စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲနဲ့ တရုတ်ခရီးဘယ်လိုဆက်နွှယ်သလဲ

မြန်မာစစ်ခေါင်းဆောင်၊ တရုတ်သမ္မတနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ သရုပ်ဖော်ပုံ
ဓာတ်ပုံ ပုံစာ, မြန်မာစစ်ခေါင်းဆောင်၊ တရုတ်သမ္မတနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ သရုပ်ဖော်ပုံ

မြန်မာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံခရီးစဥ်ရှိနေပါတယ်။

ဒီခရီးစဥ်မတိုင်ခင်မှာ စစ်ခေါင်းဆောင်ဟာ သြဂုတ် တတိယပတ်က သူ့ရဲ့ နိုင်ငံအလယ်ပိုင်း မကွေး ခရီးစဥ်အတွင်းမှာ ရွေးကောက်ပွဲ အပိုင်း ၁ စတင်ကျင်းပမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ ကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ဒါတင်မက ရွေးကောက်ပွဲကျင်းပမယ့် ဒေသတွေနဲ့ ရွေးကောက်ပွဲပြီးရင် စစ်တပ်က နိုင်ငံရေးကနေ ထွက်ခွာမယ်ဆိုတာမျိုးကို သူ့ ခရီးစဥ်အတွင်းမှာ ပြောပါတယ်။

ဒီလို အချိန်ကိုက်ဖြစ်ပေါ်ပြောဆိုမှုတွေကြောင့် တရုတ်သွားမယ့် စစ်ခေါင်းဆောင်က တရုတ်ဆန္ဒရှိတဲ့ရွေးကောက်ပွဲကို ကျင်းပဖို့ အတိအကျပြင်ဆင်ထားတဲ့အကြောင်း သတင်းစကားပါးတာလို့ တရုတ် - မြန်မာဆက်ဆံရေး အကဲခတ်တချို့က ကောက်ချက်ချပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီး၊ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရုတ်ဘက်က ပြောဆိုချက် ဒါတွေဘယ်လိုဆက်စပ်နေလဲဆိုတာကို ဆန်းစစ်ကြည့်ထားပါတယ်။

ရွေးကောက်ပွဲရက်နဲ့ တရုတ်ခရီး

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သီးခြားတွေ့ဆုံခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ

ဓာတ်ပုံ ရင်းမြစ်, China MFA

ဓာတ်ပုံ ပုံစာ, မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သီးခြားတွေ့ဆုံခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ

နေပြည်တော်သတင်းရင်းမြစ်ဆီက ရရှိတဲ့ အချက်အလက်အရ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်ဟာ ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

''ရွေးကောက်ပွဲဖြစ်အောင်လုပ်မယ်လို့ ကတိပေးနိုင်ရင် တရုတ်က ဖိတ်မယ်ဆိုတဲ့ ညှိနှိုင်းချက်နဲ့ သွားရတာမျိုး'' လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

ဒါပေမဲ့ တရုတ်ဘက်ကတော့ မြန်မာမှာ စစ်ကော်မရှင်က ကျင်းပဖို့ ပြင်ထားတဲ့ ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ တိတိကျကျ ထုတ်ပြောတာမရှိသေးပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သြဂုတ် ဒုတိယပတ်အတွင်း တရုတ်နိုင်ငံ၊ အန်းနင်မြို့မှာ လုပ်တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရက်အတွင်း စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ သီးခြားတွေ့ဆုံခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ စစ်ကော်မရှင်နဲ့ အဲဒီရွေးကောက်ပွဲကို ရွေးကောက်ပွဲဖြစ်အောင် တွန်းအားပေးနေတယ်လို့ ယူဆခံထားရတဲ့တရုတ်တို့ရဲ့ သီးခြားစီထုတ်ပြန်ချက်မှာ ကွဲလွဲမှုတချို့ကို တွေ့ရပါတယ်။

စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲကို တရုတ်က ထောက်ခံအားပေးကြောင်း ပြောတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မစ္စတာဝမ်ယိရဲ့ ပြောဆိုချက်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီလို ထည့်သွင်းပြောဆိုထားတာ မတွေ့ရပါဘူး။

