စစ်ခေါင်းဆောင်ရဲ့ တရုတ်ပြည်သွားတောလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခု နိုဝင်ဘာလဆန်း ပထမပတ်ထဲမှာပဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ခွန်းမင်မှာ ကျင်းပမယ့် မဟာ မဲခေါင်ဒေသခွဲ နိုင်ငံတွေရဲ့ အစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားတက်မယ်လို့ စစ်ကောင်စီဘက်က အတည်ပြု ထုတ်ပြန်လာပြီ ဖြစ်ပါတယ်။
ဒါဟာ မြန်မာစစ်တပ် တကျော့ပြန် အာဏာသိမ်းပြီး နောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ ပထမဆုံး တရုတ်ပြည် ခရီးစဥ် အထမြောက်လာတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက် နေ့တွေမှာပြုလုပ်မယ့် မဟာမဲခေါင် ဒေသခွဲထိပ်သီးအစည်းအဝေး၊ ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာအစည်းအဝေး နဲ့ ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု အစည်းအဝေးတွေကို စစ်ခေါင်းဆောင် တက်ရောက်မယ်လို့ဆိုပါတယ်။
အစည်းအဝေးကာလအတွင်းမှာ တရုတ်ဝန်ကြီးချုပ်လီချန်းနဲ့ စစ်ခေါင်းဆောင် တွေ့ဖို့ ရှိတယ်လို့ လည်း ဘီဘီစီရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးတွေ အပါအဝင် လက်ရှိ စစ်ရေး အခြေအနေမှာ အာဏာသိမ်းစစ်တပ် မရှုမလှ ဖြစ်နေရတဲ့ အတွက် စစ်ခေါင်းဆောင်အပေါ် တပ်တွင်းနဲ့ တပ်ထောက်ခံသူတွေ ကြားထဲ ဝေဖန်မှုတွေ ရှိလာနေချိန်၊ တရုတ်နိုင်ငံဟာ မြန်မာစစ်တပ် အပေါ် ပိုပြီး တိမ်းညွတ်တဲ့ ရပ်တည်ချက်တွေ သိသိသာသာ ပြလာပါတယ်။ ဒါ့ကြောင့် စစ်ခေါင်းဆောင် အနေနဲ့ အတော်လေး အသက်ရှု ချောင်သွားပြီး၊ အခုဆိုရင် တရုတ်နိုင်ငံ ခရီးစဥ် သွားဖို့အထိ ဖြစ်လာခဲ့ပါတယ်။
ဘာ့ကြောင့် တရုတ်ရဲ့ မြန်မာ့အရေး ချည်းကပ်မှုမှာ အပြောင်းအလဲ ကြီးကြီးမားမား ရှိလာရတာလဲ ... သူတို့ ဘာကို ရည်မှန်း လုပ်ဆောင်နေတာလဲ ... စစ်ခေါင်းဆောင်ရဲ့ ခွန်းမင် ခရီးစဥ် ဘယ်လောက် ထူးခြားနိုင်လဲ ... စတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး အကြံပြုချက်တွေ ပေးနေတဲ့ ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် International Crisis Group ရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အရေး ဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ်ကီးန်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, fmprc
ဘီဘီစီ။ ။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ နေပြည်တော်ကို ရုတ်တရက်ဆိုသလို ရောက်လာပြီးတဲ့နောက်မှာ၊ တရုတ် အစိုးရနဲ့ နေပြည်တော် စစ်ကောင်စီတို့ကြား ဆက်ဆံရေး၊ မြန်မာ့အရေး ဆိုင်ရာ တရုတ်ရဲ့ မူဝါဒနဲ့ ခြေလှမ်းတွေ အပြောင်းအလဲ ကြီးကြီးမား ရှိလာခဲ့တယ်လို့ အတော်လေးပဲ သုံးသပ်နေကြပါတယ်။ တွမ့် အနေနဲ့ရော၊ တရုတ် အနေနဲ့ အခုဆိုရင် စစ်ကောင်စီ ဘက် ပြတ်ပြတ်သားသား ရပ်တည်နေပြီ၊ ကျောထောက် နောက်ခံပြုမူ အပြည့်အဝ ပေးနေပြီလို့ ယူဆပါသလား။
သောမတ်စ်ကီးန်။ ။ ကျွန်တော်တို့ တွေ့မြင်နေခဲ့ရတာတွေကို အပိုင်းလိုက် ခွဲခြား ဆန်းစစ်ကြည့်နိုင်မယ် ထင်ပါတယ်။ မြန်မာစစ်တပ် အာဏာသိမ်း ပြီးကတည်းက စလို့ တရုတ်ဟာ သူတို့ရဲ့ ဆက်ဆံရေးကို ပုံစံအမျိုးမျိုး၊ အမျိုးမျိုးနဲ့ ပြုမူနေခဲ့ ပါတယ်။ ပထမပိုင်း ၂ နှစ်ကျော် ၃ နှစ်ထိ အခြေအနေကို အသာကြည့်ပြီး ချိန်ဆ နေခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ထူထောင်တဲ့ အစိုးရကို တရားဝင် အသိအမှတ်ပြုမှု မပေးပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုလည်း နိုင်ငံတော် အဆင့် တရားဝင် ခရီးစဥ် ဖိတ်ကြားတာမျိုး မလုပ်ပါဘူး။ ခပ်ခွာခွာနေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သိတဲ့ အတိုင်းပဲ ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာပါတယ်။ တရုတ်ရဲ့ ကျောထောက် နောက်ခံ ပြုမှု ရရှိတာ သိသာ ထင်ရှားပါတယ်။ အွန်လိုင်း အလိမ်အညာ ဂိုဏ်းတွေကို ဖြိုခွင်းရေးမှာ အားတက်သရော မရှိတဲ့ မြန်မာစစ်တပ် အပေါ် တရုတ် အစိုးရက အတော်လေး စိတ်ပျက် ခဲ့နေချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ညီနောင် ၃ ဖွဲ့က ဒုစရိုက် ဂိုဏ်း တွေကို ဖြိုခွဲနိုင်ရေး ဆိုတာကိုလည်း အကြောင်းပြချက် တစ်ခု အနေနဲ့ စစ်ဆင်ရေး စတင်လာတာ ဖြစ်ပါတယ်။ ဒီ အချိန်မှာ တရုတ်ရဲ့ မျက်နှာသာပေးမှုဟာ အဲဒီ မြောက်ပိုင်း အဖွဲ့တွေဆီ အတော်လေး တိမ်းညွတ်သွားတယ်လို့ ပြောနိုင်ပါတယ်။
၁၀၂၇ ရဲ့ အောင်မြင်မှုဟာ တရုတ် မျှော်လင့်ထားတဲ့ အတိုင်းအတာ ပမာဏထက် အများကြီး ကျော်လွန်လာတဲ့ အခါမှာတော့ အပစ်ရပ်ရေး တရုတ်က ကြားဝင်ပါတယ်။ ဟိုင်ဂင် သဘောတူချက် ဆိုတာ ထွက်လာဖို့ ကမကထ လုပ်ပေးပါတယ်။ ကာယကံရှင် နှစ်ဘက်စလုံးက တကယ်တမ်း အပစ်မရပ်ချင်ပါဘူး။ ဒီ သဘောတူမှုအရ ဆိုရင် မြန်မာစစ်တပ်ဟာ နယ်မြေတွေ လက်လွှတ် ဆုံးရှုံးခဲ့ရပြီး ညီနောင် အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတာကို တရားဝင် အသိအမှတ် ပြုပေးရာ ရောက်နေတဲ့ အတွက်ဖြစ်ပါတယ်။ ညီနောင် အဖွဲ့တွေ အနေနဲ့ကလည်း သူတို့ရဲ့ စစ်ရေး အရှိန်ရနေတုန်း၊ အောင်မြင်နေတုန်း ရပ်လိုက်ရတာမျိုး မဖြစ်လိုပါဘူး။
ဇွန်လ နှောင်းမှာပဲ ၁၀၂၇ ဒုတိယပိုင်း စတင်လာပါတယ်။ ဒီတစ်ကြိမ်မှာတော့ တရုတ်ရဲ့ ကျောထောက်နောက်ခံ ပြုပေးမှု မရှိတော့တဲ့ အပြင်၊ စစ်ဆင်ရေး ရပ်ဖို့ တရုတ်ဘက်က အတော်လေး ဖိဖိစီးစီး ပြောပါတယ်။ နယ်စပ်တွေ ပိတ်တာ၊ လောက်ကိုင်ကို လျှပ်စစ်နဲ့ အင်တာနက်တွေ ဖြတ်တာမျိုးတွေလို လက်တွေ့ မြေပြင် ပိတ်ဆို့ အရေးယူမှုတွေကိုလည်း တရုတ်ဘက်က လုပ်ဆောင်ပါတယ်။ ၁၀၂၇ ဒုတိယပိုင်းဟာ ဇူလိုင်၊ ဩဂုတ်လတွေမှာ ဆက်တိုးပြီး ဖြစ်ပေါ်နေပါတယ်။ အောင်ပွဲတွေ ဆက်ပြီး ရနေပါတယ်။ ဒီ အတိုင်းသာ ဆိုရင် မြန်မာနိုင်ငံထဲ ဘာတွေ ဖြစ်လာတော့မလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေ တရုတ် အစိုးရထံမှာ ရှိလာပါတယ်။
အခုလို စစ်ရေး အခြေအနေတွေ အတိုင်းသာ ဆိုရင် မြန်မာ စစ်တပ်ဟာ တကယ့်ကို ပြိုကွဲ သွားနိုင်တဲ့ အလားအလာ ရှိတယ်လို့ တရုတ်က ဆန်းစစ်လာပါတယ်။ အဲဒီလို မြန်မာစစ်တပ်ဟာ စစ်ရေး အရ ရှုံးနိမ့်ပြီး ပြိုကွဲသွားပြီ ဆိုရင် မြန်မာနိုင်ငံထဲ ပေါ်ပေါက်လာမယ့် အခြေအနေတွေဟာ disordely process လို့ ခေါ်တဲ့ ဗရမ်းဗတာနဲ့ ဖြစ်ချင်တာဖြစ် ဆိုတာမျိုးလို အတော်လေးကို ဆိုးဆိုးရွားရွာတွေ ဖြစ်လာလိမ့်မယ်လို့ တရုတ်က မှတ်ယူလာပါတယ်။ မြန်မာနိုင်ငံထဲ အားလုံးကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ် မောင်းနှင်နိုင်စွမ်းရှိတဲ့ အုပ်ချုပ်မှု ကင်းမဲ့တာမျိုး၊ anarchy အဲနာခီလို့ ခေါ်တဲ့ မင်းမဲ့ အခြေအနေမျိုး ရောက်သွားနိုင်တယ် ဆိုပြီး တရုတ်ဘက်က အလေးအနက် ဆန်းစစ်လာကြတယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲဒီ ဖြစ်နိုင်ချေကို မရရအောင် ရှောင်လွှဲမှ ဖြစ်မယ် ဆိုပြီးတော့လည်း တရုတ်က ပိုင်းဖြတ်လိုက်ပုံ ရပါတယ်။
အဲဒီ အခါမှာ ခင်ဗျား မေးတဲ့ အတိုင်း မြန်မာ စစ်တပ်ရဲ့ နောက်မှာ ရပ်ပေးတဲ့ ခြေလှမ်းမျိုးတွေ လုပ်ဆောင်ပြလာတဲ့ တရုတ်ရဲ့ မူဝါဒ အပြောင်းအလဲကို တွေ့လာ ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ စစ်တပ်ဘက် အထူးသဖြင့် မြန်မာ စစ်ခေါင်းဆောင်ဘက် ဆိုတဲ့ တစ်ဘက်တည်းကို ရွေးချယ်ပြီး တရုတ်က ရပ်တည်တာမျိုး အဖြစ် ကျွန်တော် မပြောလိုပါဘူး။
