကြပါတယ်။
ဒရိုက်ဘာလိုင်စင် ကိုသုံးပြီး ကုမ္ပဏီကွဲ အလုပ်တူ လစာတူတွေနဲ့ ဘဏ့်အကောင့် တွေဖွင့်ခဲ့ကြပါတယ်။
ဒါပေမယ့် အဲ့ဒီတုန်းက သူတို့ကို ဘယ်သူကမှ သံသယမဝင်ခဲ့ကြပါဘူး။ ပြီးတော့ အကောင့်တွေထဲကို ဘဏ်အပ်ငွေ ဒေါ်လာ ငါးရာ စီ ထည့်ထားပြီး ဘာမှဆက်မလုပ်ဘဲ သူတို့ အစီအစဥ်လုပ်မယ် အချိန်ကို စောင့်ကြည့်နေကြ ပါတယ်။
၂၀၁၆ခုနှစ် ဖေဖော်ဝါရီလကို ရောက်တဲ့အချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘဏ်စနစ်ထဲကို အောင်အောင်မြင်မြင် ထိုးဖောက်ဝင်ရောက်နိုင်နေပြီး ငွေလွှဲရမယ့် အကောင့်တွေကို ပါ ဖန်တီးထားနိုင်ပြီဆိုတော့ လာဇရုစ်အဖွဲ့ လှုပ်ရှားဖို့ အဆင်သင့် အခြေအနေကို ရောက်နေပါပြီ။
ဒါပေမယ့် သူတို့ အတွက် နောက်ဆုံးမှာ ကျန်နေသေးတဲ့ အခက်အခဲတစ်ခုက ၁၀ထပ်မှာ ထားတဲ့ ပရင်တာ အတားအဆီးကို ကျော်ဖြတ်ဖို့ပါ။
အဲ့ဒီပရင်တာကနေ သူတို့ ဘဏ်အကောင့်တွေထဲက ငွေလွှဲတာတွေအားလုံးကို မှတ်တမ်းအနေနဲ့ ပရင့်ထုတ်ပြီး သိမ်းထားတဲ့စနစ်ကို ဘင်္ဂလားဒေ့ရှ်ဘဏ်က စီစဥ်ဖန်တီးထားပါတယ်။
ဒီ ငွေအဝင်အထွက် မှတ်တမ်းကို ပရင့်ထုတ်တာကနေ ပေါက်ကြားသွားမှာကို ဟက်ကာတွေက စိုးရိမ်ပါတယ်။
ဒါကြောင့် ဆော့ဖ်ဝဲနဲ့ထိန်းချုပ်ထားတဲ့ မိတ္တူကူးစက်စနစ်ထဲကို ဝင်ပြီး ပရင်တာ အလုပ်မလုပ်အောင် ပျက်အောင် ဖျက်ပြစ်လိုက် ပါတယ်။
ပြီးတော့ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၄ရက် ကြာသာပတေးနေ့ ကစပြီး ဘင်္ဂလားဒေ့ရှ်ဘဏ်ရဲ့ နယူးယောက်က ဘဏ်အကောင့် ထဲက စုစုပေါင်း ဒေါ်လာ ၉၅၁ သန်း ကို ၃၅ကြိမ် စတင် ထုတ်ယူ ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီဟတ်ကာတွေဟာ အချီကြီးပွခါနီးမှာပဲ ဟောလီဝုဒ်ရုပ်ရှင်ထဲကလို အမှားလေးတစ်ခုကနေ သူတို့လုပ်နေတာကို သိသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီတင်းပတ်ကုန်ကာလ မှာတော့ သူတို့ ဘဏ်အကောင့်ထဲက ငွေတွေ ပျောက်နေပြီဆိုတာ ဘင်္ဂလားဒေ့ရှ်ဘဏ်က တွေ့ရှိခဲ့ပြီး ဘာတွေဖြစ်တယ်ဆိုတာ အတိအကျသိဖို့ ကြိုးစား အဖြေရှာခဲ့ကြ ပါတယ်။
ဘဏ်အကြီးအကဲက World Informatix ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီက ရာကက်စ် အက်စ်သာနာကို လှမ်းခေါ်ပြီး အကူအညီတောင်းပါတယ်။
အဲ့ဒီမှာ အက်စ်သာနာဘက်က ပြောတကာ သူတို့ဆီက ခိုးခံလိုက်ရတဲ့ငွေတွေ ပြန်ရနိုင်တဲ့ ဘဏ် အကြီးအကဲက ယုံကြည်နေသေးတာကြောင့် ဒီသတင်းကို လူထုကိုတင်မက အစိုးရကိုပါ လျှို့ဝှက်ထားသေးတယ်လို့ သိရပါတယ်။
အဲ့ဒီအချိန်အတောတွင်း အက်စ်သာနာ သိခဲ့တာက ဟက်ကာတွေ ဘယ်လောက်အထိ ထိုးဖောက်မွှေနှောက် သွားတယ်ဆိုတာပါ။
သူတို့ ဘဏ်စနစ် ရဲ့ အရေးအကြီးအဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ငွေလွှဲတာမှာ လုံခြုံဖို့ လုပ်ထားတဲ့ Swift စနစ် ကိုပါ ဟက်ကာတွေက ထိန်းချုပ်မွှေနှောက်သွားနိုင်ခဲ့ ပါတယ်။
Swift ငွေလွှဲ စနစ်ဆိုတာ ကမ္ဘာအနှံ့က ထောင်နဲ့ချီတဲ့ ဘဏ်အကောင့်တွေကို ချိတ်ဆက် ပြီး လုံလုံခြုံခြုံနဲ့ အွန်လိုင်းကနေ ငွေလွှဲနိုင်အောင် လုပ်ထားတာပါ။
ဟက်ကာတွေက Swift စနစ်ထဲက ပျော့ကွက် အားနည်းချက်ကို အသုံးပြုသွားတာတော့ မဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ ဟက်ကာတွေကို ဘဏ်ဝန်ထမ်းတွေလို့ Swift က ထင်နေပုံရခဲ့ပြီး သိပ်မကြာခင်မှာဘဲ သူတို့ဆီကပါသွားတဲ့ ငွေကို ပြန်ရဖို့မရှိတော့ဘူးဆိုတာ ဘင်္ဂလားဒေ့ရှ်ဘဏ်က လူတွေ သိသွားကြပါတယ်။
တချို့ငွေတွေက ဖိလစ်ပိုင်ကို ရောက်ပြီး သွားပြီဖြစ်လို့ ပြန်ရဖို့ တရားရုံးဆုံးဖြတ်ချက်လိုတယ်လို့ တာဝန်ရှိတဲ့ သူတွေက ပြောပါတယ်။
