ရခိုင်တစ်ခုလုံးကို စီမံအုပ်ချုပ်ရေးမှာ အေအေ ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်များ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်ထဲက လက်ရှိ စစ်ရေး အခြေအနေတွေကိုကြည့်ရင် ULA/AA အာရက္ခတပ်တော်ဟာ ရခိုင်ကို လက်တွေ့အရ တကယ် အုပ်ချုပ်မယ့် အာဏာပိုင် အဖွဲ့အစည်း အဖြစ် ထွက်ပေါ်လာဖို့ အလွန် နီးစပ်နေပြီ ဖြစ်တယ် ဆိုပြီး နိုင်ငံတကာ ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်တဲ့ International Crisis Group ICG က အခု ရက်ပိုင်းအတွင်းမှာပဲ ထုတ်ပြန်တဲ့ “သီးခြားလွတ်လပ်ခြင်း - မြန်မာ့မြေပေါ်က ရခိုင်ပြည်အတွက် တိုက်ပွဲ” ဆိုတဲ့ အစီရင်ခံစာထဲမှာ ဆန်းစစ်ထားပါတယ်။
ရခိုင်ကို ကိုယ်တိုင် စီမံ ခန့်ခွဲ အုပ်ချုပ်ဖို့ ဆိုတာ စစ်တပ်ကို စစ်မျက်နှာပြင်မှာ အပြတ်အသတ် ချေမှုန်း တိုက်ခိုက် အနိုင်ယူနိုင်တာထက် ကျော်ပြီး၊ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်တာတွေ၊ ပြန်လည်ထူထောင်ရေး လုပ်တာတွေ၊ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်တာတွေ စတဲ့ ခက်ခဲတဲ့ အရာတွေကို ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်တယ်လို့လည်း ICG ရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အရေးဆိုင်ရာ အကြီးတန်း အကြံပေး တွမ်ကီန်းက ဘီဘီစီကို ပြောပါတယ်။
ဒီတော့ ပေါ်ထွန်းလာမယ့် ရခိုင်ရဲ့ အုပ်ချုပ်ရေး အသစ်မှာ ULA/AA အနေနဲ့ ရင်ဆိုင် ကိုင်တွယ်ရမယ့် အဓိက စိန်ခေါ်ချက်တွေက ဘာတွေဖြစ်မလဲ .... ရခိုင်ကို လက်တွေ့အရ စီမံ ခန့်ခွဲ အုပ်ချုပ်မယ့် ဒီဖက်တို အုပ်ချုပ်ရေး အာဏာပိုင်တွေ အဖြစ် ပြုမူဖို့ရာ သူတို့ထံမှာ လုံလောက်တဲ့ ရင်းမြစ်တွေ၊ စွမ်းရည်တွေ ရှိနေပါသလား ... စတာတွေ အကြောင်း ICG ရဲ့ အကြီးတန်း အကြံပေး သောမတ်စ်ကီန်းကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။
___________________________________________________________________________
ဘီဘီစီ။ ။ ရခိုင်တစ်ခုလုံးကို ခြုံကြည့်မယ် ဆိုရင် စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် အေအေကြား စစ်ပွဲ အခြေအနေ အပေါ် တွမ့် အနေနဲ့ ဘယ်လို ဆန်းစစ်ထားပါသလဲ။
သောမတ်စ်ကီးန်။ ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး အာရ်ကန်အာမီ အေအေ အဖွဲ့ဟာ မြန်မာစစ်တပ်ရဲ့ စစ်စခန်းနေရာတွေကို ပြန်ပြီး တိုက်ခိုက်ပါတယ်။ အဲဒီ နောက်ပိုင်း ချင်းတောင်ပိုင်း ပလက်ဝက စလို့ သံတွဲ အထိ ကျယ်ပြန့်လှတဲ့ နယ်မြေဒေသတွေကို ထိန်းချုပ်လာပါတယ်။ အခုဆိုရင် ရခိုင်ရဲ့ တောင်ဘက် အစွန်ဆုံးဖြစ်တဲ့ ဂွမြို့နယ်ထဲမှာပါ တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။