တရုတ်ဟာ လက်ရှိ စစ်ခေါင်းဆောင် အပေါ်မှာ သဘောထား အမြင် မကောင်းလှပါဘူး။ အထင်ကြီး နှစ်လိုပုံ မရှိပါဘူး။ ဒီ သဘောထားဟာ အပြန်အလှန် ဖြစ်မယ် တူပါတယ်။ စစ်ခေါင်းဆောင်ကလည်း တရုတ်ကို ကြိုက်လှချည်ရဲ့ မဟုတ်ပါဘူး။ ဒီတော့ တရုတ်နဲ့ စစ်ခေါင်းဆောင်ကြားက ဆက်ဆံရေးဆိုတာ နှစ်ဦးနှစ်ဘက် သက်တောင့်သက်တာ မရှိလှပဲ၊ မတတ်သာလို့ အခြေအနေတွေက တွန်းပို့လို့သာပဲ အခုလို အခြေအနေမျိုး ရောက်လာရတာ ဖြစ်ပါတယ်။
တကယ်လို့ မြန်မာစစ်တပ် ပြိုကွဲသွားတဲ့ အခါ အာဏာလေဟာနယ်မှာ ဝင်ပြီး နေရာယူမယ့် သူတွေက အမေရိကန်လူ အနေနဲ့ သူတို့ မြင်ထားတဲ့ NUG ဖြစ်လာ မှာမျိုးကို မလိုလားတဲ့ အတွက် တရုတ်က အခုလို ခြေလှမ်း အပြောင်းအလဲ လုပ်ရတာ ဆိုတဲ့ ဖြစ်နိုင်ခြေ နောက်တစ်ခုကိုလည်း ကျွန်တော်တို့ ထည့်သွင်း စဥ်းစားနိုင်ပါတယ်။ နောက်တစ်ချက်ကတော့၊ တရုတ် အနေနဲ့ တကယ်လို့ သူတို့ အနေနဲ့ တကယ်တမ်း လုပ်ချင်ရင် ဒီထက်မက လုပ်နိုင်တာတွေ၊ လုပ်နိုင်စွမ်းတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ အဓိကကတော့ မြန်မာနိုင်ငံထဲက စစ်တပ်နဲ့ တခြား လက်နက်ကိုင် အင်အားစုတွေနဲ့ကြား အင်အားချိန်ခွင်လျှာ ညှိပေးတာမျိုး လုပ်ပေး နေတာ ဖြစ်ပါတယ်။ တစ်ဘက်ဘက်က လွှမ်းမိုးပြီး၊ တစ်ဘက်ဘက်ကို အပြတ်အသတ် ချေမှုန်းလိုက်တာမျိုးကို လိုချင်ပုံမရပါဘူး။
၂၀၁၂-၁၃ ဝန်းကျင်မှာ ကချင် KIA ဌာနချုပ် လိုင်ဇာနားအထိ မြန်မာစစ်တပ် အတော်လေး ရောက်လာတဲ့ အခါ တရုတ်ရဲ့ ကြားဝင်မှုကို ကျွန်တော်တို့ တွေ့ခဲ့ရပြီး၊ မြန်မာ စစ်တပ် ပြန်လည် ခွာပေး ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ ကောက်ချက်ချရရင် တရုတ်ဟာ တစ်ဘက်ဘက်က နောင်တစ်ဘက်ကို အပြတ် ချေမှုန်းနိုင်ဖို့ ပြုလုပ်တာမျိုး ထက်စာရင် တည်ငြိမ်ရေးတွေ၊ အပစ်ရပ်ရေး ဆိုတာတွေပဲ ပေါ်ထွန်းလာအောင် လုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ နီးစပ်မှု တိမ်းညွတ်မှု အပြောင်းအလဲ ရှိတာ မှန်တယ် ... ဒါပေမယ့် အဲဒါဟာ ဘက်တစ်ဘက်တည်းကို ရွေးတာမျိုး အဖြစ် အဓိပ္ပာယ် ဖွင့်နိုင်မယ် မထင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, ICG
ဘီဘီစီ။ ။ စစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံ ခရီးစဥ် ရှိလာပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်း သူ့ရဲ့ ပထမဆုံး တရုတ် ခရီးစဥ်မှာ တရုတ် အစိုးရ ဆီက ဘာတွေ ရဖို့ မျှော်လင့်နိုင်လဲ။ သူ့ဘက်ကရော အပြန်အလှန် အားဖြင့် ဘာတွေ ကတိကဝတ်ပြု ရဖွယ် ရှိလဲ။
သောမတ်စ်ကီးန်။ ။ ကျွန်တော့် အမြင်မှာတော့ “the devil is in the details” ဆိုတဲ့ အင်္ဂလိပ် ဆိုရိုး ရှိသလိုပဲ အသေးစိတ် အချက်တွေမှာတော့ ရှုပ်ထွေးမှုတွေ အတော်အတန် ရှိနိုင်ပြီး၊ အသိခက်ရပါလိမ့်မယ်။ ယေဘုယျကတော့ ဒီခရီးစဥ် ဖြစ်မြောက်လာတယ် ဆိုတာကတင် သိသာတဲ့ ထူးခြား ပြောင်းလဲမှု ဖြစ်ပြီး၊ တရုတ်ရဲ့ သဘောထားကို ညွှန်ပြနေပါတယ်။ စစ်ခေါင်းဆောင်ဟာ GMS လို့ခေါ်တဲ့ မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေရဲ့ အစည်းအဝေးကို ကူမင်းမှာ သွားတက်မှာလို့ နားလည်ထားပါတယ်။ လာတက်တဲ့ နိုင်ငံတွေရဲ့ အကြီးအကဲတွေနဲ့ သီးခြားတွေ့ဆုံတာတွေ လုပ်ကောင်းလုပ်ပါလိမ့်မယ်။ တရုတ်အစိုးရရဲ့ မူဝါဒပိုင်း ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ရော မြန်မာ့အရေး ဆွေးနွေးဖို့ သီးသန့် တွေ့ဆုံမလား ဆိုတာ မသိပါဘူး။ သူ့ကို နိုင်ငံတော် ခရီးစဥ် အဖြစ်ရောက်လာတဲ့ နိုင်ငံအကြီးအကဲ အဆင့်အတန်းမျိုး အဖြစ် ကြိုဆိုတာမျိုး ရရှိမှာလား ဆိုတာလည်း မသိပါဘူး။
