အာဏာခိုင်မာအောင် မထိန်းချုပ်နိုင်သူအဖြစ် နေပြည်တော်စစ်ခေါင်းဆောင်ရဲ့ အနာဂတ်အပေါ် တရုတ်သုံးသပ်နေပြီလား

ဓာတ်ပုံ ရင်းမြစ်, ပုံဟောင်း-UGC
နေပြည်တော်ရဲ့ နိုင်ငံရေး၊ စစ်ရေး ဝန်းကျင်လေထုဟာ မသေချာမရေရာမှုတွေနဲ့ ပြည့်နေပါတယ်။ နေပြည်တော်က စစ်ရေးပစ်မှတ်တွေထိ ဒရုန်းနဲ့ တိုက်ခံရ၊ ရှော့တိုက်ဒုံး အပစ်ခံရ ဖြစ်လာချိန် တပ်တွင်း အသိုင်းအဝိုင်း လူဖမ်းပွဲတွေလည်း ဆက်တိုက် ဖြစ်လာပါတယ်။
ကျားဖြန့်ကိစ္စနဲ့ ဆက်စပ်နေတယ် ဆိုပြီး တရုတ်ရဲ့ ဖော်ထုတ်မှုတွေကြောင့် ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ အဖမ်းခံရတယ် ဆိုတဲ့ သတင်းတွေရဲ့နောက်၊ အခုဆို ပြည်တွင်း လက်နက်ကိုင် ဆန့်ကျင်မှုကို ကိုင်တွယ်ရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ပျော့ညံ့လွန်းတယ် ဆိုတဲ့ အမြင်မျိုး ရှိတဲ့ အရင် ထိပ်တန်း စစ်ဗိုလ်ချူပ်ဟောင်းတွေပါ အဖမ်းခံလာရတာမျိုးတွေ ပေါ်ပေါက်လာတယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံ ပတ်ချာလည် စစ်မျက်နှာပြင်တွေမှာ မကြုံစဖူး အတိုင်းအတာနဲ့ စစ်ရေး ရှုံးနိမ့်မှုတွေ ကြုံနေရတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရဲ့ အနာဂတ် အပေါ် တရုတ် အစိုးရ အနေနဲ့လည်း ဆန်းစစ်မှုတွေ လုပ်နေတယ် ဆိုပြီး လေ့လာစောင့်ကြည့်သူ တချို့ရဲ့ ပြောဆိုချက်တွေ ရှိနေပါတယ်။
မကြာသေးခင် သီတင်းပတ်တွေကပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းဟာ အခု လက်ရှိ စစ်ခေါင်းဆောင်ရဲ့လက်ထဲ တပ်ကို လွှဲပေးခဲ့တဲ့ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ခေါင်းဆောင်ဟောင်းတွေကို လိုက်လံ တွေ့ဆုံနေခဲ့ပါတယ်။
ဒီတော့ တရုတ်အနေနဲ့ နေပြည်တော် အဝိုင်းအဝန်းထဲ စနည်းနာနေတာ ဘာ့ကြောင့်လဲ ... လက်ရှိ စစ်ခေါင်းဆောင်ရဲ့ ကုလားထိုင် နေရာ လှုပ်ခါ နေပြီလား .... ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာပြီးနောက်ပိုင်း နေပြည်တော် စစ်ကောင်စီအပေါ် တရုတ်အစိုးရက ဘယ်လို သဘောထားနေသလဲ... စတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပဋိပက္ခတွေကို ဖြေလျှော့နိုင်ရေး နည်းလမ်းတွေ အကြံပြုဖို့ရာ ဘရပ်စ်ဆဲလ်စ် မြို့ အခြေစိုက် ဖွဲ့စည်းထားတဲ့ International Crisis Group အဖွဲ့က မြန်မာ့အရေး အကြီးတန်း အကြံပေး ရစ်ချက်ဟော်ဆီကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တရုတ်သံရုံး
