‘‘နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ စစ်တပ်က ကမ်းလှမ်းနေတာ မဟုတ်ဘူး’’ - NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီဟာ နိုင်ငံရေး လမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်း ကနေ အဖြေရှာဖို့ သူတို့နဲ့ လက်ရှိ တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်တယ် ဆိုပြီး ထုတ်ပြန်ပါတယ်။ အဲဒီကြေညာချက်ထွက်ပြီး နောက်တစ်နေ့ မိုးမလင်းခင်မှာပဲ သူတို့ လက်လွှတ် ဆုံးရှုံးထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ပါတယ်။
ရွေးကောက်ပွဲ လမ်းကြောင်း၊ နိုင်ငံရေး လမ်းကြောင်းကနေ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပါ ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် အပေါ် အမျိုးသား ညီညွတ်ရေး အစိုးရ NUG အနေနဲ့ ရော ဘယ်လို သဘောထား၊ ရပ်တည်မှုမျိုး ရှိပါသလဲ။
တခါ၊ ကိုးကန့်တပ် MNDAA က NUG နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး ဆိုပြီး ကြေညာထားတော့၊ NUG နဲ့ ၁၀၂၇ စစ်ဆင်ရေး၊ NUG နဲ့ ညီနောင် ၃ ဖွဲ့ရဲ့ ရည်မှန်းချက်တွေကြား နားလည်မှု၊ ချိတ်ဆက်မှု၊ ဘုံသဘောထား စတာတွေ ရှိမနေတာကို ညွှန်ပြနေတာလား။
NUG အနေနဲ့ တရုတ်နဲ့ ထိတွေ့ဆက်ဆံရေး ဘယ်လောက် အတိုင်းအတာ ပမာဏ ရှိနေလဲ။ တရုတ် ရဲ့ မြန်မာ့အရေး အထူးသံ တိန့်ရှီကျွင်း နဲ့ NUG ရဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့တာမျိုး ရှိလား။
အမေရိကန်ကလည်း ဆွေးနွေး ညှိနှိုင်းရေး လမ်းကိုပဲ လိုက်ဖို့ NUG ကို တိုက်တွန်းနေလား။
နိုင်ငံရေးအရ ဖြေရှင်းရေး အထမြောက်ဖို့ဆိုရင် NUG ကိုင်စွဲထားတဲ့ အခြေခံမူတွေက ဘာလဲ ... စတဲ့ အရေးကြီးပြီး သိမ်မွေ့ကျယ်ပြန့်တဲ့အကြောင်းချင်းရာကိစ္စတွေကို NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ဖြေဆိုတဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ။ ။ စစ်ကောင်စီဘက်ကတော့ ကြေညာချက်တွေ ဆက်တိုက်ထုတ်လာတယ်။ အခုနောက်ဆုံး ထုတ်တာဆိုရင် သူတို့နဲ့ လက်နက်ကိုင်တိုက်နေတဲ့အဖွဲ့တွေ နိုင်ငံရေးလမ်းကြောင်းနဲ့ဆွေးနွေးပါလို့ဆိုပြီး အဖြေရှာရအောင်ဆိုပြီး ဖိတ်ခေါ် တဲ့စာကို ထုတ်လာတယ်။ ဒီစာက NUG အပေါ်မှာ ရည်ညွှန်းသလား၊ သက်ရောက်တယ်လို့ ယူဆပါသလား။
ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ ဒီစာက ဘယ်သူ့အပေါ်မှာမှ သက်ရောက်မှုမရှိဘူးလို့ပဲ ပြောချင်တယ်။ သူ့အကျိုးစီးပွားအပေါ်မှာပဲ သက်ရောက်တယ်လို့ ကျွန်မတော့ မြင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပိုင်းမြင်ရတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်ငံရေးကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့လို့တော့ ပြောတယ်ဆိုပေမဲ့ တစ်ဖက်မှာကျတော့ လက်နက်စွန့်ပါ၊ ရွေးကောက်ပွဲဝင်ပါလို့ပြောတာပဲ။
အဲဒီတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းတယ်ဆိုတာက ငါပြောတဲ့အတိုင်းလိုက်လုပ်ဆိုတာ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းတာမဟုတ်ဘူးလေ။
အဲဒီစာထဲမှာကိုက အနှစ်သာရအားဖြင့် ဆန့်ကျင်ဘက်တွေဖြစ်နေတယ်ဆိုတာကို ကျွန်မတို့ကတွေ့ရတယ်။
ဒါဟာ နိုင်ငံရေးကမ်းလှမ်းမှုလည်းမဟုတ်ဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဆွေးနွေးလိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒ(Political Will) ကြောင့်ဖြစ်လာတဲ့ ကမ်းလှမ်းမှုလည်းမဟုတ်ပါဘူး။ သူ့အကျိုးစီးပွားကို သူကာကွယ်ဖို့နဲ့ ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ပွဲဝင်ပါ၊ ပါတီထောင်ပါ၊ လက်နက်စွန့်ပါလို့ ပြောတာနဲ့ အတူတူပါပဲ။