စစ်တပ်အတွက် ရခိုင်ထဲ စစ်တွေလို၊ ကျောက်ဖြူလို ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိတဲ့ အမ်းလို ... နေရာ အနည်းငယ်မှာပဲ toe hole လို့ ခေါ်ရမယ့် ခြေမလေး တစ်ကုပ်စာ ကုပ်ကပ်ပြီး ကျန်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆန်းစစ်ထားတာကတော့ ရခိုင်ရဲ့ ၈၀ ကနေ ၉၀ % ထိအောင် အေအေက ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။
ခင်ဗျားသိတဲ့ အတိုင်း ရခိုင်မှာ ရိုးမတောင်တန်းလည်း တနံတလျား ရှိတာကြောင့် နေရာ အားလုံးကို အတိတကျနဲ့ ဘယ်နေရာက ဘယ်သူ့လက်ထဲမှာ ဆိုပြီး ပြောဖို့ခက်ပါတယ်။ ဒါပေမယ့်လည်း လူနေရပ်ရွာတွေ၊ မြို့တွေ အပေါ် မူတည်လို့ ခြုံငုံပြီး ပြောနိုင်တာကတော့ နေရာအများစုဟာ အခုဆိုရင် အေအေရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီ ဖြစ်ပါတယ်။
ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ နေရာတချို့လည်း ရှိပါတယ်။ ရိုဟင်ဂျာတွေ နေထိုင်တဲ့ နေရာတွေ ဖြစ်ပြီး အားလုံးရဲ့ သတိထား စောင့်ကြည့်မှုလည်း ရှိနေပါတယ်။
ဘူးသီးတောင်ကို အေအေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်၊ မောင်တောကိုလည်း ဆက်ပြီး ပိတ်ဆို့ တိုက်ခိုက်ပါတယ်။ အခု ကျွန်တော်တို့ စကားပြောချိန် အထိတော့ အဲဒီ မောင်တော ဒေသထဲက နေရာတချို့ဟာ ရခိုင်မြောက်ပိုင်း တစ်ခုလုံးမှာ စစ်ကောင်စီတပ်တွေ ရှိနေသေးတဲ့ နောက်ဆုံး လက်ကျန် နေရာ ဖြစ်ပါတယ်။
ဒီတော့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်တောက်လျှောက် တစ်ခုလုံးကို အေအေက ထိန်းချုပ်ထားပြီလို့ ပြောနိုင်ပါတယ်။
သီးခြားလွတ်လပ်ခြင်းရဲ့ အဓိပ္ပာယ်

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ။ ။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ICG ကနေ အခု နောက်ဆုံး ထုတ်ပြန်တဲ့ တွမ်ရဲ့ အစီရင်ခံစာ ခေါင်းစဥ်ကို “Breaking away” ဆိုပြီး ပေးထားတာ သတိထားမိပါတယ်။ ဒီ ဝေါဟာရကို တရုတ်က ထိုင်ဝမ်ကို သူတို့ရဲ့ breakaway ပြည်နယ် အဖြစ် သဘောထားတယ် ဆိုပြီး သုံးနှုံးတာမျိုးတွေ ရှိပါတယ်။ ဒီတော့ ..... သီးခြားလွတ်လပ်ခြင်း “Breaking away” ဆိုတဲ့ ခေါင်းစဥ်မှာ ဘယ်လို နိုင်ငံရေး အဓိပ္ပာယ်မျိုး ရှိလဲ၊ နိုင်ငံရေး ဆိုင်ရာ အဆင့်အတန်း တစ်ခုခုကို တွမ့် အနေနဲ့ ရည်ညွှန်းလိုတာမျိုးလား။
