၃နှစ်ရာသီ NUG- စစ်ရေး၊ဘဏ္ဍာရေး၊နယ်မြေစိုးမိုးမှုနဲ့ ပသုံးလုံးပြဿနာ

ဓာတ်ပုံ ရင်းမြစ်, AFP
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လက်နက်ကိုင်တော်လှန်ရေးအစမှာ ''ပြည်သူ့ခုခံတွန်းလှန်စစ် စတင်တယ်'' လို့ ကြေညာခဲ့ပါတယ်။
ခုခံတော်လှန်စစ် သုံးနှစ်ထဲကို ရောက်ရှိလာချိန်မှာတော့ မဟာဗျူဟာမြောက် ထိုးစစ်တွေကို စတင်ဖော်ဆောင်လာနိုင်ပြီလို့ NUG က သုံးနှစ်ပြည့် ထုတ်ပြန်ချက်မှာ ရေးသားပါတယ်။
NUG က သူ့ရဲ့တော်လှန်ရေးဘဏ္ဍာငွေစီးဆင်းမှုကို ထုတ်ပြန်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်းချီအထိရှိခဲ့ပါတယ်။
ဒါပေမဲ့ NUG ဖြေရှင်းရမယ့်ပြဿနာတွေလည်းရှိနေပြီး တိုင်ကြားစာတွေလည်း ရာဂဏန်းအထိရှိနေတာဖြစ်ပါတယ်။
ထိန်းချုပ်နယ်မြေတွေကနေ အမေရိကန်ဒေါ်လာသန်းနဲ့ချီ အခွန်အကောက်ရ

ဓာတ်ပုံ ရင်းမြစ်, Social Media
စိုးမိုးနယ်မြေတွေက အခွန်ကောက်ခံရရှိငွေ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေတဲ့ ကမ်ပိန်း၊ လုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာသန်းချီ ဝင်ငွေရရှိနေတဲ့အကြောင်း ဧပြီ ၃၀ ရက် သတင်းစာရှင်းလင်းပွဲမှာထည့်ပြောခဲ့ပါတယ်။
အထူးငွေတိုက်စာချုပ်တွေကနေ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော် နဲ့ End of Dictatorship/ Early Partnership Scheme ကနေ အမေရိကန်ဒေါ်လာ ၉၇ သန်းကျော် ရရှိထားပါတယ်။
ဒီဝင်ငွေတွေဟာ ကမ်ပိန်းအသီးသီးစတင်တဲ့ကာလတွေကနေ၂၀၂၃ ဒီဇင်ဘာလအထိ ကောက်ခံရရှိတာတွေပါ။
အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ပါဝင်သူတွေကို ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်းထောက်ပံ့မယ်လို့ တရားဝင် ထုတ်ပြောထားတဲ့ “အောင်လံလွှင့်ချီ နွေဦးထီ” ကနေလည်း ၂၀၂၁ ခုနှစ် သြဂုတ်လကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း အမေရိကန်ဒေါ်လာ သိန်း ၁၀၀ ကျော်ဖိုး ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။
တခါ Spring Development Bank ငွေစုရောင်းချရငွေ အမေရိကန်ဒေါ်လာ ၁၁.၈ သန်း နဲ့ NUG Pay စနစ်ကနေပါ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်နဲ့ ညီမျှတဲ့ ငွေကြေးစီးဆင်းမှုတွေရရှိနေပြီး တော်လှန်ရေးအတွက် ထောက်ကူဆောင်ရွက်နိုင်ခဲ့တယ်လို့ NUG ဘက်က ပြောလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kawlin info
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံ့ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေတဲ့လုပ်ငန်းတွေကနေ အခုလို ဝင်ငွေရရှိနေတာဖြစ်ပြီး စစ်ကောင်စီကိုစီးဝင်မယ့် ဘဏ္ဍာငွေတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖြတ်တောက်နေသလို တော်လှန်ရေးအတွက်လိုအပ်မယ့် ဘဏ္ဍာငွေတွေကို ရှာဖွေနေတယ်လို့ ပြောပါတယ်။