ဘီဘီစီ။ ။ စစ်ကောင်စီပြောတဲ့အထဲမှာ ဒီနိုင်ငံမှာ အခုလက်ရှိဖြစ်နေတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ချင့်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးကြရအောင်ပါ။ ဒါမှမဟုတ်လည်း ဒီရွေးကောက်ပွဲလမ်းကြောင်းကနေ အဖြေရှာရအောင်ပါဆိုတော့ အဲဒီအခြေခံကနေ ဆုံးရှုံးနစ်နာခဲ့သမျှတွေအတွက် စကားပြောခြင်းက ပိုမကောင်းဘူးလားဆိုတဲ့ အခြေခံမူအပေါ်မှာရော ဘယ်လိုသဘောထားမျိုးရှိပါသလဲခင်ဗျ။
ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ သေချာ ဒီကြေညာချက်ကို ကျွန်မတို့ အဓိပ္ပာယ်ဖွင့်ဆိုဖို့လိုလိမ့်မယ်လို့မြင်တယ်။ တကယ်တော့ ဒီကြေညာချက်က နိုင်ငံရေးဆွေးနွေးဖို့ပြောတာ မဟုတ်ပါဘူး။ Political Dialogue ခေါ်တာမဟုတ်ဘူး။ လက်နက်စွန့်ဖို့ ရွေးကောက်ပွဲဝင်ဖို့ပဲ ပြောတာဖြစ်တယ်။ တစ်ဖက်မှာ အရှေ့မှာတော့ သူပြောထားတဲ့ စာကြောင်းတွေမှာ ပါတယ်ပေါ့နော်။
တိုင်းပြည်မှာဖြစ်နေတဲ့ ပျက်စီးဆုံးရှုံးမှုတွေပေါ့နော်။ ပျက်စီးဆုံးရှုံးမှုတွေဆိုရင် ကျွန်မတို့ ခုနက နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဆိုတာ ကျွန်မတို့တော်လှန်ရေးအင်အားစုတွေက ပစ်ပယ်ခဲ့တဲ့ နည်းနာမဟုတ်ပါဘူး။
အခုအချိန်အထိ ကျွန်မတို့တော်လှန်ရေးအင်အားစုတွေကြားထဲမှာ ဒီတိုင်းပြည်ရဲ့ ပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပုံမှန်ဆွေးနွေးညှိနှိုင်းတာတွေ၊ ငြင်းခုံမှုတွေ ကျွန်မတို့ဘက်မှာ ရှိနေတယ်။
ဒါကြောင့်မို့လို့ ကျွန်မတို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဆိုလို့ရှိရင် ဘယ်လိုအခြေခံတွေရှိရမလဲဆိုတာ ကျွန်မတို့ ရှိပြီးသားဖြစ်တယ်။ အဲဒီတော့ Principle (အခြေခံသဘော)အရ ကျွန်မတို့သည် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ပစ်ပယ်ထားတာ လုံးဝမဟုတ်ဘူး။ တစ် အချက်ပေါ့နော်။
ဒါပေမဲ့ ဒီကမ်းလှမ်းမှုဟာ တကယ့်ကို နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့ အာသီသနဲ့ ကမ်းလှမ်းမှုလည်း ဖြစ်ဖို့လိုသလို တစ်ဖက်မှာ Principle Engagement ဖြစ်ဖို့တော့ လိုတယ်ပေါ့နော်။ ကျွန်မတို့ရဲ့ “မူ”က ရှင်းပြီးသား။ ကြေညာချက်တွေလည်း ထုတ်ပြီးသားဖြစ်တယ်။
နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဆိုရင် ပထမဆုံး စစ်တပ် နိုင်ငံရေးက ထွက်လိုက်၊ စစ်တပ်နိုင်ငံရေးက ထွက်ဖို့တော့လိုတယ်။ အနည်းဆုံး ဒီဟာ ဒီ Principle ကို သဘောတူရလိမ့်မယ်။ ပြီးလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးရမယ်။
မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာဟာ ဘယ်ကစလဲ၊ ဘယ်မှာရှိနေလဲဆိုတာ ကျွန်မတို့ကောင်းကောင်းသိတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအသစ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဒီမိုကရေစီစနစ်ကို အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံအသစ်ရေး၊ ပြီးလို့ရှိရင် အဲဒီအသစ်နဲ့အတူ ခုနက တိုင်းပြည်ရဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေကို Address (ဖြေရှင်း) လုပ်ဖို့အတွက် ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုပြန်လည်ဖော်ဆောင်ဖို့အတွက် လုပ်ငန်းစဉ်တွေကို အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြီးတော့ အာမခံလိုက်။ ... ဒါဆိုပြီးသွားပြီပေါ့နော်။ ရှင်းရှင်းလေးပဲ၊ ကျွန်မတို့မှာ အဖြေရှိပြီးသား အဲဒီတော့ ဟိုပြော ဒီပြော ရွေးကောက်ပွဲ ဝင်ပါ၊ မဝင်ပါတွေ ပြောနေစရာကိုမလိုဘူး။
နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်ဆိုရင် ကျွန်မတို့မှာ နည်းနာတွေ ရှိထားပြီးသားဖြစ်တယ်။ ဒါကျွန်မတို့ချည်းပဲ မဟုတ်ဘူး။ ပြည်သူလူထုအားလုံးလည်း ဒီအတိုင်း လက်ခံထားတယ်။ အများစုလည်း လက်ခံထားတဲ့ နိုင်ငံရေးနည်းက ရှိထားပြီးသားဖြစ်ပါတယ်။ ဆိုတော့ ကျွန်မပြောချင်တာက Principle အရ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုတာ ကျွန်မတို့ လက်ခံတယ်။
သို့သော် ဘယ်လိုဖြေရှင်းကြမှာလဲဆိုတဲ့ဟာက ခုနပြောသလို ကိုယ့်အကျိုးစီးပွားကို သကာလောင်းထားတဲ့ ပုံစံမျိုးနဲ့တော့ ချဉ်းကပ်လို့တော့မရဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းလိုရင် ခုနပြောတဲ့ အချက် (၃) ချက်တော့ အနည်းဆုံးနားလည်သဘောပေါက်ပြီးတော့ Address လုပ်ရလိမ့်မယ်လို့ ကျွန်မတော့ မြင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဘီဘီစီ။ ။ ဟုတ်ကဲ့။ စစ်ကောင်စီကတော့ သူတို့က NUG က အမေရိကန်လူဆိုပြီးတော့ ပြောသလို တရုတ်ဘက်ကို ပြတ်ပြတ်သားသားရပ်တည်တဲ့စာတွေလည်း ထုတ်လာတယ်ပေါ့လေ။
NUG အနေနဲ့ တရုတ်နဲ့ထိတွေ့ဆက်ဆံမှု၊ ကြိုးပမ်းမှုတွေက ဘယ်လောက်အတိုင်းအတာ ပမာဏမျိုးလောက်ထိ ရှိနေလဲ။ ဘန်ကောက်မှာ တရုတ်ရဲ့ မြန်မာ့အရေး အထူးသံ တိန့်ရွှီကျွင်းရှိနေတဲ့အချိန်မှာ NUG ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တချို့လည်း ရှိနေခဲ့တာကြောင့် တိန့်ရွှီကျွင်းနဲ့ NUG ကိုယ်စားလှယ်တွေကြားမှာ ဘာတွေ ဆွေးနွေးခဲ့ကြသေးလဲ။
ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ တကယ်တော့ တိန့်ရွှီကျွန်းနဲ့ ကျွန်မတို့ NUG နဲ့ တွေ့ဆုံခဲ့တာမရှိပါဘူး။ ဒါပေမဲ့ ဒီလိုမရှိခြင်းက NUG အနေနဲ့ တရုတ်နဲ့ အဆက်အဆံမရှိဘူးလို့တော့ အဓိပ္ပာယ်ဖွင့်ဆိုလို့တော့ မရဘူးပေါ့နော်။ တခြား Level of engagement (ထိတွေ့ဆက်ဆံမှုအဆင့်အတိုင်းအတာတစ်ခုအထိ) တွေ ကျွန်မတို့ ရှိနေပါတယ်။ ရှိတယ်လို့ ပြောလို့ရတယ်။ ကျွန်မတို့ကိုယ်တိုင် တရုတ်နဲ့ ပတ်သက်တဲ့ မူဝါဒကို နှစ်ဆန်းပိုင်းတုန်းက ထုတ်ပြန်ခဲ့တာတွေရှိတယ်။
ဒါက ခုနကပြောသလို စစ်ကောင်စီမပြောခင်၊ မဆိုခင်၊ မတွေ့ခင်ကတည်းက ကျွန်မတို့သည် အိမ်နီးနားချင်းနဲ့ ပတ်သက်တဲ့မူဝါဒ အထူးအားဖြင့် ကျွန်မတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ တရုတ်ရဲ့ Cocern (စိုးရိမ်ချက်)တွေကို ကျွန်မတို့ ဘယ်လောက်နားလည်တယ်ဆိုတာကို လူသိရှင်ကြားဖော်ပြခဲ့ပြီးဖြစ်သလို ဒီစာတွေကိုလည်း ကျွန်မတို့ တရားဝင် တရုတ်အစိုးရဆီကို တရုတ်သံရုံးကနေတဆင့် ပေးပို့ခဲ့ပြီးဖြစ်တယ်ပေါ့နော်။
ပြောရရင်တော့ ထိုက်သင့်တဲ့ Engagement ရှိတယ်။ ကျွန်မတို့ရဲ့ Position(ရပ်တည်ချက်)တွေ၊ ကျွန်မတို့ နိုင်ငံရေးအရဖြစ်နေတဲ့ ရှိနေတဲ့ သံသယတွေကိုရှင်းနိုင်ဖို့ဆိုရင် ကျွန်မတို့မှာ ဖွင့်ထားတဲ့ ချန်နယ်လ်က ရှိထားပြီးသားဖြစ်ပါတယ်။ ဒါကတော့ တရုတ်နဲ့ ကျွန်မတို့ရှိထားတဲ့ ဆက်ဆံရေးပါ။
ကျွန်မတို့အနေနဲ့ကတော့ ရှင်းတယ်၊ အမေရိကန်လူတို့ ဘာတို့ ပြောနေကြတာက ဝါဒဖြန့်နေကြတာပါ။ အခုမှမဟုတ်ပါဘူး။ NUG ကိုမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ဒီမိုကရေစီအရေးလှုပ်ရှားတဲ့သူတွေဆိုလို့ရှိရင် အာဏာရှင်တွေ၊ စစ်အုပ်စုတစ်စုလုံးက တစ်ချိန်လုံး အနောက်မျှော်တယ်၊ အနောက်အုပ်စုလို့ တံဆိပ်ကပ်နေကျပါပဲ၊ အစဉ်အလာကြီးပါပဲ။ ဒီတံဆိပ်ကပ်တဲ့ နိုင်ငံရေးကနေ သူတို့အခုချိန်ထိ မတက်နိုင်သေးဘူးလို့ပဲ ကျွန်မတော့ ပြောချင်တယ်။
ဘီဘီစီ။ ။ အခုရှိလက်စ ဒီထိတွေ့ဆက်ဆံမှုအရ NUG အနေနဲ့ အမေရိကန် Proxy (ကိုယ်ပွား) မဖြစ်ဖို့တော့လိုတယ်ဆိုတဲ့ပုံစံမျိုး တရုတ်က တိုက်ရိုက်ပြောတာမျိုးရှိလား။
ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ အင်း…အခုမှမဟုတ်ပါဘူး။ ကျွန်မတို့ တရုတ်နဲ့ ထိတွေ့ဆက်ဆံမှုတွေအကုန်လုံးမှာ သူတို့ဒီ Concern(စိုးရိမ်ချက်) ရှိတယ်ဆိုတာကို အမြဲတမ်းပြောပါတယ်။ အခုမှမဟုတ်ဘူး။ ဒါအခုမှ Public(အများမြင်သာ)ကို တက်လာလို့ပေါ့နော်။
ဟိုးတုန်းကတည်းက ဒီ Concern ရှိတယ်ဆိုတာ သူတို့ပြောတယ်၊ ပြောထားပြီးသားပဲ။ ဒါကြောင့် ကျွန်မတို့ကလည်း ကျွန်မတို့တော်လှန်ရေးနဲ့ လှုပ်ရှားမှုက ဘယ်လောက်လွတ်လပ်တယ်၊ အချုပ်အခြာအာဏာပိုင်နိုင်ငံ၊ လွတ်လပ်တဲ့နိုင်ငံသားတွေရဲ့ Will ပေါ့နော်၊ ဆန္ဒကို ကျွန်မတို့ ကိုယ်စားပြုနေတာဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောပြီးသား၊ ကျွန်မတို့ သမ္မတကြီးလည်း ခဏခဏပြောတယ်ပေါ့နော်။
ဘယ်နိုင်ငံရဲ့ ရုပ်သေးရုပ်မှမဖြစ်ဖို့ဆိုတာ လူသိရှင်ကြားလည်းထုတ်ပြောတယ်။ အစိုးရအဖွဲထဲမှာလည်းပြောတယ်၊ မီဒီယာတွေမှာလည်း ပြောတယ်ပေါ့နော်။ ဆိုတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်မတို့ဘက်က မူဝါဒ အင်မတန်ရှင်းပါတယ်၊ ရပ်တည်ချက်လည်းရှင်းပါတယ်။
ဘီဘီစီ။ ။ NUG ဘက်ကတော့ ဒီ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုတွေအပေါ်မှာ စစ်အာဏာရှင်ဖယ်ရှားရေးကြိုးပမ်းမှုတွေအဖြစ်နဲ့ အမြဲပဲ ကြိုဆိုနေခဲ့တာကို သတိထားမိတယ်။ ဒါပေမဲ့ ကိုးကန့်တပ် (MNDAA) ကလည်း ကနေပြီးတော့ NUG နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးဆိုပြီး ကြေညာလာတယ်။ NUG နဲ့မဆိုင်ပါဘူးလို့ပြောလာတယ်။ NUG နဲ့ MNDAA အပါအဝင် ညီနောင်သုံးဖွဲ့ကြားမှာ ရည်မှန်းချက်တွေ၊ ဘုံသဘောထားတွေ၊ နားလည်မှုတွေဆိုတာ တစ်ခုမှရှိမနေဘူးလို့ ကောက်ချက်ချလို့ရလား။
ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ အဲဒီလိုတော့ ကောက်ချက်ချလို့တော့ မရဘူးပေါ့နော်။ ခုန ဘုံရည်မှန်းချက်တူတယ်ဆိုတာက ဘယ်သူ့ဘယ်သူရဲ့ ဖိအားမှ မပါဘဲနဲ့ ဒီညီနောင်သုံးဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်တယ်။ တစ်ချိန်ချိန်မှာ တချို့သောကိစ္စတွေက ချပြနိုင်မှာပါ။
နောက်ပြီးတော့ ဒီညီနောင်သုံးဖွဲ့က ကျွန်မတို့ရဲ့ တိုင်းရင်းသားတွေဖြစ်တယ်ပေါ့နော်။ နိုင်ငံသားတွေလည်းဖြစ်တယ်၊ ပြည်နယ်သားတွေလည်းဖြစ်တယ်။ ဒီကိစ္စမှာ အထူးသဖြင့် ဒီညီနောင်သုံးဖွဲ့သည် ဘာကြောင့်ဒီလိုပြောရလဲဆိုတာ သူတို့စာမှာကိုက ထင်ရှားပါတယ်။
ဒါက ဘယ်ဖိအားရှိနေပြီလဲ၊ ဘာကြောင့်ထုတ်ပြန်ရလဲဆိုတဲ့ သူတို့ရဲ့အခက်အခဲကိုလည်းပဲ မြင်ရတယ်။ ကျွန်မတို့ ဒါကို ကိုယ်ချင်းစာတယ်၊ သဘောလည်းပေါက်တယ်။ သို့သော်လည်းပဲ တစ်ဖက်မှာလည်း ဒီ FPNCC လို ကိစ္စတွေက မြောက်ပိုင်းအဖွဲ့တွေမှာ ရှိထားပြီးသားဖြစ်တယ်။
တိုင်းပြည်ကို ဘယ်လိုပြည်ထောင်စုလိုမျိုး တည်ဆောက်ချင်လဲ၊ ဘယ်လိုပုံစံနဲ့သွားချင်လဲဆိုတာကို ဟိုးတုန်းကတည်းက ရှိပြီးသား၊ အခုမှ အသစ်မဟုတ်ဘူး။ ကျွန်မတို့ ပြည်ထောင်စုတည်ဆောက်ရေး ပြဿနာတွေကပေါ့နော်။ ဒီဟာတွေကို ဆက်ပြီး မဖြစ်ဖြစ်တဲ့နည်းနဲ့တော့ ရရာနည်းလမ်းနဲ့ သူတို့ဆက်လုပ်သွားမယ်ဆိုတာကိုတော့ ကျွန်မတို့ ယုံကြည်တယ်။
ဒါပေမဲ့ နည်းနာပိုင်း အပြောင်းအလဲဖြစ်နိုင်တယ်။ နိုင်ငံရေးအရပေါ့နော်။ ခုနက ပြောသလို တစ်စုတစ်စည်းတည်း မသွားဘဲနဲ့ သူ့နည်းသူ့ဟန်နဲ့သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့သော် ဒီကိစ္စဟာ လွတ်လပ်တဲ့စိတ်ဆန္ဒနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မဟုတ်ဘူးဆိုတာတော့ အင်မတန်သိသာတယ်။ ဖိအားတစ်ခုခုကြောင့် ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဆိုတာ စာမှာကိုမှ အင်မတန်မှ ပေါ်လွင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG
ဘီဘီစီ။ ။ နိုင်ငံတကာမှာ NUG အနေနဲ့ ပြောနေတာက နိုင်ငံရဲ့ ၆၀၊ ၇၀ ရာခိုင်နှုန်းထိအောင် ဒီမိုကရေစီအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတယ်ဆိုပြီးတော့ ပြောနေပါတယ်။ MNDAA ကနေပြီးတော့ NUG နဲ့ ခပ်ခွာခွာနေပြတဲ့ရပ်တည်မှုမျိုး ထုတ်လာတော့ ဒီ ၆၀၊ ၇၀ ရာခိုင်နှုန်းဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ လက်ထဲမှာ ရှိပါတယ်ဆိုတဲ့ကိစ္စကို အချက်အလက်အနေနဲ့ NUG အနေနဲ့ ဆက်လက်ကိုင်စွဲထားဦးမှာလား။
ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ အခုတော်လှန်ရေးသွားနေတဲ့ အပိုင်းကတော့ ကျွန်မတို့ နှစ်ပိုင်းရှိတယ်။ တစ်အချက် ပထမအန္တိမပန်းတိုင်က စစ်အာဏာသိမ်းမှု ဖယ်ရှားပြီးတော့ အာဏာရှင်အမြစ်ဖြတ်ရေး၊ ဒီမြေပြင်တွေကို ထိန်းသိမ်းနိုင်မှုဟာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့အတွက် စစ်ရေးဖိအားပေးတဲ့နေရာမှာ အင်မတန်မှ ထိရောက်တယ်။
နောက်တစ်ခုက ဒီဟာအမြစ်ဖြတ်ရုံနဲ့မရဘူး။ နိုင်ငံတော်တည်ဆောက်ရမယ်၊ ဘယ်လိုပုံသဏ္ဍာန်နဲ့ တည်ဆောက်ကြမလဲ။ ကျွန်မတို့ဒါကြောင့် ဖက်ဒရယ်စနစ်နဲ့သွားမယ်၊ ဖက်ဒရယ်ပြည်ထောင်စုပုံစံသွားမယ်၊ ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့သွားမယ်။ အဲဒီအပိုင်းမှာ တိုင်းရင်းသားတွေဘက်က အမြဲတမ်းယူဆချက်ရှိနေတာက ဖက်ဒရယ်အရေးပဲ။
ဖက်ဒရယ်အရေးကို ဘယ်လိုမျိုးသွားမလဲ၊ ဒါကြောင့် အငြင်းပွားမှုတွေရှိတယ်။ ဒီမိုကရေစီအရင်လား၊ ဖက်ဒရယ်အရင်လားပေါ့နော်။ ကျွန်မတို့ အခုသွားနေတဲ့လမ်းကြောင်းနဲ့ အခြေခံကတော့ ဒါ ခေါင်းနဲ့ ပန်းပဲ။ ခွာလို့မရဘူး။
ပြည်ထောင်စုတည်ဆောက်ရေးရော၊ နိုင်ငံရေးစနစ်အရ အာဏာရှင်စနစ်မဟုတ်ဘဲနဲ့ ဒီမိုကရေစီစနစ်နဲ့ သွားမယ်ဆိုတာလည်း ကျွန်မတို့ရဲ့ ရပ်တည်ချက်ပဲဖြစ်တယ်။ အဲဒီတော့ ပြည်နယ်တွေကလည်း ဒီပုံသဏ္ဍာန်မျိုးစုံနဲ့ ပြည်နယ်တည်ဆောက်ရေးကို အခြေခံပြီးတော့မှ ခုနကပြောတဲ့ နိုင်ငံရေးစနစ်ကို တည်ဆောက်ပြီးတော့ ပူးပေါင်းလာကြလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်တယ်။ ဒီလုပ်ငန်းစဉ်ကို ဒီပုံစံ ၂ ပိုင်းနဲ့ပဲ ချဉ်းကပ်နေတယ်။
တစ်ပိုင်းမှာ ဘာရှိလဲဆိုတော့ ပြည်ထောင်စုတည်ဆောက်ချင်တယ်၊ ဒီမိုကရေစီစနစ် သွားချင်တယ် ဘယ်လောက်ပြောနေပြောနေ စစ်ကောင်စီ အာဏာသိမ်းထားတာကို မဖယ်ရှားနိုင်သရွေ့ အိပ်မက်ပဲ။ လေထဲမှာ တိုက်ဆောက်နေသလိုမျိုးပဲ ဖြစ်နေမှာပဲ။ အဲဒီလိုမဖြစ်ရအောင် အရင်ဆုံးဖယ်ရှားရမယ့် ဘုံရန်သူလို့ပြောရလို့ရှိရင် အဖွဲ့အစည်းကို ပြောတာမဟုတ်ဘူး။ အာဏာသိမ်းထားတဲ့လူတစ်စု၊ စစ်တပ်အဖွဲ့အစည်းကို သူတို့အာဏာရှင်စနစ်တည်မြဲဖို့အတွက်သုံးနေတဲ့ လူတစ်စုရယ်၊ အာဏာရှင်စနစ်ရယ် ဒါကိုပြောတာဖြစ်တယ်။ အဲဒီစနစ်ကို အရင်ဖယ်မှရမယ်။ အဲဒီအပိုင်းမှာတော့ ကျွန်မတို့ စည်းလုံးကြတယ်။ ၁၀၂၇ စစ်ဆင်ရေးက တော်လှန်ရေးအတွက် အကျိုးရှိတဲ့ပူးပေါင်းပါဝင်မှုလို့ပြောလို့ရတယ်။
နောက်တစ်ပိုင်း ပြည်ထောင်စုတည်ဆောက်ရေးကတော့ ကျွန်မတို့ အများကြီး ဆွေးနွေးရလိမ့်ဦးမယ်။ လက်လျှော့လို့မဖြစ်ဘူး၊ အဲဒါလည်း ကျွန်မတို့ တပြိုင်နက်တည်း ဆောင်ရွက်နေတယ်ပေါ့နော်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ အိမ်နီးနားချင်းတရုတ်ရဲ့ စိုးရိမ်မှုတွေက အတားအဆီးတွေတော့ လာဖြစ်နေတယ်။ ဒီ နှစ်ပိုင်းတော့ ခွဲမြင်ဖို့လိုတယ်။