ဒါကြောင့် နောက်ဆုံးမှာတော့ တရားရုံးအမိန့် ရဖို့ ဘင်္ဂလားဒေ့ရှ်ဘဏ်က ရုံးတင်ရတဲ့ အတွက် လူတွေသိသွားပြီး သတင်းတွေကလည်း ကမ္ဘာကို ပျံ့ သွားပါတယ်။
အထက်ပါဖြစ်စဥ်တွေရဲ့ အကျိုးဆက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘဏ်အကြီးအကဲ ရာထူးက နုတ်ထွက်ခဲ့ရပြီး နောက်ထပ်လည်း သူ့ကို ထပ် မတွေ့ရတော့ဘူးလို့ အက်စ်သာနာက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘဏ် စီးနင်းခံရတာ ပထမဆုံးကြားခဲ့ရစဉ်တုန်းက အခြေအနေကို သူ သတိရနေဆဲလို့ အမေရိကန် အောက်လွှတ်တော်အမတ် ကာရိုလင် မာလိုနီက ပြောပါတယ်။
"ကွန်ဂရက် (အောက်လွှတ်တော်) ကနေ ထွက်ပြီး လေဆိပ်ကိုသွားနေတဲ့ အချိန်၊ ငွေရေးကြေးရေး စျေးကွက်ထဲမှာ အရင်တုန်းက မတွေ့ခဲ့ဘူးတဲ့ ကြောက်စရာကောင်း စိတ်ရှုပ်စရာကောင်းတဲ့ အကြောင်းကို ဖတ်လိုက်ရတာပါပဲ ၊ငွေကြေးဆိုင်ရာ စျေးကွက်ထဲ ကျွန်မ ကြုံဖူးသမျှထဲမှာ အတော်ကို အထိတ်တလန့် ဖြစ်စရာအကောင်းဆုံး အဖြစ်ပါပဲ" လို့သူကပြောပါတယ်။
ငွေကြေး ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ ကွန်ဂရက်ကော်မတီ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒီအဖြစ်အပျက်ကိုကြည့်ပြီး စနစ်တစ်ခုနဲ့ လုံခြုံရေး တွေအထပ်ထပ်ကာထားတဲ့ ကမ္ဘာ့ ကုန်သွယ်ရေးလောကထဲက ဒေါ်လာ ဘီလီယံ ပေါင်းများစွာကို အခုလို ဟတ်ကာတွေ ထိုးဖောက်နိုင်တာဟာ ဒီကာကွယ်မှုကို လူတွေ အထင်မကြီး မယုံကြည်မှု ဖြစ်စေနိုင်တယ်လို့ မာလိုနီ အနေနဲ့ မြင်လိုက်မိ ပါတယ်။
ပြီးတော့ ဒီကိစ္စမှာပါဝင်တဲ့ အမေရိကန် Fed ဖက်ဒရယ်ရီဆာ့ဗ် ဘဏ်နဲ့ပတ်သက်ပြီးတော့လည်းသူက စိုးရိမ် ခဲ့ ပါတယ်။
"ဂရုစိုက်မှုတွေ ပုံမှန် လုပ်နေတဲ့ ဒီလို နယူးယောက်က ဘဏ်ကြီးတစ်ခုအနေနဲ့ ဒီလိုကိစ္စတွေ ဘာလို့ ဖြစ်ခဲ့တာလဲ"

ဓာတ်ပုံ ရင်းမြစ်, Getty Images
မယ်လိုနီ Fed ဘဏ်ကို ဆက်သွယ်ပြီးမေးကြည့်တော့ ငွေလွှဲအများစုကို လုံခြုံမှုရှိအောင် ကာကွယ်ထားတယ်လို့ ပြောပါတယ်။
ဟက်ကာတွေ ဒေါ်လာ ၉၅၁ သန်းလွှဲဖို့ ကြိုးစားခဲ့တဲ့ RCBC ဘဏ်ခွဲက မနီလာမြို့က ဂျုပီတာလမ်းမှာ ရှိပါတယ်။
မနီလာမြို့မှာသူတို့ အသုံးပြုလို့ရတဲ့ အခြား ဘဏ်တွေရာနဲ့ချီရှိပေမဲ့ ဒီဘဏ်ကိုပဲ အသုံးပြုခဲ့တဲ့ အတွက် ဟက်ကာတွေအတွက် ဒေါ်လာသန်းရာနဲ့ ချီ နစ်နာသွားတာက တော့သေချာပါတယ်။
" လွှဲတဲ့ငွေတွေ အဲ့ဒီဘဏ်ထဲကို မရောက်ဘဲ Fed ဘဏ်ထဲမှာပဲ ပိတ်ဆို့နေတာက ငွေလွှဲတဲ့ လိပ်စာထဲမှာပါတဲ့ ဂျုပီတာဆိုတဲ့ စကားလုံးက စီးပွားရေးပိတ်ဆို့မှုတွေလုပ်ခံထားရတဲ့ အီရန်နိုင်ငံက သင်္ဘော ဂျုပီတာနဲ့ စကားလုံးချင်း သွားတူနေလို့ ငွေလွှဲလို့ မရဖြစ်သွားတယ် " လို့ မယ်လိုနီကပြောပါတယ်။
ဂျုပီတာဆိုတဲ့ စကားလုံးက Fed ဘဏ်ရဲ့ ကွန်ပျုတာစနစ်ကို သတိပေးလိုက်သလို ဖြစ်သွားပြီး ငွေတွေ ဆက်ထွက် မသွားနိုင်တော့ဘဲ ရပ်သွားပါတယ်။
ဒါပေမယ့် ငွေလွှဲ ၅ကြိမ်နဲ့ လွှဲလိုက်တဲ့ ဒေါ်လာ ၁၀၁ သန်းကတော့ အတားအဆီးတွေ ကိုကျော်ပြီး အပြင်ကိုရောက် သွားပါတယ်။
အဲ့ဒီထဲက ဒေါ်လာ သန်း၂၀က ဟက်ကာတွေရဲ့ ကြံရာပါတွေစီစဥ်ထားတဲ့ ရှာလီကာ ဖေါင်ဒေးရှင်း လို့ခေါ် တဲ့ သီရိလင်္ကာက ပရဟိတ အဖွဲ့ကို ပို့လိုက်တာပါ။
Shalika Foundationလို့ ရိုက်ရမှာကို Shalika Fundationလို့ ရိုက်လိုက်မိတဲ့ စာလုံးပေါင်းအမှား လေးက ဟက်ကာတွေရဲ့ အစီအစဥ်တွေကို ပျက်စီးသွားစေခဲ့ပါတယ်။
စူးစူးရှရှမြင်တတ်တဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်က စာလုံးပေါင်းအမှားကို သတိထားမိပြီး ငွေက အကောင့်ထဲကို ပြန်ရောက်လာခဲ့ပါတယ်။