ဒီဝင်ငွေတွေထဲ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း NUG အစိုးရ ထိန်းချုပ်ထားတဲ့ ၄၂ မြို့နယ်ကနေ အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် အခွန်ကောက်ခံရရှိငွေက အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေပါတယ်။
ဒါဟာ မြန်မာကျပ်ငွေတန်ဖိုး ဘီလျံ ၉၀ နီးပါး ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီလိုစိုးမိုးနယ်မြေတွေက ရရှိတဲ့ အခွန်ငွေတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ စီမံခန့်ခွဲသုံးစွဲနေတဲ့ အကြောင်းပါ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း မြေပြင်မှာရှိနေတဲ့ သပိတ်ကော်မတီဝင်တစ်ဦးက သူတို့ဒေသမှာ အခွန်ငွေကောက်ခံတာ ပွင့်လင်းမြင်သာမှုမရှိတာကြောင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုအားနည်းလာပြီး လူထုနဲ့ တော်လှန်ရေးအပေါ် သက်ရောက်မှုတွေရှိနေပြီလို့ ဘီဘီစီကိုပြောပါတယ်။
ပသုံးလုံးယန္တရားလို့ ခေါ်တဲ့ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)၊ ပြည်သူ့ကာကွယ်ရေး (ပကဖ) နဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) တို့ကြားက ပွတ်တိုက်မှု၊ ဒီပသုံးလုံးယန္တရား နဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကြား အငြင်းပွားမှု၊ ဒေသကာကွယ်ရေးအဖွဲ့ LPDF တွေကြား အမြင်လွဲမှားမှုတွေဖြစ်လာရတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်အဖြစ် သူက ထောက်ပြပြောဆိုတာပါ။
အရေးတကြီးဖြေရှင်းဖို့လိုလာတဲ့ NUG အတွက် ပသုံးလုံးပြဿနာ

ဓာတ်ပုံ ရင်းမြစ်, MFP
“မြေပြင်မှာ NUG ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို စစ်ကိုင်း၊ မကွေးမှာ တစ်လ၊ နှစ်လ အတွင်း မြေပြင်မှာပေါ်ပေါက်အောင် ထိန်းကျောင်းဖို့ လုပ်သွားမယ်” လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က ပသုံးလုံးနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ဖြေခဲ့တာပါ။
ပသုံးလုံးယန္တရားဟာ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံကာကွယ်ရေးကနေ ရည်ရွယ် ပေါ်ပေါက်လာတာကနေ ကြားကာလအုပ်ချုပ်ရေးဗဟိုလက်စွဲကို လက်ကိုင်ပြီးနောက် အခု ဖြစ်ပေါ်တိုးတက်မှုက နှစ်ဆင့်ဖြစ်သွားပြီလို့ ရှင်းပြခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေး (ပကဖ) ကို ရပ်ရွာဒေသကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) ကို အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) ကို ရဲလုပ်ငန်းစဉ်တွေအဖြစ် တာဝန်ချမှတ်ထားကြပါတယ်။
ပြည်သူ့ကာကွယ်ရေး ကတော့ ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာရှိသလို ပြည်သူ့အုပ်ချုပ်ရေး နဲ့ ပြည်သူ့လုံခြုံရေး ကတော့ ပြည်ထဲရေး ဝန်ကြီးဌာန က ကိုင်တွယ်နေတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာတော့ ဒီအဖွဲ့အစည်းတွေအချင်းချင်းကြား အောက်ခြေမှာ ပွတ်တိုက်မှု၊ တော်လှန်ရေးအင်အားစုတွေ နဲ့ ထိပ်တိုက်တွေ့မှုတွေဖြစ်လာရာကနေ အခုနှစ်ဆန်းပိုင်းမှာတော့ ပြည်သူလူထုဆန္ဒထုတ်ဖော်ကြတဲ့အထိ စစ်ကိုင်းတိုင်းက ခရိုင်အချို့မှာ တင်းမာခဲ့ပါတယ်။