ဝမ်ယိက ရွေးကောက်ပွဲ တလျှောက် အချက်သုံးချက်ကို ပြည့်မီအောင်ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

  • အဖွဲ့အစည်းတွေကြား တိုက်ခိုက်မှုတွေရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့နဲ့ ပြည်သူ့ဆန္ဒကို အခြေခံတဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့၊
  • အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ကျယ်ပြန့်တဲ့ ညီညွတ်မှုရှိလာဖို့၊
  • လူမှုဘဝသဟဇာတရှိပြီး ငလျင်အလွန်ပြန်လည်ထူထောင်ရေးမှာ စီးပွားရေးတိုးတက်မှုတွေရှိဖို့

မြန်မာက တရုတ်သံရုံးအပါအဝင် တရုတ်အစိုးရပိုင်းက အဆင့်မြင့်အရာရှိတချို့နဲ့ အဆက်အသွယ်ရှိတဲ့သံတမန်ရင်းမြစ်တစ်ဦးနဲ့ ဘီဘီစီက အဆက်အသွယ်ရခဲ့ပါတယ်။

တရုတ်က မြန်မာစစ်ကော်မရှင် (အရင်စစ်ကောင်စီ) ကို တောက်လျှောက်ပြောခဲ့တဲ့ အဓိက အချက် ၂ ချက်ရှိတယ်လို့ သူသိထားတာကို ပြောပြပါတယ်။

''တရုတ်မူ လို့ပြောရင် ရွေးကောက်ပွဲကို ထောက်ခံတယ်လည်း မရှိဘူး။ ကန့်ကွက်တယ်လည်း မရှိဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲက မဖြစ်မနေလုပ်ရမယ်လို့ သူတို့ လက်ခံထားတယ်။ အရပ်သားအစိုးရကို အာဏာပေးဖို့၊ ပြီးရင် ဒုတိယအဆင့်မှာ ငြိမ်းချမ်းရေးစကားပြောဆိုတာ တကယ့်တရုတ်အစိုးရ လိုလားတဲ့မူပဲ။ တည့်တည့်ပြောရင် ဝမ်ယိ လိုလားတဲ့ မူက ဒါပဲ'' လို့ အဲဒီသံတမန်ရင်းမြစ်က ပြောပါတယ်။

သြဂုတ် ၁၉ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မြန်မာက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မှတ်ချက်ကိုမေးခဲ့ပါတယ်။

တရုတ်အစိုးရပြောခွင့်ရ မော်နင်းကတော့ မြန်မာက အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စလို့ တုံ့ပြန်ပြီး တရုတ်အစိုးရရဲ့ သဘောထားကို မှတ်ချက်မပေးပါဘူး။

မော်နင်းက မြန်မာက အစုအဖွဲ့အားလုံးက နိုင်ငံနဲ့ လူမျိုးရဲ့ ရေရှည်အကျိုးစီးပွားကို အလေးထားပြီး တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းဖို့ တိုက်တွန်းကြောင်းထည့်ပြောပါတယ်။

စစ်တပ်က ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောခဲ့ပြီးနောက် တလျှောက်လုံးမှာ တရုတ်ဘက်က ပြောဆိုချက်တွေကို ကြည့်ရင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို တရားဝင်ထောက်ခံကြောင်း အတည်ပြု ပြောဆိုတာမျိုးကို ရှောင်လွှဲပြီး သုံးခဲ့တာကို တွေ့ရပါတယ်။

''ရွေးကောက်ပွဲက နောင်လာမယ့် နိုင်ငံရေးဆွေးနွေးမှုတွေအတွက် လိုအပ်တဲ့ အဆင့်တစ်ဆင့် လို့ တရုတ်က လက်ခံထားတယ်။ တရုတ်စီစဥ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တပ်ဘက်က အမြဲပြောတတ်တဲ့ သူတို့က ရွေးကောက်ခံအစိုးရမဟုတ်တဲ့အတွက် ဘယ်လိုသဘောတူညီချက်မှ မလုပ်ပေးနိုင်ဘူးဆိုတာတွေကြောင့် တရုတ်က ရွေးကောက်ပွဲကို တွန်းနေတာ'' လို့ တရုတ်သံရုံးနဲ့ အဆက်အသွယ်ရှိတဲ့ ဘီဘီစီရဲ့ သံတမန်ရင်းမြစ်က ပြောပါတယ်။