ဘီဘီစီ။ ။ တရုတ်အစိုးရနဲ့ နေပြည်တော် စစ်ကောင်စီကြားက လက်ရှိ ဆက်ဆံရေး၊ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း ဆက်ဆံရေးကို ရစ်ချက် အနေနဲ့ ဘယ်လို ဆန်းစစ်ထားလဲခင်ဗျ။
ရစ်ချက်ဟော်ဆီ။ ။ တရုတ်နဲ့ နေပြည်တော်ကြား ဆက်ဆံရေးဟာ မချောမွေ့လှပါဘူး၊ ပြဿနာတွေ ရှိပါတယ်။ အာဏာသိမ်း စစ်ကောင်စီအပေါ် တရုတ်ရဲ့ မကျေနပ်ချက်တွေ ရှိပါတယ်။ အထင်ရှားဆုံးကတော့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဖြိုခွဲရေး ကိစ္စ ဖြစ်ပါတယ်။ နေပြည်တော်ဘက်က အားတက်သရော မရှိခဲ့တဲ့ အတွက် ၁၀၂၇ စစ်ဆင်ရေးတွေဟာ တရုတ်ရဲ့ မျက်စေ့အောက်မှာပဲ အခုလောက် အတိုင်းတာ ပမာဏမျိုးနဲ့ ပေါ်ပေါက် လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးတွေ ပေါ်ပေါက်လာပြီးတဲ့နောက် အင်မတန် သိသာ ထင်ရှားတဲ့ အချက် ပေါ်ထွက်လာပါတယ်။ အဲဒါကတော့ .... အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံ တစ်ခုလုံးကို ခြုံလွှမ်းပြီး ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး ... လက်လွှတ်လိုက်ရတာတွေကို ဘယ်လိုမှ ပြန်ရယူ နိုင်စွမ်း မရှိတော့ဘူး ဆိုတဲ့ အချက် ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီ့မတိုင်ခင် အချိန်တုန်းကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး တရုတ် အစိုးရအနေနဲ့ သဘောမကျတာတွေ၊ မကျေနပ်စရာ အကြောင်းတွေ ရှိတယ် ဆိုဦး မြန်မာနဲ့ ဆက်ဆံရင် ဒီပုဂ္ဂိုလ်နဲ့ မလွဲမသွေ ဆက်ဆံရမှာပဲ ဆိုတဲ့ အမြင်မျိုး ရှိခဲ့ပါတယ်။
ဒါ့ကြောင့် တရုတ်ကိုလာဖို့ နိုင်ငံ့ခေါင်းဆောင် အနေနဲ့ ဖိတ်တာမျိုး အထိ မလုပ်ပေမယ့်၊ စစ်ခေါင်းဆောင်နဲ့ကြား ထိတွေ့ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ပါတယ်။
အခု လက်ရှိအချိန်မှာတော့ စစ်ခေါင်းဆောင်ဟာ အဲဒီလို မရှိမဖြစ် လိုအပ်တဲ့ လူလား ဆိုတဲ့ အပေါ် တရုတ်အနေနဲ့ ပြန်လည် ဆန်းစစ် သုံးသပ်လာပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ဩဇာအာဏာဟာ အားလုံး အပေါ် လွှမ်းခြုံ ထိန်းသိမ်း နိုင်တဲ့ အလုံးစုံ သဘော မဆောင်တော့ဘူးလို့ ဘေဂျင်းဘက်က မြင်လာနေပြီလို့ ပြောနိုင်ပါတယ်။
တရုတ်ဟာ အခုဆိုရင် စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အနာဂတ်အပေါ် ပွင့်ပွင့်လင်းလင်းပဲ မေးခွန်းထုတ်လာပါတယ်။ သူ့ အနေနဲ့ အာဏာကို ဆက်ထိန်းထားနိုင်စွမ်း၊ စစ်တပ်အကြီးအကဲ နေရာမှာ ဆက်ရှိ နေနိုင်စွမ်း တကယ်ရှိရဲ့လား ဆိုတာကို တရုတ် အစိုးရကလည်း ဆန်းစစ်နေပါတယ်။