“မုံရွာခရိုင်ထဲမှာဆို မုံရွာ၊ ဆားလင်းကြီး တို့မှာဖြစ်တယ်။ ယင်းမာပင်ခရိုင်ထဲက မြို့နယ်အချို့မှာ ဒီလိုပြဿနာရှိတယ်။ မြင်းမူမြို့နယ်မှာလည်းရှိတယ်” လို့ စစ်ကိုင်းတိုင်းထဲကအခြေအနေနဲ့ပတ်သက်ပြီး မြေပြင်ကသပိတ်ကော်မတီတစ်ဦးက ဖွင့်ဟပြောခဲ့တာပါ။
NUG က ထုတ်ပြောပြချက်အရ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ဗဟိုတိုင်ကြားစာကော်မတီ သုံးနေရာကို တိုင်ကြားစာ တစ်ရာကျော် ရောက်ရှိထားပါတယ်။ အဲဒီထဲ ကာကွယ်ရေးဝန်ကြီးဌာနကအမှု ၃၀၊ ပြည်ထဲရေးက အမှု ၂၀ ကျော်ကို ကိုင်တွယ် ဖြေရှင်းနေတယ်လို့ သိရပါတယ်။
ဒီအရေးဟာ ဧပြီလ ၄ ရက်ကနေ ၉ ရက်နေ့အထိ ငါးရက်တာကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင် ခံ ကောင်စီ NUCC ရဲ့ ဒုတိယအကြိမ်ပြည်သူ့ညီလာခံမှာ ထိပ်သီးဆွေးနွေးစရာအချက်တစ်ချက်ဖြစ်ခဲ့ပြီး NUG သတင်းစာရှင်းလင်းပွဲမှာပါ သတင်းမီဒီယာတွေ အမေးမြန်းဆုံးအကြောင်းအရာဖြစ်လာခဲ့ပါတယ်။
“စစ်ကိုင်း၊ မကွေးက ကိုယ်စားလှယ်တွေအပြင် အခုလိုပြဿနာကို တနင်္သာရီတိုင်းမှာလည်းရှိတဲ့အကြောင်း ဝင်ဆွေးနွေးဖြစ်တယ်” လို့ NUCC ပြည်သူ့ညီလာခံ လေးရက်မြောက်နေ့က ပသုံးလုံးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တဲ့အကြောင်း တက်ရောက်သူတစ်ဦးက ပြန်ပြောပြပါတယ်။
ညီလာခံမှာ ပသုံးလုံးယန္တရားဖျက်သိမ်းရေးဆွေးနွေးခဲ့သူတွေပါရှိတဲ့အကြောင်းပါ သူကဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUCC
ဒါကြောင့် ပြည်သူ့ ညီလာခံကနေ ပြည်သူလူထုကိုအစီရင်ခံတဲ့စာရဲ့ နံပါတ် (က) မှာ ဒေသန္တရအုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စဖော်ပြခံရပြီး ပကဖ၊ ပအဖ နဲ့ ပလဖ တို့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နဲ့အညီ စနစ်တကျလုပ်ဆောင်ဖို့၊ တာဝန်ယူမှု တာဝန်ခံမှုရှိပြီး ဟန်ချက်ညီဆောင်ရွက်ဖို့ ဖော်ပြခဲ့ပါတယ်။
“ပြည်သူလူထုကပါ ပကဖ၊ ပအဖ နဲ့ ပလဖတို့အပေါ် အမြင်ပြောင်းလဲလာတာက တစ်တိုင်းလုံးစာနဲ့ဆိုရင်နည်းပေမဲ့ ဒါကိုအမြန်ဆုံးဖြေရှင်းဖို့လိုပါတယ်” လို့ စစ်ကိုင်းတိုင်း သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
အခုလို NUCC ညီလာခံက အကြံပေးချက်တွေကိုလည်း လက်ခံပြီး NUG ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ဟာ အများအကြံပြုတာနဲ့ တထပ်တည်း ကျပါလိမ့်မယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဖြေခဲ့ကြပါတယ်။
စစ်ရေးနဲ့ ကာကွယ်ရေး၊ လုံခြုံရေး ၊နိုင်ငံရေး၊နိုင်ငံခြားရေးအပြင် ဘဏ္ဍာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြည်သူ့ဝန်ဆောင်မှု၊ အသွင်ကူးပြောင်းရေးအတွက် ပြင်ဆင်မှုတွေကို သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဝန်ကြီးဌာနအလိုက် အမြင့်ဆုံးအသုံးချနိုင်အောင် စီစဉ်ပြီးတော့ ဆောင်ရွက်နေပါတယ် လို့ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦး က သတင်းစာရှင်းလင်းပွဲမှာ NUG ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ ဆောင်ရွက်နေတာတွေကို ထုတ်ပြောပါတယ်။