ဒါက မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ တရုတ်ရေးရာ သုတေသနဌာနရဲ့ ဆန်းစစ်ချက်နဲ့ ဆင်တူပါတယ်။

''ရွေးကောက်ပွဲအလွန် ပဋိပက္ခဖျန်ဖြေရေးလုပ်ငန်းစဥ်ကို သွားနိုင်မယ့် နိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်လို့ ယူဆတဲ့ ရွေးကောက်ပွဲကို စစ်ကောင်မရှင်က လုပ်ဆောင်မယ့် ခြေလှမ်းတွေကို စလှမ်းလာတဲ့အတွက် သူ့ရဲ့ ထောက်ခံမှုကိုပြသတဲ့သဘော'' လို့ ISP က မှတ်ချက်ပြုပါတယ်။

ဒုတိယမြောက် တရုတ်ခရီး

၂၀၂၄ နိုဝင်ဘာ ၆ ရက်က ကူမင်းမြို့မှာ တွေ့ဆုံခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ တရုတ်ဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, China MFA

ဓာတ်ပုံ ပုံစာ, ၂၀၂၄ နိုဝင်ဘာ ၆ ရက်က ကူမင်းမြို့မှာ တွေ့ဆုံခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ တရုတ်ဝန်ကြီးချုပ်

စစ်ကော်မရှင်ဘက်က သတင်းတွေအရ သြဂုတ် ၃၁ ရက်နဲ့ စက်တင်ဘာလ ပထမပတ်အတွင်းမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

မကြာမီရက်ပိုင်းအတွင်း စတင်မယ့် မြန်မာစစ်ခေါင်းဆောင် ရဲ့ တရုတ်ခရီးစဉ်မှာ တရုတ်သမ္မတရှီကျင့်ဖျင် နဲ့ တွေ့ဆုံ သွားမယ်လို့ စစ်ကော်မရှင်က သြဂုတ် ၂၈ ရက်က ထုတ်ပြန်ပါတယ်။

ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ လည်း သီးသန့်တွေ့ဆုံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation - SCO) ထိပ်သီး အစည်းအဝေးနဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲတွေကို တက်ရောက်မယ်လို့ ဆိုပါတယ်။

သြဂုတ် ၃၁ ရက်နဲ့ စက်တင်ဘာ ၁ ရက်မှာ ကျင်းပမယ့် တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ ကျင်းပမယ့် SCO ထိပ်သီး အစည်းအဝေးဟာ တရုတ်နဲ့ ရုရှားနိုင်ငံအပါအဝင် အာရှအလယ်ပိုင်းနိုင်ငံတွေနဲ့ ဦးဆောင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ လုံခြုံရေးနဲ့ ကာကွယ်ရေး အဖွဲ့အစည်းဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်က "မကောင်းမှုသုံးမျိုး" လို့ခေါ်တဲ့ အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနဲ့ အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့လို့ ဆိုပါတယ်။

မြန်မာဟာ စစ်အာဏာသိမ်းပြီးနောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ ဆွေးနွေးဖက်နိုင်ငံဖြစ်လာပါတယ်။ SCO မှာ ဆွေးနွေးဖက်နိုင်ငံအဖြစ်ပါဝင်ဖို့ ၂၀၂၂ ခုနှစ်မှာ အတည်ပြုခံခဲ့ရပြီး ခွင့်ပြုကြောင်း စာချွန်လွှာကိုတော့ ၂၀၂၃ ခုနှစ်၊ မေလမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အင်အားကြီးအနောက်နိုင်ငံတွေက သူတို့ရဲ့ ပြိုင်ဘက်နိုင်ငံတွေအများကြီးနဲ့ ဖွဲ့စည်း ထားတဲ့ ဒီအဖွဲ့အစည်းအပေါ် သတိကြီးကြီးထားစောင့်ကြည့်နေချိန်မှာ တရုတ်နဲ့ ရုရှားက ဒီအဖွဲ့ကို အင်အားကြီးသထက်ကြီးဖို့ ကြိုးစားနေတာပါ။