ဒါပေမယ့်၊ လောလောဆယ်မှာတော့ တရုတ်ထံမှာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ကြား ဆက်ဆံရေးနဲ့ ပတ်သက်လို့ ရှေ့ ဘယ်လို ဆက်ပြီး စခန်းသွားမလဲ ဆိုတဲ့ အပေါ် အတိတကျ နည်းနာတစ်ခု ရှိနေဟန် မတူပါဘူး။

ဓာတ်ပုံ ရင်းမြစ်, International Crisis Group
ဘီဘီစီ။ ။ တရုတ်အစိုးရဟာ ဝင်ရောက် မစွက်ဖက်ရေး မူဝါဒ အပေါ် အမြဲပဲ အလေးပေးတဲ့ အကြောင်း ပြောလေ့ ရှိပါတယ်။ အခုလို နေပြည်တော် စစ်ကောင်စီနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အနာဂတ် အပေါ် တရုတ်အနေနဲ့ ဆန်းစစ်နေပြီ ဆိုရင် ... သူတို့ အနေနဲ့ လက်ရှိ စစ်ခေါင်းဆောင်ကို ... နေရာမှာ ဆက်မရှိတော့မှာကို လိုလားတာမျိုးလား ... စစ်ကောင်စီ အလွန် အသွင်ကူးပြောင်းရေး ညွန့်ပေါင်း အစိုးရ ပုံစံမျိုး ပေါ်ပေါက်လာစေချင်တာမျိုးလား။ တရုတ်ထံမှာ အဲဒီလောက်အထိ ရည်ရွယ်ချက် ရှိနေနိုင်လားခင်ဗျ။
ရစ်ချက်ဟော်ဆီ။ ။ မြန်မာနိုင်ငံထဲမှာ တရုတ် အနေနဲ့ သူတို့ လိုလားတဲ့ ရလဒ် အဖြေ အတိတကျ ပုံစံတစ်မျိုးမျိုး ထွက်လာအောင် လိုသလို ပုံသွင်းနိုင်စွမ်း သူတို့ထံမှာ ရှိနေတယ်လို့ ခံယူဟန် မတူပါဘူး။ တကယ်လည်း ဘက်ပေါင်းစုံ အပေါ် လိုသလို ချုပ်ကိုင်နိုင်တဲ့ “နိုင်ကွက် - leverage” မျိုး တရုတ်ထံမှာ ရှိမနေပါဘူး။ ဘယ်ဘက်က နိုင်မယ် ... ဘယ်ဘက်ကို ပုံအောမယ် ဆိုတဲ့ လမ်းကြောင်းမျိုးကိုလည်း အခုအချိန်မှာ ရွေးချယ်တာမျိုး တရုတ်အစိုးရက လုပ်မှာ မဟုတ်ပါဘူး။
လက်ရှိ ပေါ်ပေါက်လာနေတဲ့ အဖြစ်အပျက် အခြေအနေတွေကိုပဲ အရင်းခံ အတိုင်း နားလည် သိမြင်နိုင်အောင် ဆန်းစစ်တဲ့ အနေအထား ဖြစ်ပါတယ်။
အဲဒီတော့ မြန်မာနိုင်ငံထဲက လက်ရှိ အခြေအနေ ဆိုတာ ဘာလဲ ဆိုရင် ... စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ဟာ တရုတ်ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ၊ အကျိုးစီးပွားတွေကိုလည်း ထိခိုက်သွားစေတဲ့ အတွက် မှားယွင်းတဲ့ လုပ်ရပ် အဖြစ် တရုတ်ကလည်း ရှုမြင်ပါတယ်။ စစ်ခေါင်းဆောင် ထံမှာလည်း တကယ်တမ်း အာဏာကို ခိုင်မာအောင် ထိန်းချုပ် နိုင်စွမ်း မရှိဘူး ဆိုတဲ့ အချက်ဟာ အသိသာ အထင်ရှားဆုံး အခြေအနေကို ရောက်လာပါတယ်။
အစကတည်းက စစ်ခေါင်းဆောင်ဟာ ယုံကြည်စိတ်ချရသူ မဟုတ်ဘူးလို့ တရုတ်က မြင်ထားနှင့်ပြီး ဖြစ်ပါတယ်။ လက်နက်ဝယ်ယူရေးနဲ့ လေ့ကျင့် သင်ကြားရေး အခန်းကဏ္ဍတွေမှာက အစ မြန်မာစစ်တပ်ကို တရုတ်ထံကနေ ဝေးကွာစေပြီး ရုရှားနဲ့ နီးကပ်သွားစေတဲ့ မူဝါဒရဲ့ အဓိက လက်သည်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်တယ် ဆိုတဲ့ အချက်ကို တရုတ်အစိုးရက သိနားလည် ထားပါတယ်။