ဒါဟာ စစ်အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း NUG ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေကြား အကြံပြုချက်ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတဲ့ အခြေအနေလည်းဖြစ်ပါတယ်။
“အမြန်ဆုံးမဖြေရှင်းနိုင်ရင်တော့ တော်လှန်ရေးအပေါ်သက်ရောက်မှုရှိလိမ့်မယ်။ NUG အနေနဲ့ ပိုမိုကောင်းမွန် တဲ့ နည်းလမ်းတွေရှာသင့်တယ်” လို့ စစ်ကိုင်းတိုင်းမြေပြင်မှာရှိနေတဲ့ သပိတ်ကော်မတီဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ခုခံစစ်မှ ထိုးစစ်သို့

ဓာတ်ပုံ ရင်းမြစ်, ရန်ကုန် PDF
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ (၃) နှစ်တာကာလအတွင်း တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး စုဖွဲ့၊ ပြင်ဆင်၊ လေ့ကျင်၊ တိုက်ပွဲဝင်ခဲ့ရာကနေ လက်ရှိကာလမှာ မဟာဗျူဟာမြောက် ထိုးစစ်တွေကို စတင်ဖော်ဆောင်လာနိုင်တဲ့ အခြေအနေကို ရောက်ရှိလာပြီလို့ NUG က ထုတ်ပြန်ပါတယ်။
အထူးသဖြင့် မနှစ် အောက်တိုဘာလ ၂၇ ရက်တုန်းက မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ရေးအလှုပ်အခတ်သိသိသာသာဖြစ်ခဲ့သလို နိုင်ငံတကာကလည်း မြန်မာ့အရေးအာရုံစိုက်မှု ပိုတိုးလာခဲ့တာလည်း ဖြစ်ပါတယ်။
ဧပြီ ၄ ရက်က နေပြည်တော် စစ်ရုံး နဲ့ လေတပ်စခန်းဌာနချုပ်(အေလာ)ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုက နေပြည်တော်ကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ ထင်ရှားတဲ့တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ မော်လမြိုင်ခရီးစဉ်အတွင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဒရုန်းနဲ့တိုက်ခိုက်မှုကလည်း စစ်ကောင်စီကို ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် စစ်တက္ကသိုလ်အပါအဝင် စစ်တပ်ရဲ့ သင်တန်းကျောင်းတွေရှိပြီး တပ်မြို့လို့တင်စားခေါ်ဝေါ်ကြတဲ့ ပြင်ဦးလွင်မြို့ကိုလည်း မန္တလေး PDF က တိုက်ခိုက်ခြိမ်းခြောက်နေတဲ့ အခြေအနေတွေ ဧပြီလအတွင်း ဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ ဧပြီ ၃၀ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG က ထုတ်ပြောလိုက်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးမြို့ (၅) မြို့ကိုပါ ထိန်းချုပ်ထားနိုင်တဲ့အကြောင်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အဖွင့်မိန့်ခွန်းမှာ ထည့်ပြောခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, NUG
နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းထိန်းနိုင်နေပြီဆိုတဲ့ ပြောဆိုချက်အပေါ် ထောက်ပြဝေဖန်သူတချို့လည်းရှိနေပြီး နယ်ဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေက စစ်တပ်အုပ်ချုပ်လို့မရအောင် တိုက်ပွဲဖော်နိုင်တဲ့အနေအထားလို့ သုံးသပ်ကြပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေကို ဒီနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းခဲ့ပါတယ်။