သောမတ်စ်ကီးန်။ ။ အဲဒီလို တရုတ်-ထိုင်ဝမ် အခြေအနေနဲ့ နှိုင်းယှဥ်ပြောတဲ့ context မျိုးနဲ့ အဓိပ္ပာယ် တစုံတရာကို ဒီ အစီရင်ခံစာရဲ့ ခေါင်းစဥ်က သယ်ဆောင် မထားပါဘူး။ ကျွန်တော်တို့ ပြောနေတာကတော့ အခု အချိန်မှာ ရခိုင်ရဲ့ နယ်မြေ အားလုံး နီးပါးကို အေအေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တဲ့ အတွက်၊ နိုင်ငံရေးအရလည်း အလုံးစုံ ကိုယ်ပိုင် စီမံပြဌာန်း အုပ်ချုပ်နိုင်တဲ့ Autonomy မျိုး ရှိလာတဲ့ အခြေအနေကို ပြောဆိုတာ ဖြစ်ပါတယ်။
ဒါဟာ ပြည်မ အစိုးရ၊ ဗဟိုအစိုးရ တစ်ရပ်ရပ်ရဲ့ အာဏာစက်အောက်ကနေ သီးခြား ကင်းလွတ်တဲ့ အုပ်ချုပ်မှုကို ဆိုလိုတာ ဖြစ်ပြီး၊ အေအေဟာ ရခိုင်ကို သီးသန့် လွတ်လပ်ရေး ကြေညာလိမ့်မယ် ဆိုတာမျိုး ရည်ညွှန်း ပြောတာမဟုတ်ပါဘူး။
အေအေ အဖွဲ့ က သူတို့ အရယူမယ့် အရာ ဆိုပြီး ပြောထားနှင့်ပြီး ဖြစ်တဲ့ ရခိုင်ကို ကိုယ်ပိုင် စီမံ ပြဌာန်း အုပ်ချုပ်နိုင်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးထိ ရောက်လာအောင်လည်း အေအေဟာ အတော်လေး ခက်ခက်ခဲခဲနဲ့ အချိန်ယူပြီး တည်ဆောက် ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။
နယ်မြေဒေသဆိုင်ရာ ထိန်းချုပ်စိုးမိုးနိုင်စွမ်း ရှိလာခဲ့ပေမယ့် “သီးခြား” ဆိုတဲ့ အရာမျိုးဟာ ဘယ်လို အခန်းကဏ္ဍတွေမှာ ဘယ်လောက် အတိုင်းအတာ ပမာဏမျိုးထိ လက်တွေ့ ဖော်ဆောင်ဖို့ ဖြစ်နိုင် မဖြစ်နိုင်ဆိုတဲ့ စိန်ခေါ်ချက်တွေကိုလည်း အေအေ အနေနဲ့ ရင်ဆိုင် ကိုင်တွယ် သွားရဖွယ် ရှိပါတယ်။
တချို့ ကဏ္ဍတွေမှာ ရခိုင်ဟာ မြန်မာနိုင်ငံရဲ့ တခြား နေရာ ဒေသတွေနဲ့ အတော်လေး နက်နက်ရှိုင်းရှိုင်း ဆက်နွယ် ပတ်သက်နေပါတယ်။ အဲဒီလို ပြည်မနဲ့ရခိုင် ပေါင်းစပ်ထားတဲ့ ကဏ္ဍတွေကို အေအေ အနေနဲ့ ပယ်ဖျက်တာတွေ၊ အသစ် လုပ်တာတွေ ဆောင်ရွက်ဖို့ မလွယ်ကူနိုင်ပါဘူး။
ဥပမာ ပြောရရင်- လျှပ်စစ်နဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ အပါအဝင် တယ်လီကွန်မြူနီကေးရှင်း ကဏ္ဍတွေရဲ့ အခြေခံ အဆောက်အအုံတွေဟာ သီးခြား ဖြစ်မနေပါဘူး။ သုံးစွဲနေတဲ့ ငွေကြေး စနစ်ဆိုလည်း ထိုနည်းတူပါပဲ။
ဒီတော့ ... အေအေ အနေနဲ့ သီးသန့် စီမံ အုပ်ချုပ်ပိုင်ခွင့် Autonomy ရဲ့ အဆင့်အတန်းကို တော်တော်လေးမြင့်မြင့်မားမား ကျင့်သုံးလာနိုင်သည် ဆိုဦး၊ မြန်မာပြည်မနဲ့ ဖြတ်တောက်ရခက်မယ့် အဆက်အစပ် အခန်းကဏ္ဍတွေလည်း ရှိနေပါတယ်။
စစ်ပွဲလွန်ကာလ ဘယ်ကဏ္ဍတွေ အရေးကြီးမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ဆိုတော့ကား ... တွမ်ရေ ... ULA/AA အနေနဲ့ ရခိုင်ကို လက်တွေ့အရ စီမံ ခန့်ခွဲ အုပ်ချုပ်မယ့် ဒီဖက်တို အုပ်ချုပ်ရေး အာဏာပိုင်တွေ အဖြစ် ပြုမူဖို့ရာ သူတို့ထံမှာ လုံလောက်တဲ့ ရင်းမြစ်တွေ၊ စွမ်းရည်တွေ ရှိတယ်လို့ မြင်လား။ သူတို့ကို သူတို့ လုံလောက်အောင် ပြင်ဆင်ထားတာ တွေ့ရလား။