ဒါပေမယ့် ဒေါ်လာ ၈၁သန်းကတော့ အပြင်ကို သေသေချာချာ ရောက်သွားပါတယ်။ ဒီငွေအရေအတွက်က ဟက်ကာတွေလိုချင်တဲ့ ငွေပမာဏမဟုတ်ပေမဲ့ လူ ၅ ယောက်မှာ တစ်ယောက် ဆင်းရဲမွဲတေနေမှုတွေ ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ကတော့ ကြီးမားတဲ့ ထိခိုက်မှုကြီးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ဘဏ်ကလည်း သူတို့ဆီကပါသွားတဲ့ ငွေတွေ ပြန်ရဖို့ စတင်ကြိုးစားအားထုတ်ခဲ့ပါတယ်။
အရင်နှစ်က ဂျုပီတာလမ်းက RCBC ဘဏ်ခွဲမှာ ဖွင့်ထားတဲ့ ဘဏ့်အကောင့် ၄ခုကလည်း ဖေဖော်ဝါရီ ၅ရက် သောကြာနေ့မှာ ရုတ်တရက် လှုပ်လှုပ်ရှားရှား စဖြစ်လာပါတယ်။
အဲ့ဒီဘဏ်တွေ အချင်းချင်းကြားထဲကို ငွေတွေလွှဲ ပြီးတော့ ငွေကြေးအရောင်းအဝယ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဆီကို ထပ်ပြီး ဒေသသုံးငွေကြေး အဖြစ် ပြောင်းလိုက်ပါတယ်။ ပြီးတော့ အဲ့ဒီဘဏ်မှာ ငွေအပ်တာတွေ ပြန်လုပ်ခဲ့ပါတယ်။ တစ်ချို့ငွေတွေကိုတော့ ဘဏ့်အကောင့်ထဲကနေ ငွေသားတွေ ထုတ်ကြပါတယ်။ဒီလို ငွေကြေးခဝါချ လုပ်ဆောင်ချက်ဟာ ပြည့်စုံတဲ့ လုပ်ဆောင်ချက်တစ်ခု လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
"ခင်ဗျားအနေနဲ့ ပြစ်မှုနဲ့ ညှိတဲ့ငွေတွေကို ဘာပြသာနာမှ မရှိတဲ့ ငွေပုံစံမျိုး ငွေဖြူဖြစ်အောင် လုပ်ဖို့လိုပါတယ်။ အဲ့ဒီလို ဘာပြဿနာမှမရှိတဲ့ ငွေပုံစံမျိုးဖြစ်နေမှ ခင်ဗျားလုပ်ချင်တာလည်း ဆက်လုပ်လို့ရမှာလို့ ကယ်လီဖိုးနီးယား မွန်တရီက မစ်ဒယ်ဘရီ အင်စတီကျု့က မိုယာရာ ရူဆန်က ပြောပါတယ်။"
ငွေတွေ ဘဏ်စနစ်ထဲက ဘဏ့်အကောင့်ထဲက ထွက်သွားပေမဲ့လည်း စုံစမ်းရေးသမားတွေက ရသလောက်နည်းလမ်းနဲ့ ငွေထွက်သွားတဲ့ လမ်းကြောင်းတွေကို နောက်ကို လိုက်ခဲ့ပါတယ်။
ဆိုလဲယား ကာစီနိုဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ရှိပြီး ဟိုတယ်၊ ကဇာတ်ရုံ၊ တန်ဖိုးကြီး ပစ္စည်းတွေရောင်းတဲ့ဆိုင်တွေနဲ့ နာမည်ကြီး လောင်းကစားပေါင်းစုံ လောင်းလို့ရတဲ့ နေရာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မနီလာဟာ အရင်တုန်းကတော့ တရားမဝင်လောင်းကစားရုံတွေရှိခဲ့ပြီး တရုတ်ပြည်မကြီးက လူတွေ ငွေတွေအများကြီး လာသုံးတတ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ပြီးတော့ ဆိုလဲယား ကာစီနိုဟာလည်း အာရှမှာလူကြိုက်များတဲ့ လောင်းကစားရုံတစ်ခုလည်း ဖြစ်ပါတယ်။
"တကယ့်ကို လှပတဲ့ ဒီဇိုင်းရှိတယ်။ အရှေ့တောင်အာရှထဲမှာတော့ အားလုံးနဲ့ ယှဥ်လို့ရတယ်။ လောင်းကစားခုံ ၄၀၀နီးပါးနဲ့ ငွေထည့်ပြီးကစားရတဲ့ စက်နှစ်ထောင်လောက်လည်းရှိတယ်" လို့ Inside Asian ဂိမ်း မဂ္ဂဇင်းရဲ့ အယ်ဒီတာ မိုဟာမက်ကိုဟမ်က ပြောပါတယ်။
ဒီ မနီလာက ကာစီနိုလောင်းကစားရုံက ဘင်္ဂလားဒေ့ရှ်ဘဏ်ကငွေတွေ ခိုးယူသွားတဲ့ သူခိုးတွေ ငွေကြေးခဝါချဖို့ ကြိုးစားတဲ့ နေရာဖြစ်ပါတယ်။
ဖိလစ်ပိုင်က RCBC ဘဏ်ကနေတစ်ဆင့် ဖြတ်ပြီးထွက်သွားတဲ့ ဒေါ်လာ ၈၁ သန်းထဲက ဒေါ်လာသန်း ၅၀ ကို ဆိုလဲယား ကာစီနိုနဲ့ မီဒက်စ် ကာစီနိုတို့က အကောင့်တွေထဲမှာ စပေါ်ငွေ အဖြစ်ထည့်ထားပါတယ်။
ဒါဆိုရင် ကျန်တဲ့ ဒေါ်လာ ၃၁သန်းကကော ဘယ်ကိုရောက်သွားတာလဲ။
Xu Weikang လို့ခေါ်တဲ့ တရုတ်အမျိုးသားတစ်ယောက်ကို ပေးလိုက်တာလို့ ဖိလစ်ပိုင် ဆီးနိတ်ကော်မတီ စုံစမ်းရေးအဖွဲ့ကပြောပါတယ်။ အဲ့ဒီလူဟာ နောက်ပိုင်းမှာ ကိုယ်ပိုင်ဂျက်လေယာဥ်နဲ့ အဲ့ဒီမြို့ကထွက်သွားပြီး နောက်ထပ် ထပ်မတွေ့ရတော့ ဘူးလို့ သိရပါတယ်။
ကာစီနိုထဲမှာ ငွေထည့်တဲ့ စိတ်ကူးက အဲ့ဒီငွေ နောက်ကြောင်းပြန်လိုက်လို့ မရအောင် ရည်ရွယ်တာပါ။