ရုရှားအပေါ် ပိုမို မှီခိုလာတဲ့၊ ပိုပြီး နီးစပ်အောင် လုပ်ဆောင်လာခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ အပြုအမူကို ကြည့်ရင်လည်း သူ့ထံမှာ တရုတ်အပေါ် မယုံကြည်စိတ်တွေ ရှိနေတယ်ဆိုတဲ့ အချက်ဟာ သိသာ ထင်ရှားလှပါတယ်။
ဒါ့ကြောင့် ကိုးကန့် အပါအဝင် မြန်မာနိုင်ငံ နယ်နိမိတ်ထဲက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ တရုတ်က ဖိအားပေးလာတဲ့ အခါ၊ စစ်ခေါင်းဆောင်ဟာ လုံးဝ တုန့်ပြန်မှု မရှိသလောက် တုံဏှိဘာဝေ တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ၁၀၂၇ စစ်ဆင်ရေးတွေ ပေါ်ပေါက်လာဖို့ တရုတ်ဘက်က ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ ကျွန်တော် သုံးသပ်မိပါတယ်။ ကိုးကန့်နယ်ကို ပြန်လည် ထိန်းချုပ်နိုင်ရေး ဆိုတဲ့ ကိုးကန့်တပ် MNDAA ရဲ့ ဗျူဟာမြောက် ရည်မှန်းချက် ပြည့်မှီသွားတဲ့ အခါကျမှ တိုက်ပွဲတွေ ရပ်ရေး အတွက် တရုတ်က ကြားဝင် ပေးလာခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ အခု မကြာသေးခင်ကမှ တရုတ် အစိုးရဘက်က ပြုမူလာခဲ့တာတွေကိုကြည့်ရင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းဟာ အရင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့လက်ထောက် ဒုတိယဗိုလ်ချူပ်မှူးကြီး မောင်အေး၊ တခါ ... သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားတွေ့တာမျိုးတွေ လုပ်ပါတယ်။ အဲဒါကရော ဘယ်လို သဘော ဆောင်ပါသလဲ။ ဘာကို ညွှန်ပြနေပါသလဲ ရစ်ချက်ရေ ... ။
ရစ်ချက်ဟော်ဆီ။ ။ ပုံမှန်အားဖြင့်ကတော့ တရုတ်သံအမတ်ကြီးက ဖြစ်စေ၊ တခြား အဆင့်မြင့် တရုတ် အရာရှိကြီးတွေက ဖြစ်စေ ခေါင်းဆောင်ဟောင်းတွေကို သွားရောက် တွေ့ဆုံတဲ့ လုပ်ရပ်ဟာ ထူးဆန်းလှတဲ့ ကိစ္စ မဟုတ်ပါဘူး။ လုပ်လေ့လုပ်ထ ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆိုရင်လည်း တရုတ်နိုင်ငံနဲ့ကြား ကာလတာရှည် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့သူ ဖြစ်တဲ့ အတွက် တရုတ် အစိုးရ တာဝန်ရှိသူတွေဟာ ယဥ်ကျေးသမှုနဲ့ သွားရောက် တွေ့ဆုံတဲ့ အစဥ်အလာ ရှိပါတယ်။ ဒါပေမယ့် အခု အချိန်မှာတော့ အဲဒါထက်ပိုတဲ့ အဓိပ္ပာယ်တွေ သက်ရောက် နေတယ်လို့ ယူဆပါတယ်။
နေပြည်တော် အသိုင်းအဝိုင်း ကြားမှာ လက်ရှိ အခြေအနေတွေ အပေါ် ဘယ်လို သဘောထားအမြင်တွေ ရှိနေလဲ ဆိုတာကို တရုတ်က လိုက်လံ တီးခေါက်ကြည့်နေတာလို့ နားလည် နိုင်ပါတယ်။ လက်ရှိ စစ်ခေါင်းဆောင်ကို ဖယ်ရှားဖို့ အထိ နေပြည်တော် အဝန်းအဝိုင်းကြားမှာ စဥ်းစားချက်တွေ ရှိနေလား ဆိုတာကို တရုတ် အနေနဲ့ စူးစမ်းနေပုံ ရပါတယ်။