တရုတ် ဘာကို လိုချင်တာလဲ ဆိုတာကို ဦးတည် စဥ်းစားမယ် ဆိုရင်တော့ တရုတ်က အပစ်ရပ် ဖြစ်ထွန်းလာဖို့ လိုလားတယ် ဆိုရင် ရှမ်းမြောက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကပဲ စစ်ဆင်ရေးတွေ ပြုလုပ်နေတာ မဟုတ်ပါဘူး။ စစ်တပ်က စတင် တိုက်ခိုက်နေတဲ့ နေရာမျိုးတွေလည်း ရှိပါတယ်။ ဒီတော့ တရုတ် အနေနဲ့ စစ်ခေါင်းဆောင်နဲ့ တွေ့တဲ့ အချိန် တွေ့ဆုံ ဆွေးနွေးရေး စကားဝိုင်းကို လာဖို့ ပြောဆိုတာမျိုး လုပ်နိုင်ပါတယ်။ တရုတ် အနေနဲ့ကတော့ ငြိမ်းချမ်းရေး စကားဝိုင်း အကောင်အထည်ပေါ်လာဖို့ရာ ဘက်အသီးသီးကို ဘယ်နည်းဘယ်ပုံတွေနဲ့ လုပ်ဆောင်ရမလဲ ဆိုတဲ့ နည်းလမ်းအမျိုးမျိုးကို လုပ်ကြည့် နေပုံ ရပါတယ်။ လွယ်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော် ပြောခဲ့သလိုပဲ ဘယ်ဘက်ကမှ တကယ်တမ်း အပစ်မရပ်လိုကြပါဘူး။
ဘီဘီစီ။ ။ လားရှိုးကို လက်လွှတ်ပေးဖို့ MNDAA အပေါ် တရုတ် က ဆက်ပြီး ဖိအားပေးနေမယ်လို့ ထင်လား။
သောမတ်စ်ကီးန်။ ။ ဒါ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက် ဖြစ်ပါတယ်။ တရုတ် ဘာတွေ လုပ်ဆောင်နေခဲ့သလဲ ဆိုတာ နည်းနည်း ပြန်ကြည့်ရအောင်ပါ။ ဖိအားပေးတယ် ဆိုတဲ့ သူတို့သုံးတဲ့ နည်းနာတွေကို ကြည့်ရင်၊ အဓိက တစ်ခုကတော့ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်တာ ဖြစ်ပါတယ်။ ကနဦးမှာတော့ ကိုးကန့်ဒေသ အပါအဝင် အနီးပတ်ဝန်းကျင်က နယ်စပ်ဂိတ်တွေ ဖြစ်ပါတယ်။ နောက်ပိုင်း နယ်စပ် ပိတ်ဆို့လိုက်တဲ့ နယ်မြေဒေသ အတိုင်းအတာ ပမာဏ ကျယ်ပြန့်လာပါတယ်။ အခုဆိုရင် ကချင် KIA ထိန်းချုပ် မြေထဲမှာ ရှိတဲ့ နယ်စပ်ဂိတ်တွေရော၊ ဝ UWSA ထိန်းချုပ် နယ်မြေထဲက ဂိတ်တွေပါ ပါဝင်လာပါတယ်။ ပိတ်ခံရတဲ့ အထဲ မိုင်းလားထဲတောင် ပါလာပြီလို့ သိရပါတယ်။ သူတို့နယ်စပ်တလျှောက် ဂိတ် အားလုံးနီးပါးကို ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။
ဒီနည်းနာဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပေါ် သက်ရောက် ထိခိုက် စေတာ မှန်ပါတယ်။ ဒါပေမယ့် ထိခိုက်ခံရတဲ့ အထဲ ယူနန်ပြည်နယ်ရဲ့ စီးပွားရေးလည်း ပါဝင်ပါတယ်။ တကယ်လို့ တိုင်းရင်းသား အဖွဲ့တွေဘက်က ဂိတ်တွေ ပိတ်တဲ့ ဖိအားသက်သက်ကြောင့် အပစ်ရပ် လက်မှတ်ထိုးတာမျိုး မလုပ်ပဲ တင်းခံ နေမယ် ဆိုရင် တရုတ်ကလည်း သူတို့ စီးပွားရေးပါ အပျက်အစီး အထိခိုက် ခံပြီး နယ်စပ် စီးပွားရေးကို ဘယ်လောက်ကြာကြာ ဆက်ပြီး ပိတ်ထားမှာလဲ။
အခုဆိုရင် မြေရှား ဓာတ်သတ္တု ထွက်ရာ မိုင်းတွင်း ဒေသတွေကို KIA ထိန်းချုပ် လိုက်ပြီ ဖြစ်ပါတယ်။ မြေရှား “rare earth” ကမ္ဘာ့ စီးပွားရေးမှာကို အရေးပါတဲ့ အခြေခံ လိုအပ်ချက် ဖြစ်ပါတယ်။ အခုခေတ် ဦးတည် သွားနေတဲ့ လျှပ်စစ်ကားတို့၊ လေအားလျှပ်စစ် တာဘိုင် တို့ ဆိုတာတွေမှာ မြေရှား ကို သုံးရပါတယ်။ ဒီတော့ မြေရှားရရာ အဓိက ရင်းမြစ် ကုန်သွယ်လမ်းကြောင်းတွေကို တရုတ်က ကာလတာရှည် ပိတ်ဆို့မှာလား ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကို ကြည့်ရင် ပိတ်ဆို့မှုကို ကာလ အတန်ကြာအထိ တောင့်ခံ နိုင်မယ်လို့ ယူဆပါတယ်။ ဥပမာ- ရခိုင်ကိုပဲ ကြည့်ပါ။ မြန်မာ စစ်တပ်က ရခိုင်ကို ပိတ်ဆို့ ထားတာ မရှိဘူးဆိုရင် အနည်း ၂ နှစ် တော့ ရှိပါပြီ။ ကြားထဲ အလျှော့ အတင်း အနည်းငယ်လုပ်တာ ရှိကောင်း ရှိပါလိမ့်မယ်။ ကျွန်တော် ဆိုလိုတာ ဒီလောက် နှစ် ရှည်လများ ပိတ်ဆို့မှုကို AA တောင့်ခံ ထားနိုင်ပါတယ်။ ရခိုင် လူထု အတွက် ခက်ခဲ ဆင်းရဲ ပင်ပန်းတာတွေ ရှိပေမယ့်လည်း သူတို့ဟာ အေအေကို ထောက်ခံမှု အခိုင်အမာ ပေးနေကြဆဲ ဖြစ်ပါတယ်။ ဒီတော့ မြောက်ပိုင်း ဒေသတွေမှာရော လက်နက်ကိုင် အဖွဲ့တွေ ဆက်လက် တောင့်ခံထားသရွေ့ ... ၃ လ- ၆ လ ဆိုတာထက်မက နှစ်နဲ့ချီပြီး နယ်စပ်ဂိတ်တွေကို တရုတ်က ပိတ်ထားမှာလား ဆိုတာ စဥ်းစားစရာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Kokang