ခိုးလာတဲ့ ငွေတွေကို ကာစီနို တုံကင်ပြားတွေ အဖြစ်ပြောင်း၊လောင်းကစားဝိုင်းမှာ ထိုး၊ ပြီးရင် ငွေသားအဖြစ်ပြောင်းသွားအောင် လုပ်တာဖြစ်လို့ နောက်ကလိုက်တဲ့သူတွေ ဆက်လိုက် လို့မရတော့ဘဲ လုံးဝနီးပါး ခြေရာပျောက်သွားနိုင်ပါတယ်။
အဲ့ဒီလိုလုပ်ရင် သူခိုးတွေ သူတို့ခိုးလာတဲ့ ငွေတွေအားလုံး ကာစီနိုမှာ ရှုံးသွားတာမျိုးကော မဖြစ်နိုင်ဘူးလား။ အားလုံးတော့ မရှုံးသွားနိုင်ပါဘူး။
ပထမအနေနဲ့ လူတွေကြားထဲမှာ ကာစီနိုသွားကစားမယ့် အစား ငွေသူခိုးတွေက ကိုယ်ပိုင်အခန်းတွေကို ကြို ငှား ပြီး လောင်းကစားခုံမှာကစားတဲ့ သူတို့ကြံရာပါတွေနဲ့ အဖေါ်လုပ်၊ အဲ့ဒီလူတွေကို ဘယ်လောက် လောင်းရမယ်လို့ ပြော။
ဒုတိအနေနဲ့ သူတို့ ခိုးလာတဲ့ ငွေတွေကို အာရှဘက်မှာ နာမည်ကြီး ကစားလို့လွယ်တဲ့ ဘာကာရက် ကစားနည်းမှာ သွားလောင်းတာဖြစ်ပါတယ်။ အဲ့ဒီကစားနည်းက ရလဒ်နှစ်မျိုးပဲ အဖြေထွက်ပြီး အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက် အတွက် ၉၀% ပြန်ထေမိလို့ ငွေဖြူလုပ်ဖို့ ကြိုးစားတဲ့ သူတွေအတွက် တော်တော် အဆင်ပြေပါတယ်။
ခိုးလာတဲ့ ငွေတွေ ငွေဖြူဖြစ်ဖို့ ငွေကြေးခဝါချဖို့ ကြိုးစားတဲ့ သူတွေအနေနဲ့ သူတို့ကိုယ်စား ကစားခိုင်းတဲ့ သူတွေကို သေသေချာချာထိန်းချုပ်နိုင်ဖို့လိုသလို အချိန်လည်းယူရမှာ ဖြစ်ပါတယ်။
ဒါကြောင့် သူတို့ ခိုးလာတဲ့ ငွေတွေ ငွေဖြူဖြစ်ဖို့ လောင်းကစားသမားတွေအနေနဲ့ သီတင်း ပတ်ချီနဲ့ကြာ အချိန်ယူရပါတယ်။
အဲ့ဒီအချိန်မှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပျောက်သွားတဲ့ သူတို့ငွေတွေ နောက်ကို လိုက်နေပါပြီ။ ဘဏ်တာဝန်ရှိသူတွေ မနီလာကိုရောက်လာပြီး ပျောက်သွားတဲ့ ငွေနောက်ကို အသေးစိတ် လိုက်ကြပါတယ်။
ဒါပေမယ့် ကာစီနိုတွေကို သူတို့ ရောက်သွားတော့ အတားအဆီးတွေနဲ့ ကြုံရပါတယ်။ အဲ့ဒီအချိန်တုန်းက ဖိလစ်ပိုင်က လောင်းကစားရုံတွေမှာ ငွေကြေးခဝါချမှုစည်းမျဥ်း ဥပဒေတွေ တိတိကျကျမရှိသေးပါဘူး။
မီဒက်စ် ကာစီနိုမှာ ကင်ဝမ်လို့ခေါ်တဲ့ လောင်းကစားဝိုင်းတွေကို စီစဥ်တဲ့ လူတစ်ယောက်ဆီကနေ ခိုးသွားတဲ့ငွေ ဒေါ်လာ ၁၆သန်းကို ဘဏ်တာဝန်ရှိတဲ့သူတွေ ပြန်ရခဲ့ပါတယ်။
သူ့ကို တရားစွဲခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လွတ်သွားခဲ့ပါတယ်။ ဒေါ်လာ သန်း ၅၀ ထဲက ကျန်တဲ့ငွေ ဒေါ်လာ ၃၄ သန်း ကတော့ ပျောက်နေဆဲပါ။ နောက်ဆက်လိုက်ရမယ့် နေရာက မြောက်ကိုရီးယားနဲ့ နီးတဲ့နေရာကို ရောက်နေပြီလို့ စုံစမ်းရေးမှူးတွေက ပြောပါတယ်။
မကာအို က ဟောင်ကောင်လိုပဲ တရုတ်ပိုင်တဲ့ နယ်မြေတစ်ခုပါ။ ဖိလစ်ပိုင်နိုင်ငံလို ကမ္ဘာ့ထိပ်တန်း နာမည်ကြီး ကာစီနိုရုံကြီးတွေရှိတဲ့ နေရာလည်းဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ ဟိုအရင်ကတည်းက အဆက်အသွယ်တွေရှိတဲ့ နေရာဖြစ်ပါတယ်။ အဲ့ဒီမှာ နှစ်ထောင်ခုနှစ် အစောပိုင်းတုန်းက မြောက်ကိုရီးယားတာဝန်ရှိသူတွေကို အလွန်ရည်အသွေးမြင့်တဲ့ အမေရိကန် ဒေါ်လာ တစ်ရာတန်အတုတွေနဲ့ ဖမ်းမိခဲ့ဖူးပါတယ်။ အဲ့ဒီဒေါ်လာအတုတွေက မြောက်ကိုရီးယား မှာထုတ်တာလို့ အမေရိကန်ကလည်း စွပ်စွဲထားပါတယ်။ အဲ့ဒီ ဒေသခံ ဘဏ်တွေဟာ အမေရိကန်က စီးပွားရေးပိတ်ဆို့ထားတဲ့ မြောက်ကိုရီးယားအာဏာရှင် အစိုးရအတွက် ငွေဖြူလုပ်ပေးတဲ့နေရာလည်း ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Empics
လူ ၁၁၅ယောက် သေတဲ့ ကိုရီးယားလေကြောင်းလိုင်းကို ဗုံးခွဲတဲ့ မြောက်ကိုရီးယား သူလျှိုတစ်ယောက်ကို မကာအိုမှာ လေ့ကျင့် ပေးခဲ့တာရှိပါတယ်။