နှစ်ပိုင်းလုံးကို တစ်ခုပြီးမှ တစ်ခုသွားနေတာမျိုးမဟုတ်ဘူး။ တစ်ခုပြီးသွားရင် နောက်တစ်ခုက အဆင်သင့်ဖြစ်နေအောင် တပြိုင်တည်းချဉ်းကပ်ပြီး ဆောင်ရွက်နေတာဖြစ်တယ်။ ၁၀၂၇ က စစ်အာဏာသိမ်းမှုကို အဆုံးသတ်ဖို့ ကြီးစွာသော အကြောင်းအထောက်အပံ့ဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံရေးဆွေးနွေးဖို့က ကျွန်မတို့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U.S. Embassy Rangoon
ဘီဘီစီ။ ။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကတည်းက ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ဒေါ်လာ သန်းရာနဲ့ချီ ထောက်ပံ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဘက်က အတည်ပြုပါတယ်။ စစ်ကောင်စီကိုလည်း ပါဝင်သင့်တဲ့သူတွေအားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေမှုတွေလုပ်ဖို့ တိုက်တွန်းတယ်လို့ပြောပါတယ်။ NUG ကိုရော ညှိနှိုင်းအဖြေရှာဖို့ အမေရိကန်ဘက်က တိုက်တွန်းလား။
ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ အမေရိကန်က အခုထုတ်ပြန်ချက်တွေ ထုတ်နေတဲ့အတိုင်းပါပဲ။ Democracy Restoration(ပြန်လည်ဆောင်ကျဥ်းဖို့)တို့ Inclusive Dialogue( အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့) တည်ဆောက်ဖို့ သူတို့ရဲ့အထိုင်တွေပါပဲ။ ဒါက လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး။ နိုင်ငံရေးနည်းနဲ့ ဘယ်လိုအဖြေရှာကြမလဲဆိုတဲ့ဟာကိုတော့ အမေရိကန်ရော၊ တရုတ်ရော၊ အာဆီယံရော အကုန်လုံးဝိုင်းတွန်းနေကြတာပဲ။ လက်ရှိ မြေပြင်အခြေအနေနဲ့ လက်တွေ့ပကတိအခြေအနေတွေက အဲဒီလို Condusive Environment (အထောက်အပံ့ဖြစ်စေမယ့်အခင်းအကျင်း)ဖြစ်အောင်လို့ ဘယ်သူက လုပ်မှာလဲဆိုတော့ ဘယ်သူမှမပြောကြဘူး။ ဒီဟာကိုတော့ ရင်ဆိုင်ဖို့တော့လိုတာပေါ့။
အမေရိကန်က ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ထောက်ပံ့တယ်ဆိုတာကလည်း အခုမှမဟုတ်ပါဘူး။ အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်ကို ကြည့်မယ်ဆိုရင် Democracy Promotion (ဒီမိုကရေစီ ထွန်းကားရေး)အတွက် လျာထားတဲ့ဘတ်ဂျက်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း လျာထားတဲ့ဘတ်ဂျက်နဲ့ ၂၀၂၁ ခုနှစ်အရှေ့ပိုင်းက လျာထားတဲ့ဘတ်ဂျက်က အတူတူပါပဲ။ တိုးပြီးတော့ပေးတာမရှိဘူး။ ဒီအပိုင်းမှာလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးတွေက သတင်းဌာနတွေကို ပို့နေတယ်ဆိုတာ ကျွန်မတို့သိတယ်။ စစ်ကောင်စီပြန်ကြားရေးဘက်က သေသေချာချာအထိုင် လူငှားပြီးတော့ကို လုပ်နေတာကျွန်မတို့သိတယ်။ အဲဒီမှာ စစ်ကောင်စီက လုံးပြီးတော့ ရေးထားတာ၊ Half-truth (တစ်ဝက်တစ်ပျက်အမှန်တရား)ပေါ့နော်။ NUG ကို ပေးတယ်ဆိုပြီးတော့ တစ်ဖက်မှာလည်းပဲ တရုတ်နဲ့ NUG နဲ့ ဒီလှုပ်ရှားမှုတွေထဲကနေ ကင်းကွာသွားအောင် သူတို့လုပ်တဲ့ ဆိုက်ဝါးပါပဲ။ တစ်ဝက်တစ်ပျက်အမှန်တရားတွေနဲ့ ဆိုက်ဝါး လုပ်နေတာဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ပံ့မှုဆိုတာက ကမ္ဘာတစ်ဝှမ်းကို ထောက်ပံ့နေတဲ့ နိုင်ငံခြားရေးမူဝါဒထဲမှာ ပါပြီးသားကိစ္စလည်းဖြစ်သလို မြန်မာပြည်ခေါင်းစဉ်နဲ့ သုံးနေတဲ့ ပမာဏကို ကြည့်မယ်ဆိုရင်လည်း အရင်နှစ်တွေနဲ့ အတူတူပါပဲ။ ဒီနွေဦးတော်လှန်ရေးအတွက် တိုးလာတဲ့ ပမာဏမရှိဘူးလို့တော့ ကျွန်မပြောချင်ပါတယ်။
ဘီဘီစီ။ ။ စစ်ကောင်စီပြောတဲ့ အမေရိကန်က ဒေါ်လာငွေ သန်း ၂၀၀ ရတယ်ဆိုတာက NUG အနေနဲ့ တိုက်ရိုက်မရဘူးလို့ ဆိုလိုတာလား။
ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ NUG က တိုက်ရိုက်မရပါဘူး။ ပေးလို့လည်းမရဘူး။ သူတို့လုပ်ထုံးလုပ်နည်းတွေအရကို ဘယ်နိုင်ငံကမှ အစိုးရတစ်ရပ်ကို ပေးတယ်ဆိုတာမျိုးကလုပ်ထုံးလုပ်နည်းတွေ ရှိမနေပါဘူး။