ဘီဘီစီ။ ။ MNDAA ကို ပိတ်ဆို့ထားရမယ် ဆိုပြီး ဝ တပ်ဖွဲ့ UWSA အပေါ်မှာလည်း တရုတ်က ဖိအားပေးတယ်လို့ နားလည် ထားရပါတယ်။ အခုအခါမှာ ရှမ်းမြောက်ဒေသထဲ လှုပ်ရှားခဲ့တဲ့ ဗမာလူမျိုးစု တော်လှန်ရေးအဖွဲ့တွေ မြေပြန့်ကို ဆင်းလာတော့မယ်လို့ ပြောလာတော့ ... အဲဒါကရော တရုတ်က တဆင့် မြစ်ဖျား ခံလာတဲ့ ဖိအားတွေကြောင့် ဒီ ဗမာလူမျိုးစု လက်နက်ကိုင် တော်လှန်ရေး သမားတွေ ရှမ်းမြောက်မှာ နေလို့ မရနိုင်တော့တာမျိုးလား။
သောမတ်စ်ကီးန်။ ။ အဲဒီ အတိုင်းပဲ ကျွန်တော်လည်း နားလည်ထားပါတယ်။ အဲသလိုမျိုး ကျွန်တော်လည်း ကြားထားပါတယ်။ ဒါပေမယ့် အတိအကျ အသေအချာ မျိုးတော့ မပြောနိုင်ပါဘူး။ MNDAA ရဲ့ တရားဝင် ထုတ်ပြန်ချက်ထဲမှာ NUG နဲ့ စစ်ရေး နိုင်ငံရေး မပတ်သက်ပါဘူး ပြောထားတော့ သူတို့ အပေါ် တရုတ်ရဲ့ ဖိအား ရှိနေတာ သိသာပါတယ်။ ဒါပေမယ့်၊ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေနဲ့ကြား ဆက်ဆံရေးကို အစိမ်းလိုက် တိကနဲ ဖြတ်တောက်ပြီး၊ မင်းတို့ မနေနဲ့တော့ ... သွားတော့လို့ ပြောတာမျိုး ဖြစ်နိုင်ဖို့ ခက်ပါတယ်။
တရုတ်ရဲ့ ဖိအား လျော့ဖို့ သူတို့ချင်းကြား ဆွေးနွေး နားလည်မှုတွေ ပြုလုပ်ပြီး လုပ်ဆောင်တာမျိုးလို့ ယူဆပါတယ်။ တခြား လက်နက်ကိုင်တွေကို သူတို့ နယ်ထဲ လက်ခံ မထားတော့ကြောင်း တရုတ်ကိုတော့ မဖြစ်မနေ ပြရတော့မယ် ဆိုတဲ့ အခြေအနေ အပေါ် အားလုံး သဘောပေါက်ကြပုံ ရပါတယ်။ သူတို့ကြားထဲက အပြန်အလှန် အချိတ်အဆက်တွေ၊ ထောက်ပံ့ ပံ့ပိုးမှုတွေ တခါတည်း ရပ်သွားပြီလို့ မပြောနိုင်ပါဘူး။
လားရှိုးမှာ ဆိုရင်လည်း CDM ဝန်ထမ်းတွေဟာ MNDAA ရဲ့ အုပ်ချုပ်ရေး ယန္တရားထဲမှာ အလုပ်လုပ် နေကြပါတယ်။ CDM ဆိုတာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အစိတ်အပိုင်း ဖြစ်တဲ့ အတွက် တော်လှန်ရေးကို ကိုယ်စားပြု နေကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော် ဆိုလိုတာက တော်လှန်ရေးရဲ့ အစိတ်အပိုင်း တချို့နဲ့ MNDAA ကြား လက်တွဲ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့ ဆိုတဲ့ အခန်းကဏ္ဍမှာတော့ သူတို့ ကိုယ်ရှိန်သတ်ပြဟန် တူပါတယ်။ ဒါဟာ ခင်ဗျား ပြောသလိုပဲ တရုတ်ရဲ့ တိုက်ရိုက် ဖိအားတင်မက၊ အခုဆိုရင် ပိတ်တဲ့ ဆို့တဲ့ ဖိအားတွေဟာ UWSA ထံကလည်း လာနေတဲ့ အတွက် ဖြစ်နိုင်ပါတယ်။
ဘီဘီစီ။ ။ MNDAA ကို ကြည့်ရင်ရော ... သူတို့ အနေနဲ့ တရုတ်ရဲ့ ဖိအားတွေ ရှိနေတဲ့ ကြားကပဲ လားရှိုးကို ဆက်ပြီး ထိန်းချုပ်သွားဖွယ် ရှိလား ... ဒါမှမဟုတ် ပြန်ပြီး လက်လွှတ်ပေးရမယ့် အခြေအနေမျိုး ရောက်လာနိုင်လား။
သောမတ်စ်ကီးန်။ ။ MNDAA အနေနဲ့ လားရှိုးကို ရဖို့ ဘယ်လောက် အားထုတ်ခဲ့ရလဲ ... စွန့်လွှတ် စတေးမှုတွေ လုပ်ခဲ့ရလဲ ဆိုတဲ့ အတိုင်းအတာ ပမာဏကို ကျွန်တော်တို့ နားလည်အောင်ကြည့်ဖို့ လိုမယ် ထင်ပါတယ်။ ရခိုင်မှာ AA ဆိုရင်လည်း အနောက်ပိုင်းတိုင်း စစ်ဌာချုပ်ကို သိမ်းဖို့ လက်တကမ်း အလို အခြေအနေ ဖြစ်ပါတယ်။ အဲဒီ အမ်း ဌာနချုပ်ကို သိမ်းဖို့ ထက်ကို လားရှိုးမှာ ရှိတဲ့ အရှေ့မြောက်တိုင်း ရမခ ကို ရအောင် လုပ်ခဲ့ရတာက ပိုပြီးရှုပ်ထွေး ပြင်းထန်ခဲ့ပြီး၊ ပြုလုပ်ခဲ့ရတဲ့ စစ်ရေး အတိုင်းအတာ ပမာဏဟာလည်း ကြီးမားခဲ့တယ်လို့ ထင်ပါတယ်။
လားရှိုးဟာ လူ ၂ သိန်း ထက်မနည်း နေထိုင်တဲ့ မြို့ကြီး ဖြစ်ပြီး၊ တရုတ်နဲ့ ကုန်သွယ်ရေး အဓိက အချက်အခြာ လမ်းကြောင်းပေါ်မှာ ရှိပါတယ်။ အဲဒီမှာ ရှိတဲ့ “ရမခ” စစ်ဌာချုပ် ဆိုတာကလည်း မြန်မာ စစ်တပ်ဘက်က အစဥ်အဆက်မှာကို အင်အား အလုံးအရင်းနဲ့ တပ်ရင်းတပ်ဖွဲ့ အမျိုးမျိုး အခြေစိုက်ပြီး အခိုင်အမာ ထား ရှိထားတာ ဖြစ်ပါတယ်။