ပြီးတော့ မလေးရှားလေဆိပ်မှာ အဆိပ်နဲ့ လုပ်ကြံခံခဲ့ရတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အဖေတူအမေကွဲ အကို ကင်ဂျုံနန်ကလည်း မကာအိုမှာ နေသွားဖူးပါတယ်။ ကင်ဂျုံနန်ကို သူ့ညီမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က လုပ်ကြံခိုင်းတာလို့ အများစုက ယုံကြည်ထားပါတယ်။
အခု ဇာတ်လမ်းအရ ဘင်္ဂလားဒေ့ရှ်ဘဏ်ကနေ ခိုးသွားတဲ့ငွေတွေက ဖိလစ်ပိုင်ကနေတစ်ဆင့် မကာအိုကို ရောက်သွားတယ်ဆိုတာ ပေါ်လာပါပြီ။ ဆိုလဲယား ကာစီနိုမှာ လောင်းကစားခုံတွေ ကစားခဲ့တဲ့ လူတွေက တစ်ဆင့် မကာအို ဘက်ကို ဆက်လိုက်တော့ သူတို့ အဖွဲ့ထဲက နှစ်ယောက် မကာအိုက ကိုယ်ပိုင် သီးသန့် လောင်းကစားအခန်းတွေကို ကြို ငှားခဲ့တယ်ဆိုတာ တွေ့ရပါတယ်။
ဒါကြောင့် ဒီအခိုးခံရတဲ့ ငွေတွေအများစုဟာ မြောက်ကိုရီးယားကို မရောက်သွားခင် မကာအိုမှာ အဆုံးသတ်သွားတယ်လို့ စုံစမ်းရေးမှူးတွေက ယုံကြည်ထားကြပါတယ်။
ကောင်းကင်ကနေ နာဆာက ရိုက်ထားတဲ့ ပုံတွေအရ ညဘက်မှာ မြောက်ကိုးရီးယားဟာ အနက်ရောင်တွင်းကြီးတစ်ခုလိုပဲမြင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ကိုရီးယားက နေရာအများစုက လျှပ်စီးမရှိလို့ပါ။
သူနဲ့ကပ်လျက် တောင်ကိုရီးယားမှာတော့ နေ့ရော ညပါ မီးတွေ ထိန်ထိန်လင်းနေတာ တွေ့ရပါတယ်။
မြောက်ကိုရီးယား နိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ ၁၂နိုင်ငံထဲမှာပါဝင်ပြီး လူတစ်ဦးချင်းစီရဲ့ ဂျီဒီပီကလည်း ဒေါ်လာ၁၇၀၀ ပဲရှိလို့ ဆီရီယာလီယွန်နဲ့ အာဖဂန်နစ္စတန်တို့ ထက်တောင် နည်းတယ်လို့ CIA မှတ်တမ်းအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NASA
အခုတော့ မြောက်ကိုရီးယားဟာ ကမ္ဘာ့လက်သံအပြောင်ဆုံး အဆိုးရွားဆုံး ဟက်ကာတွေ မွေးထုတ်ပေးတဲ့ နိုင်ငံဆိုတာ ပေါ်လာပါပြီ။
ဒါဆိုရင် ၁၉၄၈ ခုနှစ်ကစပြီး ကင်မျိုးဆက်မျိုးဆက်ခေါင်းဆောင် အုပ်ချုပ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံ အထူး ဆိုက်ဘာ တိုက်ခိုက်ရေး သမားတွေကို ဘယ်လိုမွေး ထုတ်ခဲ့တာလဲ ဘာကြောင့်မွေးထုတ်ခဲ့လဲဆိုတာ ကြည့်ကြရအောင်ပါ။
ဆိုရှယ်လစ်စနစ်နဲ့ အုပ်ချုပ်တယ်ဆိုတဲ့ Democratic People's Republic of Korea မြောက်ကိုရီးယားနိုင်ငံကို ကင်အီဆွန်းက စတင်တည်ထောင်ပြီး တကယ်တမ်းမှာတော့ သက်ဦးဆံပိုင် ဘုရင်စနစ်မျိုးနဲ့ အုပ်ချုပ်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ့နေရာကို ဆက်ခံတဲ့ သူ့သား ကင်ဂျုံအီကလည်း သူ့အာဏာကို စစ်တပ်အပေါ်မှာ တည်ဆောက်ခဲ့ပြီး အမေရိကန်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေလုပ်ဖို့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ နျုကလီးယားလက်နက်တွေကို စုဆောင်းခဲ့ပါတယ်။ ဒါတွေလုပ်ဖို့ ငွေကြေးလိုအပ်ချက်တွေရှိနေတဲ့ ဒေါ်လာအတုတွေ ထုတ်တဲ့ ကိစ္စမျိုးအထိ လုပ်လာတာလို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။
ကင်ဂျုံအီ လက်ထက်ကတည်းက ဆိုက်ဘာ နဲ့ပတ်သက်တာကို နိုင်ငံရဲ့ မဟာဗျုဟာ စီမံကိန်းထဲ ထည့်သွင်းခဲ့ပြီး ၁၉၉၀ခုနှစ်မှာ ကိုရီးယား ကွန်ပျုတာ စင်တာကို ထူထောင်ခဲ့ပါတယ်။ အဲ့ဒီစင်တာက အခုအချိန်ထိ မြောက်ကိုရီးယားရဲ့ နည်းပညာစီမံကိန်းတွေမှာ အဓိက ကျနေဆဲဖြစ်ပါတယ်။
ကင်ဂျုံအီလက်ထဲကနေ သူ့ အာဏာကိုဆက်ခံမယ့်သူဟာ အသက်၂၀ကျော်သာရှိသေးတဲ့ သူ့သား ကင်ဂျုံအန်ဖြစ်မယ်လို့ ၂၀၁၀ ခုနှစ်မှာ ထုတ်ပြောခဲ့အပြီးမှာတော့ ကွန်ပျုတာကျွမ်းကျင်သူတွေက ကင်ဂျုံအန် ရဲ့ သစ္စာရှိ လူယုံတွေဖြစ်လာပြီး သူတို့ကိုလည်း သူ့ရဲ့ လက်နက်သစ်တွေ အဖြစ် အသုံးချလာခဲ့ပါတယ်။