ဘီဘီစီ။ ။ တရုတ်ကလည်း မြန်မာ့အရေးမှာ ပြိုင်ဖက်ဖြစ်တဲ့ အနောက်အုပ်စုက စိုးမိုးခြယ်လှယ်မှာကို စိုးရိမ်တာတွေရှိနေတယ်။ ဒါကိုလျှော့ချနိုင်ဖို့ NUG ဘက်က နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ဆောင်နိုင်မယ်ထင်ပါသလဲ။
ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ ကျွန်မတို့ လူသိရှင်ကြား ထုတ်ပြန်ခဲ့တာတွေလည်းရှိတယ်။ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ပတ်သက်လို့ ညှိနှိုင်းဆောင်ရွက်တာတွေလည်းရှိတယ်ပေါ့နော်။ တစ်ဖက်ကတော့ နိုင်ငံရေးနဲ့ဆိုင်တဲ့အတွေးအမြင်ပြဿနာတွေကြောင့် ပထမဆုံးရက်ကတည်းက ပြောခဲ့တာရှိတယ်။
ကျွန်မတို့ မြန်မာပြည်အရေးဟာ အမေရိကန်နဲ့ တရုတ်နဲ့ကြားမှာ ကြားညပ်ပြီးတော့ ဆန်းဒွစ်ရှ်ကြားက ချိစ်လို အဖြစ်မခံနိုင်ဘူးဆိုတာ အစကတည်းက နှစ်နိုင်ငံလုံးကို ပြောတာ။ အခုလည်း ထပ်ပြောရလိမ့်ဦးမယ်ပေါ့နော်။ ဘယ်သူ့ဘယ်သူကိုမှ စိတ်ကျေနပ်အောင်လုပ်နေတာမဟုတ်ဘူး။
ကျွန်မတို့ နိုင်ငံခြားရေးမူဝါဒဆိုတာက နိုင်ငံတိုင်းက ကိုယ့်အမျိုးသားအကျိုးစီပွားအတွက်ပဲ အဓိကထားပြီး လုပ်ကြတယ်။ အဲတော့ ကိုယ့်အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်တဲ့နေရာမှာ ဒေသတွင်းမှာပဲဖြစ်ဖြစ်၊ ကမ္ဘာ့တခြားနိုင်ငံတွေကိုပဲဖြစ်ဖြစ် ဆိုးကျိုးသက်ရောက်မှုတွေမဖြစ်အောင် လုပ်ရတယ်ဆိုတော့ ကျွန်မတို့ ဒါကို အာမခံနိုင်တယ်။
နိုင်ငံရဲ့ အကျိုးစီးပွားကို ဖော်ဆောင်တဲ့နေရာမှာ အိမ်နီးချင်းတွေအတွက် အိမ်နီးနားချင်းကောင်းပီသအောင်နေမယ်၊ လုပ်မယ်ကိုင်မယ်၊ အနာဂတ်အတွက်လည်း အာမခံမယ်ဆိုတာတော့ ပြောထားပြီးသားဖြစ်တယ်။
ယုံကြည်စိတ်ချနိုင်ဖို့ဆိုရင်တော့ ပြည်သူလူထုကိုသာ အနိုင်ပေးလိုက်၊ ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးစနစ် မြန်မာပြည်မှာပေါ်လာတဲ့အခါကျရင် ကျွန်မတို့ အိမ်နီးနားချင်းနိုင်ငံတွေ အထူးသဖြင့် တရုတ် စိုးရိမ်နေတဲ့ဟာကို ကျွန်မတို့ဘယ်လောက်ထိ လျှော့ချနိုင်မလဲ။ ဘယ်လောက်အထိ တရုတ်ရဲ့ အကျိုးစီးပွားကိုပါ မြှင့်တင်နိုင်မလဲဆိုတာကို လက်တွေ့သိရပါလိမ့်မယ်လို့ပဲ ကျွန်မပြောချင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG
ဘီဘီစီ။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေးကို ထောက်ခံအားပေးတဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ အားပေးထောက်ခံမှုနဲ့ ပံ့ပိုးမှုပုံစံတွေက NUG လျှောက်လှမ်းနေတဲ့ နိုင်ငံရေး၊ စစ်ရေးလမ်းကြောင်းတွေနဲ့ တကယ်ရော ကိုက်ညီမှုရှိလား။
ဝန်ကြီး ဒေါ်ဇင်မာအောင်။ ။ ကျင့်ဝတ်ပိုင်းဆိုင်ရာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို အစကတည်းက ဆန့်ကျင်ခဲ့ကြတာရှိတယ်။ “illegal coup”(တရားမဝင်ဘူး) လို့ သူတို့ သုံးကြတယ်။ ဒီအတွက် နိုင်ငံရေးအရ ဆန့်ကျင်တာရှိတယ်။
တကယ့်တကယ် ကျွန်မတို့ လိုချင်တဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ စနစ်ကြီးပြောင်းဖို့အရေးကိုကျတော့ သူတို့တာဝန်မဟုတ်သလိုပဲလေ။ ကိုယ့်တိုင်းပြည်အတွက် ကိုယ်လုပ်ရမှာကိုး။
နောက် နိုင်ငံတကာမျက်နှာစာမှာလည်းပဲ သူတို့ နှုန်းစံတန်ဖိုးတွေအရရော တကယ်ဖြစ်နေတဲ့အငြင်းပွားမှုတွေအရရော နိုင်ငံတကာက တရားဝင်ထောက်ခံချက်တွေအရဆိုရင်တော့ သူတို့ရပ်ကိုရပ်တည်ပေးရမှာဖြစ်တယ်။ အဲဒီအတွက်တော့ ရပ်တည်ပေးပါတယ်။
ဒါကလည်းအရေးကြီးပါတယ်။ နိုင်ငံတကာပဲဖြစ်ဖြစ် ကျွန်မတို့ လိုသလောက်တော့မရဘူး၊ ကျွန်မတို့ အများကြီးအားကိုးလို့တော့မရဘူး။ ကိုယ့်တိုင်းပြည်အတွက် ကိုယ်ပဲ လုပ်ရမှာဖြစ်တယ်။