ဒါတင်မက စက်တင်ဘာ ၃ ရက်မှာ ပြုလုပ်မယ့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲကိုလည်း မြန်မာစစ်ခေါင်းဆောင် တက်ရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

''ရွေးကောက်ပွဲသေချာရင် အခမ်းအနားတွေကို တက်ဖို့ ဖိတ်မယ့်သဘောဆိုတော့ သူ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ကလည်း ရွေးကောက်ပွဲ အစီအစဥ်တွေ ထုတ်ပြောတာဖြစ်နိုင်တယ်'' လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မယ့် ဒီစစ်ရေးပြပွဲကို အာဆီယံခေါင်းဆောင်တွေအပြင် အမေရိကန်သမ္မတ၊ ရုရှားသမ္မတတို့အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေကို ဖိတ်ထားပါတယ်။

''အာဆီယံခေါင်းဆောင်တွေကို တရုတ် ဖိတ်တာက ဒေသတွင်း သံခင်းတမန်ခင်းမှာ တရုတ်ရဲ့ သြဇာနဲ့ဦးဆောင်မှုကို ပိုမိုခိုင်မာအောင်လုပ်ဖို့ ပြသချင်တဲ့ဗျူဟာထဲက တစ်ခုလို့ ပြောနိုင်ပါတယ်။ တရုတ်က လုံခြုံရေးနဲ့ စီးပွားရေးမှာ အဓိကမိတ်ဖက်ဖြစ်တယ်ဆိုတာကို ပြသတာပါပဲ'' လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ တရုတ်ရေးရာ သုတေသနဌာနက တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပါတယ်။

အဲဒီစစ်ရေးပြပွဲမှာ မြေပြင်တိုက်ပွဲ၊ ရေကြောင်းတိုက်ခိုက်ရေး၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ ဒုံးကျည် တိုက်ဖျက်မှု စစ်ဆင်ရေး၊ မောင်းသူမဲ့ယာဥ်နဲ့ တိုက်ခိုက်မှု၊ ထောက်ပံ့ပို့ဆောင်ရေး၊ စက်ပစ္စည်း ထောက်ပံ့ရေးနဲ့ ဗျူဟာမြောက် တိုက်ခိုက်ရေးအဖွဲ့တွေပါတဲ့ ပူးပေါင်း တိုက်ခိုက်ရေးလို စစ်ဆင်ရေးပြကွက်တွေ ပါဝင်မယ်လို့ တရုတ်သတင်းတွေက ဖော်ပြပါတယ်။

ဒါအပြင် ခေတ်သစ်စစ်ပွဲတွေအတွက် အားကောင်းတဲ့ စစ်သုံးလက်နက်၊ စစ်နည်းဗျူဟာတွေကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ထုတ်ပြမယ်လို့ ဆိုပါတယ်။

''ဒီပွဲက သမိုင်းကို ဂုဏ်ယူတဲ့စိတ်နဲ့ အခုခေတ် မိတ်ဖက်ဆက်ဆံရေးကို ချိတ်ဆက်ပြတဲ့ Soft power လူပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်'' လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ တရုတ်ရေးရာ သုတေသနဌာန က တာဝန်ရှိသူက သုံးသပ်ပါတယ်။

ISP Myanmar ရဲ့ ဆန်းစစ်ချက်အရ စစ်ခေါင်းဆောင်ကို တရုတ်ကို ဖိတ်တာက နိုင်ငံမတည်ငြိမ်မှုတွေကြားမှာ တရုတ်ရဲ့ ဩဇာကို ဆက်ထိန်းထားဖို့လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ဒုတိယမြောက် ခရီးစဥ်ဟာ သူ့အတွက် စစ်ကော်မရှင်အတွက် အမြတ်ထွက်နိုင်ပါတယ်။ ဒေသတွင်းနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံနိုင်တဲ့ အခွင့်အရေးလည်းရနိုင်ပါတယ်။