သူ့ အဖေ သေတဲ့ ၂၀၁၁နှစ်ကုန်ပိုင်းမှာ ကင်ဂျုံအန်အာဏာရလာပြီး နျုကလီးယား လက်နက်တွေက သူတို့ အတွက် အဖိုးတန်လက်နက်လို့ ပြောခဲ့ပေမဲ့ အဲ့ဒါတွေဆက်လုပ်ဖို့ သူ့မှာ ရန်ပုံငွေတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ ၂၀၀၆မှာ ဘောလ်တစ် မစ်ဆိုင်း တာဝေးပစ် ပဲ့ထိန်းဒုံးကျည်နဲ့ နျုကလီးစမ်းသပ်မှုတွေလုပ်ခဲ့တဲ့အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကလည်း ပိုမိုပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်ထားခံရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပျုတာ ဟက်လုပ်ပြီး ငွေတွေခိုးတာ လုပ်ဖို့ လမ်းတစ်ခုပဲ သူ့မှာရှိတယ်လို့ အမေရိကန် အာဏာပိုင်တွေက ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆိုက်ဘာ စစ်သည်တွေ လေ့ကျင်ဖို့ မြောက်ကိုရီးယားအစိုးရက ကွန်ပျုတာပါရမီရှင် ပရိုဂမ်မာတွေ အများစုကို တရုတ်ကိုလွှတ်ပါတယ်။
အဲ့ဒီမှာ အခြားကမ္ဘာကလူတွေကို ကွန်ပျုတာတွေ ဘယ်လိုသုံးနေတယ် အင်တာနက်ကို ဘယ်လို အသုံးချနေတယ် သူတို့လေ့လာကြပါတယ်။ အဲ့ဒီထဲမှာ စျေးဝယ်တာ လောင်းကစားလုပ်တာ ကွန်ရက်ဖွဲ့တာနဲ့ ဖျော်ဖြေရေးတွေလည်း ပါပါတယ်။ အဲ့ဒီမှာ သူတို့ဟာ သင်္ချာပါရမီရှင်တွေ ဘဝကနေ ဟက်ကာတွေအဖြစ် ပြောင်းသွားတာလို့ ကျွမ်းကျင်သူတွေကပြောပါတယ်။
အဲ့ဒီလူငယ်အုပ်စုတွေဟာ တရုတ်ကို မြောက်ကိုရီးယားရဲ့ ရှေ့တန်းစခန်းလို့ သဘောထားပြီး နေထိုင် အလုပ်လုပ်နေကြတာလို့ ယူဆရပါတယ်၊

ဓာတ်ပုံ ရင်းမြစ်, Getty Images
"သူတို့ နောက်ကို မလိုက်နိုင်အောင် ကာကွယ်ထားတာမှာတော့ သူတို့ တကယ်တော်ပါတယ်။ ဒါပေမယ့် အခြားရာဇဝတ်သားတွေလိုပဲ သူတွေနောက်မှာ သဲလွန်စ အစအနတွေကျန်နေတတ်ပါတယ်။ သူတို့ IP addresses အင်တာနက်လိပ်စာကို လိုက်ကြည့်ရင် သူတို့နေရာကို ခြေရာခံလို့ရပါတယ်" လို့ FBI ကိုရီးယား အကြီးအကဲဟောင်း ကွန်ဂျင် ကင်ကပြောပါတယ်။ အခုတော့ သူက ဆိုးလ်မြို့ ပုဂ္ဂလိကပိုင် စုံစမ်းစစ်ဆေးရေးမှူးလုပ်နေပါတယ်။
သူတို့ အစနတွေနောက်ကနေ စုံစမ်းရေးသမားတွေက တရုတ်အရှေ့မြောက်ပိုင်း ရှန်ယန်းမြို့က ဟိုတယ်တစ်ခုကို ဆက်လိုက်ကြပါတယ်။ ဟော်တယ်နာမယ်ကို မြောက်ကိုရီး နာမည်ကြီး တောင်တန်းနာမည် ချီလ်ဘိုဆင်လို့ပေးထားပြီး မြောက်ကိုရီးယား အစားအစာတွေနဲ့ စားပွဲထိုးတွေကလည်း သီချင်းဆိုပြီး ဧည့်ခံကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲ့ဒီနေရာက ထောက်လှမ်းရေးတွေ သမိုင်းမှာတော့ လူသိများတယ်လို့ ကွန်ဂျင်ကင်က ပြောပါတယ်။ ချီလ်ဘိုဆင် ဟိုတယ်ဟာ ၂၀၁၄ ခုနှစ်ကစပြီး သံသယရှိတဲ့ မြောက်ကိုရီးဟက်ကာတွေ စအလုပ်လုပ်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။
အလားတူ ပက်ဂျင်ဟွတ်ခ် ၁၀နှစ်လောက်နေခဲ့တယ်လို့ ယုံကြည်ရတဲ့ တရုတ်နိုင်ငံထဲက ဒါလီယန်မြို့ ဟာလည်း မြောက်ကိုရီးယားအစိုးရ နောက်ကွယ်က ကြိုးကိုင်တဲ့ စီမံကိန်းတွေကို အကောင်အထည်ဖေါ်ပေးနေတဲ့ ကွန်ပျုတာပရိုဂမ်မှာတွေ နေထိုင်ခဲ့တယ်လို့ ပြည်ပြေး ဟွန်ဆန်လီက ပြောပါတယ်။
လီဟာ မြောက်ကိုရီးယားမွေး ပြီးကြီးလာတဲ့သူဖြစ်ပြီး သူ့အဖေက မြောက်ကိုရီးယား အလုပ်လုပ်ပေးနေတဲ့ စီးပွားရေးသမားတစ်ဦးဖြစ်ခဲ့ပြီး ဒါလီယန်မြို့ မှာနှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ပါတယ်။ စည်ကားတဲ့ အဲ့ဒီမြို့လေးမှာ မြောက်ကိုရီးယား ၅၀၀ လောက်နေနေတယ်လို့ လီကပြောပြီး အဲ့ဒီလူတွေထဲမှာ လူငယ် ကွန်ပျုတာ ပရိုဂရမ်မာ ၆၀ကျော်ရှိတယ်လို့ ဆိုပါတယ်။ ကင်အီဆွန်း၏မွေးနေ့လိုမျိုး မြောက်ကိုရီးယား အမျိုးသားအားလပ်ရက်တွေမှာ စုဝေးကြတဲ့အခါ သူတို့နဲ့သိ ကျွှမ်းလာခဲ့တယ်လို့သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်နေ့တော့ ကွန်ပျုတာပရိုဂမ်မာ တစ်ယောက်က သူတို့နေတဲ့ လိုင်းခန်းကို သူ့ကိုဖိတ်ပါတယ်။ "အဲ့ဒီတစ်နေရာထဲမှာ လူ၂၀လောက် တူတူနေကြတာ။ အခန်းတစ်ခန်းထဲမှာ ၄ယောက်ကနေ ၆ယောက်အထိရှိတယ်။ ဧည့်ခန်းကိုလည်း ရုံးခန်းကိုလုပ်ထားတာ။ အဲ့ဒီဧည့် ခန်းထဲမှာ တွေ့တာကတော့ ကွန်ပျုတာတွေချည်းပဲ" လို့သူကပြောပါတယ်။