သောမတ်စ်ကီးန်။ ။ အေအေရဲ့ ခေါင်းဆောင်ပိုင်းက ရည်ညွှန်းလေ့ရှိတဲ့ နိုင်ငံရေး ပုံစံ “political model” ဟာ ဘာလဲ ဆိုတာကို ကြည့်ရင် .... ၊ တစ်နည်းအားဖြင့် သူတို့ ဘယ်လိုပုံစံမျိုး တည်ဆောက်ချင်တာလည်း ဆိုရင် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ရဲ့ ပုံစံမျိုးလို့ ပြောနိုင်ပါတယ်။ ဝ ဒေသ ဆိုတာကလည်း ရခိုင်နဲ့ ဆိုရင် မြန်မာနိုင်ငံရဲ့ တစ်ဘက်တစ်ချက် စီမှာ၊ အလွန်အလှမ်းကွာစွာပဲ ရှိနေပါတယ်။
UWSA အကြောင်း နည်းနည်း ပြန်ပြောင်း ပြောရရင် .... အဲဒီ အချိန်က အာဏာသိမ်း စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူမှု ရခဲ့တဲ့ ၁၉၈၉ က စလို့ UWSA ဟာ ဝဒေသ ကို ကိုယ့်လက်ကိုယ့်ခြေနဲ့ အပြည့်အဝ စီမံ အုပ်ချုပ်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ ခွဲထွက်တာမျိုးတော့ မလုပ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း အဖြစ် အသိအမှတ်ပြု ခံယူပါတယ်။ ဒါပေမယ့် ဝဒေသကို အလုံးစုံ စီမံဖန်တီး အုပ်ချုပ်လာတာ ဖြစ်ပါတယ်။
အဲဒီ ပုံစံ နိုင်ငံရေး မော်ဒယ်မျိုးကို ရခိုင်မှာ ဖော်ဆောင်ချင်တာ ဖြစ်တယ်လို့ အေအေ ခေါင်းဆောင်ပိုင်းက ဆိုပါတယ်။ ဒါပေမယ့် ဝပြည်နဲ့ ရခိုင် ကြား မတူ ကွဲပြားတဲ့ အချက်တွေက ကြီးမားပါတယ်။ ဝဟာ တရုတ်နဲ့ အဓိက ထိစပ်နေတာ ဖြစ်ပြီး၊ ထိုင်းနဲ့ ထိနေတဲ့ နယ်စပ်ဒေသတွေလည်း ရှိပါတယ်။ အခြေခံ အဆောက်အအုံတွေကို တရုတ်နဲ့ကြား အတူတကွ ရောထွေး စပ်ယှက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရခိုင်ကတော့ အဲဒီလိုမျိုး အိမ်နီးချင်း တခြား နိုင်ငံတစ်ခုခုနဲ့ အတူ ရောထွေး တည်ဆောက်ထားတာမျိုး မရှိပါဘူး။
ကျွန်တော် ပြောခဲ့သလိုပဲ ရခိုင်ထဲက အဓိက အခြေခံ အဆောက်အအုံတွေဟာ မြန်မာပြည်မပေါ်မှာ၊ တစ်နည်းအားဖြင့် နေပြည်တော်ကို ချုပ်ကိုင်တဲ့ အာဏာပိုင်တွေရဲ့ စီမံ ခန့်ခွဲမှု အောက်မှာ ရှိနေတာတွေ အပေါ် မှီခို ရတာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ လျှပ်စစ်နဲ့ တယ်လီကွန်မြူနီကေးရှင်း ကဏ္ဍကို ဥပမာပေး ပြောရတာကလည်း .... အဲဒီ ကဏ္ဍတွေဟာာ ခေတ်သစ် နိုင်ငံ မော်ဒန်စတိတ် တစ်ခုရဲ့ မရှိမဖြစ် အခြေခံလိုအပ်ချက်တွေ ဖြစ်နေလို့ပါပဲ။
အဲဒီအရာတွေကို “ဝ” က တရုတ်ဆီက ရတာ ဖြစ်ပါတယ်။ သူတို့ သုံးတာ တရုတ် (ဖုန်း) sim card ဖြစ်ပါတယ်။ တရုတ် ငွေကြေးကို သုံးပါတယ်။ လျှပ်စစ်လည်းပဲ တရုတ်ဘက်က ရပါတယ်။ ဝ အနေနဲ့ တရုတ်အပေါ် မှီခိုလို့ ရနေပေမယ့်၊ အေအေ အနေနဲ့ တော့ ဒီ အခန်းကဏ္ဍတွေ အလုံးစုံ ပြည့်မြောက် လည်ပတ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အပေါ်မှာ ဖြစ်ဖြစ်၊ အိန္ဒိယ အပေါ်မှာ ဖြစ်ဖြစ် မှီခို နိုင်မှာ မဟုတ်ပါဘူး။ ဒီ အချက်ဟာ ရခိုင်ကို အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှု ယန္တရားတွေ ရေရှည်သဘော ခိုင်မြဲ လည်ပတ် နိုင်တဲ့ နေရာ ဖြစ်အောင် လုပ်ဆောင်ဖို့ရာ