'' တရုတ်ဟာ မြန်မာ့ကို သူ့ရဲ့ သြဇာစက်ကွင်းထဲမှာရှိနေကြောင်းပြသတာလို့ ယူဆနိုင်ပါတယ်။တရုတ်ရဲ့ ဒေသတွင်းစီမံကိန်းတွေကို လုံခြုံအောင်လုပ်ဖို့နဲ့ အရှေ့တောင်အာရှမှာ အဓိကဩဇာထိန်းသူအဖြစ် သူ့ရဲ့ အခန်းကဏ္ဍကို ခိုင်မာအောင်လုပ်ဖို့ ဗျူဟာတစ်ခုလို့လည်း ပြောနိုင်ပါတယ်'' လို့ ISP Myanmar ရဲ့ တရုတ်ရေးရာ သုတေသနဌာန က တာဝန်ရှိသူက မှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ မေလက ကျင်းပတဲ့ ရုရှားနိုင်ငံရဲ့ ရင်ပြင်နီချီတက်ပွဲအခမ်းအနားကို တက်ရောက်ချိန်မှာလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံမှုဟာ မြန်မာမှာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တရုတ်သမ္မတနဲ့ စစ်ခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်မှု၊ နယ်မြေပိုင်နက်ပြည့်စုံမှု၊ နိုင်ငံတော်တည်ငြိမ်မှု၊ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ် တည်ငြိမ်သင့်လျော်စွာ ဖော်ဆောင်မှုတွေကို တရုတ်နိုင်ငံက ထောက်ခံအားပေးတယ်လို့ ရှီကျင့်ဖျင်က ပြောပါတယ်။

အဲဒီအချိန်က မြန်မာဘက်ကထုတ်ပြန်ချက်မှာတော့ သမ္မတရှီကျင့်ဖျင်က စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံအားပေးတယ်လို့ ပြောတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ တရုတ်ဘက်က ထုတ်ပြန်ချက်မှာတော့ အဲဒီလိုအချက် မပါဝင်ခဲ့ပါဘူး။

သမ္မတရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၅ အတွင်း ၅ ကြိမ် တွေ့ဆုံထားပါတယ်။

မေလက သမ္မတရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံခဲ့မှုကြောင့်ပဲ ဘေဂျင်းက နေပြည်တော်ကို ပုံအောလိုက်တဲ့ သဘောလို့ အကဲခတ်တွေက သုံးသပ်ခဲ့ကြပါတယ်။

ဒီနောက်မှာပဲ တရုတ်ကြားဝင်တဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်တပ်ရဲ့ ဆွေးနွေးပွဲတွေအပါအဝင် တရုတ်နဲ့ ဆက်စပ်တဲ့ နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ မြောက်ပိုင်းလက်နက်ကိုင်တပ်တွေအပေါ် တရုတ်ဖိအားတွေရှိနေတယ်လို့ ထုတ်ပြောလာကြပါတယ်။

''တရုတ်က စစ်တပ်က တပ်လုံးပြုတ်သွားမှာကို အလွန်စိုးရိမ်ပါတယ်။ စစ်တပ်ပြုတ်သွားရင် အနာဂတ်မှာ တက်လာမဲ့ ဗဟိုအစိုးရဟာ အနောက်ယိမ်းတဲ့ အစိုးရဖြစ်လာနိုင်ခြေများတယ်။ သူ့ အကျိုးစီးပွားအတွက် အာမခံချက် မရှိနိုင်တော့လို့ ဒီလိုပုံအောလိုက်တာ'' လို့ မြောက်ပိုင်းအရေးနဲ့ တရုတ်အရေး လေ့လာတဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

တရုတ်ရဲ့ မြန်မာစစ်တပ်အပေါ် သိသိသာသာ ယိမ်းသွားတဲ့ ဖြစ်စဥ်ကို ပြန်ကြည့်ရင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ၂၀၂၄ ခုနှစ် သြဂုတ်လလယ်ပိုင်းက နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက်အစပြုလာတာလို့ မြင်ရပါတယ်။

ဒီအချိန်ဟာ မြန်မာမှာ စစ်တပ်က တကျော့ပြန် အာဏာသိမ်းမှုနောက်ပိုင်း တရုတ်ရဲ့ ကျောထောက် နောက်ခံပြုမှုကို အခိုင်အမာဆုံး ရရှိလာချိန်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ မြန်မာစစ်အာဏာပိုင်တွေကို အစဥ်တစိုက် တောင်းဆိုမှုကတော့ မြန်မာက တရုတ်ဝန်ထမ်းတွေ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံဖို့နဲ့ အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။