သူတို့ တီထွင်ထုတ်လုပ်နေတဲ့ ပစ္စည်းတွေလည်း သူ့ကိုပြတယ်လို့ ပြောပါတယ်။ အဲ့ဒီမှာ တောင်ကိုရီးယားနဲ့ဂျပန်ကို ပွဲစားတွေက တစ်ဆင့် သူတို့ရောင်းနေတဲ့ မိုဘိုင်းဂိမ်းတွေတွေ့ရပြီး တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ တစ်သန်း လောက် ဝင်ငွေရနေတယ်လို့ သိရပါတယ်။
သူတို့ကို မြောက်ကိုရီးယား အာဏာပိုင်တွေက အနီးကပ်စောင့်ကြည့်နေတယ် ဆိုပေမဲ့ ဒီလူငယ်တွေရဲ့ ဘဝက လွတ်လပ်တဲ့ ပုံစံမျိုးတော့ ဖြစ်နေပါတယ်။
"ကန့်သတ်မှုတွေရှိနေသေးတယ်ဆိုပေမဲ့ မြောက်ကိုရီးယားက အခြေအနေနဲ့ယှဥ်ကြည့်လိုက်ရင် သူတို့ အင်တာနက်သုံးလို့ရတယ်။ ကြည့်ချင်တဲ့ ရုပ်ရှင်အချို့လည်း ကြည့်လို့ရတယ်" လို့ လီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါလီယန်မှာ ၈နှစ်နေပြီး ပက်ဂျင်ဟွတ်ခ် တစ်ယောက် မြောက်ကိုရီးယား ကိုပြန်ဖို့ဖြစ်လာပါတယ်။ FBIက ကြားဖြတ်ကြည့်ခဲ့တဲ့ ၂၀၁၁ ကအီးမေးထဲမှာ သူနဲ့ စေ့စပ်ထားတဲ့သူနဲ့ လပ်ထပ်ချင်တယ်လို့ ရေးထားတာတွေ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က လပ်ထပ်ဖို့ ခွင့်ပြုချက်ရဖို့ အချိန် မဟုတ်သေးပါဘူး။
သူ့ အထက်အရာရှိက သူ့ကို နောက်ထပ်အလုပ်တစ်ခု ခိုင်းဖို့ရှိနေပါတယ်။ အဲ့ဒါကတော့ ကမ္ဘာ့ အကြီးဆုံး ရုပ်ရှင်ကုမ္ပဏီကြီးတွေဖြစ်တဲ့ လော့စ်အိန်ဂျလိစ်က ဆိုနီနဲ့ ကယ်လီဖိုးနီးယား ဟောလိဝုဒ်တို့ ဆိုက်ဘာ တိုက်ခိုက်မှု လုပ်ဖို့ဖြစ်ပါတယ်။
၂၀၁၃မှာ ဆိုနီက ရိုဂန်နဲ့ ဂျိမ်းစ်ဖရန်ကို တို့ သရုပ်ဆောင်မယ့် မြောက်ကိုရီးယား အကြောင်းရုပ်ရှင် အသစ်ကို ရိုက်ဖို့ ရှိတယ်လို့ ကြေညာခဲ့ပါတယ်။
ရုပ်ရှင်က ဖရန်ကိုနဲ့ သူ့ပရိုဂျုဆာ ရိုဂန်တို့ မြောက်ကိုရီးယားကို သွားပြီး ကင်ဂျုံအန်ကို အင်တာဗျုးသွားပြီး လုပ်တာကို စီအိုင်အေက လုပ်ကြံဖို့ စည်းရုံးတဲ့ ဟာသ ရုပ်ရုင်ဇာတ်ကား အကြောင်းဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင် ထုတ်ပြရင် အမေရိကန်ကို တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ပြီး ဆိုနီကုမ္ပဏီလူကြီးတွေကိုလည်း သူတို့ကိုယ် သူတို့ ငြိမ်းချမ်းရေး အကြီးအကဲလို့ ခေါ်တဲ့ သူတွေက ၂၀၁၄ နိုဝင်ဘာလထဲမှာ အီးမေးတစ်စောင်ပို့ ပြီး အကြီးအကျယ် ဒုက္ခရောက်သွားမယ်လို့ ပြောခဲ့ပါတယ်။
အီးမေးပို့ပြီး ၃ရက်ကြာမှာ ရုပ်ရှင်ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ ကွန်ပျုတာဖန်သား မျက်နှာပြင်ပေါ်မှဦ သွေးသံရဲရဲနဲ့ အရိုးခေါင်းပုံတွေပေါ်လာပါတယ်။
သူတို့ ခြိမ်းခြောက်တဲ့ အတိုင်း ဟက်ကာတွေက ကောင်းကောင်းလုပ်ပြခဲ့တာပါ။ အမှုဆောင်လူကြီးတွေရဲ့ လစာတွေ၊ရုံးတွင်းလျှို့ဝှက် အီးမေးတွေနဲ့ မထုတ်ရသေးတဲ့ ရုပ်ရှင်တွေအကြောင်းအသေးစိတ်တွေ အွန်လိုင်းမှာ ပေါက်ထွက်လာပါတယ်။
ပြီးတော့ ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ကွန်ပျုတာတွေ ရပ်သွားအောင်လည်း ဗိုင်းရပ်စ်တွေနဲ့ ပျက်စီးအောင်လုပ်ခဲ့ပါတယ်။ ရုံးထဲကို စက်မှာ ကပ်ပြီး ဝင်ရတဲ့ ဝန်ထမ်းကဒ်တွေလည်း အလုပ်မလုပ်တော့သလို ပရင်တာတွေလည်း အလုပ်မလုပ်တော့ပါဘူး။ MGM ကုမ္ပဏီက ကော်ဖီဆိုင် နဲ့ ဆိုနီကုမ္ပဏီ ဌာနချုပ်မှာလည်း ခရက်ဒစ်ကဒ်တွေ အသုံးပြုလို့ မရတော့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆိုနီက အစပိုင်းမှာ အစီအစဥ်အတိုင်း အဲ့ဒီကင်ဂျုံအန်းရုပ်ရှင်ကို ပြမယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ဟက်ကာတွေက ခြိမ်းခြောက်မှုတွေလုပ်လာလို့ အစီအစဥ်ကို ပြောင်းလိုက်ရပါတယ်။ အဓိက ရုပ်ရှင်ရုံကြီးတွေက သူတို့ဆီမှာ မပြနိုင်ဘူးလို့ ငြင်းခဲ့တာကြောင့် နောက်ဆုံးမှာတော့ ဒီဂျစ်တယ် အွန်လိုင်းနဲ့ တချို့ ရုပ်ရှင်ရုံတွေမှာပဲ ပြခဲ့ရပါတယ်။