စစ်မှုထမ်းဥပဒေဟာ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း ရိုက်ခတ်မှုကြီးမားခဲ့ပြီး စစ်ကောင်စီရဲ့ တပ်သားအင်အားချည့်နဲ့လာတာကို မီးမောင်းထိုးပြနေတာလို့ စစ်ရေးနိုင်ငံရေးအကဲခတ်တွေက အစောပိုင်းကတည်းက သုံးသပ် နေကြပါတယ်။
ဒီအခြေအနေမှာပဲ စစ်မှုမထမ်းလိုသူတွေက NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မှာ “လူဦးရေ ၁၀၀၀ ကျော်က PDF တပ်မတော်ထဲ တာဝန်ထမ်းဆောင်နေတာရှိပါတယ်” လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က ပြောပါတယ်။
စစ်ကောင်စီကလည်း ဥပဒေပြဋ္ဌာန်းပြီး စစ်သားစုဆောင်းရေး ပထမအသုတ်ခေါ်ယူပြီးနောက် ဒုတိယအသုတ်ခေါ်ယူဖို့ ခြေလှမ်းပြင်နေပြီလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့စစ်မှုထမ်းများစုစည်းရာ (တယ်လီဂရန်)
စစ်မှုမထမ်းလိုတဲ့လူငယ်တွေအတွက် NUG ကလည်း စီမံချက်တစ်ခုလုပ်ခဲ့ပြီး တယ်လီဂရမ်ကနေ ဆက်သွယ်ဖို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် တစ်လအတွင်း လူပေါင်း တစ်သောင်းကျော် ချိတ်ဆက်ခဲ့ပြီး အများစုက လူငယ်တွေလို့ဆိုပါတယ်။
“PDFထဲဝင်ချင်တယ်ဆိုလည်း MOD ကိုချိတ်ဆက်ဆောင်ရွက်တယ်။ MOD မှာကလည်း ဝင်ချင်တဲ့သူအားလုံးလက်ခံလို့မရဘဲ အကန့်အသတ်တွေရှိနေပါတယ်၊ ခိုလှုံချင်တဲ့ သူတွေကိုလည်းဆောင်ရွက်ပေးနေပါတယ်” လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရ ဦးနေဘုန်းလတ်က လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ပြောပါတယ်။
စစ်မှုမထမ်းလိုတဲ့သူတွေအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နေပြီး စိုးမိုးနယ်မြေတွေမှာတော့ စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူတာမရှိသလောက်နည်းတယ်လို့ NUG က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
အဓိက စစ်သားစုဆောင်းရေးလုပ်နေတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့ကိုတော့ လက်လှမ်းမှီဖို့ အခက်အခဲရှိနေပြီး ပြည်သူတွေကိုယ်တိုင်က နည်းအမျိုးမျိုးနဲ့ တော်လှန်ဖို့ဆိုပြီး ပြန်လည်ထောက်ပြပြောခဲ့ပါသေးတယ်။
မလွှဲမရှောင်သာဘဲ စစ်မှုထမ်းဖို့ လိုက်ပါသွားရပြီး သေနတ်ဖောက်ပြီဆိုတာနဲ့ စစ်ကိုကူတိုက်တဲ့ အနေအထားဖြစ်သွားမှာဖြစ်လို့ အဲဒီအနေအထားအဖြစ်မခံဘဲ တော်လှန်ရေးအင်အာစုတွေနဲ့ ချိတ်ဆက်ပြီး အလံဖြူထောင်တာမျိုး အလျင်အမြန်လုပ်ဖို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဒီလိုအလှုပ်အခတ်တွေကြား အဆုံးသတ်တိုက်ပွဲကို အရှိန်အဟုန်မြှင့်ဆောင်ရွက်မယ်လို့ NUG က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီအားနည်းလာတဲ့အနေအထားမှာ NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေး သဘောတူညီချက်ရယူပြီး ရှေ့ဆက်နိုင်ဖို့လိုတယ်လို့ စစ်ရေးအကဲခတ် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။