အခြေအနေတွေကို တည်ငြိမ်အောင် ဦးဆောင် ကိုင်တွယ် ထိန်းချုပ်နိုင်စွမ်း မရှိ ဖြစ်နေတဲ့ စစ်ခေါင်းဆောင် အပေါ် စစ်တပ် ထိပ်သီးပိုင်းတွေကြားမှာကို လူကြိုက်များမှု အင်မတန်ကျဆင်း လာနေတယ် ဆိုတဲ့ အချက်ကို တရုတ်လည်းပဲ သိမြင်ပါတယ်။ ဒါ့ကြောင့် နေပြည်တော်မှာ ဘာတွေ ရှေ့ဆက် ဖြစ်လာနိုင်သလဲ ဆိုတာကို အတွင်းကျကျ စူးစမ်းနေတာ ဖြစ်တယ်လို့ ယူဆရပါတယ်။
ဘီဘီစီ။ ။ ရှမ်းမြောက်တခွင် ၁၀၂၇ စစ်ဆင်ရေးထဲမှာ ပါဝင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တရုတ်ကြား နီးစပ်မှု၊ ခိုင်မာတဲ့ ဆက်ဆံရေး ရှိတယ် ဆိုတဲ့ အချက်ကတော့ ထင်ရှားပါတယ်။ NUG အပါအဝင် တော်လှန်းရေး အင်အားစုတွေ၊ မြန်မာနိုင်ငံ တောင်ဘက်ပိုင်း ပိုကျတဲ့ နေရာတွေမှာ အခြေစိုက်တဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ တရုတ်အစိုးရကြားက ဆက်ဆံရေးကရော ဘယ်လို အနေအထားမှာ ရှိပါသလဲ။ စစ်ကောင်စီနဲ့ တရုတ်ကြား ဆက်ဆံရေး တင်းပြည့်ကျပ်ပြည့် မရှိဘူး ဆိုတဲ့ အခြေအနေ အပေါ် အဲဒီ တော်လှန်ရေး အင်အားစုတွေကရော အခွင့်ကောင်း အဖြစ် အသုံးချပြီး တရုတ်နဲ့ကြား ဆက်ဆံရေး တည်ဆောက်လာနိုင်သလား ခင်ဗျ။
ရစ်ချက်ဟော်ဆီ။ ။ ရှမ်းမြောက်အရေး၊ ရခိုင် အရေးတို့နဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် အေအေနဲ့ကြား တရုတ်အနေနဲ့ ခိုင်မာတဲ့ ထိတွေ့ ဆက်ဆံမှုတွေ ရှိတာ ထင်ရှားပါတယ်။ ရခိုင်ထဲမှာ တရုတ်ရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အခြေခံ အဆောက်အအုံတွေ၊ အကျိုးစီးပွားတွေ ရှိနေပြီး၊ ဗျူဟာမြောက် အရေးပါလှတဲ့ နေရာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အရှေ့တောင်ဘက်ပိုင်းကို ကြည့်ရင်တော့ အဲဒီမှာ ရှိတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အပါအဝင် တခြား တိုင်းရင်းသား အဖွဲ့တွေနဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးဟာ အခုနက ပြောတဲ့ ရှမ်းမြောက်က အဖွဲ့တွေ၊ ရခိုင်တပ် အေအေတို့နဲ့ကြားက ဆက်ဆံရေးနဲ့တော့ ထပ်တူ တူနိုင်မှာ မဟုတ်ပါဘူး။ ဒါကလည်း ပထဝီ တည်နေရာအရ အလှမ်းကွာတာကလည်း အဓိက အကြောင်းတစ်ခု ဖြစ်မယ် ထင်ပါတယ်။ သူတို့ဟာ အစဥ်အလာအရကို တရုတ်နဲ့ နီးစပ်မှု မရှိခဲ့ကြပါဘူး။ အခါအားလျော်စွာ ထိတွေ့ ဆက်ဆံတာမျိုးတွေ ရှိပေမယ့်၊ ပုံမှန် သံတမန်ရေး အဆက်အသွယ် ထားရှိတာမျိုး မတွေ့ရပါဘူး။