ဒါပေမယ့် ဆိုနီကို တိုက်ခိုက်မှုက ခြိမ်းခြောက်မှု ရန်လိုမှုတွေ အဖြစ်သာ တွေခဲ့ရပေမယ့် ၂၀၁၆ ဘင်္ဂလားဒေ့ရှ်ဘဏ်တိုက်ခိုက်ခံရမှုကတော့ လက်တွေ့ လုယက်တစ်ခုမှုဖြစ်လာခဲ့ပါတယ်။
အခုချိန်ထိ သူတို့ဆီကပါသွားတဲ့ငွေ ကျန်တဲ့ ဒေါ်လာ ၆၅ သန်း ပတ်ဝန်းကျင်ကို ပြန်ရဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က ကြိုးစားနေဆဲပါ။ ဒီအစိုးရဘဏ်က ဒါဇင်နဲ့ ချီတဲ့ လူပုဂ္ဂိုလ်တွေနဲ့ RCBC ဘဏ်တွေ အပါအဝင် အဖွဲ့အစည်းတွေကိုလည်း တရားစွဲထားပါတယ်။
အစပိုင်းမှာ ဒေါ်လာ ဘီလီယံနဲ့ချီရဖို့ ရည်ရွယ်ပြီး လုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဒေါ်လာ သန်းဆယ်ဂဏန်းနဲ့ပဲ အဆုံးသတ်သွားပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ မြောက်ကိုရီးယား ဒီလိုပုံစံမျိုးကိုရှောင်ပြီး အခြားနည်းကို သုံးလာဖို့ ရှိပါတယ်။
၂၀၁၇ခုစ် မေလ မှာ WannaCry ဆိုတဲ့ ပြန်ပေးဆွဲတဲ့ ransomware တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ကွန်ပျုတာထဲက သူတို့ အချက်အလက်တွေ ပါသွားတဲ့ သူတွေလည်း ဒေါ်လာရာနဲ့ချီ အွန်လိုင်းငွေကြေး Bitcoin ကိုသုံးပြီး ပြန်ရွေးခဲ့ရပါတယ်။
ယူကေမှာလည်း NHS လူထုကျန်းမာရေး စနစ်တိုက်ခိုက်ခံရပြီး လူနာတွေနဲ့ အရေးပေါ် ကုသရေးဌာနတွေ ထိခိုက်ခဲ့ပါတယ်။ ပြီးတော့ အရေးပေါ်ကုသဖို့လိုအပ်နေတဲ့ ကင်ဆာလူနာတွေကိုလည်း ရက်ချိန်းတွေ ပြန်ပေးခဲ့ ရပါတယ်။
အဲ့ဒီကိစ္စကို ယူကေက အမျိုးသား ရာဇဝတ်တိုက်ဖျက်ရေးအဖွဲ့က FBI အဖွဲ့နဲ့ ပူးပေါင်း စုံစမ်းခဲ့တော့ ဘင်္ဂလားဒေ့ရှ်ဘဏ်နဲ့ ဆိုနီ ကုမ္ပဏီတို့ တိုက်ခိုက်ခံခဲ့ရတုန်းက အသုံးပြုခဲ့တဲ့ ကွန်ပျုတာဗိုင်းရပ်စ်နဲ့ ပုံစံဆင်တူနေတာတွေ့ရပါတယ်။ ဒါကြောင့် ဒီတိုက်ခိုက်ခံရမှုကို FBIက ပက်ဂျင်ဟွတ်ခ်ကို ဆွဲထားတဲ့ အမှုထဲမှာ ထပ်ဖြည့်တရားစွဲခဲ့ပါတယ်။
အက်ဖ်ဘီအိုင်စွပ်စွဲတဲ့ အတိုင်းသာမှန်နေမယ်ဆို ရင် မြောက်ကိုရီးယား ဆိုက်ဘာ တိုက်ခိုက်ရေးအဖွဲ့ဟာ cryptocurrency လို့ခေါ်တဲ့ ဒီဂျစ်တယ်ငွေကြေး လောကထဲကို ထိုးဖောက်နေပြီလို့ ပြောရမှာပါ။
ဒါကြောင့် မြောက်ကိုရီးယား ဟက်ကာတွေအနေနဲ့ သမားရိုးကျ ဘဏ်စနစ်ကိုရှောင်ကွင်းနိုင်ဖို့ ဒီငွေကြေးနည်းပညာကိုသုံ့းပြီး အရင်ထက် အကျိုးရှိလာမှာဖြစ်သလို ကြားကလူတွေကိုလည်း သုံးစရာ ပေးစရာ လိုတော့မှာ မဟုတ်ပါဘူး။
WannaCry တိုက်ခိုက်မှုက အစပဲရှိသေးတယ်လို့ ပြောရမှာပါ။ လာမယ့်နှစ်တွေမှာလည်း မြောက်ကိုရီးယားဘက်က ဒီဂျစ်တယ်ငွေကြေးလောက ကိုတိုက်ခိုက်လာဖို့ရှိတယ်လို့ နည်းပညာကုမ္ပဏီက ခန့်မှန်းထားကြပါတယ်။ မြောက်ကိုရီးယား ဟက်ကာတွေက ဘစ်ကွိုင်လို သမားရိုးကျငွေကြေးနဲ့ လဲလှယ်မှုတွေလုပ်နေတဲ့ ဒစ်ဂျစ်တယ်ငွေကြေးလောကလို ပစ်မှတ်ထားနေတယ်လို့ သူတို့က စွပ်စွဲထားပါတယ်။
မြောက်ကိုရီးယားကို စွပ်စွဲမှုတွေကလည်း ထပ်လာနေပါပြီ။ ဖေဖော်ဝါရိလထဲမှာ အမေရိကန် တရားရေးဌာနက လာဇရုစ်အဖွဲ့ဝင် ၂ယောက်ဖြစ်တဲ့ အခြားမြောက်ကိုရီးယား ၂ယောက်ကို လည်း ကနေဒါနဲ့ နိုက်ဂျီးရီးယားကြားက ငွေကြေးခဝါချမှုမှာ ပါဝင်ပတ်သက်မှုနဲ့ တရားစွဲလိုက်ပါတယ်။