အဲဒီလို အဓိက စစ်တိုင်း ဌာနချုပ်ကြီး တစ်ခုကို သိမ်းပိုက်ခဲ့တယ် ဆိုတဲ့ အောင်မြင်မှု ဆိုတာ တော်ရုံတန်ရုံ မဟုတ်ပါဘူး။ အင်မတန် လေးနက်တဲ့ အောင်မြင်မှုဖြစ်တဲ့ အတွက် ရပြီးမှ ပြန်ပြီး လက်လွှတ်ဖို့ ဆိုတာ MNDAA ဘက်က အတော်လေး လုပ်ရ ခက်ပါလိမ့်မယ်။ လားရှိုးကို ပြန်ပြီး လက်လွှတ်ရတယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ အောင်မြင်ထားခဲ့သမျှ တွေထဲက အတော်လေး ကြီးမားတဲ့ အခန်းကဏ္ဍကို လက်လွှတ်ပြီး နောက်ကြောင်းပြန် ရမှာမျိုး ဖြစ်နေပါတယ်။ ဒီတော့ MNDAA ဘက်က လားရှိုးကို လက်လွှတ်လိမ့်မယ်လို့ ကျွန်တော် မမြင်ပါဘူး။
လားရှိုးကို လက်လွှတ်ရတာကို မျှခြေပြုပေးနိုင်တဲ့ တခြားသော နိုင်ငံရေးအရ အာမခံချက်တွေ၊ တောင်းဆိုချက် ပြည့်မြောက်မှုတွေ ရှိလာမှပဲ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ မြန်မာစစ်တပ်ဘက်ကတော့ တန်ပြန် ထိုးစစ် ပြုလုပ်ဖို့ ပြင်နေတာတွေ ရှိပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေတင်မက မြေပြင် ထိုးစစ်ပါ ပြုလုပ်နိုင်ဖို့ တောင်ဘက်ပိုင်း နယ်မြေတွေမှာ အင်အားတွေ ပြန်စုတာမျိုး တွေ့ရပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မြန်မာစစ်တပ်ရဲ့ အင်အားရင်းမြစ်တွေရဲ့ အခြေအနေဟာ ရမခ ကို ပြန်ရဖို့ လုပ်နိုင်ချေ အင်မတန် နည်းပါတယ်။ ဒီတော့ ကျွန်တော့် အမြင်မှာ MNDAA ဟာ လားရှိုးကို ဆက်ပြီး ထိန်းချုပ် သွားဖွယ် ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ကျွန်တော်တို့ တရုတ်ရဲ့ မြန်မာ့အရေး ရည်မှန်းချက် ဒါမှမဟုတ် အကြံအစည်ဘက်ကို ပြန်ကြည့်ရအောင် တွမ်ရေ ... တကယ်လို့ သူတို့ဟာ NUG အပါအဝင် တချို့သော တော်လှန်ရေး အင်အားစုတွေ အပေါ် အနောက်အုပ်စု နဲ့ နီးစပ်သူတွေ၊ အမေရိကန်လူတွေ ဆိုတဲ့ အမြင်နဲ့ မယုံကြည်ဘူး၊ ထိတွေ့ ဆက်ဆံတာမျိုးတွေ လုပ်မှာ မဟုတ်ဘူး ဆိုရင် တရုတ်ရဲ့ ရည်ရှည် အတွက် စီမံကိန်းက ဘာဖြစ်နိုင်လဲ။ လက်နက်ကိုင် ပဋိပက္ခတွေကို ချုပ်ငြိမ်း စေချင်တယ် ဆိုပြီးတော့လဲ ပြောထားတော့ ..... သူတို့နည်းနာက မြန်မာစစ်တပ် ပြောနေတဲ့ ရွေးကောက်ပွဲကိုပဲ အထမြောက်လာအောင် ထောက်ခံ ပံ့ပိုးမယ် ဆိုတာမျိုးလား။
သောမတ်စ်ကီးန်။ ။ သူတို့ရဲ့ နည်းနာဟန်ပန် ဒါမှမဟုတ် သူတို့ရဲ့ ရည်မှန်းချက်ဟာ မြန်မာနိုင်ငံထဲ နိုင်ငံရေး အရ တစုံတရာ အတိုင်းအတာထိ တည်ငြိမ်မှု ရှိလာစေဖို့နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကိုလည်း အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့လို့ ဆိုပါတယ်။ ဒီလို လုပ်နိုင်ဖို့ရာ ရွေးကောက်ပွဲ လမ်းကြောင်းဟာ အထောက်အပံ့ ဖြစ်စေလိမ့်မယ် ဆိုပြီး တွက်ချက်ပုံလည်း ရပါတယ်။ သူတို့ အနေနဲ့ ပုံမှန် အခြေအနေအတိုင်း ထိတွေ့ ဆက်ဆံနိုင်မယ့် အရပ်သား အစိုးရ တစ်ရပ် ကို ရွေးကောက်ပွဲကနေ ပေါ်ထွက်လာစေချင်တဲ့ပုံ ရှိပါတယ်။ လက်ရှိ အာဏာသိမ်း စစ်ကောင်စီ ကိုတော့ တရားဝင် အစိုးရ အဖြစ် ကမ္ဘာ့အလည် အသိအမှတ်ပြု ဆက်ဆံလို့ မရဘူး ဆိုတာ တရုတ်က သိပါတယ်။ တကမ္ဘာလုံးမှာလည်း အာဏာရှင် အစိုးရတွေဟာ ရွေးကောက်ပွဲတွေကို ကျင်းပနေပြီး၊ အဲဒီ ရွေးကောက်ပွဲတွေကနေ တဆင့် အစိုးရတွေ ဖွဲ့နေကြပါတယ်။ အဲဒီ အစိုးရ အဖွဲ့တွေနဲ့ တရုတ် နိုင်ငံဟာ ဆက်ဆံစမြဲ ဖြစ်ပါတယ်။