အေအေ အတွက် ရင်ဆိုင် ဖြေရှင်းရမယ့် အခြေခံ အကျဆုံးနဲ့ အကြီးမားဆုံး စိန်ခေါ်ချက် ဖြစ်ပါတယ်။
စီးပွားရေး ကဏ္ဍပိုင်းမှာလည်း စိန်ခေါ်ချက် ကြီးမားနိုင်ပါတယ်။ ရခိုင် လူထုအများရဲ့ စီးပွားရေးဟာ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ ကုန်သွယ်ရေး တို့ ဖြစ်ပါတယ်။ ဒီ ကဏ္ဍတွေမှာလည်း မြန်မာပြည်မထက် အိမ်နီးချင်း နိုင်ငံတွေနဲ့ကြား ကုန်သွယ်ရေး အပေါ်မှာပဲ အလုံးစုံ မှီခို အားထားသွားမယ် ဆိုပြီးတော့လည်း လုပ်လို့ မရနိုင်ပါဘူး။ လက်တွေ့မှာကို စစ်ပွဲတွေ ပြန်ဖြစ်ကတည်းက စစ်တပ်ဟာ ပြည်မနဲ့ ရခိုင်ကြားက ဝင်ပေါက် ထွက်ပေါက်တွေ့ကို ပိတ်ဆို့ ပစ်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ တို့နဲ့ကြား ရခိုင် ပြည်နယ်တစ်ခုလုံးစာ အတိုင်းတာ ပမာဏနဲ့ ကုန်သွယ်ရေး လုပ်နိုင်မယ့် အခြေခံ အဆောက်အအုံမျိုးလည်း ရှိမနေတဲ့ အတွက် ရခိုင်က လူအများ အတော်လေး အတိဒုက္ခ ရောက်ကြရပါတယ်။ ဒီတော့ ရခိုင်ကို စီးပွားရေး အရ အောင်မြင်အောင် လုပ်ဆောင်ဖို့ ဆိုတဲ့ လုပ်ငန်းတာဝန်ကို အေအေ အနေအနေနဲ့ အတော်လေး ခက်ခက်ခဲခဲ ထမ်းဆောင် သွားရနိုင်ပါတယ်။
အေအေဘက်ကလည်း အဲဒီလို စိန်ခေါ်မှုတွေ ရှိလာမှာကို ကြိုတင်ပြီး တွက်ဆ ထားနိုင်သည့်တိုင် လုပ်စရာ နည်းလမ်း၊ ရွေးစရာနည်းလမ်းတွေကလည်း အကန့်အသတ်နဲ့ ဖြစ်နေပါတယ်။ နေပြည်တော် စစ်ကောင်စီနဲ့ကြား ဆက်ဆံရေး ကောင်းမွန်နေတဲ့ အိန္ဒိယလို့ အိမ်နီးချင်းနဲ့ ဆက်ဆံရေး တိုးချဲ့နိုင်မယ့် နည်းတွေ ရှာရမှာလား၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်ရမှာလား ... သိပ်ပြီး မလွယ်လှတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ရခိုင်ထဲက ကြီးမားလှတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် တရုတ်နဲ့ကြား ဆက်ဆံရေးမှာ တော့ အေအေ အနေနဲ့ အတိုင်းတာ တစ်ခု အထိ ကောင်းမွန်နေနိုင်ပါတယ်။
လက်ရှိ အချိန်ထိ အေအေ အတွက် အကောင်းဆုံး အားသာချက်ကတော့ ရခိုင် ပြည်သူတွေရဲ့ ထောက်ခံမှုကို တခဲနက် ရနေတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာက သူတွေရော၊ တိုက်ပွဲ မဖြစ်သည့်တိုင် ပိတ်ဆို့မှုတွေကြောင့် အစစအရာရာ ပြတ်လပ်နေကြရတဲ့ သူတွေကပါ ဒီဒုက္ခတွေကို အခုအချိန်မှာ ခါးစည်းခံပြီး အေအေ အပေါ် ထောက်ခံမယ်၊ အေအေ ဆင်နွှဲနေတဲ့ စစ်ကို ထောက်ခံမယ် ဆိုတဲ့ သဘောတားမျိုးတွေ ရှိတာ တွေ့ရပါတယ်။