ဒါပေမယ့် အခု လက်ရှိမှာတော့ မြန်မာနဲ့ နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းမှာ တရုတ်နိုင်ငံရဲတပ်ဖွဲ့ရဲ့ ရုံးခန်း ထားရှိလာပါတယ်။ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းကိုင်တွယ်ရေး အတွက် အဲဒီလို ထားရှိတာ ဖြစ်ပါတယ်။ ဒီတော့ အဲဒီရုံးဟာ သူတို့ကို သတင်းပေးနိုင်တဲ့၊ အချက်အလက်တွေ ပံ့ပိုးနိုင်တဲ့ အဖွဲ့အစည်း မှန်သမျှနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်မှာ သေချာပါတယ်။
တခါ NUG နဲ့ တရုတ်ကြားက ဆက်ဆံရေး အနေအထားကတော့ ပုံစံ နောက်တမျိုး ဖြစ်ပါတယ်။ NUG ဟာ အနောက်အုပ်စုနဲ့ နီးစပ်တဲ့ အဖွဲ့အဖြစ် ဘေဂျင်းက ရှုမြင်ထားပါတယ်။ NUG ပြောဆိုနေတဲ့ လူ့အခွင့်အရေး အခြေခံ နိုင်ငံရေး ဘာသာစကားဟာ ဘေဂျင်းက သုံးစွဲလေ့ ရှိတဲ့ ဘာသာစကားမျိုး မဟုတ်ပါဘူး။ ဒီတော့ အနောက်အုပ်စုနဲ့ လေယူလေသိမ်းတူတဲ့ NUG အပေါ် မှာ တရုတ်က သံသယ ထားရှိပါတယ်။ NUG ဟာ အနောက်အုပ်စုရဲ့လူ၊ အမေရိကန်ရဲ့လူ အဖြစ် ဘေဂျင်းဘက်က မြင်ပုံရပါတယ်။
ဒီလိုပြောတဲ့အတွက် NUGနဲ့ တရုတ်ကြားမှာ ဆက်ဆံရေး လုံးဝ မရှိဘူးလို့ မဆိုလိုပါဘူး။ တိတ်ဆိတ်ငြင်သာတဲ့ ထိတွေ့မှုတွေ၊ ကန့်လန့်ကာ နောက်ကွယ် ဆွေးနွေး တာမျိုးတွေ ရှိပါတယ်။ ဘာ့ကြောင့် တရုတ်အနေနဲ့ NUG နဲ့ကြားမှာ ပေါ်ပေါ်ထင်ထင် ဆက်ဆံရေး မျိုး မထူထောင်ရတာလဲ .... ဆက်ဆံရေးကို မခိုင်မာ စေရတာလဲ ဆိုတဲ့ အကြောင်းတွေထဲ အနောက်အုပ်စုရဲ့ လူဆိုတာ အပြင် နောက်ထပ် အကြောင်းတစ်ခုလည်း ရှိနေတယ်လို့ မြင်ပါတယ်။ အဲဒါကတော့ NUG ဟာ မြန်မာနိုင်ငံကို မကြာတော့မယ့် အချိန်အတွင်း လက်လွှဲယူပြီး ထိန်းချုပ် အုပ်စိုး နိုင်တော့မယ့် အစိုးရ အဖြစ် တရုတ်ဘက်က မရှုမြင်တဲ့ အတွက် ဖြစ်ပါတယ်။ ဒါဟာ ဘေဂျင်းရဲ့ ဆန်းစစ်မှု ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခြေအနေတွေဟာ NUG ဘက် သိသိသာသာ ချိန်ခွင်လျှာ အလေးသာ သွားတာနဲ့ တပြိုင်နက် NUG အပေါ် ကြိုက်ကြိုက်မကြိုက်ကြိုက် ၊ အနောက်အုပ်စုရဲ့လူ ဟုတ်ဟုတ်မဟုတ်ဟုတ် တရုတ်အစိုးရက ဆက်ဆံရေး တိုးမြှင့်မှာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်အစိုးရရဲ့ ချည်းကပ်မှု ပုံစံပဲ ဖြစ်ပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
ဘီဘီစီ။ ။ လက်ရှိ စစ်ခေါင်းဆောင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ အာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားနိုင်မယ်လို့ ရစ်ချက်ထင်လား။ စစ်မြေပြင်မှာ ရှုံးပွဲတွေဆက်တိုက် ကြုံနေရတဲ့ လက်ရှိ အခြေအနေဟာ စစ်တပ်အနေနဲ့ လုံးဝ ဘုန်းဘုန်းလဲသွားတာမျိုး၊ ဒါမှမဟုတ် အုပ်ချုပ်ရေး အသွင်ပြောင်းတာကို တနည်းမဟုတ်တနည်းနဲ့ မဖြစ်မနေ ဖော်ဆောင် လာရတာမျိုးတွေ ဖြစ်လာနိုင်လား။