ဒီတော့ မြန်မာနိုင်ငံမှာလည်း စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူး ... လွတ်လပ်မှာ မဟုတ်ဘူး စသဖြင့် ဘယ်လောက် အဝေဖန် ခံရ ခံရ ... ရွေးကောက်ပွဲ ဖြစ်မြောက်ပြီး သူတို့နဲ့ တရားဝင် ဆက်ဆံလို့ ရမယ့် အရပ်သား အသွင် အစိုးရ တစ်ရပ် ပေါ်လာဖို့ တရုတ်က လိုလားနေပုံ ရပါတယ်။ စစ်တပ်က ကျောထောက်နောက်ခံ ပြုပေးတဲ့ အရပ်သား အစိုးရ ဆိုရင်လည်း တရုတ် အနေနဲ့ ဂရုစိုက်မှာ မဟုတ်ပါဘူး .... လက်တွဲမှာပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း အဲဒီလို အစိုးရ တစ်ရပ် ပေါ်လာတာဟာ လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သြဇာ အာဏာကို လျှော့ချ နိုင်တဲ့ နည်း အဖြစ်လည်း တရုတ်က တွက်ဆဟန် တူပါတယ်။
လက်ရှိ စစ်ခေါင်းဆောင်ကတော့ မြန်မာနိုင်ငံကို ဦးဆောင်နိုင် .... အခြေအနေတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ် ထိန်းသိမ်း ဖြေရှင်နိုင်စွမ်း ရှိတဲ့ အရည်ချင်း ရှိတဲ့ ခေါင်းဆောင် မဟုတ်ဘူး လို့ တရုတ်က ဆန်းစစ်ထားပြီး ဖြစ်ပါတယ်။ သူနဲ့ ရေရှည်တွဲပြီး အလုပ်လုပ်လိုပုံ မရပါဘူး။ လက်ရှိမှာ ခင်ဗျား သိတဲ့ အတိုင်း စစ်ခေါင်းဆောင်ဟာ စစ်တပ် အကြီးအကဲလဲ သူ ... ဝန်ကြီးချုပ်လည်း သူ ... ယာယီ သမ္မတလည်း သူ ဆိုပြီး ရှိသမျှ ရာထူးတွေ ယူထားပါတယ်။ ရွေးကောက်ပွဲလွန် ကာလမှာတော့ စစ်ခေါင်းဆောင် အနေနဲ့ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ဆက်နေမလာ ... ဒါမှမဟုတ် တပ်ရာထူးစွန့်ပြီး သမ္မတပဲ တက်လုပ်မလား ဆိုတာ ရွေးရပါလိမ့်မယ်။ အဲဒီလိုမျိုး စစ်ခေါင်းဆောင်ရဲ့ အာဏာကို ကန့်သတ်နိုင်တဲ့ နည်းနာ အဖြစ်နဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို တရုတ်က လိုလာတာမျိုး ဖြစ်နိုင်ပါတယ်။
အဲဒီလို အာဏာ ဗဟိုချက်မနေရာ အရွေ့တွေ ဖြစ်လာနိုင်သလို၊ ရွေးကောက်ပွဲ ဖြစ်စဥ်ထဲ နိုင်ငံရေး အင်အားစုတချို့လည်း ပါဝင်လာနိုင်ပါတယ်။ NLD ပါတီ အနေနဲ့ ပါဝင်လာရင်တော့ အကောင်းဆုံးပဲ ဆိုပြီး တရုတ်က လိုချင်ပုံ ရပါတယ်။ ကျွန်တော့် အနေနဲ့တော့ အဲဒီလို ဖြစ်ဖို့ ခက်မယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲ ဝင်ပြီ ဆိုကတည်းက ရွေးကောက်ပွဲ အတုအယောင်ကို အသိအမှတ်ပြု ထောက်ခံကြောင်း ပြသတဲ့ လုပ်ရပ် ဖြစ်နေပါတယ်။ တခါ ... ရွေးကောက်ပွဲကနေ ဘယ်လို အစိုးရမျိုး ထွက်ပေါ်လာသည် ဖြစ်စေ မြန်မာပြည်သူတွေက အဲဒီ အစိုးရကိုလည်း တရားမဝင်တဲ့ အစိုးရ အဖြစ် ဆက်လက် ငြင်းပယ် နေကြဦးမှာ ဖြစ်ပါတယ်။
တရုတ် အနေနဲ့ကလည်း ပြောရရင် မြန်မာနိုင်ငံထဲ အလျင်အမြန် ပြောင်းလဲ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ တသမတ်တည်း ရှိတဲ့ မူဝါဒမျိုး ထားရှိဖို့ ဆိုတာ အင်မတန် ခက်လှပါတယ်။ နိုင်ငံရေး တည်ငြိမ်မှု ရှိဖို့ လိုလားတယ် ... တိုက်တာခိုက်တာ မလုပ်ကြနဲ့ စသဖြင့် ယေဘုယျ သဘော ခြုံငုံ ပြောနိုင်ပေမယ့် ... အခု ကျွန်တော်တို့ ဆွေးနွေး ခဲ့ကြသလိုပဲ ဒီနှစ်တွေမှာကို သူတို့ရဲ့ တိမ်းညွတ်မှုတွေ၊ ခြေလှမ်းတွေဟာ အပြောင်းအလဲ ကြီးမားခဲ့ပါတယ်။
အခုတခါ စစ်တပ်ဘက် အတော်လေး ယိမ်းသွားတယ်လို့ ယူဆခံရတဲ့ အခါ ... မြန်မာပြည်သူ အများစုဟာ သူတို့ ခါးခါးသည်းသည်း မုန်းတည်းနေတဲ့ စစ်တပ်ကို ပံ့ပိုးပေးနေသူတွေ အပေါ်မှာပါ မုန်းတည်းကြပါတယ်။ ဒါတွေအားလုံး တရုတ် အနေနဲ့ ထည့်သွင်း စဥ်းစားဖို့ လိုပါတယ်။ မန္တလေးက တရုတ် ကောင်စစ်ဝန်ရုံး အတိုက်ခိုက် ခံရတဲ့ အခါ စစ်တပ်ကို ဆန့်ကျင်တဲ့ အင်အားစုထဲက လုပ်တာဆိုပြီး မြင်ကြပါတယ်။ အဲဒီ မှန်းဆချက်မျိုး ကျယ်ကျယ်ပြန့်ပြန့် ရှိတာကို ကြည့်ရင် စစ်တပ်နဲ့ကြား ဆက်ဆံရေး တည်ဆောက်တဲ့ အခါ ဘယ်လို အန္တရာယ်မျိုးကို တပါတည် စွန့်စား ယူရမလဲ ဆိုတာ တရုတ် ထည့်သွင်း တွက်ချက်ဖို့ လိုပါတယ်။