ဒါပေမယ့် အဲဒီ သဘောထားမျိုးဟာ ရေရှည်သဘော ဘယ်အထိအောင် ဆက်ပြီး တည်မြဲနေမလဲ ဆိုတဲ့ မေးခွန်း ရှိနေပါတယ်။ အေအေ က အုပ်ချုပ် နေပြီ ဆိုရင် လူတွေဟာ သူတို့ လိုအပ်နေတဲ့ အစားအစာနဲ့ ဆေးဝါးတွေလို အခြေခံ လိုအပ်ချက်တွေက စလို့ အများပြည်သူ့ ဝန်ဆောင်မှုတွေကို အေအေ ပေးမှာလား ဆိုပြီး မျှော်လင့်လာမှာ ဖြစ်ပါတယ်။ အေအေ အတွက် လူအများ လိုအပ်တာတွေ ဖြည့်ဆည်းပေးရမယ် ဆိုတဲ့ စိန်ခေါ်ချက်ကို စစ်ပွဲလွန်ကာလမှာ ကြုံလာရလိမ့်မယ်လို့ သုံးသပ်မိပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင်အရေး ဘယ်လောက် ပြင်းထန် လေးနက်သလဲ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဘီဘီစီ။ ။ ရိုဟင်ဂျာ အရေးကရော တွမ်ရေ ... အေအေ အနေနဲ့ ကိုင်တွယ်ရမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေထဲ ရိုဟင်ဂျာ အကျပ်အတည်း ပါဝင်တယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ ဩဂုတ် ၅ ရက် မောင်တော အဖြစ်အပျက် အပါအဝင် ရိုဟင်ဂျာ အရပ်သားတွေ အပေါ် အေအေ တပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ပြုလုပ်ခဲ့တယ် ဆိုတဲ့ နိုင်ငံတကာ ပြစ်တင် ရှုတ်ချသံတွေ၊ ဝေဖန်မှုတွေ အခု လတ်တလောမှာပဲ အတေော်လေး ထွက်ပေါ်လာပါတယ်။ ဒီတော့ ရိုဟင်ဂျာ အရေး ကိုင်တွယ်ဖို့ ဆိုတာကလည်း အေအေ အတွက် ဘယ်လောက် အရေးကြီးပြီး၊ ပြင်းထန် လေးနက်တယ်လို့ ထင်လဲ။
သောမတ်စ်ကီးန်။ ။ အရေးကြီးဆုံး ကိစ္စထဲ ပါဝင်ပါလိမ့်မယ်။ အဲဒီလို ပြောရတဲ့ အကြောင်းတွေ ရှိပါတယ်။ ပထမအချက်ကတော့ အခုအချိန်ထိအောင် ရခိုင်ထဲမှာ ရိုဟင်ဂျာတွေ အများအပြား ဆက် ရှိနေကြပါတယ်။ အေအေ အနေနဲ့ သူတို့ဟာ ရခိုင်ထဲ နေထိုင်ကြသူတွေ အားလုံးကို အကာအကွယ် ပြုပေးနိုင်တဲ့ အုပ်ချုပ်ရေးကို ထူထောင်ဖို့ လိုပါလိမ့်မယ်။
နောက်တစ်ချက်ကတော့ ... ရိုဟင်ဂျာတွေ နေတဲ့ အရပ်ဒေသတွေမှာ အေအေ တပ်ဖွဲ့ဝင်တွေ ဘယ်လို ပြုမူကြသလဲ ဆိုတဲ့ အချက်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အေအေ အကြား ဆက်ဆံရေး ဘယ်လောက် အထိ ထူထောင်နိုင်မလဲ ဆိုတာကို ပုံဖော် ပေးမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က အေအေရဲ့ အပြုအမူတွေကို စောင့်ကြည့်နေပါတယ်။ အေအေနဲ့ ဆက်ဆံရေး ဘယ်လို ထားရှိမလဲ ဆိုတာကို ချိန်ဆ နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်လ ဝန်းကျင်အတွင်း ထွက်ပေါ်လာခဲ့တဲ့ အေအေ တပ်ဖွဲ့ရဲ့ ရိုဟင်ဂျာတွေ အပေါ် ကျုးလွန်မှု သတင်းတွေဟာ နှစ်ဘက်အကြား မယုံကြည်မှုတွေ၊ သံသယတွေကို ပို ကြီးထွားလာစေပါတယ်။ အဲဒီ အခြေအနေတွေဟာ ရိုဟင်ဂျာ တချို့ကို မြန်မာစစ်တပ်ထဲ ပိုပြီး တွန်းပို့ရာရောက်သလို၊ အေအေကို တိုက်ဖို့ ဆိုပြီး ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေထဲ ဝင်တာမျိုးတွေလည်း ပိုပြီး ဖြစ်လာ နိုင်စေပါတယ်။