ရစ်ချက်ဟော်ဆီ။ ။ ကျွန်တော့်အနေနဲ့ တကယ်ပဲ ပြောရခက်၊ ခန့်မှန်းရ ခက်နေပါတယ်။ စစ်မျက်နှာပြင်မှာ စစ်တပ်ကို ဘုန်းဘုန်းလဲအောင်ထိ အနိုင်တိုက်နိုင်မလား ဆိုတဲ့ မေးခွန်းမျိုး ကျွန်တော့်ကို လွန်ခဲ့တဲ့ တစ်နှစ် လောက်က အထိ မေးလာမယ် ဆိုရင်၊ မဖြစ်နိုင်ဘူးလို့ ဖြေဆိုမိမှာပါ။
အခုအချိန်မှာတော့ မေးခွန်းက စစ်တပ်ဟာ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ ဆိုတဲ့ အထိ အခြေအနေဟာ ပြောင်းလဲသွားပါတယ်။ ဒီအတွက်လည်း ကျွန်တော့်မှာ တိကျ ရှင်းလင်းတဲ့ အဖြေမျိုး ရှိမနေပေမယ့် ၊ အချက် တချို့ကိုတော့ ထောက်ပြ ပြောဆိုနိုင်မယ်လို့ ထင်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီဟာ စစ်ရေး ရှုံးနိမ့်မှု သက်သက် တွေ့ကြုံ နေတာ မဟုတ်ပါဘူး။ နိုင်ငံရေး အဓိပ္ပာယ်တွေလည်း တပါတည်း တွဲပါနေပါတယ်။ ဥပမာ- မြဝတီမြို့ တိုက်ပွဲကိုပဲ ကြည့်ပါ။ မြဝတီမြို့ကို ထိန်းချုပ်မှု လက်လွှတ်ရတာဟာ စစ်တပ်အတွက် ၊ အထူးသဖြင့် စစ်ခေါင်းဆောင် အတွက် ပုဂ္ဂိုလ်ရေးအရကို အကြီးအကျယ် အရှက်တကွဲ အကျိုးနည်း ဖြစ်ရတာမျိုးပါ။ ဘာ့ကြောင့်လဲ ဆိုတော့ လွတ်လပ်ပြီး မြန်မာနိုင်ငံသမိုင်းမှာ မြန်မာစစ်တပ် အစဥ်အဆက် ထိန်းချုပ်နိုင်ခဲ့တဲ့ နေရာမျိုးကို သူ့လက်ထက်ကျကာမှ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါဟာ စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးအရ အကြီးအကျယ် ဆုံးရှုံးမှု၊ ထိုးနှက်ခံရမှု ဖြစ်ပါတယ်။ နေပြည်တော် သတင်းရင်းမြစ်တွေနဲ့ကြား ကျွန်တော် စကားပြောကြည့်သမျှ လက်ရှိ စစ်ခေါင်းဆောင်ရဲ့ ဦးဆောင်နိုင်စွမ်း အပေါ် အင်မတန် ပွင့်ပွင့်လင်းလင်း ဝေဖန်လာကြပါတယ်။ သူ့အပေါ် မနှစ်လိုစိတ်တွေ ပြည့်နေတယ်လို့ ဆိုပါတယ်။ ဘယ်သူဖြစ်ဖြစ် အဲဒီသူထက်တော့ သာလိမ့်မယ် ဆိုပြီး လူတိုင်းက ပြောနေကြပါတယ်။ ဒါပေမယ့် စစ်ခေါင်းဆောင်သာ သူ့ရဲ့ သဘောဆန္ဒနဲ့ နေရာက ဖယ်ပေးတာမျိုး မလုပ်ရင်၊ ဘယ်သူက ဦးဆောင်ပြီး သူ့ကို ဖယ်ရှားမှာလဲ ဆိုတာကိုတော့ ကျွန်တော်လဲ မပြောနိုင်ပါဘူး။ ဒီတော့ လက်ရှိ အခြေအနေဟာ မဖြစ်နိုင်ဘူး ဆိုတာ မရှိပဲ ... အားလုံး ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် တစုံတရာ အတိတကျ ခန့်မှန်းဖို့ ဆိုတာ မလွယ်ဘူးလို့ ကျွန်တော် ပြောတာ ဖြစ်ပါတယ်။