သို့သော် ကျွန်မတို့ မိတ်ကောင်းဆွေကောင်းတွေလိုတယ်။ မိတ်ကောင်းဆွေကောင်းရှိခြင်းအားဖြင့် အရာရာပြီးမြောက်စေနိုင်တယ်လို့ဆိုတာကိုး။…မိတ်ကောင်းဆွေကောင်းတွေ များနိုင်သမျှ များအောင်တော့ ကျွန်မတို့လုပ်ယူရတယ်။
တစ်ဖက်မှာလည်းပဲ ထိုက်သင့်သလောက်တော့ သူတို့လည်း သူတို့အတိုင်းအတာနဲ့ ကူညီနေတယ်။ ကမ္ဘာကြီးကလည်း ကျွန်မတို့ ပြဿနာကြီးပဲတော့ မဟုတ်ဘူးလေနော်။ အများကြီးရှိတယ်။ … အရှေ့အလယ်ပိုင်းကိစ္စတွေရှိတယ်၊ ဒီကြားထဲမှာ ရုရှားနဲ့ ယူကရိန်းကိစ္စတွေရှိတယ်၊ အာဖရိကမှာလည်းရှိတယ်ဆိုတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ကမ္ဘာကြီးမှာ မြန်မာ့အရေးကို သူတို့ရဲ့အစီအစဉ်ထဲ ထည့်နေအောင်လုပ်ရတာကိုက ကျွန်မတို့အတွက် စိန်ခေါ်မှုအများကြီး ကြီးပါတယ်။
ဒီကြားထဲကပဲ ထိုက်သင့်တဲ့အသံတွေထုတ်ပေးနေတဲ့ အကူအညီပေးနေတဲ့ မြန်မာပြည်သူလူထုဘက်ကနေ ရပ်တည်ပေးနေတယ်လို့ ပြောနေဆိုနေတာကိုပဲ ကျွန်မတို့က ကျေးဇူးတင်နေရတဲ့သဘောရှိတယ်။… သို့သော် တကယ့်လက်တွေ့အပြောင်းလဲကို ဖော်ဆောင်နိုင်မှာကတော့ ကျွန်မတို့ကိုယ်တိုင်ပဲဖြစ်တယ်လို့ ကျွန်မပြောချင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ဘီဘီစီ။ ။ NUG အနေနဲ့ ညီနောင်သုံးဖွဲ့နဲ့ ဆက်ဆံရေးအပါအဝင် လက်ရှိပြည်တွင်းစစ်အခြေအနေတွေ၊ နိုင်ငံတကာ မျက်နှာစာက မိတ်ဆွေနိုင်ငံတွေရဲ့ သဘောထားတွေ အစစအရာရာကို ထောက်ချင့်နေပြီးတော့ ကိုယ့်ရဲ့ မူဝါဒနဲ့လုပ်ငန်းစဉ်တွေအပေါ်မှာ ပြန်လည်သုံးသပ်တာ၊ မွမ်းမံတာမျိုးတွေ တွေ့လာရဖွယ်ရှိလား။ NUG ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအပိုင်းမှာရော ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာကိုရော မြင်လာရဖွယ်ရှိလား။
ဝန်ကြီးဒေါ်ဇင်မာအောင်။ ။ အဲဒါက ကျွန်မတို့ အချိန်အဆနဲ့တော့ သွားရတာပေါ့နော်။ လုပ်ဆောင်ချက်တွေ၊ ပြီးတော့ ထိရောက်မှုတွေကိုတော့ ကျွန်မတို့ ပုံမှန်ပေါ့လေ လည်ပတ်မှုအပိုင်းမှာ ဝန်ကြီးဌာန တစ်ခုစီအတွင်းမှာရော၊ NUG တစ်ခုလုံးအနေနဲ့ရော လုပ်ရတာရှိတယ်။
သို့သော် နိုင်ငံရေးအရ အချိန်တစ်ခုကြောင့်ပဲ အားလုံးအပြောင်းအလဲတစ်ခုကို ဖော်ဆောင်ဖို့ပေါ့နော်။ ဒါက နိုင်ငံရေးအခြေအနေတွေနဲ့လည်း ဆိုင်ပါတယ်။ တော်လှန်ရေးက ဘယ်လိုအနေအထားရောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုတွေကနေ ဘယ်လိုတိုးတက်လာမလဲ။ ဒီအပေါ်မှာ NUG ကို အဲဒီဟာတွေနဲ့ ဘယ်လိုမျိုးလိုက်လျောညီထွေဖြစ်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်ရမလဲဆိုတာကတော့ NUG တစ်စုတစ်ဖွဲ့နဲ့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စတော့မဟုတ်ဘူး။
ဒီနိုင်ငံရေးတစ်စုံလုံးရဲ့ အရွေ့ပေါ်မှာ ကျွန်မတို့က အလိုက်သင့် ကိုယ့်ကိုကိုယ်ဘယ်လိုမျိူး လိုက်လျောညီထွေဖြစ်အောင်လုပ်ပြီး ပိုကောင်းအောင် လုပ်ယူရမလဲ၊ ဘယ်လိုထိရောက်တဲ့လုပ်ဆောင်ချက်တွေ ထပ်ပြီးထည့်သွင်းရမလဲဆိုတာကတော့ အချိန်နဲ့တပြေးညီ ပုံမှန်ဆွေးနွေးညှိနှိုင်းပြီးတော့မှသွားရမှာဖြစ်တယ်။
ဘာတွေနဲ့ချိတ်ဆက်နေတာလဲဆိုတော့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေမှာ အခြေခံပြီးတော့ NUG ကလည်း “ကျွဲကူး ရေပါ”ပေါ့၊ ထိုက်သင့်တဲ့ တိုးတက်မှုတွေရှိအောင်လို့တော့ ကျွန်မတို့လုပ်ရမှာဖြစ်ပါတယ်။ အဲဒီတော့ မူအားဖြင့်တော့ ကျွန်မတို့ ဒါကို လက်ခံထားပါတယ်။
ဘယ်အချိန်မှာ ဘာလုပ်မလဲဆိုတဲ့ အခြေအနေတွေကတော့ နိုင်ငံရေးအခြေအနေပေါ်မှာ အများကြီးမူတည်ပါတယ်။ အဲဒီအပေါ်မှာတော့ ကျွန်မတို့က ပြုပြင်ပြောင်းလဲဖို့ ဝန်လေးနေတဲ့သူတွေ မဟုတ်ဘူးဆိုတာကိုပဲ ကျွန်မ ပြောနိုင်ပါတယ်ရှင့်။