ဒီလို ဖြစ်ရပ်တွေဟာ ရေရှည်သဘော အတွက် အတော်လေး မလိုလားစရာ ကောင်းတဲ့ ဝန်းကျင် အခြေအနေ unhealthy dynamic ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် ရိုဟင်ဂျာတွေ အပေါ် တရားမျှတစွာ ဆက်ဆံဖို့၊ ကိုယ့်ရဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း အသေအချာ လမ်းညွှန်ဖို့ အေအေ အတွက် လိုအပ်လှပါတယ်။
လက်ရှိ အခြေအနေတွေကိုကြည့်ရင် မောင်တောလည်းပဲ တချိန်မဟုတ် တချိန် အေအေလက်ထဲ သေချာပေါက် ရောက်သွားမယ်လို့ ပြောနိုင်ပါတယ်။ အဲဒီ အချိန်ကျရင် မောင်တော ဒေသ တချို့ နေရာတွေမှာ လှုပ်ရှားနေတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် တပ်တွေ ဘာလုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။ စစ်ကောင်စီ တပ်တွေ ရှိမနေတော့တဲ့ မောင်တော ဒေသမှာ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေဟာ အေအေကို ဆက်ပြီး တိုက်ခိုက်နေကြမှာလား ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ရိုဟင်ဂျာတွေရဲ့ လက်နက်ကိုင် တိုက်ခိုက်မှု အပေါ် စိုးရိမ်စိတ်တွေ ကိုယ်စီ ရှိကြပါတယ်။ လက်နက်ကိုင် တိုက်ခိုက်မှုဟာ ရိုဟင်ဂျာ အရပ်သားတွေကို အကူအညီပေးရာ မရောက်တဲ့ အပြင် ပိုပြီး ဒုက္ခတွေ ရောက်စေတယ်လို့ မြင်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း မလိုလားသလို၊ အေအေကလည်း လက်ခံမှာ မဟုတ်ပါဘူး။ ရခိုင်မြောက်ပိုင်းက အခြေအနေတွေကို ဆက်ပြီး ဆိုးသွားစေနိုင်ပါတယ်။
စစ်ပွဲရပ်သွားနိုင်တဲ့ တခြားနည်းတွေ ရှိနေနိုင်လား

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဘီဘီစီ။ ။ အခု ရခိုင်မှာ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခဟာ၊ စစ်ပွဲရဲ့ အဆုံးသတ်ဟာ အခုလို တိုက်တာခိုက်တာတွေကနေ မဟုတ်ပဲ နောက် ပုံစံတစ်မျိုးမျိုး နဲ့ရောက် အဆုံးသတ်နိုင်ဖွယ် ရှိလား တွမ်။ ပြောရရင် တရုတ်ရဲ့ ကြားဝင်မှုနဲ့ အေအေနဲ့ မြန်မာစစ်တပ်ကြား သဘောတူမှု တစ်ခု ရလာတာမျိုးပေါ့။
သောမတ်စ်ကီးန်။ ။ လုံးဝ မဖြစ်နိုင်ဘူး ဆိုတဲ့ ယတိပြတ် စကားမျိုးတော့ ကျွန်တော် မပြောလိုပါဘူး။ ဒါပေမယ့် အခု လက်ရှိ အနေအထားမှာတော့ အတော်လေး ဖြစ်ဖို့ ခဲယဥ်းပါတယ်။ ကျွန်တော်တို့ ရှမ်းမြောက်ဒေသ အရေးကို ကြည့်ရအောင်ပါ။ အဲဒီမှာတော့ တရုတ်ဟာ ကြားဝင်နိုင်ဖို့ကို အတော်လေး ခိုင်ခိုင်မာမာ ကြိုးစားခဲ့တာကို တွေ့မြင် ခဲ့ရပါတယ်။ အပစ်ရပ်သဘောတူမှု တစ်ရပ် မဖြစ်ဖြစ်အောင် ထွက်လာဖို့ လုပ်ပေးခဲ့ပါတယ်။ ခင်ဗျားသိတဲ့ အတိုင်းပဲ ... မခိုင်မာခဲ့ပါဘူး။ ကျိုးပျက်ခဲ့ပြီး ၁၀၂၇ ဒုတိယပိုင်း ပေါ်ပေါက်လာပါတယ်။