ချုပ်ပြီး ပြောရရင်တော့ ... တရုတ် ကိုယ်တိုင်လည်း တကယ်တော့ ရေရှည် တည့်တံ့နိုင်တဲ့ နည်းနာတွေ မရှိတာကြောင့်ပဲ အခု အာဏာသိမ်း ကာလ ၃ နှစ် ကျော် ကာလ အတွင်းမှာကို သူတို့ရဲ့ မြန်မာ့ အရေး ချည်းကပ်ပုံတွေဟာ အပြောင်းအလဲ ကြီးမား နေခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ကျွန်တော့် အနေနဲ့ အရင်အခေါက်တွေမှာ တွမ်နဲ့ စကားပြောတော့ အခု ပြောဆိုမယ့် အကြောင်းချင်းရာဟာ စိတ်ထင်ရာ မှန်းသန်း ချိတ်ဆက် ပြောတဲ့ “conspiracy theory” ဆန်လွန်းလှတယ် ထင်တော့ ထည့်ပြီး မပြောဖြစ်ခဲ့ပါဘူး။ အဲဒါကတော့ နေပြည်တော်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ရောက်လာတာဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အပြောင်းအလဲနဲ့ တိုက်ရိုက် ဆိုင်တယ် ... ဘင်္ဂလားဒေ့ရှ်မှာ အမေရိကန် ရေတပ် အခြေစိုက်ဖို့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ သဘောမတူ ဖြစ်နေရာက ... လူထု အုံကြွမှုတွေကနေ တဆင့် ရှိတ်ခ်ဟာဆီနာ တိုင်းပြည်က ထွက်ပြေးရ ... အနောက် အုပ်စုနဲ့ ပိုနီးစပ်သူတွေ ကြားဖြတ် အစိုးရ ဖြစ်လာတော့ ... အမေရိကန် ရေတပ် အခြေစိုက် စခန်း ဘင်္ဂလားပင်လယ်အော် အပေါက်ဝမှာ ပိတ်ပြီး ပေါ်လာနိုင်တဲ့ အခြေအနေကြောင့် တရုတ်ဟာ မြန်မာကို ရုတ်တရက် ရောက်လာတယ် ... စစ်ကောင်စီကို ကျောထောက်နောက်ခံ ပြုပေးမှု ခိုင်မာစေတာ ဖြစ်တယ် ဆိုတာမျိုး ပြောဆိုသံတွေ ကြားရပါတယ်။ တွမ်ဟာ ICG အတွက် ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ ကိစ္စတွေကိုလည်း ကြည့်ပေး နေသူ ဖြစ်နေတော့ အဲဒီ ပြောဆိုမှုတွေ အပေါ် ဘယ်လို ယူဆပါသလဲ၊။ ဖြစ်နိုင်ချေ ရှိလား .... conspiracy theory သက်သက်လား။
သောမတ်စ်ကီးန်။ ။ ကျွန်တော်လည်းပဲ အဲဒီ အပြောမျိုးဟာ conspiracy theory ဆန်တယ်လို့ ထင်ပါတယ်။ ပထမ အချက်ကတော့ စိန့်မာတင်ကျွန်းမှာ အမေရိကန်က တကယ်ပဲ သူတို့ရဲ့ အခြေစိုက် စခန်း ထားရှိ ချင်တာလား ဆိုတဲ့ အချက်ကို ကြည့်သင့်ပါတယ်။ အဲဒီ ရည်မှန်းချက်မျိုး ရှိကြောင်း မတွေ့ရပါဘူး။ စိန့်မာတင်ဟာလည်း ရေတပ် အခြေစိုက် စခန်းထားရှိဖို့ သင့်လျော် ကိုက်ညီမှု မရှိပါဘူး။
ဒါပေမယ့်လည်း စိန့်မာတင်နဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ရည်မှန်းချက် ရှိနေတယ် ဆိုပြီး ရှိတ်ခ်ဟာဆီနာ တကယ်ပဲ ယူဆ နေခဲ့ပုံ ရပါတယ်။ သူ့ ခေါင်းထဲကို တစ်ယောက်ယောက်က အဲဒီ အတွေးအမြင်မျိုး ရအောင် ထည့်ခဲ့ဟန် တူပါတယ်။ တခါ၊ ဆန္ဒပြပွဲတွေကြောင့် ရှိတ်ခ်ဟာဆီနာ ဝန်ကြီးချုပ်နေရာမှာ မရှိတော့တဲ့ အချက် အပေါ် တရုတ်ထက် စာရင် အိန္ဒိယ က ပိုပြီး မကြိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ အိန္ဒိယ အစိုးရနဲ့ ရှိတ်ခ်ဟာဆီနာဟာ အတော်လေး အဆင်ပြေနေခဲ့တာ ဖြစ်ပါတယ်။ တရုတ် အနေနဲ့ကတော့ .... ဘင်္ဂလားဒေ့ရှ်နဲ့ကြား သူတို့ရဲ့ ထိတွေ့ ဆက်ဆံမှု သဘောသဘာဝဟာ နိုင်ငံရေး မဟုတ်ပဲ စီးပွားရေး သက်သက်လို့ ပြောနိုင်ပါတယ်။
အခု မိုဟာမက်ဒ် ယူနွတ်စ်ရဲ့ ကြားဖြတ် အစိုးရကလည်း ရှိလက်စ နိုင်ငံတကာ စီးပွားရေး သဘောတူမှုတွေ၊ ပူးပေါင်း လုပ်ဆောင်မှုတွေကို ဆက်ပြီး ထိန်းသိမ်းသွားမယ်လို့ ကတိကဝတ် ပြုထားပါတယ်။ နောက်ပြီး အခု ကြားဖြတ် အစိုးရဟာ စီးပွားရေး ဆိုင်ရာ စီမံခန့်ခွဲမှုတွေမှာ ပိုပြီးတော့တောင် ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်စွမ်း ရှိမယ့် သူတွေ အဖြစ် မှတ်ယူ ခံရပါတယ်။ ဒီတော့ သူတို့ဟာ တရုတ်ရဲ့ အကျိုးစီးပွားတွေ အပေါ် ထိခိုက် ပျက်ပြား စေမယ့်သူတွေ၊ အန္တရာယ်ပြု ခြိမ်းခြောက်နေသူတွေ မဟုတ်ကြပါဘူး။ ဒီတော့ ချုပ်ပြီး ပြောရရင် “စိန့်မာတင်ကျွန်း မှန်းဆချက်” ဟာ ဖြစ်နိုင်ခြေ မရှိဘူးလို့ ယူဆပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post