အဲဒီကာလတွေမှာ ညီနောင်မဟာမိတ်တွေဘက်က ထိုးစစ်တွေရပ်ဖို့ တရုတ်က အတော်လေးကို ပြင်းပြင်းထန်ထန် ပြောခဲ့တယ်လို့ နားလည်ရပါတယ်။ နေပြည်တော်ဘက်ကိုရော တိုင်းရင်းသား အဖွဲ့တွေဘက်ကိုရော တရုတ် အနေနဲ့ ပြောဆိုခဲ့ပေမယ့် စစ်ပွဲတွေ တကယ်တမ်း ရပ်မသွားခဲ့ပါဘူး။
အဲဒါက ဘာကို ပြနေသလဲဆိုရင် သူတို့နယ်စပ်နဲ့ ကပ်ရက် ရှမ်းမြောက် ဒေသမှာတောင် တရုတ်ရဲ့ တတ်နိုင်စွမ်းအားဟာ အကန့်အသတ်နဲ့ ဖြစ်နေပါတယ်။ ရခိုင်ဆိုတာ ရှမ်းမြောက်နဲ့ ဆိုရင် တိုင်းပြည်ရဲ့ တခြားတစ်ဘက်ခြမ်းမှာ ဖြစ်ပါတယ်။ ရခိုင်ထဲမှာ ကျောက်ဖြူထဲက စီမံကိန်းတွေ အပါအဝင် တရုတ်အတွက် ဗျူဟာမြောက် အရေးပါတဲ့ နေရာတွေ ရှိနေတဲ့ အတွက် ရခိုင်အရေးအပေါ် တရုတ် အနေနဲ့ စိုးရိမ်စိတ် ရှိနိုင်ပါတယ်။ မြန်မာ စစ်တပ်နဲ့ အေအေကြား စကားပြောနိုင်မယ့် နေရာတွေ ဖန်တီး ပံ့ပိုးပေးတာမျိုး ကြားဝင်တာတွေ ပြုလုပ်ကောင်း ပြုလုပ်နိုင်ပေမယ့်၊ အပစ်ရပ် သဘောတူမှု တစ်ရပ် မဖြစ်မနေ ပေါ်ပေါက်အောင် အတင်းဖိအားပေး လုပ်ဆောင်မယ်လို့တော့ မမျှော်လင့်နိုင်ပါဘူး။
အဲဒီလို မလုပ်ရတဲ့ အကြောင်းကလည်း မြန်မာစစ်တပ်ရော အေအေပါ ဘယ်ဘက်ကမှ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ တရုတ် တည်ဆောက်ထားတဲ့ အခြေခံ အဆောက်အအုံတွေကို ရခိုင်ထဲမှာ ပစ်မှတ်ထား တိုက်ခိုက် ဖျက်စီးတာတွေ လုပ်မှာ မဟုတ်ဘူး ဆိုတဲ့ စိတ်ချမှု ရှိနေလို့ ဖြစ်နိုင်ပါတယ်။
အဲဒီလို အပြင်ကလာတဲ့ ကြားဝင်မှု ရှိရှိ မရှိရှိ၊ ကာယကံရှင် နှစ်ဘက်ရဲ့ သဘောထားတွေကို ဆန်းစစ်ရရင်လည်း နယ်မြေတွေ ရရှိနေတဲ့ အေအေ ကို အသာထား၊ နေပြည်တော် က စစ်ကောင်စီကလည်း ရခိုင်စစ်ပွဲနဲ့ ပတ်သက်ပြီး အေအေနဲ့ကြား အပစ်ရပ်သဘောတူမှု တစုံတရာ ရလိုတဲ့ ဆန္ဒရှိဟန် မတူပါဘူး။
အဓိကကတော့ စစ်ခေါင်းဆောင်ရဲ့ သဘောထားပါပဲ။ ရခိုင်စစ်ပွဲမှာ အပစ်ရပ် သဘောတူမှု တစုံတရာ ထွက်လာခဲ့ရင် ... အဲဒါဟာ ရခိုင်မှာ သူတို့ လက်လွှတ် ဆုံးရှုံးထားသမျှတွေ၊ အေအေ ရရှိထားသမျှတွေကို အသိအမှတ်ပြု လက်ခံရာ ရောက်သွားလိမ့်မယ် ဆိုတဲ့ ရှုထောင့်အမြင်မျိုး အာဏာသိမ်း စစ်ခေါင်းဆောင်ထံမှာ ရှိပုံရပါတယ်။ သူဟာ ရှမ်းမြောက်မှာရော၊ ရခိုင်ထဲမှာပါ ဘာတွေ ဆုံးရှုံးနှင့်ပြီးပြီလဲ ဆိုတာကို လက်သင့်ခံနိုင်ဖို့ အင်မတန် ခက်ခဲ နေပါတယ်။
တကယ်လိုများ အေအေနဲ့ ကြား အခုလက်ငင်းမှာကို သဘောတူမှု တစုံတရာ ရလာခဲ့ရင် ရခိုင်ထဲက လက်ကျန် ခြေကုပ်နေရာလေးတွေ သက်သာရရမယ် ဆိုရင်တောင် စစ်ခေါင်းဆောင် အနေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေး ညှိနှိုင်းတာမျိုး လုပ်မယ်လို့ ကျွန်တော် မထင်ပါဘူး။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post








